အသေးစားချေးငွေယူသည့် ဒလမြို့မှဆင်းရဲသား ၁၀၀ ကျော် လိမ်လည်ခံရ

ဒလမြို့ခံ အမျိုးသမီးငယ်တစ်ဦးသည် အသေးစားချေးငွေကုမ္ပဏီ ဝန်ထမ်းတစ်ဦးနှင့်ပေါင်းကာ လူ ၁၁၅ ဦးအား အသေးစားချေးငွေ ရရှိအောင် ဆောင်ရွက်ပေးပြီးနောက် နည်းလမ်းအမျိုးမျိုးဖြင့် ကျပ်သိန်း ၅၀၀ မှ ၇၀၀ အကြား လိမ်လည်ထွက်ပြေးသွားခဲ့သည်။

လိမ်လည်သွားသူဟုဆိုသူ မကေသီမိုးပါသည့်ဓာတ်ပုံကို နစ်နာသူတစ်ဉီးက ပြနေစဉ် (ဓာတ်ပုံ - ချမ်းသာ / Myanmar Now)

အသေးစားချေးငွေ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် ရပ်ကွက်ပွဲစား အမျိုးသမီးတို့ ပူးပေါင်းပြီး လူ ၁၀၀ ကျော်ကို လိမ်လည်ကာ အသေးစားချေးငွေထုတ်ယူသွားသည့်အမှု တစ်မှု ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့နယ်၌ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။

တောင်ဥက္ကလာပ မြို့နယ် ကျော်သူလမ်း၊ အမှတ် ၈၅၃ ဟု ရုံးချုပ်လိပ်စာအဖြစ် တရားဝင် မှတ်ပုံတင်တွင် ဖော်ပြထားသည့် Easy Microfinance company ၏ ဒလမြို့နယ် တာဝန်ခံဟု ဆိုသူ ဒေါ်ခင်ရတနာသက်၏ နာမည်ဖြင့် တပင်ရွှေထီး ၆ ရပ်ကွက် ဦးအောင်ဇေယျလမ်းတွင် နေထိုင်သူ မကေသီမိုးက ဒေသခံ ၁၁၅ ဦးထံမှ ငွေလိမ်လည် ယူသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါနစ်နာသူ ၁၁၅ ဦးမှာ ဒလမြို့ မှော်စက်၊ တပင်ရွှေထီး၊ ဆာပါချောင် နှင့် ကမာကဆစ်ရပ်ကွက်တို့မှဖြစ်သည်။ ယင်းတို့အနက်မှ လိမ်လည်ခံရသူ ၁၅ ဦးခန့်နှင့် Myanmar Now က တွေ့ဆုံခဲ့သည်။

နစ်နာသူများ၏ ပြောဆိုချက်များအရ အသက် ၂၃ နှစ်အရွယ် မကေသီမိုးသည် အထက်ပါရပ်ကွက်များမှ ငွေကြေးလိုအပ်ချက်ရှိသူများကို ချေးငွေ မြန်မြန်ဆန်ဆန် ရယူနိုင်ကြောင်းပြောကာ ထိုအတွက် အစအဆုံးကူညီပေးမည်ဟု ၂၀၁၉ အောက်တိုဘာလက ပြောဆိုစည်းရုံခဲ့သည်။

အဆိုပါအမျိုးသမီးနှစ်ဦးသည် Easy Microfinance ကုမ္ပဏီလိမိတက်ထံမှ ဒလမြို့ခံ လူ ၁၁၅ ဦး၏ နာမည်ပေါက်ဖြင့် ချေးယူထားသည့် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ ၇၀၀ အတွင်းနှင့် အိမ်ထောင်စုစာရင်းများအပါအဝင် ချေးငွေစာချုပ်စာတမ်းများကိုပါ သိမ်းယူပြီး ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်သည်။

Easy Microfinance ကုမ္ပဏီက နာမည်ပေါက်ချေးယူထားသူများထံ လာရောက်ပြီး ဇန်နဝါရီလကုန်ပိုင်းလောက်တွင် ချေးငွေပြန်ဆပ်ဖို့ လာအကြောင်းကြားတော့မှ ၎င်းတို့သည် ၎င်းတို့အမှန်တကယ် ချေးထားသည့် ပမာဏထက်ပိုပြီး အကြွေးတင်နေခြင်း သို့မဟုတ် ငွေလုံးဝမရထားခြင်းကို သိခဲ့ရသည်။

ငွေကြေးလိမ်လည်ခံရသူများက ရန်ကုန်မြို့ ၄၈ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ဖေဖော်ဝါရီလ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ထားကြသည်။

ကေသီမိုး၏ အဒေါ်ဟုဆိုသူ ဒေါ်နီနီမာကလည်း ၎င်း၏တူမကို နစ်နာအောင်လုပ်ပါက ယခု သတင်းစာရှင်းမည့်သူများကို တရားပြန်စွဲမည်ဟု လိမ်လည်ခံထားရသူတစ်ဦးကို ဖုန်းဆက်ပြောထားသည်။

လိမ်လည်မှု၏အစ

မကေသီမိုးဆိုသူ အမျိုးသမီးငယ်မှာ လိမ်လည်ခံရသူများနှင့်တစ်မြို့နယ်တည်း (တပင်ရွှေထီးရပ်ကွက်တွင်) နေထိုင်သူဖြစ်သည်။ သို့သော် ဒေါ်ခင်ရတနာသက်ဆိုသူ အမျိုးသမီးကိုမူ နစ်နာသူများက မြင်တွေ့ဖူးခြင်းမရှိဘဲ မကေသီမိုး၏ ပြောဆိုချက်များအရ ‘တာဝန်ခံပေးမည့်သူ’ (သို့မဟုတ်) ‘မန်နေဂျာ’ ဟုသာ သိထားကြသည်။

ငွေချေးမည့်သူတစ်ဦးသည် အသေးစားငွေချေးကုမ္ပဏီထံ မိမိ၏ပိုင်ဆိုင်မှုနှင့် စီးပွားရေးလုပ်ငန်းများရှိသည်ကို အထောက်အထားပြရမည့်အပြင် အိမ်ထောင်စုစာရင်းများနှင့် လူကိုယ်တိုင် ထုတ်ချေးရမည်ဖြစ်သည်။ သို့သော် မကေသီမိုး ဆိုသူ အမျိုးသမီးက ငွေချေးလိုသူများကို အဆိုပါ စာရွက်စာတမ်းဆိုင်ရာကိစ္စများကို ကူညီပေးမည်ဟုဆိုကာ လူစုဆောင်းခဲ့သည်ဟု နစ်နာသူများက ဆိုကြသည်။

ထို့နောက် ငွေထုတ်ယူလိုသူများက လသာမြို့နယ် ဗိုလ်ရွဲလမ်း အောက်ဘလောက်ရှိ Easy Microfinance ကုမ္ပဏီရုံးခွဲသို့ ကိုယ်တိုင် သွားထုတ်ယူသည့်အချိန်တွင် မကေသီမိုးက လမ်းတစ်နေရာတွင် ကျန်ရစ်ခဲ့သည်ဟု နစ်နာသူများကဆိုသည်။

ငွေထုတ်ယူရာတွင် ပုံမှန်အားဖြင့် ငွေထုတ်ယူလိုသူ၏ နောက်ခံအချက်အလက်များကို ထောက်ခံပေးသူထံ ငွေထုတ်ချေးပေးမည့်ကုမ္ပဏီက ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းပြီး စိတ်ချယုံကြည်မှုရှိပါမှ ငွေထုတ်ပေးခြင်းဖြစ်သည်။

သို့သော် ယခုကိစ္စတွင်မူ ငွေထုတ်လိုသူများက ‘ခင်ရတနာသက် က လွှတ်လိုက်တာပါ’ ဟု Easy Microfinance ကုမ္ပဏီရုံးခန်းတွင် ပြောဆိုပါက နောက်ခံအချက်အလက် စစ်ဆေးခြင်းပင် မပြုတော့ဘဲ ချက်ချင်းငွေထုတ်ပေးသည်ဟု သိရသည်။

နစ်နာသူ တစ်ဦးဖြစ်သူ ဒလမြို့ မှော်စက်ရပ်ကွက်မှ ပျံကျဈေးသည် ဒေါ်ခင်မျိုးမျိုးသန်းမှာ ချေးငွေလျှောက်ထားမှုအအစဆုံးကို မြန်မြန်ဆန်ဆန်ပြုလုပ်ပေးပြီး ယင်းအတွက် ပွဲစားခ ကျပ်တစ်သိန်းသာ ပေးရမည်ဟု မကေသီမိုး၏ စည်းရုံးမှုကြောင့် ငွေချေးဖြစ်ခဲ့သူဖြစ်သည်။

အမှန်တကယ်တွင်လည်း ချေးငွေ ကျပ်ငါးသိန်းအတွက် မကေသီမိုးက အစအဆုံးလုပ်ပေးခဲ့သည်ဟု ဒေါ်ခင်မျိုးမျိုးစန်း ပြောသည်။ ထို့အပြင် ဒေါ်ခင်မျိုးမျိုးသန်းအနေဖြင့် သူ၏ ပိုင်ဆိုင်မှုများကို ကုမ္ပဏီထံ မပြသရဘဲ ပုံမှန်အားဖြင့် အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်မည်ဖြစ်သော်လည်း ‘ခင်ရတနာသက်’ နာမည်ကို အသုံးပြုရုံဖြင့် ရက်ပိုင်းအတွင်း ချေးငွေရရှိကြခြင်းဖြစ်သည်။

နစ်နာသူများ၏ပြောဆိုချက်များအရ ဒေါ်ခင်ရတနာသက် ဆိုသူမှာ ‘ဒလမြို့နယ်တာဝန်ခံ’ ဟု သိထားသလို Myanmar Now က တွေ့ဆုံခဲ့သူများက ‘မန်နေဂျာ’ ဟုလည်း ခေါ်ကြသည်။ သို့သော် မည်သည့်အဖွဲ့အစည်း၏ တာဝန်ခံဆိုသည်ကိုလည်း မသိရှိသလို မကေသီမိုး၏ ပြောဆိုချက်များကိုသာ ယုံကြည်ခဲ့ကြသည်ကို တွေ့ရသည်။

“(ကေသီမိုးက) အိမ်လည်း လာကြည့်တာမဟုတ်ဘူး။ ဆိုင်လည်းလာကြည့်တာမဟုတ်ဘူးတဲ့။ ဝန်ထမ်း ပါလို့သာ ရတာတဲ့။ ဝန်ထမ်းနဲ့ သူတို့ တစ်ယောက်တစ်ဝက်မှ ချေးငွေက မြန်မှာလို့ပြောတာ။ အန်တီတို့ကလည်း လက်လုပ်လက်စားသမားတွေဆိုတော့ ပိုက်ဆံက လိုတော့ သူပြောတာလက်ခံလိုက်တယ်။ ကုမ္ပဏီကို သွားထုတ်တဲ့အခါ ၁၀ သိန်းရတော့ ဝမ်းသာသွားတာ”ဟု ဒေါ်ခင်မျိုးမျိုးသန်းက ပြောသည်။

ဒေါ်ခင်မျိုးမျိုးသန်း ချေးယူရန်တင်ပြထားသည်မှာ ကျပ်ငါးသိန်းသာဖြစ်သော်လည်း မကေသီမိုး၏ ကူညီမှုဖြင့် ဒေါ်ခင်ရတနာသက်၏ နာမည်ကို ပြောလိုက်ရုံဖြင့် ကျပ်ဆယ်သိန်း ရရှိခဲ့သည်ဟု ပြောသည်။

ချေးငွေထုတ်ယူပြီးနောက် ဒေါ်ခင်မျိုးမျိုးသန်းသည် မကေသီမိုးအား ပွဲစားခ ကျပ်တစ်သိန်း ပေးရသလို ဝန်ထမ်းခဟုဆိုကာ ကျပ်ငါးသိန်းပေးဆောင်ရခဲ့ရသဖြင့် ထုတ်ယူသည့်ချေးငွေအနက် လေးသိန်းသာ သုံးစွဲရကြောင်း ၎င်းက ပြောသည်။

‘ဝန်ထမ်းခ’ဟုဆိုကာ ကောက်ယူသည့် ကျပ်ငါးသိန်းနှင့်ပတ်သက်၍ မကေသီမိုးက ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိကြောင်း၊ ချေးငွေကို ပြန်လည်ပေးသွင်းရာတွင်လည်း ကုမ္ပဏီသို့ တိုက်ရိုက်ပေးရခြင်းမဟုတ်ဘဲ မကေသီမိုးက နေ့စဉ်လာကောက်ယူသည်ဟု ဒေါ်ခင်မျိုးမျိုးသန်းက ပြောသည်။

ဒေါ်ခင်မျိုးမျိုးသန်းအနေဖြင့် ချေးငွေငါးသိန်းအတွက် တစ်ရက်လျှင် ကျပ် ၂,၃၀၀ ကို မကေသီမိုးထံပေးသွင်းနေခဲ့သော်လည်း ကေသီမိုးက ကုမ္ပဏီထံ ပြန်သွင်း မသွင်းဆိုသည်ကိုမူ ၎င်းတို့ မသိကြပေ။

Easy Microfinance ကုမ္ပဏီဝန်ထမ်းများက ဇန်နဝါရီ လကုန်ပိုင်းက ၎င်းတို့၏ နေအိမ်သို့ လာရောက်ပြီး တစ်ကြိမ်မျှ ချေးငွေပြန်ဆပ်ခြင်း မရှိသေးကြောင်း၊ ဆပ်ရမည့် ပမာဏမှာလည်း ငါးသိန်းမဟုတ်ဘဲ ဆယ်သိန်းကျပ်အတွက် အတိုးပြန်ဆပ်ရမှာဖြစ်ကြောင်း လာရောက်ပြောဆိုတော့မှ မကေသီမိုး၏ လိမ်လည်မှုကို သိကြရသည်ဟု ဒေါ်ခင်မျိုးမျိုးသန်းက ပြောသည်။

“အပြင်မှာ သွားချေးရင် ၂၀ တိုး၊ ၃၀ တိုးပေးရတာထက်စာရင် ကုမ္ပဏီချေးငွေက သက်သာတယ်ဆိုပြီးယူလိုက်တာ။ အခု ကေသီမိုးက မသွင်းလို့ ပြဿနာဖြစ်တော့မှ ၁၀ သိန်းပြန်ဆပ်ရမယ်ဆိုတာ သိရတာ။ … 'ငါတို့ကို ကလိမ်ကကျစ် မကျနဲ့' လို့ ပြောတော့ (ကေသီမိုးက) 'ကုမ္ပဏီက မလိမ်ဘူး။ လိမ်ခြင်းလိမ်ရင် အမကြီးတို့ပဲ လိမ်မှာ' တဲ့။ အခုပြဿနာဖြစ်တော့ (သူက) ပုန်းနေတာ”ဟု သူက ဆိုသည်။

ငွေချေးပြီးတစ်ပြားမှမရလိုက်သူ

ယင်းသို့ပေးဆောင်ရသည့်အထဲတွင် ပါဝင်သည့် မှော်စက်ရပ်ကွက်မှ ဒေါ်ဇာခြည်မိုးသည် ကျပ် ၁၅ သိန်းထုတ်ယူခဲ့သော်လည်း ယင်းငွေကို တစ်ပြားတစ်ကျပ်မျှ ထုတ်ယူသုံးစွဲနိုင်ခြင်းမရှိခဲ့ချေ။

မကေသီမိုး၏ အကူအညီဖြင့်ပင် Easy Microfinance ကုမ္ပဏီမှ ဒေါ်ဇာခြည်မိုးအား ဒီဇင်ဘာအတွင်းက ချေးငွေ ၁၅ သိန်းထုတ်ပေးခဲ့သည်။ သို့သော် ဝန်ထမ်း အသုံးစရိတ်ဟုဆိုကာ မကေသီမိုးကို ကျပ်ငါးသိန်း ပေးခဲ့ရသည်ဟု ဒေါ်ဇာခြည်မိုးက ဆိုသည်။ ‘ဝန်ထမ်းအသုံးစရိတ်’ ဆိုသည်မှာ မည်သည့်အရာမှန်း ဒေါ်ဇာခြည်မိုးလည်း မသိပေ။

ထို့နောက် ကျန်သည့် ငွေ ၁၀ သိန်းမှာလည်း “အဲဒီကောင်မလေး (မကေသီမိုး) က၊ ‘မကြီး နင်ငါ့ကို ပွဲစားခမပေးနဲ့တော့’ တဲ့။ သူ့အဒေါ် ပုဂံဘုရားဖူးသွားရမှာမို့။ နောက်လကျရင် ပြန်ပေးမယ်၊ ပေးသုံးပါဆိုလို့ ပေးသုံးလိုက်တာ၊ သူကရှောင်ပြေးသွားတယ်။ အခုချော်လဲ ရောထိုင်ဖြစ်သွားပြီ။ ထွက်မတွေ့တော့ဘူး”ဟု ဒေါ်ဇာခြည်မိုးက ပြောသည်။

ယခုတော့ ဒေါ်ဇာခြည်မိုးမှာ သူ၏နာမည်ဖြင့် အကြွေး ၁၅ သိန်းတင်သွားပြီဖြစ်သည်။ သို့သော် အဆိုပါငွေထဲမှ တစ်ပြားတစ်ကျပ်ကိုမျှ မသုံးစွဲလိုက်ရပေ။

ချေးငွေ သွားဆပ်ရမည့်အလုပ်ကိုလည်း လုပ်ပေးမည် ဆိုပြီး ငွေချေးစာချုပ်စာတမ်းများကို ကေသီမိုးက သိမ်းထားသည်။ ယင်းအတွက် မကေသီမိုးက ‘အတိုး’ ကို အိမ်တိုင်ရာရောက် နေ့စဉ်လာကောက်သည်ဟု ငွေချေးသူများက ပြောသည်။

ဇန်နဝါရီ လကုန်ပိုင်းက Easy Microfinance ကုမ္ပဏီ၏ လသာရုံးခွဲမှ တာဝန်ရှိသူများက ၎င်းတို့ထံလာရောက်၍ ချေးငွေပြန်ဆပ်ရန် ပြောမှသာ ၎င်းတို့ ချေးငွေယူသူများက လိမ်လည်မှုကို သိကြခြင်းဖြစ်သည်။

ဒေသခံများ၏ ပြောကြားချက်အရ မကေသီမိုးမှာ ငွေတိုးချေးစားနေသူလည်း ဖြစ်သည်။ ယမန်နှစ် ၂၀၁၉ အောက်တိုဘာက အသေးစားချေးငွေထုတ်ယူရာတွင် အာမခံသက်သေလိုက်ပေးပါက ကျပ် ၃၀,၀၀၀ ပေးမည်ဖြစ်ကြောင်း မှော်စက်ဈေးထဲ၌ ငါးရောင်းနေသည့် အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်မာဦးကို မကေသီမိုးက လာရောက် စည်းရုံးပြောဆိုခဲ့သောကြောင့် လက်မှတ်လိုက်ထိုးပေးခဲ့ဖူးသည်ဟု ပြောသည်။

သို့သော် ကုမ္ပဏီတွင် ငွေချေးသူ နာမည်ပေါက်သွားသူမှာ ကေသီမိုးမဟုတ်ဘဲ ၎င်းကိုယ်တိုင်ဖြစ်သွားသည်ဟု ဒေါ်ခင်မာဦးက ပြောသည်။

“ကေသီမိုးက အဘွားကို 'သမီးကို အာမခံလိုက်ပေးမလား' ဆိုပြီး လာမေးတယ်။ အာမခံဆိုတာ ဘာတုန်း၊ မသိဘူးလို့ ပြောလိုက်တယ်။ သမီး ပိုက်ဆံ ၁၀ သိန်းထုတ်ချင်လို့ လိုက်ပေးပါတဲ့။ ပိုက်ဆံ ၁၀ သိန်းထုတ်မယ်၊ သူ (ကေသီမိုး) ထုတ်ဖို့ ပြောတာနော်။ အဘွား ထုတ်ဖို့ ပြောတာမဟုတ်ဘူး။ လိုက်ပေးရင် ၃၀,၀၀၀ မုန့်ဖိုးပေးမယ်တဲ့။ ကိုယ်ဈေးရောင်းတော့လည်း ၃၀,၀၀၀ ရဖို့မလွယ်လို့ လိုက်ပေးလိုက်တာ။ အဘွားအမှားတွေ ဖြစ်နေပါတယ်”ဟု ဒေါ်ခင်မာဦးက ပြောသည်။

ဒေါ်ခင်မာဦးကို ရန်ကုန်တိုင်း လသာမြို့နယ် ဗိုလ်ရွဲလမ်းရှိ Easy Microfinance ကုမ္ပဏီရုံးခွဲသို့ မကေသီမိုးက ခေါ်ဆောင်သွားခဲ့သည်။ သို့သော် မကေသီမိုးက ကုမ္ပဏီအထိ မလိုက်ဘဲ လမ်း ၂၀ ထိပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ နေရစ်ခဲ့သည်။ သို့သော် ‘တာဝန်ခံနာမည် ခင်ရတနာသက်၊ ထုတ်မည့်ငွေ ကျပ် ၁၀ သိန်း၊ ချေးငွေကာလ ၉ လ’ ဟူသည့် အချက်များကို မကေသီမိုးက ဒေါ်ခင်မာဦးလက်ဖဝါးတွင် ရေးပေးပြီး ကျပ် ၆၅,၀၀၀ ထည့်ပေးလိုက်သည်ဟု ဆိုသည်။

“(ကုမ္ပဏီမှာ) မေးလို့ရှိရင် ပွဲစားမရှိဘူး။ သူရေးပေးလိုက်တဲ့အတိုင်းပဲ ဖြေခိုင်းတယ်။ ပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ ပိုက်ဆံကို ဘယ်လိုဆပ်ရမယ်။ ဘယ်လောက်ကြာအောင်ဆပ်ရမယ်ဆိုတာ တွေပြောတယ်။ ကိုယ်က မသိတော့ ခေါင်းပဲညိတ်လိုက်တယ်လေ။ ကိုယ်ထုတ်တာလည်းမဟုတ်တော့”ဟု ဒေါ်ခင်မာဦးက ပြောသည်။

ဒေါ်ခင်မာဦး လက်မှတ်ထိုးပြီး ထုတ်ယူလာသည့် ငွေ ၁၀ သိန်းနှင့် စာရွက်စာတမ်းများကို မကေသီမိုးအား ပေးခဲ့သည်ဟု ဒေါ်ခင်မာဦးက ပြောသည်။ ကုမ္ပဏီက ရွာကိုလိုက်လာမှ ကေသီမိုးနာမည်ဖြင့် မဟုတ်ဘဲ ဒေါ်ခင်မာဦးနာမည်ဖြင့် ချေးထားပြီးမှန်း ဖြစ်နေကြောင်း သိရသည်ဟု ပြောသည်။

“(အဲဒီတုန်းက) ပေါက်စီလေးစားချင်တယ်ဆိုလို့ တစ်လုံးဝယ်ကျွေးတယ်။ ဒါပဲရလိုက်တယ်။ ကုမ္ပဏီက ပေးလိုက်တဲ့စာရွက်တွေလည်း သူ့ကို ပေးခဲ့တာ။ အဲဒါတွေပြီးတော့ သူသွားစရာ ရှိသေးလို့ဆိုပြီး ထွက်သွားတယ်။ မန်နေဂျာတွေ (ရွာကို) ဆင်းလာတော့မှ ပြဿနာတက်တာ သိတာ”ဟု ၎င်းက ပြောသည်။

အုပ်ချုပ်ရေးမှူး၏ လက်မှတ်အတု

ငွေချေးလိုသူများအနေနှင့် ကုမ္ပဏီထံမှ ငွေချေးလိုကြောင်း လျှောက်လွှာတင်ရာတွင် အိမ်ထောင်စုစာရင်း၊ စီးပွားရေးလုပ်ငန်းနှင့်အတူ လိုအပ်သည့် ရပ်ကွက်ထောက်ခံစာအတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ လက်မှတ်ကိုလည်း မကေသီမိုးက အတုပြုလုပ်အသုံးချခဲ့သည်။

လိမ်လည်မှုအများဆုံးခံရသည့် မှော်စက်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးမှာ ဦးတင်ရှိန်ဖြစ်သည်။ သို့သော် ၎င်း၏ လက်မှတ်ကို အတုလုပ် အသုံးပြုပြီး လိမ်လည်နေသည့်အကြောင်းကို Easy Microfinance ကုမ္ပဏီ၏ လသာရုံးခွဲမှ တာဝန်ရှိသူများ ဇန်နဝါရီ လကုန်ပိုင်းက လာရောက်မှသာ သိရတော့သည်။

“ကျွန်တော့်လက်မှတ်ဆိုပြီး ယူလာတဲ့စာရွက်ထဲမှာ လက်မှတ်တွေက တစ်ထပ်တည်း ကျနေတာ။ ကျွန်တော်ထိုးတာလည်း မဟုတ်ဘူး။ အဲဒီဝန်ထမ်းကို ပြောလိုက်တယ်။ စာရွက်နှစ်ရွက်ပေါ်မှာထိုးပြီး နေရောင်နဲ့ ကြည့်ပြီး တူမတူကြည့်လို့ ပြောလိုက်တယ်။ ကျွန်တော့်ဆီကို တရားဝင် လာယူတာတစ်ယောက်မှ မရှိဘူး”ဟု ဦးတင်ရှိန်က ပြောသည်။

ဦးတင်ရှိန်က ၎င်း၏ရပ်ကွက်နေပြည်သူများ အလိမ်ခံထားရသည့်အပြင် ပြေလည်သူများမဟုတ်တာကြောင့် ထုတ်ယူထားသည့် ချေးငွေကို ချက်ချင်းပြန်မပေးခိုင်းဘဲ တစ်လ ကျပ် ၃၀,၀၀၀ နှုန်းဖြင့် သုံးနှစ် ပြန်ဆပ်ရန် ဇန်နဝါရီလကုန်ပိုင်းက ညှိနှိုင်းပေးခဲ့ရသည်ဟု ပြောသည်။

ကျူးကျော်နေထိုင်သူ ဦးရေ ၁၄၀၀ ရှိပြီး အိမ်ထောင်စု ၁၈၀၀ ကျော်ရှိသည့် မှော်စက်ရပ်ကွက်အပြင် ဆာပါဂျောင်ကျောင်းစုရပ်ကွက်နှင့် တပင်ရွှေထီးရပ်ကွက်၊ ကမာကဆစ်ရပ်ကွက်တို့မှ ချေးငွေလျှောက်ထားသူများကို လိမ်လည်ရာတွင်ပါ ၎င်း၏ လက်မှတ်ကိုအသုံးပြုထားပြီး အုပ်ချုပ်ရေးမှူးရုံး၏ စာအမှတ်၊ အကြောင်းအရာများလည်း မပါဝင်ဟု ဆိုသည်။

“ကုမ္ပဏီဘက်က ယူလာတဲ့ ကျွန်တော့်လက်မှတ်နဲ့ စာရွက်နှစ်ရွက်မှာ ပါတဲ့လူတွေကို သွားရှာတယ်။ ဆာပါချောင်ဘက်က လူတွေ။ အဲဒီလူတွေကို ကျွန်တော်ထောက်ခံစာထုတ်ပေးဖူးလား သွားတွေ့မေးတယ်။ အုပ်ချုပ်ရေးမှူးကို မြင်လည်း မမြင်ဖူးဘူး။ ကျွန်မတို့လည်း လာမတောင်းဖူးဘူးလို့ပြောတယ်။ ကေသီမိုးက အကုန်လုံးလုပ်ထားတာလို့ ငွေချေးသူတွေက ပြောတယ်” ဟု ဦးတင်ရှိန်က ဆိုသည်။

ထို့ကြောင့် ဖြစ်စဉ်ကို စုံစမ်းကြည့်ရာ မကေသီမိုးက ၎င်း၏ လက်မှတ်တစ်ခုကို ယူပြီး ကြည်မြင်တိုင် ကမ်းနားမှ ဆိုင်တစ်ဆိုင်တွင် မိတ္တူဆွဲ၍ အသုံးပြုနေကြောင်း သိရှိရသည်ဟု ဆိုသည်။ အဆိုပါကိစ္စကို အရေးယူရန် လက်မှတ်အတုဖြင့် လူဘယ်နှယောက်ကို ထောက်ခံစာလုပ်ပေးထားကြောင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ဦးတင်ရှိန်က ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် မကေသီမိုးကို ဆက်သွယ်၍ မရသေးပေ။ မည်သည့်နေရာသို့ ရောက်နေသည်ကိုလည်း နစ်နာသူများက မသိကြပေ။ အချို့ကမူ မကေသီမိုးသည် အိမ်တွင် ပုန်းအောင်းနေသည်ဟု ဆိုကြသည်။

ထို့အပြင် လိမ်လည်မှုများ တစုတဝေးတည်းဖြစ်ပွားခဲ့သည့် Easy Microfinance ကုမ္ပဏီ လသာရုံးသို့ Myanmar Now က ဖေဖော်ဝါရီလ ၁၀ ရက်က သွားရောက်ပြီး ဒေါ်ခင်ရတနာသက်သည် ကုမ္ပဏီဝန်ထမ်းဟုတ်မဟုတ်မေးခွန်းအပါအဝင် အခြေအနေ အရပ်ရပ်ကိုမေးမြန်းရာ “ဖြေဖို့မရှိသေးဘူး” ဟုသာ ရုံး၏ ရန်ကုန်တိုင်းမန်နေဂျာ ဦးသန့်ဇင်ဦးက ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ အချက်အလက်များအရ MC Easy Microfinance Company Limited သည် ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီကို မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာငါးယောက်စာရင်း၌ မြန်မာလူမျိုးဟု ယူဆရသည့် Yee Latt Aye (ရီလတ်အေး) ဆိုသူကို တွေ့ရပြီး တခြားအဖွဲ့ဝင်များမှာ အင်္ဂလန်နိုင်ငံသားသုံးဦး၊ နယ်သာလန်နိုင်ငံသားတစ်ဦးတို့ ပါဝင်သည်။

MC Easy Microfinance Company Limited သည် ပြည်နယ် ၇ ခုတွင် ရုံးခွဲပေါင်း ၂၂ ခုဖွင့်လှစ်၍ လူဦးရေ တစ်သိန်းခွဲကျော်ကို ချေးငွေထုတ်ပေးလျက်ရှိသည်ဟု ၎င်းတို့၏ ဝက်ဘ်ဆိုက် (easy.com.mm/) တွင် တွေ့ရသည်။

ကုမ္ပဏီကို Myanmar Now က မေးမြန်းပြီးနောက် တစ်ရက်အကြာတွင် Easy Microfinance ကုမ္ပဏီဝန်ထမ်းခြောက်ယောက်ကျော်က ဒလမြို့ မှော်စက်ရပ်မှ ငွေချေးသူများထံ လာရောက်ပြီး ချေးငွေပြန်ဆပ်ကြရန်နှင့် မဆပ်ပါက တစ်ရက် ကျပ် ၅၀၀ ဒဏ်ရိုက်မည်ဖြစ်ကြောင်း လာရောက်သတိပေးသွားသည်ဟု ဒေါ်ဇာခြည်မိုးက ပြောသည်။

“သူတို့ပိုက်ဆံကို ရအောင်ပြန်လာတောင်းတာပေါ့။ မရှိ ရှိတာပေး။ မပေးရင် အိမ်ပေါ်မှာရှိတဲ့ပစ္စည်းယူမယ်ပေါ့။ မဖြစ်မနေပေးခိုင်းနေတာ။ ကျွန်မတို့လက်မှတ်၊ ကျွန်မတို့လက်ဗွေနဲ့မို့လို့ ကျွန်မတို့က ပေးရမယ်ပေါ့" ဟု ၎င်းက ပြောသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading