သတင်းအချက်အလက်ကို တားမြစ်ခွင့်မရှိကြောင်းနှင့် ‘သတင်း’ ဟု ဆိုထားပြီး ‘တားမြစ်’ နိုင်သည်ဟုလည်း ဆိုထားသဖြင့် အဓိပ္ပာယ်မရှင်းလင်းကြောင်း မီဒီယာကောင်စီအတွင်းရေးမှူးက ဝေဖန်သည်။
ကူးစက်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် သတင်းရယူခြင်း၊ ပြောဆို၊ ရေးသား၊ ထုတ်ပြန်ခြင်းများကို ကာလသတ်မှတ် တားမြစ်နိုင်ကာ မလိုက်နာပါက ငွေဒဏ်၊ ထောင်ဒဏ်များဖြင့် အရေးယူနိုင်သည်ဟု ပြဋ္ဌာန်းရန် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း အသစ်တွင် ထည့်သွင်းထားသည်။
၂၀၁၆ ခုနှစ်ကတည်းက ရေးဆွဲပြင်ဆင်နေခဲ့ပြီး ပုဒ်မ ၅၁ ခု ပါဝင်သည့် အဆိုပါ ဥပဒေကြမ်းကို အများပြည်သူ သိရှိအကြံပြုနိုင်ရန် ဖေဖော်ဝါရီ ၉ ရက်မှစကာ နိုင်ငံပိုင် သတင်းစာများနှင့် ပြည်ထောင်စုလွှတ်တော်၏ ဝက်ဘ်ဆိုက်တို့တွင် ထုတ်ပြန်ခဲ့သည်။
ဥပဒေကြမ်း၏ ပုဒ်မ ၂၀ တွင် “ကူးစက်ရောဂါ သို့မဟုတ် ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်သော နေရာ၊ လူပုဂ္ဂိုလ်၊ ပစ္စည်း၊ တိရစ္ဆာန်၊ ယာဉ်၊ အချက်အလက်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်မည့် သတင်းရယူခြင်း၊ ပြောဆို၊ ရေးသား၊ ထုတ်ပြန်ခြင်း မပြုရန် ကာလသတ်မှတ်၍ တားမြစ်နိုင်သည်” ဟု ပါရှိသည်။
ယင်းပြဋ္ဌာန်းချက်ကို ပထမအကြိမ် ကျူးလွန်ပါက ကျပ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်နိုင်ပြီး ဒုတိယအကြိမ် ကျူးလွန်ပါက ထောင်ဒဏ် ခြောက်လအပြင် ကျပ် ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ဒဏ်ကြေးချမှတ်နိုင်သည်ဟုလည်း ယင်းဥပဒေကြမ်းတွင် ဆိုထားသည်။
ထိုပုဒ်မသည် သတင်းမှားရေးသည့် မီဒီယာများနှင့် လူပုဂ္ဂိုလ် မည်သူမဆို အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Myanmar Now ကို ပြောသည်။
“ ... တစ်ခါတလေကျရင် ကျွန်မက တစ် ပြောပေမယ့်လို့ နှစ်လို့ ဖော်ပြတာမျိုး တခြား သဘောမျိုး ထင်ယောင်ထင်မှားဖြစ်အောင် အဲဒါမျိုးဆို အကျုံးဝင်မှာ ဖြစ်ပါတယ်။ သတင်းမှန်ကို ထုတ်လွှင့်နေရင် ဒီဥပဒေနဲ့ မဆိုင်ပါဘူး” ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
စင်ကာပူမှ ပြန်လာသော တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးကို ကိုရိုနာစောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားရာမှ သေဆုံးသွားပြီဟု ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) မနက်ပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည့် သတင်းမှားဖြန့်မှုမျိုးကို အဆိုပါ ဥပဒေကို အတည်ပြုပြီးပါက ချက်ချင်းအရေးယူနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
ဥပဒေကြမ်းပါ “အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်မည့်” သတင်း ဆိုသည်မှာ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း မရှိကြောင်း၊ မှားယွင်း၊ ချဲ့ကားပြောဆိုခြင်းများကို လက်မခံနိုင်သော်လည်း ကူးစက်ရောဂါဆိုသည်မှာ အများအတွက် အန္တရာယ်ရှိသဖြင့် သတိပေးရန် လိုအပ်ကြောင်း သတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က သုံးသပ်သည်။
“အများပြည်သူ အထိတ်တလန့်ဖြစ်စေတဲ့ သတင်းဆိုတာကို ဘယ်သူက ဆုံးဖြတ်မှာလဲ။ အဲဒါကို ဘယ်လို အဓိပ္ပာယ်ကောက်မှာလဲ။ အဲဒါကို ဖွင့်ဆိုတဲ့ဟာက လွဲမှားနေရင် သတင်းယူတဲ့သူရော ရေးတဲ့သူရော ဒီဥပဒေနဲ့ အရေးယူခံရနိုင်တယ်။ သတင်းမီဒီယာဥပဒေရဲ့ ရပိုင်ခွင့်နဲ့လည်း ဆန့်ကျင်နိုင်တယ်” ဟု ဦးမြင့်ကျော်က ပြောသည်။
ထို့အပြင် သတင်းရယူခြင်းကို အချိန်ကာလ သတ်မှတ်တားမြစ်နိုင်သည်ဟု ဖော်ပြချက်မှာ သတင်းအမှောင်ချသည့် သဘောမျိုး သက်ရောက်နေကြောင်း ၎င်းက ပြောသည်။
“သတင်းအချက်အလက်သာ ဖြစ်နေရင် တားမြစ်ပိတ်ပင်ခွင့် မရှိဘူးလေ။ အခုဟာက သတင်းလို့လည်း ဆိုထားတယ်။ တားမြစ်နိုင်တယ်လို့လည်း ဆိုထားတာ အဲဒါကလည်း ရှင်းရှင်းလင်းလင်း မရှိဘူး” ဟု ဦးမြင့်ကျော်က ဆိုသည်။
အထက်ပါ အချက်အလက်များနှင့် ပတ်သက်ပြီး ဆွေးနွေးအကြံပြုနိုင်ရန် အခြားသတင်းမီဒီယာကောင်စီဝင်များနှင့် တိုင်ပင်မည်ဟုလည်း ၎င်းက ပြောသည်။
၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေကို ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ် ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုဥပဒေကြမ်းသစ်တွင် ခေတ်ကာလနှင့်အညီ ရောဂါအမည်သစ်များ ထည့်သွင်းကာ ငွေဒဏ်၊ ထောင်ဒဏ်များကိုပါ ပြန်လည်ပြင်ဆင်ထားသည်ကို တွေ့ရသည်။
“ရောဂါ အသစ်အဆန်းတွေ ပေါ်ပေါက်လာပြီ။ ဒီအသစ်အဆန်းတွေနဲ့ လိုက်လျောညီထွေရှိတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပြင်တာပေါ့” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











