“သမီးကိုအေးစေချင်လို့ ဂူသွင်းလိုက်တာ၊ ထပ်ပြီး အပူမပေးချင်တော့ဘူး”

ခင်ပွန်းဟောင်းဖြစ်သူက ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့်အတွက် သေဆုံးခဲ့ရသည့် မလွင်မာဦး၏ အင်္ဂါနေ့ နာရေးတွင် ကျန်ရစ်သူမိသားစုက မီးမသင်္ဂြိုဟ်ဘဲ ဂူသွင်းခဲ့သည်။ တစ်လနီးပါး မီးလောင်ဒဏ်ခံစားခဲ့ရသည့် သမီးဖြစ်သူကို အေးချမ်းစေလို၍ မီးမရှို့ရခြင်းဖြစ်သည်ဟု ပြောသည်။

Published on Feb 11, 2020
ခင်ပွန်းဟောင်းက ဓာတ်ဆီလောင်း မီးရှို့သတ်၍ ကွယ်လွန်ခဲ့သည့် မလွင်မာဦးနာရေး (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)
ခင်ပွန်းဟောင်းက ဓာတ်ဆီလောင်း မီးရှို့သတ်၍ ကွယ်လွန်ခဲ့သည့် မလွင်မာဦးနာရေး (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

အဖြူရောင် ခေါင်းတလားအတွင်းရှိ မီးလောင်ဒဏ်ရာ ဗရပွပိုင်ရှင် အသက်မဲ့ကိုယ်ခန္ဓာသည် ဓာတ်ပုံထဲရှိ မျက်လုံးနက်နက်၊ နှာတံပေါ်ပေါ် ဆံပင်ကိုခွဲချထားသည့် မိန်းမချောနှင့် တစ်ယောက်တည်းဆိုလျှင် ယုံနိုင်မည့်သူ ရှိမည် မဟုတ်ပါ။ သူသည် လွန်ခဲ့သောတစ်လခန့်က ခင်ပွန်းဟောင်း၏မီးရှို့နှိပ်စက်ခြင်းကို ခံခဲ့ရသည့် အသက် ၂၃ နှစ် အရွယ် မလွင်မာဦးဖြစ်သည်။

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ကန်သာယာလမ်း ကြာကန်ဘေးရှိ ကားဘော်ဒီရုံသည် မလွင်မာဦးခံစားခဲ့ရသော တစ်လကြာ ငရဲခန်း၏ အစပင်ဖြစ်သည်။ နံနက် ၄ နာရီကျော်အချိန် သူ့ခန္ဓာကိုယ်သည် မီးလုံးကြီးတစ်လုံးအဖြစ် အမှောင်ထုထဲ ပေါ်ထွက်လာခဲ့ပြီး ရေကန်ထဲသို့ ခုန်ချသွားခဲ့သည့်မြင်ကွင်းကို မျက်မြင်သက်သေများက ယခုအထိ မြင်ယောင်ဆဲဖြစ်သည်။

သူ့ကို မီးရှို့ခံရသည့်နေ့မှာပင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။ ကိုယ်ခန္ဓာ ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ကျွမ်းခံခဲ့ရသည်မို့ မျှော်လင့်ချက်ရေးရေးသာ ရှိခဲ့သည်။ အနည်းငယ်ပြန်သက်သာသည့် အနေအထား မြင်ခဲ့ရသော်လည်း ၂၉ ရက်အကြာ ဆေးရုံးကြီးမှာပင် ကွယ်လွန်ခဲ့ချိန်မှာတော့ အသက် ၆ နှစ်အရွယ် လူမမည် သမီးလေးတစ်ယောက်ကို ချန်ထားရစ်ခဲ့သည်။

မီးလောင်ခံရပြီး သေဆုံးခဲ့ရသည့် သမီးနှင့်ညီမဖြစ်သူကို မိဘနှစ်ပါးနှင့် အစ်ကိုဖြစ်သူတို့က မီးထပ်မရှို့ချင်တော့။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရေဝေးသုသာန်မှာ နာရေးလုပ်တော့ မီးမသင်္ဂြိုဟ်တော့ဘဲ အုတ်ဂူသွင်းခဲ့ကြသည်။ မိန်းမချော၏ဓာတ်ပုံကို ကိုင်ထားသည့် အစ်ကိုဖြစ်သူက တစ်ဦးတည်းသော နှမလေးကိုကြည့်ရင်း “အေးချမ်းပါစေ” ဟု ဆုတောင်းသံနှင့်အတူ မလွင်မာဦးဖြစ်ခဲ့ဖူးသော ကိုယ်ခန္ဓာသည်လည်း အသင့်ပြင်ထားသည့် အုတ်ဂူအတွင်းသို့ ရောက်ရှိသွားတော့သည်။

ခေါင်းပေါ်မှာတော့ နေမင်းက ခြစ်ခြစ်တောက်ပူနေသည်။ သမီးလေးကို တအားချစ်သည့် ဖအေဖြစ်သူ ဦးဖိုးထောင်ရင်ထဲမှာလည်း မီးတောက်နေမည်ဟု ယုံကြည်ရသည်။ သို့သော် သူ့သမီးကိုတော့ သိပ်ကိုအေးချမ်းနေစေချင်သည်။

“သူကအပူနဲ့နေရတာကိုး။ အပူခံစားပြီး ဆုံးရှုံးသွားရတော့ အေးစေချင်တယ်။ အေးစေချင်လို့ ဂူသွင်းလိုက်တာ။ ထပ်ပြီး အပူမပေးစေချင်တော့ဘူး။ သူ့ကို ဂူသွင်း၊ အေးအေးချမ်းချမ်းလေးပေါ့” ဟု ဦးဖိုးထောင်က ပြောသည်။

သမီး၏အလောင်းကို ရေဝေးသုသာန်ခန်းမမှ ဂူသွင်းမည့်နေရာသို့ သယ်လာချိန်တွင် ဦးဖိုးထောင် သတိလစ် မေ့မျောသွားခဲ့သေးသည်။

ထိုသို့ သတိလစ်သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး သမီးဖြစ်သူကို မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံကြီးတွင် စတွေ့လိုက်ရသည့် ဇန်နဝါရီ ၁၁ရက်နေ့တွင် ပထမအကြိမ် သတိလစ်မေ့သွားခဲ့သည်။ ထိုအချိန်မှစ၍ သမီးလေး၏မျက်နှာကို မကြည့်ရက်သဖြင့် လုံးဝမကြည့်တော့သည်မှာ သမီးလေးကွယ်လွန်ပြီး ရင်ခွဲရုံရောက်သည်အထိဟု ဆိုပါသည်။

“အခြေအနေက မကောင်းမှန်းတော့သိတယ်။ ဒီ(ရင်ဘတ်)ထဲမှာ အပေါက်ရှိမှန်းမသိဘူး။ ပတ်တီးတွေ ပတ်ထားတာကိုး။ ဒီအပေါက်ရယ်၊ လည်ပင်းကအပေါက်ရယ် ရင်ခွဲရုံရောက်မှ သိရတယ် ထုတ်ချင်းပေါက် အထဲကနှလုံးကို မြင်နေရတယ်လို့ ပြောတယ်” ဟု သူကြားခဲ့ရသည်များကို ပြန်ပြောသည်။

တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ မြို့မငြိမ်းလမ်းနေ ဦးဖိုးထောင်နှင့် ဇနီးဖြစ်သူတို့က အခွန်လွတ်ဈေးတွင် တံမြက်စည်းနှင့် ပလတ်စတစ်ပစ္စည်းများ ရောင်းချအသက်မွေးပြီး မိဘနှင့်အတူနေ မလွင်မာဦးက ယခုကိစ္စမဖြစ်ခင်အထိ ပါရမီဆေးရုံတွင် သူနာပြုအဖြစ် အလုပ်လုပ်ခဲ့သည်။

မလွင်မာဦးသည် အသက် ၁၇ နှစ်အရွယ်ကတည်းက ယခု ကွာရှင်းထားသည့် စိုးသူရ(ခေါ်)စိုးကြီးနှင့် ခိုးရာလိုက်ပြေးခဲ့သည်။ မိဘများ သဘောမတူသည့်ကြားမှ လက်ထပ်ခဲ့ပြီး သမီးတစ်ဦးထွန်းကားခဲ့သည်။ အသက် ၆ နှစ် ရှိပြီဖြစ်သည့် ကလေးကို မိခင်သေသည့်အကြောင်း မပြောထားဟု ဦးဖိုးထောင်က ပြောသည်။

“(မလွင်မာဦးက) ဖအေ မအေ အပေါ်တော့ နွဲ့ဆိုးဆိုးတာပေါ့ အငယ်ဆုံးလည်းဖြစ်တော့။ ယောက်ျားကိုလည်း အရမ်းချစ်တာ၊ အခု အသေခံပြီး ပတ်သက်သွားတာ” ဟု ဆိုသည်။

ယောက်ျားရပြီးနောက်ပိုင်းလည်း အမြဲလိုပင် အနိုင်ကျင့်နှိပ်စက်ခံခဲ့ရပြီး ၎င်းတို့မိသားစုဝင်များလည်း ပြဿနာမများလိုသဖြင့် သည်းခံခဲ့ရကြောင်း၊ စိုးသူရ(ခေါ်)စိုးကြီးမှာ ခါးတွင်ဓားတစ်ချောင်း အမြဲဆောင်ထားလေ့ရှိကြောင်း၊ အလုပ်အကိုင်မည်မည်ရရမရှိဘဲ သမီးဖြစ်သူက ရှာဖွေကျွေးမွေးခဲ့ရကြောင်း ဦးဖိုးထောင်က ဆိုသည်။

“သမီးတစ်ယောက် သားတစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့ မိသားစုက အရမ်းအေးချမ်းတာ ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ ဘယ်သူ့ကိုမှ တစ်ခါမှ ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံဖူးဘူး” ဟု ဦးဖိုးထောင်က ပြောသည်။

မိဘများနှင့်အတူ နေထိုင်သည့် မလွင်မာဦးကို ၎င်းနှင့် လွန်ခဲ့သည့်တစ်နှစ်ခန့်က တရားဝင်ကွာရှင်းထားပြီး ဖြစ်သည့် ခင်ပွန်းဟောင်း စိုးသူရ(ခေါ်)စိုးကြီးက ဇန်နဝါရီလ ၁၁ ရက် နံနက် သုံးနာရီခွဲအချိန်တွင် လာခေါ်ခဲ့သည်။

ထိုနေ့နံနက် ၁၀ နာရီခန့်တွင် မလွင်မာဦး မီးလောင်ဒဏ်ရာ ရရှိထားကြောင်း စိုးသူရ(ခေါ်)စိုးကြီး၏ အစ်ကိုဝမ်းကွဲက ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လိုက်သွားရာ သမီးဖြစ်သူကို မီးလောင်ဒဏ်ရာများနှင့်အတူ ဦးဖိုးထောင်တို့ တွေ့ခဲ့ရသည်။

သမီးဖြစ်သူနှင့် ကွာရှင်းထားပြီးဖြစ်သော်လည်း စိုးကြီးက မကြာခဏ လာခေါ်လေ့ရှိပြီးလျှင် ထိုသို့ လာခေါ်တိုင်းလည်း စိတ်မချသဖြင့် နောက်က အမြဲလိုက်ချောင်းကြည့်သည်ဟု ဖခင်ဖြစ်သူက ဆိုသည်။

“အဲဒီနေ့က ဖြစ်ချင်တော့ ကျွန်တော်မလိုက်မိဘူး၊ မစောင့်ရှောက်လိုက်ရဘူး။ အဲဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ ထင်ကိုမထင်တာ” ဟု ယူကျုံးမရစွာပြောရင်း ငိုသည်။

အခင်းဖြစ်ပြီး ၂၉ ရက်အကြာ ယခုလ ၉ ရက် နံနက်စောစောပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၌ မလွင်မာဦး ကွယ်လွန်ခဲ့ပါသည်။ မကွယ်လွန်ခင်တွင်တော့ သူကြုံခဲ့ရသည့်ဖြစ်စဉ်ကို ရဲထံ ထွက်ဆိုနိုင်ခဲ့ပါသည်။

အမှုဖြစ်သည့် နံနက်တွင် စိုးကြီး အိမ်သို့ရောက်လာပြီး တောင်ဒဂုံမြို့နယ်၊ ကန်သာယာလမ်းအနီး ကြာကန်ဘေးရှိ ကားဘော်ဒီရုံသို့ မလွင်မာဦးကို ခေါ်ဆောင်သွားကြောင်း၊ ကားဘော်ဒီရုံရောက်လျှင် စိုးကြီးက ၎င်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ကြောင်း၊ အနီးရှိကြာကန်ထဲသို့ ခုန်ဆင်းပြီးမှ စိုးကြီးက ပြန်ဆယ်ပြီး ပဲခူးမြို့သို့ ခေါ်သွားခဲ့သည်ဟု မလွင်မာဦးက ထွက်ဆိုခဲ့ကြောင်း ၂၆ ရပ်ကွက် ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးကျော်စွာသိန်းက ပြောပြသည်။

ပဲခူးဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပြန်လည်ရောက်ရှိချိန်တွင် နေ့လယ် ၁၂ နာရီခန့် ရှိပြီဟု ထိုရာအိမ်မှူးက ပြောပြသည်။ မလွင်မာဦး၏ ခင်ပွန်းဟောင်း အသက် ၃၇ နှစ်ခန့်ရှိသည့် စိုးသူရ(ခေါ်)စိုးကြီးကို အခင်းဖြစ်ပွားသည့်နေ့တွင်ပင် ရဲက ဖမ်းဆီး အမှုဖွင့်ထားပြီး အင်းစိန်ထောင်တွင်ထိန်းသိမ်းထားသည်။

အမှုကို တောင်ဒဂုံမြို့နယ်တရားရုံးက အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် လက်ခံခဲ့ရာမှ လူသေသွားသည့်အတွက် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်ပါ ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး လာမည့် ၂၁ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တင်မည်ဟု အစ်ကိုဖြစ်သူ ကိုအောင်အောင်ဦးက ပြောသည်။

“အခု အသက်ဆုံးသွားပြီဆိုတော့ အမှုကိစ္စကိုပဲ ဖိအားပေးပြီးလုပ်သွားမယ်။ ရသလောက်ပုဒ်မတွေတပ်မယ်၊ ရသလောက်အခွင့်အရေးကို အသုံးချပြီး အဆုံးထိလုပ်သွားမယ်” ဟု ပြောသည်။ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အပိုဒ်ခွဲ (၁) အပိုဒ်ခွဲငယ် (ခ) အရ မည်သူမဆို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုကိုကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဖော်ပြပါရှိသည်။

အမျိုးသမီးများအနေဖြင့်လည်း အနိုင်ကျင့်ခံရပါက ကြောက်ရွံ့မနေဘဲ ကူညီချိတ်ဆက်ပေးမည့် အဖွဲ့အစည်းများထံ တိုင်တန်းဖို့လိုကြောင်း၊ မိမိအပေါ်မကောင်းသည့် အိမ်ထောင်ဖက် သမီးရည်းစားကို ဆက်မပေါင်းနိုင်ပါက ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ခြင်းသည် အငြိမ်းချမ်းဆုံးဖြစ်လိမ့်မည်ဟု ကိုအောင်အောင်ဦးက အကြံပေးသည်။

မလွင်မာဦး၏ဖြစ်ရပ်သည် မြန်မာနိုင်ငံမှာတော့ ရှိနေမှန်းလူတိုင်းသိပြီးဖြစ်ကြသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ် များစွာအနက်မှ ဟိုးလေးတကြော်ဖြစ်ခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။ မလွင်မာဦးကဲ့သို့ပင် အကြမ်းဖက်ခံရ၊ အနှိပ်စက်ခံရပြီး သေဆုံး သို့မဟုတ် ကိုယ်ဒဏ်ရာ၊ စိတ်ဒဏ်ရာရသည့် အမျိုးသမီးများစွာ လူမသိသူမသိ ရှိနေသေးမှန်း အသေအချာပြောနိုင်ပါသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအရေအတွက်၊ ဖြစ်ပွားသည့်အမျိုးအစားနှင့် မည်သူတို့ကကျူးလွန်နေသည်ကို သိပ္ပံနည်းကျကောက်ယူထားသည့် သုတေသနများမရှိသေးကြောင်း ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက် (GEN) ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။ GEN သည် မလွင်မာဦးနာရေးသို့ လွမ်းသူ့ပန်းခွေလည်း ပို့ဆောင်ခဲ့သလို အဖွဲ့အစည်းဝန်ထမ်းအချို့လည်း လာရောက်ခဲ့သည်။

လက်ရှိတွင် ရဲစခန်းကို အမှုဖွင့်တိုင်ကြားသည့်စာရင်းများသာရှိပြီး ၎င်းတို့အနေဖြင့် အဆိုပါအချက်အလက်များကို လက်လှမ်းမမီဟု ဒေါ်မေစပယ်ဖြူက ဆိုသည်။

“ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန်ဖြစ်လို့သာ မီဒီယာကတစ်ဆင့် လူတွေကသိရတာ။ ကျူးလွန်တဲ့သူတွေက ထိရောက်တဲ့ပြစ်ဒဏ်ကို မရနိုင်ဘူး” ဟု ၎င်းက ပြောသည်။

မကြာသေးမီက မူကြမ်းထွက်ရှိထားသော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ အသက်ဝင်လာလျှင် ကာကွယ်ပေးနိုင်မည်ဟုမျှော်လင့်ပြီး လက်ရှိတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလက်လှမ်းမီရေးက အမျိုးသမီးများအကြမ်းဖက်ခံရသည့် ကိစ္စများတွင် စိန်ခေါ်မှုဖြစ်နေသည်ဟု ဒေါ်မေစပယ်ဖြူက ရှင်းပြသည်။

“အဓိကက သက်သေတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေမျိုးလည်း မရှိသလို၊ သက်သေလိုက်ပေးတဲ့သူတွေအတွက်လည်း လုံခြုံစိတ်ချမှုမရှိဘူး” ဟု ၎င်းက ပြောသည်။

အမှုအတွက် သက်သေများစုဆောင်းရာတွင် အခက်အခဲရှိခဲ့ကြောင်း၊ အခင်းဖြစ်ပြီးနှစ်ရက်အကြာတွင်မှ ကြာကန်အနီးတွင် နေထိုင်သည့် အမျိုးသမီး မျက်မြင်သက်သေနှစ်ဦးက ရဲကို ထွက်ဆိုခဲ့ကြောင်း ရာအိမ်မှူး ဦးကျော်စွာသိန်းက ပြောသည်။

အမှုဖြစ်ခဲ့သည်ဆိုသော အမည်ဆိုင်းဘုတ်မတပ်ထားသော ကားဘော်ဒီရုံသည် မလွင်မာဦးနေအိမ်၏ ကိုက် ၁၅၀ ခန့်အကွာတွင်ရှိသည်။ ဘော်ဒီရုံရှေ့တွင် ကြာပင်များဖုံးလွှမ်းနေသည့် ရေကန်တစ်ကန်ရှိပြီး ကန်တစ်ဖက်ခြမ်း ပတ်ပတ်လည်တွင် အိမ်ငယ်ကလေးများ ကျပ်သိပ်စွာ တည်ရှိနေသည်။

အဆိုပါနေရာရှိ ရပ်ကွက်သားများထဲမှ မျက်မြင်သက်သေဟုဆိုသည့် အမျိုးသမီးနှစ်ဦးကို Myanmar Now က မေးမြန်းခွင့်ရခဲ့ပါသည်။ တစ်ဦးက ကားဘော်ဒီရုံနှင့် ရေကန်သာခြားသည့် မျက်နှာချင်းဆိုင်အိမ်နေ အသက် ၆၇ နှစ်အရွယ် ဒေါ်လှဆိုသူဖြစ်သည်။

“ကားမီးဟပ်ပြီးလောင်တယ်ထင်တာ၊ လူလောင်တယ်လို့မထင်ဘူး ‘ရေထဲပစ်ချလိုက် ရေထဲပစ်ချလိုက်’ ဆိုပြီး အပြင်ကကြားလား မကြားလားမသိဘူး။ ကျွန်မက အထဲကနေအော်နေတာ” ဟု ၎င်းက ပြောသည်။

“အော်တယ် မီးလုံးတွေ့တယ် ရေထဲခုန်ချတာတွေ့တယ် မီးငြိမ်းသွားတော့ သူ့မိန်းမကို ပွေ့ချီပြီး ခေါ်သွားတယ်” ဟု လူလတ်ပိုင်း အခြားအမျိုးသမီးတစ်ဦးက ဝင်ပြောသည်။

တောင်ဒဂုံရဲစခန်းကို Myanmar Now က ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ရာ ပထမတစ်ကြိမ်တွင် စကားမဆုံးခင် ဖုန်းချသွားပြီး နောက်တစ်ကြိမ်တွင်တော့ ဖုန်းကိုမကိုင်ဘဲ ချလိုက်သည်။

ဦးဖိုးထောင်က သမီးဖြစ်သူ၏ အမှုကို အချိန်မဆွဲဘဲ အမြန်ဆုံးစီရင်စေချင်ပြီး သူ့သမီးကဲ့သို့အဖြစ်မျိုး အခြားမည်သူ့ကိုမျှ မဖြစ်စေချင်ဟု ဆိုသည်။

“ဒီကောင်ထွက်လာရင် နောက်လူတွေလည်း နေရမှာမဟုတ်ဘူး။ လက်ယဉ်သွားပြီ လုပ်ကိုလုပ်မှာ။ သူ့ကို (ထောင်ကနေ) အထွက်ကို မခံနိုင်ဘူး” ဟု ဦးဖိုးထောင်က မျက်ရည်ဝဲလျက်က မာန်ပါပါဖြင့်ပြောသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading