ကြက်ချေးစားငါးကို သင်စားသလား

ကြက်နှင့်ငါးတွဲမွေးသည့်စနစ်ကို နိုင်ငံအတော်များများက စွန့်ပယ်လာကြသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ကျင့်သုံးနေသည်။ စီးပွားရေးအရတွက်ခြေကိုက်သော်လည်း တစ်ဖက်က ကျန်းမာရေးစိုးရိမ်မှုများ ရှိနေသည့် ထိုစနစ်ကြောင့် ပြည်ပဈေးကွက်ထိခိုက်မည်ကို ပို့ကုန်သမားများက စိုးရိမ်ကြသည်။

Published on Feb 11, 2020

အသားဓာတ် (ပရိုတိန်း) လည်းကြွယ်ဝ၊ အဆီပါဝင်မှုလည်းနည်းသည်ဟု လက်ခံထားကြသည့် ငါးကို သင်ဟာ ပုံမှန်စားသုံးသူဆိုပါက သင့်ဟင်းပန်ကန်ထဲရှိ ငါးများသည် ကြက်၏မစင်ကိုစားသုံးပြီး ကြီးထွားလာသော ငါးများ ဖြစ်သည်ဆိုလျှင် ဆက်လက်စားချင်စိတ်ရှိပါဦးမည်လော။

မြန်မာအပါအဝင် အာရှ၊ အာဖရိကနှင့် တောင်အမေရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ကြက်နှင့်ငါးတွဲဖက်မွေးမြူသည့် စနစ်ကိုကျင့်သုံးကြသည်မှာ ဆယ်စုနှစ်များနှင့်ချီခဲ့ပြီဖြစ်သည်။ ငါးကန်ပေါ်တွင် ကြက်ခြံဆောက်ကာ ကြက်ရော ငါးပါ တွဲဖက်မွေးခြင်းဖြင့် အချိန်၊ လူအင်အားနှင့် ကုန်ကျစရိတ်သက်သာသည်။ ကြက်ကိုသာအစာကျွေးပြီး ကြက်များက အပေါ်မှစွန့်ပစ်သည့် မစင်ကို ငါးများအား စားစေခြင်းဖြင့် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်သောနည်းဖြစ်သည်။ ကြက်အပြင် ဘဲ၊ ဝက်တို့နှင့် ငါးကို အလားတူ တွဲမွေးသောလုပ်ငန်းများလည်း ရှိသည်။

သို့ရာတွင် ငါးသီးသန့်မွေးသောငါးကို ကြက်နှင့်တွဲမွေးသောငါး (ကြက်ချေးစားငါးဟု အလွယ်ခေါ်ကြသည်) နှင့် ခွဲ၍မရနိုင်ပါ။ ဈေးထဲရောက်သွားလျှင်တော့ ငါးသည် ငါးသာဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်မှစပြီး ကြက်နှင့်ငါးတွဲဖက်မွေးမြူသောစနစ်ကို နိုင်ငံအတော်များများက ပိတ်ပင်လာကြသည်။ ထိုစနစ်ဖြင့်မွေးသောငါးဆိုလျှင်လည်း တင်သွင်းခွင့်ပိတ်သည်။ အကြောင်းက ထိုငါးများတွင် ရောဂါပိုးမွှားများနှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော ဒြပ်သတ္တုများပါဝင်နိုင်သည်ဆိုသော အချက်ကြောင့်ဖြစ်သည်။ ထိုသို့ ပိတ်ပင်သည့်နိုင်ငံများထဲမှာတော့ မြန်မာနိုင်ငံ မပါဝင်သေးပါ။

ပိတ်ပင်သောနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ မပါဝင်ရသေးခြင်းမှာ နိုင်ငံ၏လူမှုစီးပွားအခြေအနေ အရပ်ရပ်နှင့် ချိတ်ဆက်နေပါသည်။ လုပ်ငန်းရှင်များဘက်က ကြည့်လျှင် ကြက်နှင့်ငါး ပူးတွဲမွေးခြင်းဖြင့် ငါးစာစရိတ် သက်သာသည်။ ငါးတစ်ကြိမ်လျှင် ကြက်ခြောက်ကြိမ် နှုန်းဖြင့် ထုတ်ရောင်းနိုင်သဖြင့် နှစ်မျိုးစလုံးမှ ဝင်ငွေရသည်။

သို့သော် မကြာမီနှစ်များအတွင်း ငါးတင်ပို့ရောင်းချသူများဘက်က ထိုစနစ်ကို ပိတ်ပင်စေချင်လာကြသည်။ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (Good Aquaculture Practice – GAqP) အယူအဆ တွင်ကျယ်လာခြင်းနှင့်အတူ နိုင်ငံတကာက အစားအစာဘေးကင်းရေးကို အထူးဂရုစိုက်လာချိန်တွင် မြန်မာနိုင်ငံမှ တင်ပို့သည့်ငါးများထဲ ကြက်ချေးစားငါးများ ပါသွားပါက ပြည်ပငါးပို့ကုန်ဈေးကွက် ထိခိုက်မှာကို စိုးရိမ်ကြသည်။

ကြက်နှင့်ငါး တွဲဖက်မွေးသည့်စနစ်ကို ပိတ်ပင်သည့်အမိန့်ထုတ်ပေးဖို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ခေါင်းဆောင်များက မနှစ် အောက်တိုဘာလအတွင်း ဒုသမ္မတဦးမြင့်ဆွေကို တိုက်တွန်းခဲ့သေးသည်။

ငါးကန်လုပ်ငန်းရှင်များကမူ အဆိုပါစနစ်ကို မကန့်သတ်စေချင်ကြပါ။ ထိုစနစ်ကြောင့် စားသုံးသူတို့ ဘေးအန္တရာယ်ဖြစ်သည်ဟု သက်သေမပြနိုင်သလို အခြေခံလူတန်းစားဝင်များ လက်လှမ်းမီပြီး ဈေးသက်သာသော ကြက်သား နှင့် ငါး တို့ကို ရစေသည်ဟု ၎င်းတို့ကဆိုကြသည်။ ထိုအချက်ကိုလည်း ၎င်းတို့က ဒုသမ္မတဦးမြင့်ဆွေထံသို့ပင် ရေးသားတင်ပြကာ မပိတ်ပင်ဖို့ တောင်းဆိုထားကြသည်။

အစိုးရဘက်ကတော့ ယခုအထိ မည်သည့်အမိန့်မျှ မထုတ်ပြန်သေးပါ။

ပစ်ရမှာလည်း အဆီတဝင်းဝင်း

ကြက်နှင့်ငါး တွဲဖက်မွေးမြူသည့်စနစ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ၌ တွင်ကျယ်လာခဲ့သော်လည်း စစ်အစိုးရလက်ထက်ကတည်းက အစပြုနေခဲ့သလို မွေးမြူရေးတက္ကသိုလ်သင်ခန်းစာများမှာပင် ထည့်သွင်းသင်ကြားစေခဲ့သော စနစ်ဖြစ်သည်။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ထိုစနစ်ဖြင့် ငါးမြစ်ချင်းကို အဓိက မွေးမြူပြီး ငါးတန်၊ ငါးသိုင်းခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငါးတန်နှင့် ငါးမုတ် တို့ကိုလည်း မွေးကြသည်ဟု မွေးမြူရေးအဖွဲ့ချုပ်၏ ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ ဦးမြင့်အောင်က ဆိုသည်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၁၉ ခုနှစ်အတွင်း ခန့်မှန်းတွက်ချက်မှုအရ တစ်နိုင်ငံလုံးတွင် ကြက်နှင့်ငါး တွဲမွေးသည့်လုပ်ငန်းပေါင်း ၂,၀၀၀ ခန့်ရှိနေပြီး ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေး စသည့် တိုင်းဒေသကြီးများတွင် အများဆုံး မွေးမြူကြသည်ဟု ဆိုသည်။

ကြက်နှင့်တွဲမွေးထားသည့် ငါးကန်များက နေ့စဉ် ဈေးကွက်အတွင်း ရောင်းချနေသည့် မွေးမြူရေးငါး အားလုံး၏ ထက်ဝက်ကျော်နှင့်ညီသော ငါးပိဿာချိန် သုံးသိန်းခွဲခန့် ထုတ်လုပ်နေသည်ဟုလည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကဆိုပြီး ပြည်တွင်းဈေးကွက်တွင် တစ်ရက်လျှင် မွေးမြူရေးငါး ပိဿာချိန် ခြောက်သိန်းကျော် ဝင်ရောက်နေသည်ဟုလည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ခန့်မှန်းသည်။

ပြည်ပနိုင်ငံများကမူ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ကြက်နှင့်တွဲမွေးထားသည့် ငါးများကို မမှာတော့ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ဦးဝင်းကြိုင်က နိုင်ငံပိုင်သတင်းဌာနများမှတစ်ဆင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်အရ မြန်မာသည် ကမ္ဘာပေါ်တွင် ငါးမြစ်ချင်း အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပြီး မွေးမြူရေးငါး ပြည်ပတင်ပို့ရောင်းချမှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခန့် ရရှိသည်ဟုဆိုသည်။

စားရမှာလည်းသဲတရှပ်ရှပ်

စိုးရိမ်သူများကတော့ အတူယှဉ်တွဲမွေးထားသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားသည့်ရောဂါများ ငါးမှတစ်ဆင့် လူဆီသို့ကူးစက်လာမည်ကို စိုးရိမ်နေကြသည်။ ဘေးကင်းသည့်အစားအစာ ဖြစ်ရမည်ဆိုသည့် ရည်မှန်းချက်ဖြင့် ကြက်အပါအဝင် မည်သည့်တိရစ္ဆာန်နှင့်မှ မတွဲဘဲ ငါးကိုသာ သီးသန့်မွေးမြူရန် နိုင်ငံအတော်များများတွင် အမိန့်ထုတ်ထားကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

ကြက်နှင့် တွဲမွေးသည့် ငါးတွင်တွေ့ရနိုင်သည့် ‘ဆယ်မိုနဲလား (’salmonella spp.) ဆိုသည့် ရောဂါပိုးက လူတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်လာနိုင်ကြောင်း ဆေးပညာရှင်များက ထောက်ပြကြသည်။

‘ဆယ်မိုနဲလား’ ရောဂါပိုးရှိနေသည့် ကြက်၏မစင်ကို စိုက်ပျိုးရေးတွင် အသုံးပြုပါက သီးနှံများတွင် အဆိုပါရောဂါပိုး ကပ်ငြိနေနိုင်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)၏ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။ အလားတူ ကြက်၏မစင်ကို အစာအဖြစ် စားသုံးနေရသည့် ငါးများတွင်လည်း ယင်းဖြစ်ရပ်မျိုး ဖြစ်နိုင်သည်ဟု သူကသတိပေးသည်။

‘ဆယ်မိုနဲလား’ သည် အစာအဆိပ်သင့်စေသည့် ရောဂါပိုးတစ်မျိုးဖြစ်ပြီး လူ၏အူနံရံများသို့ ရောက်ရှိသွားပါက ဝမ်းလျှောခြင်း၊ ပြင်းထန်စွာဗိုက်နာခြင်း၊ အော့အန်ခြင်း နှင့် အဖျားတက်ခြင်း စသည့်ဝေဒနာများ ခံစားရနိုင်သည်ဟုလည်း သူကဆိုသည်။

“နည်းနည်းဆိုးလာရင် ပိုးက အူကနေတစ်ဆင့် သွေးထဲရောက်သွားလို့ရှိရင် သွေးထဲမှာ ဗက်တီးရီးယားပိုးရောက်တဲ့ အဆင့်အထိ ဖြစ်နိုင်တယ်။ တစ်ခါတလေ ရာခိုင်နှုန်းအနည်းအကျဉ်း အသက်အန္တရာယ်တောင် ရှိတတ်ပါတယ်” ဟု ၎င်းကပြောသည်။

သို့ရာတွင် ဆယ်မိုနဲလားသည် ကြက်၏မစင်ကပေးနိုင်သော အကြီးဆုံးအန္တရာယ်မဟုတ်နိုင်သေးပါ။ ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် သိပ္ပံသုတေသနစာတမ်း Heavy Metal Risks in Integrated Chicken-fish Farmingအရ ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးစနစ်၏အဓိကစိုးရိမ်စရာမှာ ကြက်စာတွင်ပါဝင်သည့် heavy metal ခေါ် အလေးဆ မြင့်သည့် ဒြပ်စင်များ (အာဆင်းနစ်၊ ကြေးနီ၊ သွပ်၊ ခဲ၊ ပြဒါး စသည်) က ပေးနိုင်သည့် ရောဂါအန္တရာယ် ဖြစ်သည်။

ထိုဒြပ်စင်တို့သည် သတ်မှတ်ပမာဏထက်ပိုများပါက မကြေပျက်နိုင်သောအဆိပ်အတောက်အဖြစ် ကိုယ်ခန္ဓာထဲ ကျန်နေမည်ဖြစ်ပြီး လူတွင် ကျောက်ကပ်နှင့် အသည်း ပျက်စီးစေသလို၊ ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ဆိုင်ရာ ရောဂါများ၊ မျိုးဆက်ပွားရောဂါများ၊ ကင်ဆာရောဂါအန္တရာယ်များ ရှိနိုင်ကြောင်း အဆိုပါစာတမ်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပပို့သည့် ငါးများမှာ ကြက်၊ ဝက်တို့နှင့် တွဲမွေးသည့် ငါးများ မဟုတ်ဘဲ ငါးသီးသန့် မွေးမြူရေးကန်များမှ ထွက်သည့်ငါးများသာဖြစ်သည်ဟု ရေလုပ်ငန်းရှင်များက ဆိုသည်။ ဦးဝင်းကြိုင်ကမူ ကြက်နှင့်တွဲမွေးသည့် ငါးများကို နိုင်ငံခြားသို့ တင်ပို့ခဲ့ပါက မြန်မာ့ရေထွက်ကုန်ဈေးကွက် နာမည်ပျက်ကိန်း ဆိုက်မည်ကို စိုးရိမ်နေသည်။

“‘ကြက်နဲ့ငါးနဲ့ တွဲမွေးတဲ့ဆီက ငါးက ဘေးကင်းပါတယ်ဗျာ’ ဆိုပြီး ပါးစပ်နဲ့ ရမ်းပြီး အာမမခံနဲ့ဗျ။ ထိုင်းမှာမလုပ်တော့ဘူး၊ ဗီယက်နမ်မှာမလုပ်တော့ဘူး၊ တရုတ်မှာမလုပ်တော့ဘူး။ အမိန့်ထုတ်ပြီး ကန့်သတ်ထားတယ်။ ဒါကို မျက်စိမှိတ်ပြီး မငြင်းနဲ့။ ငြင်းလို့မရဘူး။ တိုးတက်တဲ့နိုင်ငံတွေမှာ လုပ်သေးရင် လိုက်လုပ်လို့ ရတယ်။ ကျွန်တော်တို့ သုတေသနတောင် လုပ်စရာမလိုဘူး” ဟု ၎င်းက ပြောသည်။

ကြက်နှင့်ငါး တွဲမွေးခြင်းကို တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ကတည်းက တားမြစ်ထားပြီး အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ် တို့တွင်လည်း အလားတူကန့်သတ်ထားသည်ဟု ဦးဝင်းကြိုင်က ပြောသည်။

ဥရောပသမဂ္ဂနှင့် ဆော်ဒီအာရေဗျ စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသည် အစားအစာဘေးကင်းရေးကို အထူးအလေးထားသောကြောင့် ကြက်နှင့်တွဲမွေးထားသည့် ငါးများကို မတင်ပို့သော်လည်း ပြည်တွင်းစားသုံးသူများအား အဆိုပါ ငါးများ စားသုံးခိုင်းသည်က မသင့်တော်ဟု မြန်မာ့ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (MPEA) အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။

“… (နိုင်ငံခြားက) လူတွေစားဖို့ကျတော့ သေချာသန့်ရှင်းအောင်လုပ်ပြီး ကျွန်တော်တို့ပြည်တွင်းကလူတွေ စားတဲ့ ငါးကျတော့ (ကြက်) ချေး ကျွေးတဲ့ငါးတွေ ကျွေးဟာ၊ စားချင်တာစားဆိုတာမျိုးတော့ မဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစနစ်ကို အခြားနိုင်ငံများတွင်လည်း မကျင့်သုံးတော့သဖြင့် ဖျက်သိမ်းသင့်သော်လည်း လုပ်ငန်းရှင်များ နစ်နာမှုမရှိအောင် အချိန်ပေးဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်တိုင်း) ၏ ညွှန်ကြားရေးမှူးဟောင်း ဦးလှဝင်းက မှတ်ချက်ပြုသည်။

“ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ စားဖို့မသင့်ဘူးပေါ့။ ကြက်စာကနေ ဆေးတွေလည်း ပါနိုင်တယ်လေ။ ကြက်ချေးအောက်ကို ကျတယ်ဆိုရင်တော့ ငါးက ပြေးစားမှာပဲလေ” ဟု ဦးလှဝင်းက ပြောသည်။

'ကုန်ဈေးနှုန်းတက်လာရင် ဘယ်သူတာဝန်ယူမလဲ’

သို့သော် မွေးမြူရေးလုပ်ငန်းရှင်များဘက်ကမူ ကြက်နှင့်ငါး တွဲမွေးခြင်းက လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချထားသည်။ ကြက်ချေးကျွေးထားသော ငါးများက လူကို အန္တရာယ်ပေးကြောင်း ဓာတ်ခွဲစမ်းသပ်ထုတ်ဖော်ခြင်းမျိုး “တစ်ကမ္ဘာလုံး ဘယ်နိုင်ငံမှာမှ မရှိဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

“အိန္ဒိယဆိုရင် ဖိအားပေးပြီးတော့ ကြက်နဲ့ငါး တွဲမွေးဖို့ ဆိုပြီးတော့ ထပ်ပြီးတော့ တိုက်တွန်းနေတာ” ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကလည်း သုတေသနမလုပ်ဘဲ မဝေဖန်သင့်ဟု ဆိုသလို ထိုစနစ်ဖြင့်မွေးသောငါးကြောင့် ထိခိုက်မှုလည်း ယခုအထိမရှိဟု ပြောသည်။

“FAO (ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့) တို့လို ဝက်ဘ်ဆိုက်တွေမှာလည်း ဝင်ကြည့်နိုင်တယ်။ ခြုံပြောမယ်ဆိုရင် လက်ရှိအထိ ထိခိုက်တာ ဘာတစ်ခုမှ မရှိထားဘူး” ဟု ၎င်းက ပြောသည်။

ကြက်နှင့်ငါး တွဲမွေးခြင်းကြောင့် ကြက်သားနှင့်ကြက်ဥများကို သင့်တင့်သောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ၂၀၁၉ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် စာစောင်တွင် ရေးသားထားသည်။ ဒုသမ္မတ ဦးမြင့်ဆွေထံသို့လည်း တင်ပြထားသည်ဟု ဆိုသည်။

အဆိုပါစနစ်တွင် အသားစားကြက် ၁ ဒသမ ၃ သန်းကျော်၊ ဥစားကြက် ၂ ဒသမ ၉ သန်း နှင့် ဆီမီးဘရွိုင်လာဟု ခေါ်သည့် ဒံပေါက်နှင့်တွဲဖက်စားသည့်ကြက် ၁ ဒသမ ၄ သန်း မွေးမြူထားပြီး ရန်ကုန်တိုင်းတစ်တိုင်းအတွင်း ကြက်နှင့်ငါး တွဲဖက်မွေးမြူရေး လုပ်ငန်းရှင်ပေါင်း ၂၅၀ ကျော်က လူ ၆,၀၀၀ ကျော်အား အလုပ်ပေးထားကြောင်းလည်း ဦးမြင့်အောင်က ဆိုသည်။

ရုတ်တရက် ရပ်တန့်လိုက်ပါက ပြည်သူလူထု၏စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်နိုင်သလို ယင်းလုပ်ငန်းမှ အလုပ်သမားများကို မှီခိုနေသူ လူ ၃၈၀,၀၀၀ ခန့်၏ စားဝတ်နေရေးလည်း ထိခိုက်နိုင်သည်ဟု ထောက်ပြခဲ့သည်။

“ဒီစနစ်ကို ဖျက်လိုက်လို့ … ကုန်ဈေးနှုန်းမြင့်တက်လာရင် ဘယ်သူတာဝန်ယူမလဲ” ဟု ဦးမြင့်အောင်က ပြောသည်။

ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးတွင် လူအများထင်ထားသကဲ့သို့ ကန်ထဲကငါးများက ကြက်၏ချေးကို စားသုံးခြင်းမဟုတ်ဘဲ ငါးကန်အတွင်းရေဩဇာအတွက် အထောက်အကူ ပြုနေခြင်းသာဖြစ်သည်ဟုလည်း ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးလုပ်ငန်းရှင်များက ခုခံကြသည်။

“အပေါ်မှာ ကြက်မမွေးဘူးဆိုရင် ရေဩဇာအတွက် နွားချေးတွေ၊ ကြက်ချေးတွေ ရှာထည့်ရတာ။ အခုက အပေါ်မှာ ကြက်မွေးလိုက်တော့ ပတ်ဝန်းကျင်လည်း မနံတော့ဘူး။ ပိုပြီးတော့ လတ်လတ်ဆတ်ဆတ်နဲ့ ကြက်ချေးကို ငါးကန်ထဲမှာ စုပေးထားတဲ့အတွက် ငါးအတွက် ရေဩဇာ ပိုကောင်းတာပေါ့။ ပြောနေကြသလို ငါးက ကြက်ချေးမစားဘူး။ ကြက်ချေးကနေ ပေါက်တဲ့ ရေဩဇာတွေကို စားတာ” ဟု ဦးမြင့်အောင်က ပြောသည်။

ရေကန်ပေါ်ရှိ ကြက်များအစာကျွေးရန် ကြက်ခြံများကို သန့်ရှင်းရေးလုပ်ချိန်တွင် ရေထဲသို့ကျလာသော အရာဝတ္ထုများကို ငါးများ လုယက်ထိုးဟပ် စားသောက်နေသည်ကို ရန်ကုန်တိုင်း လှည်းကူးနှင့် မင်္ဂလာဒုံမြို့နယ် တို့ရှိ ကြက်နှင့်တွဲမွေးသောငါးကန် ခြောက်ကန်သို့ Myanmar Now က သွားရောက်လေ့လာစဉ်တွင် တွေ့ရှိခဲ့ရသည်။

အင်တာနက်ပေါ်တွင် လွှင့်တင်ထားသည့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကြက်ငါးတွဲဖက်မွေးမြူရေးကန် တစ်ကန်၏ ရုပ်သံဖိုင်တွင်လည်း အပေါ်ကြက်ခြံများမှ ကျလာသည့် မစင်နှင့်အခြားအစာများကို ငါးများ တိုးဝှေ့စားသောက်ကြသည်ကို မြင်ရသည်။

ယခုစနစ်ကိုအားပေးလိုသူများဘက်မှာလည်း ထောက်ပြချက်တွေ ရှိသည်။ ယခင်က ကြက်နှင့်ငါး တွဲမွေးသည့် စနစ်တွင် ငါးစာသီးသန့်မကျွေးသဖြင့် ဈေးကွက်သို့ ထုတ်လုပ်ရောင်းချရန် အချိန်ကြာမြင့်စွာမွေးမြူရပြီး ယခုတွင် အချို့လုပ်ငန်းရှင်များက ငါးစာ သီးသန့်ထည့်ကျွေးလာကြသဖြင့် ငါး၏ အလေးချိန်၊ အရည်အသွေးအပါအဝင် ထုတ်လုပ်ချိန် ပိုမြန်လာသည်ဟု ဒေါက်တာကျော်ထင်က ပြောသည်။

ကြက်နှင့်ငါးတွဲမွေးသည့်စနစ်ကို အလျင်စလို ဖျက်သိမ်းလိုက်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမည်ကို ဒေါက်တာကျော်ထင်က စိုးရိမ်နေသည်။

“ငါးလုပ်ငန်းရှင်တွေဘက်က တင်ပြသလို ချက်ချင်း ဝုန်းဒိုင်း ဖျက်သိမ်း ရပ်ဆိုင်းဖို့ မရဘူး။ စီးပွားရေးတွေ အကုန်ပြိုလဲသွားမယ်။ စားနပ်ရိက္ခာ ဖူလုံရေးကိုပါ ထိခိုက်လာမယ်။ ဒါကြောင့်မို့လို့ ဒီစနစ်ကို တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ဆိုပြီး ဒုသမ္မတ (၁) (ဦးမြင့်ဆွေ) ကို တင်ပြခဲ့တယ်။ ပြီးတော့ သုတေသနလုပ်ဖို့လည်း လိုတယ်။ အချို့ကိစ္စတွေက ရမ်းပြီးပြောနေလို့မရဘူး” ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာဝန်ကြီးဌာနဘက်ကတော့ ပြည်တွင်းပြည်ပဈေးကွက် နှစ်ခုစလုံးအတွက် GAqP နှင့်အညီသာ မြန်မာနိုင်ငံကသွားရန်ကြိုးစားနေကြောင်း ထပ်လောင်း အတည်ပြုသည်။ ပြည်တွင်းရေထွက်ကုန် မွေးမြူထုတ်လုပ်သူများဘက်က GAqP နှင့်အညီ ထုတ်လုပ်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာအောင်သူကလည်း ဇန်နဝါရီလက နေပြည်တော်အစည်းအဝေးတစ်ခု၌ တိုက်တွန်းခဲ့သည်။

၎င်းဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနကလည်း ကြက်နှင့်တွဲမွေးသောငါးများ၏ ကျန်းမာရေးအဆင့်အတန်းကို လျစ်လျူရှုမထားပါဟု ပြောသည်။ ကြက်ချေးများတွင်ပါသည့် ပစ္စည်းများကို သုတေသနလုပ်နိုင်သည့် ISO-17025 လက်မှတ်ရ ဓာတ်ခွဲခန်းလည်း ဌာနမှာ ရှိသလို လုပ်လည်းလုပ်နေပါသည်ဟု ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။

သို့သော် ဓာတ်ခွဲစမ်းသပ်နေသည့်အဖြေနှင့် ပတ်သက်၍မူ “နောက်ဆုံး ဓာတ်ခွဲအဖြေက မသိရသေးပါဘူးတဲ့ ခင်ဗျာ” ဟုသာ ဖြေကြားသည်။

စားသုံးသူများဘက်ကတော့ ရွေးချယ်ခွင့် သိပ်မရှိလှ။ ဈေးဗန်းထဲရောက်လာသည့် ငါးက ကျန်းမာရေးနှင့် ညီညွတ်၊ မညီညွတ် ဝေခွဲနိုင်စွမ်းမရှိဟု ဆိုကြသည်။ Myanmar Now က ပန်းဘဲတန်းမြို့နယ်အတွင်း ကျပန်းမေးမြန်းခဲ့သည့် ရန်ကုန်ဒေသခံ လူ ၁၀ ဦးက သူတို့စားသုံးနေသည့် ငါးများသည် ကြက်နှင့်တွဲမွေးထားသည့်ငါးများ ဟုတ်မဟုတ် နှင့် တွဲမွေးပါက စားသုံးရန် သင့်မသင့်ကိုလည်း မဝေခွဲနိုင်ဟု ဆိုကြသည်။

ထို့အတူ ကြက်သားနှင့် ငါးဈေးနှုန်းကိုလည်း လက်ရှိထက် ဈေးမတက်စေလိုဟု ဆိုကြသည်။

“(ကြက်နဲ့တွဲမွေးတဲ့ငါးမှန်း) သိရင်တော့ မစားဘူးပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading