မြင်းခြံခရိုင်တရားရုံးက မရွှန်းလဲ့မြတ်နိုးကို တရားရှင်လွှတ်ခဲ့သော်လည်း ကျန်မြန်မာဝန်ထမ်း တစ်ဦးဖြစ်သည့် ကိုရှိန်းလတ်ကို မူးယစ်ပုဒ်မ သုံးခုဖြင့် စွဲချက်တင်လိုက်သည်။
မန္တလေးမြို့သာ စက်မှုဇုန်တွင် စက်မှုလျှော်ပင်များ စိုက်ပျိုးသည့်အမှုတွင် အမှုရင်ဆိုင်နေရသည့် မြန်မာဝန်ထမ်းနှစ်ဦးအနက် အလုပ်သင် မရွှန်းလဲ့မြတ်နိုးကို မြင်းခြံခရိုင်တရားရုံးက ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်)တွင် တရားရှင် လွှတ်ပေးလိုက်သည်။
မရွှန်းလဲ့မြတ်နိုးကို တရားရှင် လွှတ်ခဲ့သော်လည်း ကျန်ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုရှိန်းလတ်ကို မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၆(က)၊ (ခ)၊၂၀ (က) တို့ဖြင့် စွဲချက်တင်လိုက်ကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်းအတွင်း ဧက ၆၀ နီးပါးရှိ လုပ်ကွက်အတွင်း ဆေးခြောက်နွယ်ဝင် စက်မှုလျှော်ပင်စိုက်ခင်းများကို ဧက ၂၀ ခန့် စိုက်ပျိုးခဲ့မှုကြောင့် စိုက်ခင်းတာဝန်ရှိသူ အမေရိကန်နိုင်ငံသား John Fredric Todoroki (ဂျွန် တိုဒိုရိုကီ) နှင့် စိုက်ခင်းအလုပ်သမား နှစ်ဦးဖြစ်သည့် မရွှန်းလဲ့မြတ်နိုးနှင့် ကိုရှိန်းလတ်တို့ကို မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)၊ ၂၀(က)၊ ၂၁ တို့အရ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဖမ်းဆီးအမှုဖွင့်ခဲ့သည်။
“(ကိုရှိန်းလတ်) ကလည်း အလုပ်ဝင်လုပ်တဲ့ သာမန်အလုပ်သမားပဲဖြစ်ပါတယ်။ သူ့ကို စိုက်ခင်းမန်နေဂျာဆိုပြီး စွပ်စွဲထားတာ။ ဒါကလည်း အထောက်အထားမရှိပါဘူး။ စွဲချက်တင်တာက အပြစ်ပေးတာ မဟုတ်ဘူး။ ထုချေဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ ပြောတာပါ။ ကျွန်တော်တို့ ထုချေဖြေရှင်းရမှာပါ” ဟု ဦးသိန်းသန်းဦးက ပြောသည်။
ကိုရှိန်းလတ်အမှုကို လာမည့်ရုံးချိန်း တစ်ချိန်းတည်းတွင် အပြီးလျှောက်လဲချက်ပေးပြီး အမှုကို အပြီးဖြတ်နိုင်ရန် မျှော်မှန်းထားသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက်ပင် ခန့်မှန်းအရေအတွက် ၃၅၀,၀၀၀ နှင့် ပျိုးပင် ၅,၂၀ဝ ခန့်ရှိပြီး ဆေးခြောက်မျိုးစေ့ ကီလို ၃၈၀၊ ဆေးခြောက် ၂၇၀ ဒသမ ၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိသည်ဟု မူးယစ်ဗဟိုအဖွဲ့၏ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
စိုက်ခင်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂျွန်တိုဒိုရိုကီကို ကျန်းမာရေးကြောင့် မြင်းခြံခရိုင်တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခဲ့သည်။ သို့သော် ၎င်းသည် တရားရုံးချိန်းများ ပုံမှန်မလာရောက်ဘဲ ပျက်ကွက်ခဲ့သည့်အတွက် ၎င်းကို ကျပ်သိန်းသုံးထောင်ကျော်ဖြင့် အာမခံပေးထားသူကို တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ ဖြင့် ပြီးခဲ့သည့် လကုန်ပိုင်းက အမှုဖွင့်ခဲ့သည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ တရားရုံးသည် အာမခံကြေးကို သိမ်းယူနိုင်သည်။


အဆိုပါအမှုနှင့် ပတ်သက်ပြီး အခြားစိုက်ခင်းတာဝန်ရှိသူများဖြစ်သည့် အမေရိကန်နိုင်ငံသား ငါးဦးမှာ အမှုဖြစ်ပွားစဉ်က မြန်မာနိုင်ငံအတွင်း ရှိမနေသည့်အတွက် မဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
စက်မှုလျှော်ပင်စိုက်ခင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စမ်းသပ်စိုက်ခင်းအဖြစ် တစ်နှစ် တရားဝင်ခွင့်ပြုခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့်အချိန်မှာ တစ်နှစ်ပြည့်ရန် လအနည်းငယ်သာ လိုတော့သည်။
စိုက်ပျိုးခွင့်အတွက် တိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့သည့် စာများနှင့် အစိုးရက ခွင့်ပြုခဲ့သည့်စာများ၊ စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့များကို တင်သွင်းစဉ်က တရားဝင်လမ်းကြောင်းမှ တင်သွင်းခဲ့သည့် အထောက်အထားများကို စက်မှုဇုန်တာဝန်ရှိသူများက တရားရုံးသို့ သက်သေတင်သွင်းထားခဲ့ကြောင်းလည်း စွပ်စွဲခံရသူများ၏ ရှေ့နေများက ဆိုသည်။
စက်မှုလျှော်ပင်မှာ မူးယစ်ထုံထိုင်းစေသည့် အာနိသင် သုည ဒသမ ၃ ရာခိုင်နှုန်းလောက်သာ ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ယင်းအပင်များကို ဆေးခြောက်ဟု မသတ်မှတ်ဘဲ မူးယစ်ဆေးဥပဒေတွင် ထည့်သွင်းသတ်မှတ်ရန် သဘောတူထားပြီး ဖြစ်သည်။


Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














