သတင်း

ပြည်ထဲရေးဝန်ကြီးအဖြစ် လက်ရှိ စရဖအရာရှိချုပ်ကို သမ္မတက အမည်စာရင်းတင်

လစ်လပ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာကို စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော်သို့ ယနေ့ အမည်စာရင်းတင်သွင်းလိုက်သည်။

တပ်မတော်တာဝန်များ ပြန်လည်ထမ်းဆောင်ရန်ဟု ဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းက ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အနားယူသွားသည့် ဒုဗိုလ်ချုပ်ကြီးကျော်ဆွေနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်လိုကြောင်း ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမ္မတထံ အမည်စာရင်း တင်သွင်းလာခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကိုရယူရန် ပေးပို့လိုက်ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသော ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မှာ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အတွင်းရေးမှူး(၂)ဗိုလ်ချုပ်ကြီးတင်ဦး၏ ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်၏ သားဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင်လည်းကောင်း စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် အမှုထမ်းခဲ့သည်။

ယင်းနောက် ၂၀၁၆ ခုနှစ်မှစ၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့သည် ၂၀၀၄ ခုနှစ်က ဖယ်ရှားဖျက်သိမ်းခံလိုက်ရသည့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် ၎င်း၏တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့နေရာတွင် အစားထိုး ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်စသည့် နိုင်ငံများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ လိုက်ပါခွင့်ရသူလည်းဖြစ်သည်။

၁၉၆၀ မတ်လ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရချိန်တွင် အသက် ၅၉ နှစ် ၁၁ လ ရှိပြီဖြစ်ပြီး သား သုံးဦးရှိသူဖြစ်သည်။

တပ်မတော်အရာရှိဟောင်းဖြစ်သည့် သေနင်္ဂ မဟာဗျူဟာလေ့လာရေး အင်စတီကျု့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြည်ထဲရေးဝန်ကြီးဌာနမှာ နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့် အသစ်ပြောင်းရွှေ့လာသည့် ပြည်ထဲရေးဝန်ကြီးအနေဖြင့်လည်း နိုင်ငံတော်သမ္မတ၏အမိန့်ကို နာခံရမည်ဟု ပြောသည်။

“ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အနေနဲ့က လက်ရှိအချိန်မှာလည်း တပ်မတော် စစ်ဘက်ဆိုင်ရာအရာရှိချုပ်တာဝန်ကို ထမ်းဆောင်နေတာဖြစ်တယ်။ သူ့မှာက သတင်းနဲ့ ပတ်သက်ပြီးတော့မှ အတွေ့အကြုံရှိပြီးသားဖြစ်တယ်။ ဒါကြောင့်မို့ ပြည်ထဲရေးဝန်ကြီးဌာနကို ရာထူးတိုးမြှင့်ပြောင်းလဲ တာဝန်ထမ်းဆောင်စေတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီး ခန့်အပ်ရာတွင် နိုင်ငံတော်သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားအမည်စာရင်းကို ရယူရမည်ဟု ပါရှိသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်းလျက် သဘောတူညီချက်ရယူရမည်ဟု ပါရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ကိုယ်ရေးအကျဉ်း

ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း အဆိုပြုသည့် ပုဂ္ဂိုလ်အပေါ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက မနက်ဖြန်(ဖေဖော်ဝါရီလ ရက်)တွင် နောက်ဆုံးထားပြီး ကိုယ်စားလှယ်အမည်စာရင်း ပေးပို့နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော် နာယကက ယနေ့အစည်းအဝေးတွင် ပြောသည်။

ထိုသို့ပေးပို့ပြီး ကန့်ကွက်လာပါက ကန့်ကွက်ကြောင်းအဆို တင်သွင်းခြင်းကို လာမည့် တနင်္လာနေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုသွားမည်ဖြစ်ပြီး၊ ကန့်ကွက်မည့် ကိုယ်စားလှယ်မရှိပါက ခန့်အပ်ရန် သဘောတူညီခြင်းကို ကြေညာသွားမည်ဖြစ်သည်။

ယင်းသို့ ခန့်အပ်ခံခဲ့ရပါက ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရလက်ထက်တွင် ဒုတိယမြောက် ပြည်ထဲရေးဝန်ကြီး ဖြစ်လာမည်ဖြစ်သည်။

Show More

Related Articles

Back to top button