ဖားကန့်ခရီးစဉ်တွင် အမတ်များလာဘ်ယူသည်ဟု စွပ်စွဲသူကို ပြန်တရားစွဲမည်

'ပွင့်ထူးစံ' ကျောက်မျက်ကုမ္ပဏီက လွှတ်တော်အမတ်များအား "ငွေထုပ်" ထည့်ပေးလိုက်ကြောင်း Moe Zay Nyein account ပိုင်ရှင်က စွပ်စွဲသည်။ လက်ဆောင်ထုပ်ထဲ ငွေပါမှန်း သိသိချင်း ပြန်ပေးခဲ့သည်ဟု လွှတ်တော်အမတ်များက ပြန်ရှင်းသည်။

Published on Jan 30, 2020

ကျောက်စိမ်းတွင်းများကို စစ်ဆေးရန် ဇန်နဝါရီလ အစောပိုင်းက ကချင်ပြည်နယ် ဖားကန့်သို့ သွားရောက်ခဲ့ကြသည့် လွှတ်တော်အမတ်များသည် ၎င်းတို့၏ခရီးစဉ်အတွင်း ကျောက်မျက်ကုမ္ပဏီတစ်ခုမှ လာဘ်ငွေယူခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို အဆိုပါအမတ်များက ငြင်းဆိုလိုက်ပြီး ယင်းအကြောင်းအရာကို Facebook တွင် စတင်ရေးသားခဲ့သူကို တရားစွဲရန် ပြင်ဆင်နေသည်။

ထိုသို့ စတင်ရေးသားခဲ့သည့် အကောင့်မှာ Moe Zay Nyein ဆိုသူဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ရေးသားခဲ့ခြင်းဖြစ်ကာ နှစ်ရက်အကြာတွင် ပြန်ဖြုတ်သွားခဲ့ကြောင်း အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဇန်နဝါရီ ၂၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။

သို့သော် အဆိုပါပို့စ်ကို ကော်မတီက screenshot ရယူထားခဲ့သည်။

“ဖားကန့်မှာ တရားမဝင် ကျောက်စိမ်း အကြီးအကျယ် ခိုးတူးနေတဲ့ ‘ပွင့်ထူးစံ’ ကုမ္ပဏီက အမျိုးသားလွှတ်တော်အမတ်တွေကို ကုမ္ပဏီမှာ ညစာဖိတ်ကျွေးပြီး လက်ဆောင်ပစ္စည်းတွေထဲ ငွေထုပ်ထည့်ပေးလိုက်လို့ ခိုးကျင်းကိစ္စ ပါးစပ်ပိတ်သွားကြတယ်” ဟု ရေးသားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။

‘ဒေသထွက်အစားအစာနှင့် ပုဆိုး’ ဟုဆိုပြီး လက်ဆောင်ပေးသဖြင့် ကနဦးက လက်ခံခဲ့ကြခြင်းဖြစ်သော်လည်း ထိုလက်ဆောင်ပစ္စည်းအတွင်း ငွေကြေးပါဝင်သည်ကို သိသိချင်း ကာယကံရှင်ထံ ပြန်ပေးခဲ့သည်ဟု ကော်မတီဘက်က သတင်းစာရှင်းလင်းသူများက တုံ့ပြန်ပြောကြားခဲ့သည်။

၎င်းတို့အား Moe Zay Nyein ဆိုသည့် Facebook account က မဟုတ်မမှန်ရေးသားသည်ဟု ဆိုကာ အကောင့်ပိုင်ရှင်အား အရေးယူပေးရန် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ထံ အကြောင်းကြားစာပေးပို့သွားမည်ဟု ယင်းကော်မတီ၏ ဥက္ကဋ္ဌ အာဏာရပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးသိမ်းဆွေက ဇန်နဝါရီ ၂၉ရက်၊ မွန်းလွဲပိုင်းတွင် ကော်မတီရုံးခန်းအတွင်း မီဒီယာများကို ရှင်းလင်းပြောကြားသည်။

ဦးသိမ်းဆွေ ဦးဆောင်သော အဆိုပါ ကော်မတီဝင်များဖြစ်သည့် လွှတ်တော်အမတ်များ အပါအဝင် စုစုပေါင်း ၁၀ ဦး ပါဝင်သော အဖွဲ့သည် အစိုးရ၏ လွှတ်တော်တွင် ကတိကဝတ်ပြုခဲ့သော မေးခွန်းများအပေါ် စိစစ်ရန် ဇန်နဝါရီ ၅ရက် မှ ၁၄ရက် အထိ ကချင်ပြည်နယ်သို့ ကွင်းဆင်းခဲ့သည်။

ထိုသို့ ကွင်းဆင်းရာတွင် ဇန်နဝါရီလ ၇ရက်၊ ညနေပိုင်းက ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များအသင်းရုံးတွင် ဌာနဆိုင်ရာများ အပါအဝင် တပ်မတော်အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စသည့် တာဝန်ရှိသူများဖြင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးတွင် ကော်မတီဝင်များ အပါအဝင် အစည်းအဝေးတက်ရောက်သူအားလုံးကို ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များအသင်းက ညစာ ဖိတ်ကျွေးခဲ့သည်။

ညစာစားပြီးအပြန်တွင် ပွင့်ထူးစံ ကျောက်မျက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ချန်းက ဒေသထွက် အစားအစာများနှင့် ပုဆိုးများ လက်ဆောင်ပေးချင်သည်ဟုဆိုကာ တိပ်ဖြင့် ပိတ်ထားသည့် အိတ်များကို ခရီးစဉ်တွင်ပါဝင်သည့် ကော်မတီဝင်အားလုံးအတွက် ကားပေါ် တင်ပေးလိုက်သည်ဟု ကော်မတီဘက်က ပြန်ပြောပြသည်။

“ဒေသအစားအသောက်၊ ပုဆိုးလေးတွေ ပေးတာက ကျွန်တော်တို့အနေနဲ့ ပြဿနာ မရှိနိုင်ဘူး။ ဆွဲအိတ်ကို တိပ်နဲ့ပိတ်ထားတဲ့အခါမှာလည်း ကျွန်တော်တို့က ဒါကြီးကို ဘာပါသလဲ သွားဖြဲကြည့်လို့ ရတာမှ မဟုတ်တာ။ မနက် သိသိချင်းမှာ ငွေကြေးပါလာတဲ့အတွက် လက်ခံလို့ မရဘူး” ဟု ဦးသိမ်းဆွေက ရှင်းလင်းပွဲတွင် ပြောသည်။

လက်ဆောင်အိတ်အတွင်း ငွေကြေးထည့်ပေးလိုက်သည်ကို သိရပြီးနောက် ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်က ဦးတင်ချန်းကို ဆက်သွယ်ခေါ်ယူပြီး နောက်တစ်နေ့ နံနက် ၆နာရီခွဲတွင် ငွေကြေးအပါအဝင် လက်ဆောင်ပစ္စည်းအားလုံး ပြန်ပေးလိုက်သည်ဟု ကော်မတီဘက်က ရှင်းပြခဲ့သည်။

“ခင်ဗျားပေးထားတဲ့ဟာတွေ စစ်ယူသွားပါလို့ ပြောလိုက်တယ်။ ဒီအတိုင်းပဲ ပြန်ယူသွားပါတယ်။ တစ်သောင်းတန်တွေ အထပ်လိုက်ပါပဲ။ သူကလည်း ပြောပါတယ်။ နှစ်သစ်ကူးလက်ဆောင်(အံပေါင်း) ဆိုပြီး ကျွန်တော်တို့ပေးတာကို ဒီလို ပြန်ပေးတာ တစ်ခါမှ မကြုံခဲ့ရဘူးတဲ့။ ကျွန်တော် လက်ဆောင်ပေးတာပဲတဲ့။ ဒါပေမယ့် ကျွန်တော် လက်ခံလို့ မရဘူးဆိုပြီး ပြန်ပေးလိုက်ပါတယ်” ဟု ဦးသိမ်းဆွေက ဆိုသည်။

ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်ကလည်း “လက်ဆောင်ပစ္စည်းတွေ အကုန်လုံးကို ဥက္ကဋ္ဌ(ဦးသိမ်းဆွေ)အခန်းမှာ ထားပြီး ကိုတင်ချန်းကို ခေါ်ပြီးတော့မှ ပေးလိုက်ပါတယ်” ဟု ပြောကြားသည်။

လက်ဆောင်ပေးသည့် ငွေကြေးစုစုပေါင်း မည်မျှရှိသည်ကို အတိအကျ မသိသော်လည်း “တစ်သောင်းတန်တွေ အထပ်လိုက်ပါပဲ” ဟု ကော်မတီဘက်က ပြောသည်။

သို့သော် “ဖားကန့်ကို ရောက်လာတဲ့ အမျိုးသားလွှတ်တော်အမတ်တွေကလည်း တင်ချန်းရဲ့ ငွေထုပ်နဲ့တွေ့တဲ့အခါ ပါးစပ်တွေ ပိတ်သွားပြီး ဖားကန့်က ခိုးကျင်းကိစ္စ တစ်စခန်း ရပ်သွားတော့တာပါပဲ။ မက်လင်ချောင်၊ ဝိုင်တီတီ တောင်ကုန်းတစ်ခုလုံး ခိုးကျင်းတူးထားတယ်ဆိုတာ အမျိုးသားလွှတ်တော်အမတ်တွေ မြင်နေရက်နဲ့ တစ်ခွန်းမှ ဟမသွားဘူး။ NLD လည်း စားတာပါပဲ” ဟု Moe Zay Nyein အကောင့်တွင် ရေးသားထားသည်။

 

ယင်းခရီးစဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ကော်မတီအဖွဲ့ဝင် တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် တင်ဆွေကလည်း အထက်ပါ ရေးသားချက်အပေါ် “ကျွန်တော်တို့ကို မဟုတ်မမှန်စွပ်စွဲတာ” ဟု Myanmar Now ကို ပြောသည်။

Moe Zay Nyein အကောင့်တွင် ဇန်နဝါရီလ ၉ရက်က ထိုသို့ ရေးသားခဲ့ပြီး နောက်နှစ်ရက်အကြာတွင် ပြန်ဖြုတ်သွားသည်ဟု ကော်မတီဘက်က ပြောဆိုပြီး (Screenshot) ယူထားသည့် ယင်းရေးသားချက်များကို Print ထုတ်ကာ မီဒီယာများကို ယနေ့ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ Moe Zay Nyein အကောင့်ပိုင်ရှင်က ပြန်ဖြုတ်သွားသော်လည်း ၎င်း၏ ရေးသားချက်များကို ကော်ပီကူးယူကာ မျှဝေသူ သောင်းဂဏန်းအထိ ရှိနိုင်သည်ဟု ကော်မတီဘက်က ခန့်မှန်းသည်။

အဆိုပါ Screenshot အရ ပွင့်ထူးစံကုမ္ပဏီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကေအိုင်အေမှ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လအပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့၏ မိသားစုများနှင့် နီးစပ်ပြီး “တရားမဝင် ကျောက်စိမ်း အကြီးအကျယ် ခိုးတူးနေ” သည်ဟုလည်း စွပ်စွဲထားသေးသည်။

Myanmar Now အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး Moe Zay Nyein အကောင့်ပိုင်ရှင်ထံ Facebook မှတစ်ဆင့် ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ပွင့်ထူးစံကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်ချန်းကမူ လွှတ်တော်အမတ်များ ဖားကန့်သို့ လာရောက်သည့်အချိန်သည် တရုတ်နှစ်သစ်ကူးကာလ ဖြစ်နေရာ ဧည့်ခံသည့်သဘောဖြင့် အံပေါင်းအဖြစ် ထည့်ပေးခြင်းဖြစ်ကြောင်း၊ ပေးလိုက်သည့် ငွေကြေးပမာဏမှာ ၈၆,၀၀၀ ဖြစ်ကြောင်းနှင့် လွှတ်တော်အမတ်များကလည်း အဆိုပါ “အံပေါင်း” ကို ပြန်ပေးလိုက်ကြောင်း Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

“အံပေါင်း ဆိုတာက ပိုက်ဆံဖြစ်နေတဲ့အခါကျ သူတို့က မယူရဲဘူး။ ဒါတော့ မကောင်းဘူးဆိုပြီး ကျွန်တော့ကို ပြန်ပေးတာ။ ဒါပေမယ့် ကျွန်တော် လာဘ်ထိုးတာမျိုးလည်း မဟုတ်ဘူး။ လာဘ်ထိုးတယ်ဆိုရင် နောက်ကွယ်က ပေးမှာပေါ့။ အခုက တကယ့်ကို စိတ်ဖြူဖြူစင်စင်နဲ့ ကျွန်တော်တို့ထုံးစံအရ အံပေါင်းပေးတာပေါ့” ဟု ဦးတင်ချန်းက ပြောသည်။

၎င်း၏ ကုမ္ပဏီနှင့် ပတ်သက်ပြီး Moe Zay Nyein အကောင့်က ရေးသားထားသည်မှာလည်း မမှန်ကန်ကြောင်း ငြင်းဆိုသည်။

“အစိုးရလူကြီးတွေအနေနဲ့လည်း ကျွန်တော်တို့ ကုမ္ပဏီကို လာပြီးတော့ မေးမြန်းလို့ ရတာပဲ။ လာပြီး စစ်ဆေးလို့ ရတာပဲ။ လူဆိုတာ မှန်နေရင်တော့ မကြောက်ပါဘူး။ ပြောချင်သလိုပြောပါ” ဟု ပြောသည်။

သို့သော်လည်း ကော်မတီဝင် လွှတ်တော်အမတ်များကမူ ယင်းရေးသားချက်များကြောင့် ပြည်သူလူထုက ၎င်းအပေါ် အထင်အမြင် လွဲမှားမည်ကို စိတ်ပူသလို အဆိုပါ မဟုတ်မမှန် ရေးသားချက်ကို နိုင်ငံရေးတိုက်ကွက်အဖြစ် ပုံဖော်ပြီး ဟုတ်သယောင် ပြန်လည်ဖြန့်ဝေနေခြင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကိုလည်း များစွာထိခိုက်ရသည်ဟု ပြောသည်။

“အခုဆိုရင် လက်ဆောင်လာပေးရင်တောင်မှ ပုဆိုးလေး တစ်ထည်လာပေးရင်တောင် ပုဆိုးကြားထဲမှာ မင်းတို့ ပိုက်ဆံထည့်လိုက်သေးလားလို့ မေးရမလိုတောင် ဖြစ်နေတယ်။ အဲ့တော့ ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နောက်ပိုင်း လက်ဆောင်ပေးတယ်ဆိုရင်တောင် စိစစ်မှုကို တစ်ခါထဲ လုပ်ပြီးတော့ ပဲကြော်ပေးရင်တောင် ပဲကြော်ထဲ ဘာပါလဲ ကြည့်ရမလိုတောင် ဖြစ်နေတယ်” ဟု ဦးသိမ်းဆွေက ယနေ့ ပြောသည်။

ကျောက်စိမ်းလုပ်ကွက်များအား ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိချက်များကိုမူ လတ်တလော အသေးစိတ် မပြောနိုင်သေးဘဲ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမှသာ အသေးစိတ်ပါဝင်မည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading