Fact-Check | ကိုရိုနာဗိုင်းရပ်သတင်းမှားဖြန့်နေသည့် ဝက်ဘ်ဆိုက်များ

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့ခဲ့သည့် ဗိုင်းရပ်သတင်းသည် ထိတ်လန့် တုန်လှုပ်စရာဖြစ်သည်။ သို့သော် လူအချို့ကမူ အချက်အလက်အမှန်အချို့အပေါ် အခြေပြုထားသော သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေကြသည်။

Published on Jan 28, 2020

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ် ပျံ့နှံကူးစက်မှုများလာခြင်းနှင့်အတူ ဗိုင်းရပ်နှင့် ပတ်သက်ပြီး လူအများကို အထိတ်တလန့်ဖြစ်စေသလို တစ်ဖက်တွင် ငွေရရေးအတွက် သတင်းမှား၊ သတင်းတုများ ရေးသား ဖြန့်ဝေကာ ဝက်ဘ်ဆိုက်များမှာ ယခုရက်ပိုင်းအတွင်း အပြိုင်းအရိုင်း ပေါ်လာကြသည်။

ဝူဟန်ဗိုင်းရပ်နှင့် ပတ်သက်သည့် Click-Bait (သတင်းမှားများကို လူကြည့်များစေရန် ဖြားယောင်းထားသည့်) ဝက်ဘ်ဆိုက်များမှာ Facebook ၏ထုတ်ကုန်တစ်ခုဖြစ်သည့် Instant Articles ချိတ်ဆက်ထားပြီး ဝင်ရောက်ကြည့်ရှုနှုန်းပေါ် မူတည်ကာ Facebook မှ ဝင်ငွေများရရှိနေကြသည့် ဝက်ဘ်ဆိုက်များဖြစ်သည်။

ရာနဲ့ချီသော အဆိုပါ Click-Bait ဝက်ဘ်ဆိုက်များသည် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် သတင်းမှားများကို ဖြန့်‌ဝေနေကြပြီး အဆိုပါသတင်းမှားထဲမှ စာဖတ်သူ၊ အင်တာနက်အသုံးပြုသူများကို ထင်ယောင်ထင်မှားဖြစ်စေကာ အန္တရာယ်ရှိနိုင်သည့် ဝက်ဘ်ဆိုက်အချို့ကို Myanmar Now က အချက်အလက်စစ်ဆေးပြီး ဖော်ပြပေးလိုက်သည်။

၁။ ရန်ကုန်ဆေးရုံကြီးတွင် ဝူဟန်ကော်ရိုနာ အဆုတ်ရောင်ဗိုင်းရပ် ရောဂါပိုးသံသယလူနာတစ်ဦး ရောက်ရှိဟု သတင်းထွက်ပေါ်လာ (သတင်းမှား)

အဆိုပါသတင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက် သောကြာနေ့တွင် ‘ရန်ကုန်ခေတ်သစ် သတင်းဌာန’ Khit Thit Media က ရေးသားခဲ့သည့်သတင်းတစ်ပုဒ်မှ အစပြုကာ ကောလာဟလအဖြစ်ပျံ့ နှံ့သွားခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်သည်။ အဆိုပါ ခေတ်သစ်သတင်းတွင် ရန်ကုန်ဆေးရုံကြီး၌ တရုတ်အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ် သံသယလူနာအဖြစ် တက်ရောက်နေကြောင်း သတင်းထွက်ပေါ် နေကြောင်းနှင့် အတည်ပြု၍မရကြောင်း ရေးသားထားသည်။ သို့သော် ထိုသတင်းကို click-bait ဝက်ဘ်ဆိုက်အတော်များများက ထပ်ဆင့်ကူးယူဖော်ပြခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် သံသယ လူနာမရှိသေးကြောင်း၊ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ခဲ့သည့် တရုတ်အမျိုးသမီးဆိုသူမှာ ကိုရိုနာဗိုင်းရပ်ရောဂါ လက္ခဏာများမဟုတ်ကြောင်း ထိုနေ့ညနေမှာပင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

အဆိုပါသတင်းမှားကို E.T.S ဆိုသည့် Every Time Story အမည်ရှိ ဝက်ဘ်ဆိုက်က  Group Member ၁၈ သိန်းကျော်( ၂သန်းနီးပါး)ရှိသည့် သတင်းစုံ ဆိုသည့် Group တွင် အဓိကဖြန့်‌ဝေသည်။ ထို့ပြင် MMTimes ဆိုသည့် ဝက်ဘ်ဆိုက်မှလည်း Like လုပ်ထားသူပေါင်း ၆ သိန်းကျော် ရှိသည့် စွယ်စုံသတင်းထူးများ Facebook Page တွင် ဖြန့်ဝေနေသည်ကို တွေ့ရသည်။ Itech Media ဆိုသည့် ဝက်ဘ်ဆိုက်မှလည်း Group Member ၁၈ သိန်းကျော် (၂ သန်းနီးပါး) ရှိသည့် ဟာသဗဟုသုတသတင်းစုံ ဆိုသည့် Group တွင် အဆိုပါသတင်းမှားကို ဖြန့်ဝေနေသည်။

၂။ တိဘက်ဒေသမှလွဲ၍ တရုတ်တစ်နိုင်ငံလုံးကူးစက်သွားပြီဟု သမ္မတရှီကျင့်ဖိန်ပြောပြီ (သတင်းမှား)

အဆိုပါသတင်းမှားကို Click Baits ဝက်ဘ်ဆိုက် အများအပြားက ကူးယူဖြန့်ဝေနေကြသည်။ Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ သမ္မတရှီကျင့်ဖိန် က “ကော်ရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ အရှိန်မြင့်လာနေပြီ” ဟုသာ ယခုလ ၂၆ ရက်က တရုတ်နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြောဆိုထားသည်ကိုသာ တွေ့ရသည်။ သို့သော် တိဗက်ဆိုသည့်အသုံးအနှုန်းများ မတွေ့ရသလို တရုတ်တစ်နိုင်ငံလုံး ကူးစက်သွားပြီဟုလည်း ပြောဆိုခြင်း မရှိခဲ့ပေ။

အဆိုပါသတင်းမှားကို  လှတောသား ဆိုသည့် ဝက်ဘ်ဆိုက်က မှုခင်းသတင်းစုံ Group ကဲ့သို့သော Group မင်ဘာ သိန်းနှင့်ချီသည့် ဂရုများတွင် အဓိကဖြန့်‌ဝေနေသည်ကို တွေ့ရသည်။ Sport News Myanmar ဝက်ဘ်ဆိုက်ကလည်း Aung Thu , Aye Mya Phyu , Thin Zar Wint Kyaw ကဲ့သို့သော နာမည်ကြီးများ၏ နာမည်အသုံးပြုထားသည့် Facebook Page အတုများတွင် ဖြန့်ဝေနေကြသည်။

၃။ သင်ဇာဝင့်ကျော် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် (သတင်းမှား)

အဆိုပါသတင်းမှားကို ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းတွင် သတင်းခိုးယူပြီး ဖြန့်ဝေနေသည့် Click Baits ဝက်ဘ်ဆိုက်များက စတင်ဖြန့်ဝေခဲ့ကြသည်။ Tin Zar Wint Kyaw ၏ Facebook ‘My Day’ တွင် ယနေ့ (ဇန်နဝါရီ ၂၇ ရက်က) တင်ထားခဲ့သည့် ဆေးရုံတက်နေသည့် ပုံအချို့ကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေနေကြခြင်းဖြစ်သည်။

ခေါင်းစဉ်တွင် ဖော်ပြထားသည်နှင့် အတွင်းစာသားများမှာ မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ လူစိတ်ဝင်စားရန် လှည့်ဖျားရေးသားထားခြင်းသာဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းမရှိပေ။

အဆိုပါသတင်းမှားကို E.T.S ဆိုသည့် Every Time Story အမည်ရှိ ဝက်ဘ်ဆိုက်က Group Member တစ်သန်းကျော်ရှိ သတင်းစုံ ဆိုသည့် Group တွင် အဓိကဖြန့်‌ဝေသည်။ Innlay မီဒီယာ ဆိုသည့် ဝက်ဘ်ဆိုက်ကလည်း Group အဖွဲ့ဝင် သိန်းနှင့်ချီရှိသည့် Group များတွင် အဆိုပါသတင်းမှားကို ဖြန့်ဝေနေကြောင်းတွေ့ရသည်။

၄။ Wuhan မှာ အစိုးရဖုံးကွယ်ထားတဲ့ တကယ်သေတာ လူ ၉ သောင်းရှိပြီဆိုတဲ့အကြောင်းကို ဆေးရုံကအတွင်းလူ ပြောပြနေတဲ့ video File ပေါက်ကြား (သတင်းမှား)

အဆိုပါသတင်းသည် ဆေးရုံက ဆရာမတစ်ဦးဆိုသူက ဗီဒီယိုရိုက်တင်ထားသည်ကို ပြန်လည်ဖြန့်ဝေနေကြခြင်းဖြစ်သည် အဆိုပါ ဗီဒီဖိုင်ပါအချက်အလက်များသည် အစစ်အမှန် ဟုတ်သည်မဟုတ်သည်ဆိုခြင်းကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါဗီဒီယိုဖိုင်တွင် လူ ကိုးသောင်းကျော် ဟူသည့် အသုံးအနှုန်းပါဝင်သော်လည်း ကူးစက်ခံရသည်ဟုသာ ပါရှိပြီး သေဆုံးသည်ဟု ပြောဆိုထားခြင်းမဟုတ်ပေ။ ထို့ပြင် ပါးစပ်ကို နှာခေါင်းစည်း အုပ်ထားသည့်အတွက် ၎င်းကိုယ်တိုင် ပြောနေသည်လားဆိုသည်မှာလည်း မသေချာပေ။ အတည်ပြုနိုင်သည့် သတင်းအချက်အလက်များကို တရားဝင်သတင်းဌာနများက ထုတ်ပြန်ထားပြီး လက်ရှိတွင် တရုတ်နိုင်ငံတွင် လူ ၁၀၆ ဦးသေဆုံးကာ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတဝန်း ကူးစက်ခံရသူ ၄၅၀၀ ဝန်းကျင် ရှိပြီဖြစ်သည်။

အဆိုပါသတင်းမှားကို  လှတောသား ဆိုသည့် ဝက်ဘ်ဆိုက်က မှုခင်းသတင်းစုံ Group ကဲ့သို့သော Group Mamber ဝင် သိန်းနှင့်ချီသည့် Group များတွင် အဓိကဖြန့်‌ဝေနေသည်ကို တွေ့ရသည်။ ထို့ပြင် MYITTAR ဆိုသည့် ဝက်ဘ်ဆိုက်ကလည်း Like လုပ်ထားသူပေါင်း တစ်သန်းခွဲကျော်ရှိသည့် Knowledge Village KV ဆိုသည့် Facebook Page နှင့် Like လုပ်ထားသူပေါင်း တစ်သန်းခွဲကျော်ရှိသည့် အထွေထွေဗဟုသုတ ဆိုသည့် Facebook Page များတွင် ဖြန့်ဝေထားသည်။

၅။ မြို့ ကို ပိတ်ဆို့ထားတဲ့ကြားကနေ လူဦးရေ (၅) သန်းကျော် ထွက်ခွာလွတ်မြောက်သွားတယ်လို့ ဝူဟန်မြို့တော်ဝန် ဝန်ခံ (သတင်းမှား)

အဆိုပါသတင်းသည် သတင်းအချက်အလက် မှန်တချို့နှင့် သတင်းအချက်အလက်အမှားများ ရောနှောကာ လှည့်ဖျားရေးသားထားခြင်းဖြစ်သည်။ မူရင်းသတင်းအကြောင်းအရာတွင် “တရုတ်နှစ်သစ် ပွဲတော်နှင့် ကပ်ရောဂါကြောင့် လူငါးသန်းကျော်မှာ ဝူဟန်မြို့မှ ထွက်ခွာသွားကြပြီး လူ ၉ သန်းခန့်မှာ မြို့ထဲတွင်ရှိနေဆဲဖြစ်ကြောင်း မြို့တော်ဝန် Zhou Xianwang (ကျိုးရှန်းဝမ်) က ယမန်နေ့ (ဇန်နဝါရီ ၂၆ ရက်) က ပြောကြားခဲ့သည်။

သို့သော် Click Baits Website များက မြို့ကို ပိတ်ဆို့ထားသည့်ကြားမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း မြို့တော်ဝန်က ဝန်ခံသည်ဟူသော အချက်အလက်မှားကို ရောပြွန်းထည့်သွင်းကာ လူအများစိုးရိမ်ထိန့်လန့်စေရန် လှည့်ဖြားရေးသားထားခြင်းဖြစ်သည်။

အဆိုပါသတင်းကို maharmedianews ဆိုသည့် ဝက်ဘ်ဆိုက်က Like လုပ်ထားသူပေါင်း တစ်သန်းကျော်ရှိသည့် Popping Hits ဆိုသည့် Facebook Page နှင့် Group Member ပေါင်း ၂သန်းခွဲကျော်ရှိသည့် သတင်းထူးများနှင့်ဘဝမြင့်မားစေမည့်အတွေးအခေါ်များ Group တွင် ဖြန့်ဝေနေသည်။ MM Live News ဆိုသည့် ဝက်ဘ်ဆိုက်ကလည်း Like လုပ်ထားသူပေါင်း တစ်သန်းကျော်ရှိသည့် စွယ်စုံဗဟုသုတဟင်းပေါင်းအိုးကြီး ဆိုသည့် Facebook Page နှင့် Like လုပ်ထားသူပေါင်း ၉သိန်းကျော်ရှိသည့် လောကသုတ ဆိုသည့် Facebook Page များတွင် ဖြန့်‌ဝေနေကြသည်။

၆။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး ဝူဟန် ကိုရိုနာဗိုင်းရပ် ‌ရောဂါဖြင့် သေဆုံး (သတင်းမှား)

ဇန်နဝါရီ ၂၈ ရက်နေ့တွင် ပျံ့နေသည့် သတင်းမှားဖြစ်သည်။ အဆိုပါသတင်းတွင် ခေါင်းစဉ်၌ “ကိုရိုနာဗိုင်းရပ်‌ရောဂါဖြင့် သေဆုံး” ဟု ဖော်ပြထားသော်လည်း သတင်း၏အတွင်းစာသားများတွင် ကိုရိုနာဗိုင်းရပ် ဆိုသည့်စာသားမပါရှိပေ။

ထို့ပြင် Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ မူရင်းတင်ထားသည့်အကြောင်းအရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ ထိုင်းနိုင်ငံ မဟာချိုင်မှ မြန်မာအလုပ်သမားတစ်ဦး ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် ရုတ်တရက်သေဆုံးသွားသည်ကို မိသားစုဝင်များ သိရှိစေရန် တင်ထားသည့်အကြောင်းအရာဖြစ်သည်။

 ၇။ သရုပ်ဆောင် ထက်အောင်ရှိုင်း ဝူဟန်ဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လူနာအဖြစ် ကုသမှုခံယူ (သတင်းမှား)

အဆိုပါသတင်းမှားသည် သရုပ်ဆောင် ထက်အောင်ရှိုင်း၏ Facebook - My Day တွင် တင်ထားသည့် ပုံများကို အသုံးပြုပြီး လှည့်ဖျားရေးသားထားသည့် အကြောင်းအရာဖြစ်သည်။ သတင်းမှားသာဖြစ်ကြောင်း၊ နေကောင်းကြောင်း သရုပ်ဆောင်ထက်အောင်ရှိုင်းက သူ၏ Facebook မှ ပြန်လည်ရှင်းလင်းထားသည်။

နံပါတ် (၆) နှင့် (၇)တွင် ပါသည့် သတင်းမှားကို E.T.S ဆိုသည့် Every Time Story အမည်ရှိ ဝက်ဘ်ဆိုက်က Group Member ၁၈ သိန်းကျော်( ၂သန်းနီးပါး)ရှိသည့် သတင်းစုံ ဆိုသည့် Group တွင် အဓိကဖြန့်‌ဝေခြင်းဖြစ်သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းမှားများကို Every Time Story အမည်ရှိ ဝက်ဘ်ဆိုက် နှင့် လှတောသား ဆိုသည့် ဝက်ဘ်ဆိုက်များက အဓိကဖြန့်ဝေနေသည်ကို တွေ့ရသည်။ ကိုရိုနာဗိုင်းရပ် သတင်းမှားများနှင့်ပတ်သက်၍ ဖြန့်ဝေနေသည့် ဝက်ဘ်ဆိုက်များစွာရှိနေသော်လည်း Myanmar Now အနေဖြင့် ပျံ့နှံ့အားများသည့် ဝက်ဘ်ဆိုက်အချို့ကိုသာ ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading