ဘားအံဒေသတစ်ဝိုက် ရေမည်းရခြင်းပဟေဠိနှင့် ကျောက်မီးသွေးသံသယ

တွင်းရေ အမည်းရောင်ပြောင်းရသည့် အကြောင်းအရင်းကို မသိရသည်မှာ သုံးလကျော် ကြာမြင့်နေချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျေးရွာဒေသခံများသည် ၎င်းတို့ ရွာများအနီးရှိ ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးလောင်စာပုံများ၏ ဘေးထွက်ဆိုးကျိုးကိုလည်း စိုးရိမ်ပူပန်နေရသည်။

Published on Jan 22, 2020

ဘားအံ၊ ကရင်ပြည်နယ် – ရေတွင်းကုန်းကျေးရွာရှိ အိမ်တိုင်းနီးပါးရှေ့တွင် အပြာရောင်၊ အဝါရောင် ပလပ်စတစ် ရေတိုင်ကီများနှင့် ရေပုံးများ အသီးသီး ချထားကြသည်။ ယခင်က ရေတွင်းကုန်းရွာသူ၊ ရွာသားများသည် ရွာနာမည်နှင့် လိုက်အောင် ကိုယ့်ရေတွင်းမှ ရေကို ကိုယ်တိုင်ငင်ယူ သုံးစွဲခဲ့ပြီး သောက်သုံးရေကို ပလပ်စတစ်ရေတိုင်ကီများ ကိုယ်စီနှင့် ယခုကဲ့သို့ သိုလှောင်ထားရန် မလိုအပ်ခဲ့ပါ။

အိမ်ခြေ ၁၂၀ ခန့်ရှိ ရေတွင်းကုန်းရွာမှ ရွာသူ၊ ရွာသား ၅၀၀ ခန့်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စ၍ ၎င်းတို့ ရေတွင်းများမှ ရေသည် အောက်ခြေဘက်တွင် အမည်းရောင် ဖြစ်နေသည်ကို သတိထားမိပြီး တွင်းရေကို မသုံးရဲ ဖြစ်ခဲ့ကြသည်။

“သောက်လို့လည်းမရဲ၊ ချိုးလို့လည်း ယားတယ်” ဟု ရေတွင်းကုန်းကျေးရွာ ဒေသခံတစ်ဦးဖြစ်သည့် အသက် ၆၇ နှစ်အရွယ် ဦးသောင်းငြိမ်းက ပြောသည်။

ဦးသောင်းငြိမ်းက သူနေထိုင်ခဲ့သမျှ ကာလတစ်လျှောက်တွင် တွင်းရေ အရောင်ပြောင်းလဲသည့် အဖြစ်မျိုး တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးဘူးဟု Myanmar Now ကို ပြောသည်။ ၎င်းတို့၏ သောက်သုံးရေ အခက်အခဲကို ကြားသိပြီး ရွာသို့ ရေလှူဒါန်းသူများ ရောက်လာခဲ့ကြသည်။ ထိုအချိန်မှစကာ အရေးပေါ် အခြေအနေအရ ရွာသူ၊ ရွာသားများသည် ရေလှူဒါန်းသူများအပေါ် မှီခိုခဲ့ကြရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရေတွင်းကုန်းရွာနှင့် အနီးအနားရှိ နတ်ကုန်း၊ ငှက်ပျောတော၊ ကော့ပတိုင်၊ ပန်းကုန်း အစရှိသည့် ကျေးရွာ ငါးရွာသို့ Myanmar Now က ဇန်နဝါရီလလယ်အတွင်း သွားရောက်ခဲ့ရာ ယင်းရွာများအပါအဝင် ရွာပေါင်း၂၇ ရွာတွင် တွင်းရေနှင့် ပတ်သက်ပြီး အလားတူ ဖြစ်ပွားနေသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

သုံးလကျော် ကြာသည့်တိုင် ကျေးရွာများတွင် တွင်းရေ အရောင်ပြောင်းရသည့် အကြောင်းအရင်း အတိအကျကို မသိရဘဲ နေ့စဉ် ကြုံတွေ့နေရသည့် သောက်ရေ၊ သုံးရေ အခက်အခဲကို လှူဒါန်းသည့်ရေဖြင့်လည်းကောင်း၊ ဘားအံမြို့မှ ရေဝယ်ယူ သုံးစွဲ၍လည်းကောင်း ဖြေရှင်းနေကြရသည်။

“သူများလာလှူမှပဲ သောက်ရတယ်။ ကလေးတွေ ရေချိုးဖို့ဆိုရင်လည်း ရေသန့်နဲ့ ရေနွေးနဲ့ ရောပြီး ချိုးရတယ်။ အန္တရာယ်ဖြစ်သွားရင် ကုဖို့ ပိုက်ဆံလည်းမရှိ“ ဟု ဦးသောင်းငြိမ်းက Myanmar Now ကို ပြောသည်။

ဒေသခံများရဲ့ သောက်သုံးရေ အခက်အခဲ

ရေအရောင်ပြောင်းခါစ အချိန်က သောက်သုံးရေ လှူဒါန်းသူများနှင့် စည်ကားခဲ့သော်လည်း ယခုအချိန်တွင် လာရောက်လှူဒါန်းသူများ နည်းပါးသွားသည်ဟု Myanmar Now က သွားရောက်ခဲ့သည့် ကျေးရွာ ငါးရွာမှ ဒေသခံများက ပြောသည်။

အိမ်တွင် သုံးရေအတွက် ရေလှူဒါန်းမှုနှင့် မလုံလောက်သည့်အတွက် ဘားအံမြို့မှ ရေ၀ယ်ယူသုံးစွဲနေရသည်ဟု မိသားစုဝင် ခုနှစ်ဦးရှိသည့် ငှက်ပျောတောရွာ ဒေသခံ စောစိန်မြင့်အောင်က ပြောသည်။ ရေလီတာ ၁,၀၀၀ ဆံ့သည့် ရေတိုင်ကီတစ်လုံးအတွက် ကျပ် ၇,၀၀၀ နီးပါး ကျသင့်ပြီး တစ်လတွင် အနည်းဆုံး သုံးကြိမ်ခန့် ၀ယ်ယူသုံးစွဲနေရသည်ဟု ၎င်းက ပြောသည်။

စောစိန်မြင့်အောင်၏ မိသားစုကဲ့သို့ အိမ်တိုင်း ရေဝယ်ယူ မသုံးစွဲနိုင်ကြဘဲ အချို့မှာ လှူဒါန်းသည့်ရေကို ချွေတာသုံးစွဲပြီး တွင်းရေကို ကျိုချက်အသုံးပြုနေရသည်ဟု Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည့် ကျေးရွာရာအိမ်မှူးများအပါအဝင် ဒေသခံ ၂၀ ဦးခန့်က ပြောသည်။

ရေဝယ်ယူ မသုံးစွဲနိုင်သဖြင့် တွင်းရေဖြင့် ရေချိုးသည့်အခါ မီးလောင်ဖုကဲ့သို့ အရည်ကြည်ဖုများ ပေါက်လာတတ်ကြောင်းလည်း ဒေသခံမိသားစုတစ်စုထံမှ သိရသည်။

နတ်ကုန်းရွာနေ အသက် ၄၀ အရွယ် ဦးစောအတိ၏ ပြောပြချက်အရ ၎င်း၏ မိသားစုသည် သုံးရေအတွက် ​ရေတွင်းရေကိုသာ သုံးစွဲကြပြီး လွန်ခဲ့သည့် တစ်လခန့်က ၎င်း၏ အသက် ငါးနှစ်နှင့် ခုနှစ်နှစ်အရွယ် ကလေးနှစ်ယောက်မှာ ယားနာဖုများ ပေါက်လာသည်ဟု သိရသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက အရောင်ပြောင်းသည့်ရေနှင့် ရေချိုးသည့်အတွက် အနာပေါက်ခြင်း မဖြစ်နိုင်ဘဲ “ရေမချိုးတဲ့ရက် ကြာတဲ့အတွက်ကြောင့်” သာ ဖြစ်နိုင်သည်ဟု တုံ့ပြန်သည်။

ရေတွင်းအသစ်တွေတူးတာ အဖြေလား

ရေအရောင်ပြောင်းသည့် ငှက်ပျောတော၊ နတ်ကုန်း၊ ရေတွင်းကုန်းနှင့် ကော့ပတိုင်ကျေးရွာများတွင် ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် သောက်သုံးရေအတွက် စက်ရေတွင်းနှင့် လက်ရေတွင်း ရှစ်တွင်း တူးဖော်ပေးနေသည်ဟု ဘားအံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိအချိန်ထိ ရေတွင်းသုံးတွင်း တူးဖော်ပြီးစီးခဲ့ပြီး ကျန်ရေတွင်းများကို တူးဖော်နေဆဲ ဖြစ်သည်ဟုလည်း သိရသည်။ သို့သော်လည်း ရေတွင်းအသစ်မှ ရေကိုလည်း စိတ်ချလက်ချ မသုံးရဲသေးဟု ရေတွင်းကုန်းရွာ ဒေသခံများက ဆိုသည်။

ထို့အပြင် ရေတွင်းကုန်း၊ ငှက်ပျောတော၊ ကော့ပတိုင်ကျေးရွာများရှိ ရေတွင်းလေးတွင်းမှ ရေနမူနာကို ယမန်နှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ Saitama တက္ကသိုလ်၊ ပတ်၀န်းကျင်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၏ ပါမောက္ခ ဒေါက်တာ တာကတ်ရှီဖူဂျီနို (Takeshi Fujino) ထံ ပေးပို့ခဲ့သည်ဟုလည်း သိရသည်။

ဒေါက်တာ တာကတ်ရှီဖူဂျီနိုမှာ ကရင်ပြည်နယ်အစိုးရနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းလုပ်ဆောင်နေသည့် စီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဖြစ်သည်။ ရေအရောင်ပြောင်းလဲနေသည့် ရွာများမှ ရေတွင်းရေကို အရည်အသွေး စစ်ဆေးပေးရန် ကရင်ပြည်နယ်၊ သဘာဝပတ်ဝန်းကျင်ဦးစီးဌာနက ၎င်းကို အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ တာကတ်ရှီဖူဂျီနိုသည် “ရေတွင်းများမှ ရေများသည် အလွန်သန့်စင်ပြီး သောက်သုံးရန် သင့်တော်သည်” ဟု ရေနမူနာ စမ်းသပ်မှုရလဒ်ကို အီးမေးလ်မှတဆင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် အင်္ဂလိပ် ဘာသာစကားဖြင့် အကြောင်းပြန်ခဲ့သည်။ ဒေါက်တာ တာကတ်ရှီဖူဂျီနို၏ အီးမေးလ်ပြန်စာကို ကျေးရွာများတွင် ဖြန့်ဝေအကြောင်းကြားထားသည်ဟုလည်း ဦးကျော်ဆန်းက ဆိုသည်။

အဆိုပါ အကြောင်းပြန်စာကို ကျေးရွာသင်ပုန်းများတွင် ကပ်ထားသည်ကိုလည်း Myanmar Now က တွေ့ခဲ့ရသည်။ သို့သော် အဆိုပါ ရေအရည်အသွေးစမ်းသပ်ချက်ရလဒ် ထုတ်ပြန်ချက်ကို ဒေသခံများက စိတ်ဝင်စားမှု နည်းပြီး သောက်သုံးရေအတွက် ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို လျှော့ချမပေးနိုင်ဟု ငှက်ပျောတော၊ နတ်ကုန်း၊ ရေတွင်းကုန်းနှင့် ကော့ပတိုင်ကျေးရွာများ၏ ရာအိမ်မှူးများက ပြောသည်။

နတ်ကုန်းကျေးရွာမှ အသက် ၆၀ အရွယ် ဦးပန်းကျော်က “ကျွန်တော်တို့ကို ရေမည်းရတဲ့ အကြောင်း သေချာမပြောဘူး။ ဘယ်သူမှ အာမ မခံဘူးလေ ဒီရေကိုသောက်လို့ အန္တရာယ် မဖြစ်ဘူးဆိုတာကို။ အဲ့ဒီတော့ ခုထိလည်း သောက်လို့ မရဲလေ” ဟု Myanmar Now ကို ပြောသည်။

ရေအရောင်ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို ယခုအချိန်အထိ တိကျပြတ်သားသည့်အဖြေ မရှိသေးဘဲ ပြည်နယ်အစိုးရ၏ ကိုင်တွယ်ပုံမှာ လျော့တိလျော့ရဲ နိုင်သည်ဟု ဘားအံအခြေစိုက်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ဝေဖန်သည်။

“အစိုးရအနေနဲ့ တိတိကျကျ ခိုင်ခိုင်မာမာ သက်သေပြပြီးတော့ ပြည်သူလူထု ယုံကြည်မှု ခိုင်မာအောင် လုပ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ရေဘာကြောင့်မည်းသလဲ

ရေတွင်းကုန်းရွာနှင့် တစ်မိုင်ခန့်အကွာအဝေးတွင် တစ်ရက်လျှင် တန် ၄,၀၀၀ ထုတ် မြိုင်ကလေးဘိလပ်မြေစက်ရုံက အမိုးအကာမဲ့ စုပုံထားသော ကျောက်မီးသွေးလောင်စာပုံများမှ ကျောက်မီးသွေးမှုန်နှင့် အပိုင်းအစများသည် ရေနှင့် မျောပါစိမ့်ဝင်ပြီး တွင်းရေ၏ အရောင်ကို မည်းသွားစေခြင်း ဖြစ်သည်ဟု ရေတွင်းကုန်းအပါအဝင် အနီးအနားရှိ ကျေးရွာဒေသခံများက ယူဆသည်။ သို့သော် စက်ရုံတာဝန်ရှိသူများကမူ ယင်းယူဆချက်ကို ငြင်းဆိုထားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင်၊ “ကြံ့” တံဆိပ် ဘိလပ်မြေ ထုတ်လုပ်သည့် မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံကို ၂၀၀၂ တွင် သဘာ၀ဓါတ်ငွေ့လောင်စာ အသုံးပြု စတင်လည်ပတ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် စျေးနှုန်းပိုမိုသက်သာသည့် ကျောက်မီးသွေးလောင်စာ အစားထိုးအသုံးပြုရန် ကြိုးပမ်းလာခဲ့သည်။

ယခုအခါ ကျောက်မီးသွေးမှုန်များကို စက်ရုံသို့ ကားကြီးများဖြင့် သယ်ယူသွားခြင်း၊ စက်ရုံအနီးတွင် ကျောက်မီးသွေးမှုန်များ စုပုံထားခြင်းတို့ ရှိနေသည်ဟု အနီးအနားရှိ ကျေးရွာဒေသခံအချို့က Myanmar Now ကို ပြောသည်။

၂၀၁၉ မေလကုန်နှင့် ဇွန်လအစောပိုင်းတွင် ကျောက်မီးသွေးမှုန်များကို စက်ရုံအနီး စုပုံထားသည်ကို စတင်တွေ့ခဲ့ရပြီး ငါးလကျော်၊ ခြောက်လခန့်အကြာတွင် စက်ရုံတည်နေရာ၏ နှစ်မိုင်ပတ်လည်အတွင်းရှိ ကျေးရွာ ၂၇ ရွာခန့်တွင် ရေမည်းသည့် ပြဿနာစတင်လာခဲ့သည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

“ကျောက်မီးသွေးပုံပြီး ခြောက်လလောက်ပဲရှိသေးတယ် ရေမည်းတဲ့ ပြဿနာ စဖြစ်တယ်။ ကျောက်မီးသွေးလောင်စာ သုံးရင် ဘယ်လောက်ထိ ဆိုးမလဲဆိုတာ တွေးတောင်မတွေးရဲဘူး” ဟု ငှက်ပျောတောကျေးရွာ ဒေသခံ စောစိန်မြင့်အောင်က ပြောသည်။

ကရင်ပြည်နယ်အစိုးရ၊ သဘာ၀ပတ်၀န်းကျင်၊ သစ်တော၊ သတ္တု နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးစောပြည်သာကမူ ရေအရောင် ပြောင်းလဲရခြင်းမှာ ကျောက်မီးသွေးမှုန်ကြောင့် တစ်ခုတည်း မဟုတ်ဘဲ အကြောင်းအရင်း သုံးခုကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“ကျောက်မီးသွေးတွေ သိုလှောင်ထားတာ စနစ်တကျမဟုတ်ဘဲ အပုံလိုက်ဖြစ်တော့ မိုးတွင်းရေကြီးချိန်မှာ မျောပါသွားတာလည်း ဖြစ်နိုင်တယ်။ ရေက နွေကျတော့ ခမ်းလာတယ်။ အဲ့ဒီတော့ သစ်မြစ်၊ သစ်ရွက်၊ သစ်ဆွေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ထုံးကျောက်တောင် တူးတဲ့အခါမှာ မန်ဂနိစ္စပါတဲ့ အတွက်ကြောင့် ရေမည်းတာလည်းဖြစ်နိုင်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံ အနီးရှိ ကျေးရွာများသို့ Myanmar Now က သွားရောက်ကြည့်ရှုခဲ့ချိန်တွင် ဘိလပ်မြေစက်ရုံဝင်းအတွင်းရှိ ကုန်းမြင့်တစ်ခုပေါ်၌ အမိုးအကာမရှိ စုပုံထားသည့် ပေ ၂၀ ခန့် အမြင့်ရှိ ကျောက်မီးသွေးပုံတစ်ပုံနှင့် အမိုးအကာမလုံသည့် အစိမ်းရောင်ဂိုဒေါင်ထဲတွင် ပုံထားသော ကျောက်မီးသွေးပုံတစ်ပုံတို့ကို တွေ့ခဲ့ရသည်။

စက်ရုံပတ်၀န်းကျင်တွင် အမိုးအကာမရှိ စုပုံထားသော ကျောက်မီးသွေးပုံများကို နေရာပြောင်းရွှေ့ပေးရန် စက်ရုံကို အကြိမ်ကြိမ် တိုက်တွန်းထားသည်ဟုလည်း ကရင်ပြည်နယ်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောသည်။

အဆိုပါ အမိုးအကာမဲ့ ကျောက်မီးသွေးပုံ၏ အောက်ဘက်၊ ပေ ၅၀ ခန့်အကွာရှိ ရေအိုင်နှစ်ခုမှ ရေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက စစ်ဆေးခဲ့ရာ အရောင်ပြောင်းလဲမှု မရှိဘဲ စက်ရုံမှ နှစ်မိုင်ဝန်းကျင် အကွာရှိ ကျေးရွာများတွင်သာ ရေအမည်းရောင် ပြောင်းလဲခဲ့သည်ကို တွေ့ရသည်ဟုလည်း ဦးကျော်ဆန်းက Myanmar Now ကို ပြောသည်။

သို့သော်လည်း ယင်းကျောက်မီးသွေးပုံအနီးရှိ ရေအိုင်တစ်အိုင်ကို Myanmar Now က သွားရောက်ကြည့်ရှုခဲ့ရာ ရေမှာ နောက်ကျိနေပြီး အောက်ခြေတွင် အမည်းရောင် ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

တစ်ဦးတစ်ယောက်ရဲ့“ပယောဂ” ကြောင့်လား

ရေအရောင်ပြောင်းလဲမှု၊ ကျောက်မီးသွေးလောင်စာ အသုံးပြုမှုတို့နှင့် ပတ်သက်ပြီး မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံမှ တာ၀န်ရှိသူနှင့် တွေဆုံခွင့်ရရှိရန် Myanmar Now က ကြိုးစားခဲ့သော်လည်း သတင်းမီဒီယာများ တွေ့ဆုံမေးမြန်းလိုသည့် အကြောင်းကို နေပြည်တော်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရုံးချုပ်ထံ တင်ပြထားဆဲဖြစ်သည်ဟု ဒုစက်ရုံမှူးရုံးခန်းအတွင်းမှ တာ၀န်ရှိသူတစ်ဦးက ဇန်နဝါရီလ ၁၇ ရက်က ပြောသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် MEC က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်ကမူ ရေအရောင် ပြောင်းလဲမှုမှာ စက်ရုံတွင် သိုလှောင်ထားသော ကျောက်မီးသွေးကြောင့် မဟုတ်ကြောင်းနှင့် ရေကို စစ်ဆေးရာ ကျောက်မီးသွေးတွင် ပါဝင်သော ဓာတ်သတ္တု ပျော်ဝင်မှု မရှိကြောင်း ဆိုထားသည်။

ဘိလပ်မြေစက်ရုံ၏ ဓာတ်ခွဲခန်း၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် Development Management and Technology Company Limited၊ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည်တို့၏ ဓာတ်ခွဲခန်း စစ်ဆေးတွေရှိချက်များအရ ယင်းကဲ့သို့ ကောက်ချက်ချနိုင်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်က ဆိုသည်။

“... ရေများ အနက်ရောင်သို့ ပြောင်းလဲခြင်းမှာ ရေအရင်းအမြစ်နှင့် သဘာဝပါတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အရောင်ပြောင်းခြင်း မဟုတ်ဘဲ မသမာသူ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ပရောဂကြောင့် အရောင်ပြောင်းလဲခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ရသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

ထို့အပြင် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် “စိမ်းလန်းအမိမြေ ဖွံဖြိုးတိုးတက်ရေးအသင်း” က ရေအရောင်ပြောင်းသည့် ကျေးရွာများရှိ ရေတွင်း ၇ တွင်းမှ ရေနမူနာကို အောက်တိုဘာလအတွင်းက ယူခဲ့ပြီး ရေများကို သောက်သုံးရန် သင့်၊ မသင့် သိရှိနိုင်ရန် စမ်းသပ်ခဲ့ရာ တွင်းရေအချို့တွင် pH တန်ဖိုး အနည်းငယ် ကျဆင်းနေခြင်းမှလွဲ၍ ကျန်အရည်အသွေးများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်သည့် သောက်သုံးရေစံနှုန်းအတွင်း ရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။

ရေအရောင်ပြောင်းလဲသွားသည့် ရေတွင်းများမှ ရေများကို စနစ်တကျ ရေစစ်ခြင်း၊ ကြိုချက်ခြင်းနည်းလမ်းများအသုံးပြုပြီး သောက်သုံးနိုင်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အငြင်းပွားဖွယ်ရာ ကျောက်မီးသွေးလောင်စာ

ဘိလပ်မြေစက်ရုံမှူး အပါအဝင် စက်ရုံတာဝန်ရှိသူ အချို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ တို့တွင် စက်ရုံအရှေ့ဘက်ခြမ်းရှိ ရေကျော်၊ သဲကုန်း၊ တောင်ထိပ်၊ တောင်အောက်၊ လှာကာ၊ ဇရပ်ဖြူ အစရှိသည့် ကျေးရွာ ၁၁ ရွာမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ဒေသခံအချို့ကို ဖိတ်ကြားပြီး ကျောက်မီးသွေးလောင်စာ ပြောင်းလဲအသုံးပြုမည့် အကြောင်းကို ရှင်းလင်းခဲ့သည်ဟု ထိုပွဲတက်ရောက်ခဲ့သည့် မြိုင်ကလေးကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာမှ ဦးစိန်သန်းက Myanmar Now ကို ပြောသည်။

ထိုရှင်းလင်းပွဲတွင် စက်ရုံတာဝန်ရှိသူများက စက်ရုံကျောက်မီးသွေးအသုံးပြုခြင်းကြောင့် ရလာနိုင်သည့် ကောင်းကျိုးအချက်အလက်များကို ရှင်းပြခဲ့ပြီး ကျောက်မီးသွေးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို စက်ရုံမှ တာ၀န်ယူမှုရှိ၊မရှိ ဒေသခံများက မေးခွန်းထုတ်ခဲ့သော်လည်း စက်ရုံဘက်မှ ဖြေကြားခဲ့ခြင်းမရှိဟု ၎င်းက ပြောသည်။

ကျောက်မီးသွေးလောင်စာ အသုံးပြုမည့် အစီအစဉ်နှင့် ဘေးထွက်ဆိုးကျိုးများကို စက်ရုံအနီးအနားရှိ ဒေသခံများက စိုးရိမ်ပူပန်နေချိန် ၂၀၁၈ စက်တင်ဘာအတွင်းက ကျောက်မီးသွေးအမှုန့်များကို သံလွင်မြစ်၊ ဖိုးရှိုးဆိပ်ကမ်းမှတဆင့် စက်ရုံသို့သယ်ဆောင်ရာတွင် လမ်းမပေါ်သို့ ဖိတ်စင်ကျသဖြင့် ယင်းဒေသခံများက ကန့်ကွက်ခဲ့သည်ဟုလည်း ဦးစိန်သန်းက ပြောသည်။

ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်ရန်ပြင်ဆင်ခြင်း၊ ခွင့်ပြုမိန့်ရရှိခြင်းရှိ၊ မရှိ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသည့်အတွက် အဆိုပါ အစီအစဉ်အားကန့်ကွက်ကြောင်းနှင့် စီမံကိန်းကြောင့် လူမှုပတ်၀န်းကျင်ထိခိုက်နိုင်မှု သုတေသနစစ်တမ်း ( EIA) လုပ်ဆောင်ရန်နှင့် စီမံကိန်းအပေါ် ပြည်သူများ၏ သဘောထားမရရှိမီကာလအတွင်း ကျောက်မီးသွေးသယ်ယူခြင်းကို ရပ်တန့်ထားရန် စက်ရုံအနီးရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံများက ၂၀၁၈ ခုနှစ် နို၀င်ဘာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း ၂၀၁၉ မေလကုန်ခါနီးနှင့် ဇွန်လအစောပိုင်းတွင် ကျောက်မီးသွေးမှုန်များကို စက်ရုံအနီးတွင် ထပ်မံစုပုံထားသည်ကို တွေ့မြင်ရသည်ဟု Myanmar Now ကတွေ့ဆုံခဲ့သည့် စက်ရုံတောင်ဘက်ရှိ ကျေးရွာဒေသခံများက ပြောသည်။

၂၀၁၇ ဖေဖော်ဝါရီလ ၁၀ ရက်တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံ သဘာ၀ဓါတ်ငွေ့အစား ကျောက်မီးသွေးပြောင်းလဲအသုံးပြုရန် ဆောင်ရွက်ရာတွင် လူမှုပတ်၀န်းကျင် ထိခိုက်မှုဆန်းစစ်ချက်အစီရင်ခံစာ (EIA/ SIA) တင်ထားခြင်းရှိ၊ မရှိ မေးမြန်းခဲ့ဖူးသည်။

ယင်းမေးခွန်းနှင့် ပတ်သက်ပြီး စက်ရုံသည် EIA နှင့် ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ကို ၀န်ကြီးဌာနထံ တင်ပြထားခြင်း မရှိသေးဟု သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအုန်း၀င်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

လက်ရှိတွင် မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးလောင်စာ အသုံးပြုရန် စီစဉ်နေသော်လည်း လက်ရှိတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံ မရှိသေးဘဲ ရေးဆွဲနေဆဲ အဆင့်မှာသာ ရှိနေသေးသည်ဟု ဦးစောပြည်သာက Myanmar Now ကို ပြောသည်။

သို့သော်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ကျောက်မီးသွေးလောင်စာ အသုံးပြု စမ်းသပ်လည်ပတ်နေပြီ ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်နှင့် မြိုင်ကလေးကျေးရွာအုပ်စုနေ အသက် ၄၀ အရွယ် စက်ရုံဝန်ထမ်းတစ်ဦးတို့က Myanmar Now ကို ပြောသည်။

ယင်းဘိလပ်မြေစက်ရုံသည် ပုဂ္ဂလိကပိုင်လုပ်ငန်း မဟုတ်သည့်အတွက် ကရင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေနှင့် စစ်ဆေးနိုင်ခြင်း မရှိဟု ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးစိန်လွင်က ပြောသည်။

“စက်လည်ပတ်ခွင့်” ကို ယမန်နှစ်အတွင်းက ၎င်း၏ ဦးစီးဌာနထံ တင်ပြလာသည့်အတွက် အထက်ကို ဆက်လက် တင်ပြထားဆဲ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

သဘာ၀ဓါတ်ငွေ့လောင်စာအစား ကျောက်မီးသွေး လောင်စာ ပြောင်းလဲအသုံးပြုမည်ဆိုလျှင် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့သို့ တင်ပြရန် လိုအပ်သည်ဟု ဦးစောမိုးမြင့်က ပြောသည်။

သို့သော် ယင်းဘိလပ်မြေစက်ရုံအနေဖြင့် ကျောက်မီးသွေးလောင်စာ ပြောင်းလဲအသုံးပြုခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားခြင်း မရှိသေးကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသန့်စင်လွင်က ဇန်န၀ါရီလ ၂၀ ရက်တွင် Myanmar Now ကို ပြောသည်။

ဇန်န၀ါရီလ ဒုတိယပတ်က မြိုင်ကလေး ဘိလပ်မြေစက်ရုံသို့ သွားရောက်လေ့လာချက်အရ စက်ရုံအနေဖြင့် ကျောက်မီးသွေးလောင်စာများကို လုံခြုံစနစ်ကျစွာ သယ်ယူပို့ဆောင်နိုင်မည့်စနစ်၊ ကျောက်မီးသွေးပုံများမှ ထွက်လာသည့်ရေများကို စနစ်တကျ စွန့်ပစ်နိုင်ရန် ရေစစ်ကန်စနစ်၊ ကျောက်မီးသွေးလောင်စာအသုံးပြုပြီးနောက် ထွက်လာသည့် ပြာများကို သန့်စင်ပြီးမှ ထုတ်လွှတ်မည့် ပြာဖမ်းစနစ်တို့ကို တပ်ဆင်ရန် စီစဥ်နေကြောင်း ဦးစောမိုးမြင့်က ဆိုသည်။

ယင်းဘိလပ်မြေစက်ရုံ သည် တစ်လလျှင် ကျောက်မီးသွေး တန်ချိန် နှစ်သောင်း အသုံးပြုမည်ဖြစ်ပြီး အနည်းဆုံး လေးလစာအတွက် ကျောက်မီးသွေးများ သိုလှောင်ထားရန်လိုသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ကျောက်မီးသွေးလောင်စာအသုံးပြုပြီး စတင်လည်ပတ်ပါက ဒေသခံအရပ်ဘက်အဖွဲ့များပါ၀င်သည့် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းထားရှိရန်၊ စက်ရုံမှ ထုတ်လွှတ်သည့် မီးခိုးငွေ့ထဲတွင် ပြာနှင့် ကာဗွန် ဒိုင်အောက်ဆိုဒ် ပါ၀င်မှုနှုန်းတို့ကို လူအများမြင်သာစေရန် စက်ရုံအ၀င်၀တွင် LED board ဖြင့် ထုတ်ပြန်ပေးရန်၊ စက်ရုံအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကာ ဒေသခံလူထုက တောင်းဆိုလာပါက စက်ရုံထဲသို့ အခါမရွေး ၀င်ရောက်စစ်ဆေးခွင့်ပေးရန် စသည်တို့ကို ၎င်းက အကြံပြုသည်။

လက်တွေ့တွင်မူ ဒေသခံများသည် ၎င်းတို့ ရွာများရှိ တွင်းရေများ အရောင်ပြောင်းရသည့် အကြောင်းအရင်းကိုပင် မသိရသည်မှာ လချီကြာမြင့်နေပြီး ကြံရာမရသည့်အဆုံး ဆုတောင်းပွဲ ကျင်းပရတော့သည်။

ရေအရောင်ပြောင်းလဲခြင်းကြောင့် ခံစားနေရသည့် ဘေးဥပါဒ်များကို ကုစားနိုင်ရန်အတွက်ဟုဆိုကာ စက်ရုံအနီးပတ်၀န်းကျင်ရှိ ဘားအံမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၇ ရွာမှ ဒေသခံ ၈၀၀ ခန့်က ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ဆုတောင်းပွဲတစ်ရပ်ကို နတ်ကုန်းကျေးရွာတွင် ပြုလုပ်ပြီး သောက်သုံးရေအခက်အခဲကြောင့် ခံစားနေရသည့် အခက်အခဲများ၊ စား၀တ်နေရေးအတွက် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်တိုင်တည်ခဲ့ကြသည်။

ကော့ပတိုင်ရွာနေ အသက် ၆၁နှစ်အရွယ် ဒေါ်ခင်စိန်ကမူ “တစ်ခါမှ ရေမည်းတာမရှိ။ ဒီလိုသာဆို ခက်ရောပေါ့။ ပြေးစရာလည်း မရှိဘူးလေ။ သေရုံပဲ ရှိတော့တာပေါ့” ဟု မျက်ရည်ဝဲဝဲနှင့် ခပ်တိုးတိုး ညည်းတွားသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading