ခြေ/ဥပြင်ရေး ဥပဒေကြမ်းများ လွှတ်တော်တင်သွင်းရန် အဆင်သင့်ဖြစ်ပြီ

ဥပဒေကြမ်းနှစ်ရပ်ကို တင်သွင်းရန် လိုအပ်သည့် လွှတ်တော်အမတ် ၂၀ ရာခိုင်နှုန်း၏ လက်မှတ်များကို လာမည့်ကြာသပေးနေ့တွင် ကောက်ခံမည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်နေသည့် ပူးပေါင်းကော်မတီက ဥပဒေကြမ်းနှစ်ရပ်ကို ယနေ့(ဇန်နဝါရီ ၂၀ရက်) အပြီးသတ်ရေးဆွဲ အတည်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြင်ဆင်ရေးနည်းလမ်း သတ်မှတ်ထားချက်များအရ ပုဒ်မ ၄၃၆ (က)နှင့် အကျုံးဝင်သည့် ပြင်ဆင်ချက်များအတွက် ဥပဒေကြမ်းတစ်ရပ်၊ ပုဒ်မ ၄၃၆ (ခ)နှင့်စပ်လျဉ်းသည့် ပြင်ဆင်ချက်များအတွက် ဥပဒေကြမ်းတစ်ရပ်ဟူ၍ ဥပဒေကြမ်းနှစ်ရပ်ခွဲကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်တားမြစ်ထားသည့် ပုဒ်မ ၅၉(စ)၊ တပ်မတော်၏ နိုင်ငံရေးတွင်ပါဝင်ခွင့် ကဲ့သို့သော အရေးကြီး ပုဒ်မပေါင်း ၉၆ ခုတို့ကို ပြင်ဆင်ရန်မှာ ပြည်ထောင်စုလွှတ်တော်၌ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရပြီးသည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် လိုအပ်မည်ဖြစ်သည်။

ယင်းအချက်များမှာ ပုဒ်မ ၄၃၆ (က)ဆိုင်ရာ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတွင်ပါဝင်မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၌ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရုံဖြင့် ပြင်ဆင်နိုင်မည့် ကျန်ပုဒ်မ ၃၀၀ ကျော်နှင့် စပ်လျဉ်းသည့် ပြင်ဆင်ချက်များမှာ ၄၃၆ (ခ)ဆိုင်ရာ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းအတွင်း ပါရှိလာမည် ဖြစ်သည်။

ယင်းဥပဒေကြမ်းပါ ပြင်ဆင်ချက်များမှာ ပါတီအသီးသီးအကြံပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မပေါင်း ၄၅၇ ချက်အပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်၊ အစားထိုးသည့် နည်းလမ်းများဖြင့် ယင်းဥပဒေကြမ်းများကို ပြုစုခဲ့ကြခြင်းဖြစ်ကြောင်း ကော်မတီထံမှသိရသည်။

ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်မပြောနိုင်သေးဘဲ ဥပဒေကြမ်းများလွှတ်တော် သို့ ဖြန့်ဝေချိန်ရောက်မှ အသိပေးမည်ဟု ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

“ပြည်သူအများရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူနဲ့မြင်နိုင်အောင်၊ လွှတ်တော်အဆုံးအဖြတ်ရယူချိန်မှာလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ပုဒ်မ၊ ပုဒ်မခွဲတွေတစ်ခုလုံးအလိုက်ကိုအစားထိုးပါတယ်။ ၂၀၀၈ မူရင်းအခြေခံ ဥပဒေမှာကဒီလို၊ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြင်ဆင်လိုက်တာက ဒီလိုပါလားလို့ ကွဲကွဲပြားပြား မြင်အောင်ပါ”ဟု ၎င်းကဆိုသည်။

ယင်းဥပဒေကြမ်း ၂ ရပ်ကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြန်လည်စတင်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကာလတွင် တင်သွင်းမည်ဖြစ်သည်။

ယင်းသို့တင်သွင်းနိုင်ရန်အတွက် လွှတ်တော်အမတ် ၂၀ ရာခိုင်နှုန်းထံမှ ထောက်ခံလက်မှတ်ကောက်ခံရန် လိုအပ်မည်ဖြစ်ပြီး သုံးရက်အတွင်း အပြီးသတ်ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ ၆၆၄ နေရာရှိသဖြင့် ယင်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ၁၃၃ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ထောက်ခံရမည်ဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော်အတွင်း ၅၈ ဒသမ ၅၉ ရာခိုင်နှုန်း နေရာရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်မူ လိုအပ်သည့်အရေအတွက်ထက်ပင် ပိုမိုကျော်လွန်နေပြီဖြစ်သည်။

သို့သော် NLD ပါတီအနေဖြင့်မူ တပ်မတော်အပါအဝင် အခြားသောပါတီအသီးသီး ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားသည်ဟု ဒေါက်တာမြတ်ဉာဏစိုးကဆိုသည်။

ယနေ့တွင်ပင် ကော်မတီအစည်းအဝေးသို့ တက်ရောက်လာသူ ၃၀ ဦး၏ လက်မှတ်များရရှိပြီးသကဲ့သို့ အမတ်အများစုတည်းခိုသည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ ၂ တွင် ဇန်နဝါရီ ၂၃ ရက်၌ပြုလုပ်မည့် ထောက်ခံလက်မှတ်စုဆောင်းပွဲပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယကထံ ဥပဒေကြမ်းများပေးပို့နိုင်မည်ဟု ၎င်းကပြောသည်။

“ဒီကနေ့ကော်မတီအစည်းအဝေးမှာကိုပဲ တိုင်းရင်းသားတွေ စုံစုံညီညီလက်မှတ်ရေးထိုးတဲ့အနေအထား ဖြစ်ပါတယ်”ဟု ဒေါက်တာမြတ်ဉာဏစိုးကဆိုသည်။

ပါဝင်လက်မှတ်ရေးထိုးရန်ရှိမရှိ ကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း ထံမေးမြန်းရာ မှတ်ချက်ပြုရန်မရှိဟုဆိုသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်ထောင်စုလွှတ်တော်ရှိ ပါတီအသီးသီးနှင့် တပ်မတော်သားပါဝင်မှု အချိုးကျစနစ်ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၄၅ ဦးပါကော်မတီမှာ ၁၁ လနီးပါးသက်တမ်းရှိလာချိန်တွင် ယခုကဲ့သို့ ခြေ/ဥပြင်ရေး ဥပဒေကြမ်း ၂ ရပ်ကို အပြီသတ် ရေးဆွဲနိုင်လိုက်ခြင်းဖြစ်သည်။

အဆိုပါသက်တမ်းအတွင်း အတိုက်အခံများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင် အမျိုးသားပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကော်မတီ၌ ကိုယ်စားပြုခွင့်ရထားသူ ငါးဦး နုတ်ထွက်ခြင်း၊ ဇန်နဝါရီ ၂၀ ရက်အပါအဝင် ဥပဒေကြမ်းအပြီးသတ်ရေးဆွဲမှုများ ဆောင်ရွက်ခဲ့သည့် အစည်းအဝေးများ၌ တပ်မတော်နှင့် တိုင်းရင်းသားပါတီအချို့မှ ကိုယ်စားလှယ် ပျမ်းမျှ ၁၆ ဦးခန့် သုံး ကြိမ်တိုင်တိုင် ပျက်ကွက်ခြင်းတို့ ရှိခဲ့သည်။

“ပျက်ကွက်မှုတွေရှိပေမယ့် ကော်မတီဝင် ထက်ဝက်ကျော်တက်တဲ့အတွက် အစည်းအဝေးတွေ အထမြောက်ခဲ့ပါ တယ်”ဟု ဒေါက်တာမြတ်ဉာဏစိုးက ရှင်းပြသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်၌ ကော်မတီဖွဲ့ဆောင်ရွက်နေစဉ် ပြီးခဲ့သည့်နှစ်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်တို့က ဥပဒေကြမ်း ၅ခုကို သီးခြားစီတင်သွင်းထားသေးသည်။

ယင်းဥပဒေကြမ်းများတွင် သမ္မတဖြစ်ခွင့်ဆိုင်ရာပုဒ်မ ၅၉(စ)ပါ ကန့်သတ်ချက် များကို တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအထိ ဘောင်ချဲ့သတ်မှတ်ရန်၊ တပ်မတော်၏ ကိုယ်စားပြုသူ ပိုမိုပါဝင်နေသည့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်ကို ပို၍တိုးမြှင့်ရန် စသည့်ပြင်ဆင်ချက်များ ပါဝင်သည်။

အဆိုပါဥပဒေကြမ်းများကို ပူးပေါင်းကော်မတီက ရေးဆွဲထားသည့် ဥပဒေကြမ်းနှစ်ရပ်နှင့် တစ်ပြိုင်တည်းယှဉ်တွဲ ဆွေးနွေးဆုံးဖြတ်နိုင်ရန်လာမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကာလ အတွင်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီတစ်ရပ်ထပ်ဖွဲ့ကာ စီစဉ်ဆောင်ရွက်သွားရန်ရှိသည်ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading