(ပင်လောင်း) — တောင်ကုန်း တောင်တန်းများ ဝန်းရံထားသည့် ပင်လောင်းမြို့ထဲရောက်သည်နှင့် သင်းပျံ့ပျံ့ လက်ဖက်ခြောက်နံ့က ကြိုဆိုနေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၏ လက်ဖက်စိုက်ဧက အများဆုံးမြို့ဖြစ်သည်နှင့်အညီ မြို့ထဲတွင် လက်ဖက်ခြောက်၊ လက်ဖက်အစိုဆိုင် အများအပြားတွေ့ရသည်။
လက်ဖက်လုပ်ငန်း အတွေ့အကြုံ နှစ် ၅ဝ နီးပါးရှိသည့် ဒေသခံ ဦးစိုင်းပွန်းက လက်ဖက်ခြောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် မကြာသေးခင်နှစ်များအတွင်း လုပ်နည်းလုပ်ဟန် ပြောင်းလဲမှု တချို့ ရှိလာရာ ထိုသို့ ပြောင်းလဲလိုက်သည့် နောက်ပိုင်းတွင် ဝင်ငွေ ပိုတိုးလာကြောင်း ပြောသည်။

“အရင်ကဆို တစ်မိသားစုလုံး ဝိုင်းလုပ်ရတာ၊ အခုတော့ ပိုပြီး အချိန်ကုန် သက်သာလာတယ်၊ လက်ဖက် အရည်အသွေးလည်း ပိုကောင်းလာတယ်” ဟု ကိုးခေါင်ရွာမှ တောင်သူ ဦးစိုင်းပွန်းက ဝမ်းသာအားရ ပြောသည်။
ယခင်ပြုလုပ်နေကြ လမ်းဟောင်းကို အခြေခံပြီး နည်းစနစ်သစ်၊ ပိုမို သန့်ရှင်းသပ်ရပ်မှုတို့ ပေါင်းစပ် ထပ်ပိုးလိုက်ခြင်းအားဖြင့် လက်ဖက်ခြောက်အရည်အသွေပိုမိုကောင်းမွန်လာသည်ဟု ဦးစိုင်းပွန်း အပါအဝင် ဒေသခံ အများအပြားက ပြောသည်။


လက်ဖက်ခူးဆွတ်ချိန်မှ အိပ်သွပ် ထုပ်ပိုးချိန်အထိ စနစ်ကျမှု၊ သန့်ရှင်းသပ်ရပ်မှုတို့ လိုအပ်နေသည်။
ရွှေဖီချိန်


ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက််များအရ ပင်လောင်းမြို့တွင် လက်ဖက်စိုက်ဧက ၁၂,ဝဝဝ ကျော်ရှိပြီး အဆိုပါ ကိန်းဂဏန်း၏ ထက်ဝက်ခန့်မှာ မြို့နှင့် ဆယ်မိုင်ခန့်ကွာဝေးသည့် လဲလှောင်းဆိုသည့် တောင်ပေါ်ရွာလေးတွင်ရှိနေသည်။
လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်၊ အင်ဒိုချိုင်းနား စသည့် မျိုး ၄ မျိုးရှိသည်။ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကစိုက်ပျိုးကြသည်။
လက်ဘက်ဒေသတွင် နှစ်စဉ် ဖေဖော်ဝါရီမှ မေလဆန်းအထိကို ရွှေဖီချိန်ဟုခေါ်ကြပြီး ထိုကာလအတွင်း ထွက်ရှိသည့် လက်ဖက်သည် အရည်အသွေးအကောင်းဆုံးဖြစ်သည်။
လက်ဖက်ရွက်ကို ဒယ်အိုးထဲ ထည့်လှော်ပြီး အနည်းငယ်နွမ်းသွားပါက လက်နှင့်နယ်ကြသည်၊ နယ်ပြီးသားလက်ဖက်ကို နေလှန်းပြီး ခြောက်သွားလျှင် အသင့်သောက်သုံးနိုင်ပြီဖြစ်သည်၊ ဤနည်းလမ်းကို တောင်သူများ ဘိုးဘွားစဉ်ဆက် အသုံးပြုလာကြသည်။
လက်ဖက်စိုက်ခင်း ပြုပြင်ထိန်းသိမ်းခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းတို့နှင့် ပတ်သက်ပြီး ဒေသခံ တောင်သူအစုအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနတို့၏ ပညာပေးမှုများက ယခုနှစ်ပိုင်းအတွင်း ပိုမို အရှိန်ရလာသည်ဟု သိရသည်။
လက်ဖက်ပင်ကိုင်းဖြတ်နည်း၊ ထိန်းသိမ်းနည်းများကို အဓိကထားပို့ချပေးခဲ့သည်ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်သန်းက ပြောသည်။
လက်ဘက်စိုက်ပျိုးမှု ရာနှင့်ချီ သက်တမ်းရှိသည့် ပင်လောင်းတွင် ဒေသထွက်ကုန်ကို အရည်အသွေးပိုင်း ဂရုစိုက်သင့်သည်ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ဖက်စိုက်ပျိုးရေးနှင့် သုတေသနခြံမှ ဒုတိယ ဦးစီးမှူး ဦးစိုင်းပန်မိုင်းက ပြောသည်။
“မိရိုးဖလာနည်းကို ကျွန်တော်တို့က ချွတ်ရမယ်။ ဒါမှ လက်ဖက်အရည်အသွေးကောင်းပြီးတော့ စျေးကောင်းကောင်းရလာမယ်” ဟု လက်ဖက်အတွေ့အကြုံ နှစ် ၃ဝ ကျော် ရှိနေသည့် ဦးစိုင်းပန်မိုင်းက ပြောသည်။
အပင်ကို အမြင့် သုံးပေခန့်ထားခြင်းက အကောင်းဆုံးဖြစ်ပြီး ရွက်နု ပိုမိုထွက်ရန်လည်း ကိုင်းဖြတ်ပေးရသည်၊ လက်ဖက်ခူူးစဉ်ကတည်းက အရည်အသွေးထိန်းသိမ်းသည့်အနေဖြင့် တစ်ဖူး နှစ်ရွက်နှုန်း ခူးဆွတ်ခြင်းက ပိုမို သင့်လျော်သည်ဟု ဒေသခံလက်ဖက်အစုအဖွဲ့မှ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်းက ပြောသည်။
“အရင်က တောင်သူအများစုက လက်ဖက်ခူးရင် အနုရောအကြမ်းရော အကုန်ခူးလိုက်ကြတာ။ အဲဒါကို အဓိက ပြောင်းလဲဖို့ တိုက်တွန်းရတာပေါ့” ဟု မြန်မာနိုင်ငံလက်ဖက်အသင်းတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ကိုစိုင်းကောင်ခမ်းက ပြောသည်။
၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း လက်ဖက်အစုအဖွဲ့အနေဖြင့် ပင်လောင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၅ဝ ကျော်ကို အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။
လက်ဖက်လှော်သည့်အိုး သန့်ရှင်းစွာထားရန်၊ မီးခိုးန့ံ မရှိစေရေးအတွက် မီးခိုးခေါင်းတိုင်ပါသည့် မီးဖိုကို အသုံးပြုရန်၊ လက်ဖက်လှန်းရာတွင်လည်း တတ်နိုင်သရွေ့ စင်ဖြင့်လှန်းရန် အဓိကထား ဟောပြောကြသည်။
လက်ဖက် အထွက်နည်းခြင်း၊ လက်ဖက်လှော်သည့်အခါ ထမင်းဟင်းချက်သည့် အိုးကြီးများ အသုံးပြုခြင်းတို့နှင့် အသားကျနေသည့် ဒေသခံတို့အတွက် ပညာပေးလုပ်ငန်းများက အလွန် အသုံးဝင်သည်။
အဖွဲ့အစည်းအသီးသီးက ပညာပေးပြီးတွင် အပင်ထိန်းသိမ်းမှု၊ အခါးခြောက် ထုတ်လုပ်မှု အဆင့်ဆင့်သည်လည်း တိုးတက် ပြောင်းလဲလာသည်။
ခြောက်သွေ့နည်းပညာ
ကိုးခေါင်ရပ်ကွက် (ယခင်ကိုးခေါင်ရွာ) မှ လက်ဖက်ခြောက်က အရည်အသွေး ပိုမို ကောင်းမွန်ပြီး စျေးလည်း ပိုရကြောင်း ဒေသခံတို့က ပြောသည်။
လက်ဖက်ထုတ်လုပ်သည့် နည်းစနစ်များနှင့် သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေးရာတွင် ကိုးခေါင်က ရှေ့မှ ပြေးနေသည်။
အခြားရွာများမှ ထွက်သည့် လက်ဖက်ခြောက်က တစ်ပိဿာ ကျပ် ၃,၈ဝဝ နှင့် ၄,ဝဝဝ ကြား ရရှိချိန်တွင် ကိုးခေါင်လက်ဖက်ခြောက်က ၆,ဝဝဝ ခန့်အထိ စျေးရသည်။
အိမ်ခြေ ၁ဝဝ ကျော်ရှိသည့် ကိုးခေါင်တွင် လက်ဖက်တောင်သူအားလုံးနီးပါးက စနစ်တကျရှိကြသည်။ လက်ဖက်တွင် မီးခိုးနံ့ ကင်းစေရန် မီးခိုးခေါင်းတိုင်ပါသည့် မီးဖိုနှင့် သန့်ရှင်းသည့် လက်ဖက်လှော်အိုးများကို အသုံးပြုလာကြသည်။
ကိုးခေါင်နည်းတူ နည်းစနစ်သစ်၊ စက်ကိရိယာသစ်များအသုံးပြုလာသည့် အခြားရွာတစ်ခုမှာ လွယ်ပျားရွာဖြစ်သည်။ လက်ဖက်လှော်ရာတွင် အပူဓာတ်ထိန်းနိုင်မှုနည်းသည့် ဒယ်အိုးဝိုင်းအစား အလုံပိတ်သံအိုးကို အသုံးပြုလာကြသည်။ အလျား ၄ ပေ၊ အချင်း ၃ ပေရှိသည့် သံအိုးတွင် အားသာချက် များစွာရှိသည်ဟု လွယ်ပျားရွာက ကိုစိုင်းဟန်မွေက ပြောသည်။
“အားသာချက်က အချိန်ကုန် သက်သာပြီး လူသက်သာလာတယ်။ ထင်း အကုန်အကျနည်းပြီး အန့ံအသက် (မီးခိုးန့ံ) လည်း ကင်းစင်လာတယ်” ဟု ကိုစိုင်းဟန်မွေက ဝမ်းပန်းတသာ ပြောသည်။
ရရှိထားသည့် နည်းစနစ်များကို ရွာအားလုံးအသုံးပြုခြင်းတော့မရှိသေးကြောင်း လက်ဖက်အစုအဖွဲ့ အတွင်းရေးမှူး ကိုစိုုင်းကောင်ခမ်းက ပြောသည်။
လက်ဖက်ပင် ထိန်းသိမ်းခြင်း၊ အခြောက်လှန်းရာတွင် မြေန့ံနှင့် ဖုန် ကင်းစင်ရန် ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်ပြီး လုပ်ဆောင်ရန် ခက်ခဲနေသည်ဟု ပြောလာသည့် တောင်သူများထဲတွင် လက်ဖက် ၄ ဧကခန့်စိုက်ပျိုးထားသည့် လဲလှောင်းရွာမှ ဦးတီးဝင်းလည်း ပါဝင်သည်။
“ရထားတဲ့နည်းတွေထဲမှာ စင်နဲ့လှန်းဖို့ဆိုတာ ပါတယ်။ ဒါပေမဲ့ နေရာက အခက်အခဲရှိတယ်။ ဖျာနဲ့ လှန်းတာက ယာယီဆိုတော့ မြေနေရာ မလိုဘူးလေ” ဟု ဦးတီးဝင်းက ရှင်းပြသည်။
နေလှန်းစင်ဆောက်ရန်အတွက် ငွေကျေးကုန်ကျမှုကလည်း တောင်သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။
ဈေးကွက်
ပင်လောင်းလက်ဖက်ခြောက်ကို မြန်မာပြည်အလယ်ပိုင်းနှင့် အခြားမြို့နယ်များသို့ တင်ပို့ ရောင်းချနေသော်လည်း ပျံ့နှံ့မှုအား အကန့်အသတ် ရှိနေသေးသည်ဟု သင်းပျံ့မွှေးလက်ဖက်ခြောက်ပွဲရုံနှင့် စက်ရုံပိုင်ရှင် ကိုစိုင်းကောင်းခမ်းက ပြောသည်။
“တောင်သူတွေကို လက်ဖက်ကောင်းကောင်းထုတ်လုပ်ဖို့ တိုက်တွန်းနိုင်တယ် ထားဦးတော့ ထွက်လာတဲ့ လက်ဖက်ခြောက်တွေကို စျေးကောင်းကောင်းနဲ့ ရောင်းဖို့က စျေးကွက်ကလည်း လိုသေးတယ်” ဟု ကိုစိုင်းကောင်ခမ်းက ပြောသည်။
လက်ဖက်ခြောက်ထုတ်လုပ်သည့် စက်ရုံအရေအတွက်၊ စျေးကွက်ချိတ်ဆက်နိုင်မှုတို့တွင်လည်း ပင်လောင်းက ဒေသတွင်းမြို့များထက် နောက်ရောက်နေသည်။
“ကျွန်တော်တို့ဆီလည်း အကူအညီပေးတဲ့ အဖွဲ့တွေ များများဝင်ပေးဖို့လိုမယ်၊ စက်ရုံ မလုပ်ပေးနိုင်ရင်တောင်မှ စျေးကွက်ချိတ်ဆက်နိုင်ဖို့က လိုသေးတယ်” ဟု ကိုစိုင်းကောင်ခမ်းက ပြောသည်။
အိမ်ခြေ ၁ဝဝ ကျော်ရှိသည့် လဲလှောင်းရွာသည် ပင်လောင်းမြို့နှင့် ၁ဝ မိုင်ခန့်ကွာဝေးသောကြောင့် တောင်သူအများစုက ရွာအတွင်းရှိ လက်ဖက်ခြောက်ဒိုင်တွင်ပြန်သွင်းကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် လက်ဖက်စိုက်ဧက အများဆုံးမှာ ပင်လောင်း ဖြစ်သော်လည်း ပင်းတယ၊ ရပ်စောက် အစရှိသည့် အိမ်နီးချင်းမြို့နယ်များ နည်းပညာအကူအညီ ပိုမို ရရှိနေသည်ဟု ဒေသခံတို့က ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် မယ်ဖားလုံ ဟုခေါ်သည့်အဖွဲ့အစည်းတစ်ခုက လာမည့်နှစ်အတွင်း ပင်လောင်းရှိ လက်ဖက်တောင်သူများကို နည်းပညာမျှဝေပေးရန်ရှိနေသည်ဟု သိရသည်။
လက်ဖက်ခြောက်ထုတ်လုပ်သည့် Nara Green Tea ကုမ္ပဏီက လဲလှောင်းရွာထွက် လက်ဖက် ရရှိရန် အကျိုးတူ ပူးပေါင်းလုပ်ကိုင်သည့် စိုက်ပျိုးလယ်ယာစနစ်အတိုင်း လုပ်ဆောင်မည်၊ လိုအပ်သည့် နည်းပညာလည်း မျှဝေသွားမည်ဟု ထိုကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။
“အဲဒီရွာက ထုတ်လုပ်နိုင်စွမ်းလည်း မြင့်တယ်၊ အရည်အသွေးလည်း ကောင်းလာတယ်၊ ဒါကြောင့် ဒီရွာကိုရွေးလိုက်တာ” ဟု ကိုကျော်သီဟက ရှင်းပြသည်။
ကုမ္ပဏီက လဲလှောင်းရွာ ဒေသခံတို့ကို သင့်လျော်သည့် နည်းပညာ မျှဝေမည်ဟု ဆိုသည်။
လဲလှောင်းရွာရှိ လက်ဖက်ခြောက်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်နန်းသိန်းဟန်က ယခုနှစ်ပိုင်းအတွင်း ရွာ၏ လက်ဖက်ခြောက် အရည်အသွေး၊ ထုတ်လုပ်မှုပိုင်းတို့ကို အားရမိသည်ဟု ပြောသည်။
"အရင်ကထက်တော့ အရည်အသွေး ပိုကောင်းလာတယ်။ ဖြစ်နိုင်ရင်တော့ တစ်ရွာလုံးကို စင်နဲ့ လှန်းစေချင်တယ်။ ကိုယ့်ရွာလက်ဖက်လည်း နာမည်ပိုရတာပေါ့" ဟု လက်ဖက်ခြောက်အဝယ်ဒိုင် လုပ်ငန်းရှင် ဒေါ်နန်းသိန်းဟန်က ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













