ဒဏ်ရာဗရပွနဲ့ နာဖျားနေတဲ့ ရန်ကုန်ဆေးရုံကြီး

မြန်မာပြည်ရဲ့ သက်တမ်းအရင့်ဆုံး ဆေးရုံကြီးဟာ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှု၊ ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေတဲ့ လူနာတွေကို အမဲဖျက်တဲ့ လူနာပွဲစားတွေ၊ စည်းကမ်းမဲ့ ဈေးသည်တွေ၊ ညစ်ပတ်မှု၊ ဆေးရုံဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု တွေကြောင့် တိုင်းပြည်ဂုဏ်ကို မဆောင်နိုင် ဖြစ်နေရပါတယ်။ 

ဆေးရုံကြီးအဆောက်အအုံတစ်ခု၏ တံစက်မြိတ်အောက်တွင် နေထိုင်သူတချို့ (ဓာတ်ပုံ - Myanmar Now)

(ရန်ကုန်) —  ကုသမှု ခံယူဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်ခဲ့တယ်ဆိုပါစို့။ ဘယ်ကို ဆက်သွားရမှန်းမသိ ယောင်လည်လည် ဖြစ်နေရင်တော့ သင့်နားကို ဘဲငန်းတွေ ဝိုင်းလာပြီး ဘယ်သွားမလဲ၊ ဘယ်အဆောင်လဲ၊ ဘာရောဂါဖြစ်တာလဲ ဆိုပြီး ဆက်တိုက်မေး၊ အကြံဉာဏ်တွေပေး၊ ပိုက်ဆံလည်း တောင်းပါလိမ့်မယ်။

 “ဘဲငန်း” ဆိုတာ ရန်ကုန်ဆေးရုံကြီးမှာ အဲဒီလို ငွေရှာတဲ့သူတွေကို ပေးထားတဲ့ နာမည်ပါ။

ကျန်းမာရေးဌာနရဲ့ ဧက သုံးဆယ်ကျော် ဝင်းကြီးထဲ တည်ရှိတဲ့၊ လွန်ခဲ့တဲ့ ၁၁၉ နှစ်က တည်ဆောက်ခဲ့တဲ့ ဒီဆေးရုံကြီးနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းတည်နေရာကအစ၊ နာမည်ကျော်သမားတော်ကြီးတွေ ဘယ်အချိန် လာတတ်တယ်ဆိုတာ အလယ်၊ ရေနွေး ဝယ်နိုင်တဲ့နေရာအဆုံး ဘဲငန်းတွေက ပြောပြနိုင်ပါတယ်။

လူနာ၊ လူနာရှင်တို့ကို သားကောင်လို သဘောထားတဲ့ ဘဲငန်းတွေက ၉ နှစ်နဲ့ ၂၅ နှစ်ကြား ယောက်ျားလေး အများစုပါ။ အကူအညီတောင်းလာသူက "လက်ဖက်ရည်ဖိုး" မပေးဘူးဆိုရင်  ဆန့်ကျင်ဘက်အရပ်တွေဆီ လမ်းညွှန်တာမျိုးလုပ်ပြီး ဒုက္ခပေး၊ ပညာပြကြတယ်လို့ ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်းတွေက ဆိုပါတယ်။

“နယ်ဘက်က ရိုးအတဲ့၊ မသိနားမလည်တဲ့ လူတွေအပေါ်မှာ သူတို့က အမြတ်ထုတ်ကြတာ” လို့ ဆေးရုံရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောပါတယ်။

ဘဲငန်းတွေထက် ပိုဆိုးရွားတာကတော့ လူနာပွဲစားတွေပါ။  သူတို့ဟာ အပူသည် လူနာ၊ လူနာရှင်တွေနား ချဉ်းကပ်ပြီး ဆေးရုံတက်ခွင့်ရရေး ကူညီမယ်၊ ဘယ်ဆရာဝန်ကို ဘယ်လောက်ပေးရမယ် စသဖြင့် ယုံအောင်ပြောပြီး ငွေအကြီးအကျယ် လိမ်ကြတာပါ။

ဘဲငန်း၊ လူနာပွဲစားတို့ကပဲ ဒီဆေးရုံကြီးကို နာမည်ပျက်အောင် လုပ်နေကြတာ မဟုတ်ပါဘူး၊ ခိုးမှု၊ မသန့်ရှင်းမှု၊ လူနာတင် အငှားယာဉ်၊  ဆေးရုံကို သာလာယံဇရပ်လို သဘောထားပြီး တိုးဝှေ့နေထိုင်သူ၊ စည်းကမ်းမဲ့ ပျံကျစျေးသည် အစရှိတဲ့ အထွေထွေပြဿနာတွေကလည်း ရန်ကုန်ဆေးရုံကြီးရဲ့ ဂုဏ်သရေကို မြောင်းထဲ ဆွဲချနေပါတယ်။

မှုခင်း

မြန်မာပြည်ရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့၊ အနယ်နယ်အရပ်ရပ်က လူနာတွေ အားကိုးရာဖြစ်တဲ့ ဒီနေရာကို အဝင်မှာ ဘဲငန်းတွေ၊ လူနာပွဲစားတွေရဲ့ ရန်ကနေ လွတ်တယ်ဆိုရင်လည်း သက်ပြင်းချလို့ မရနိုင်သေးပါဘူး၊ လူနာကုတင်တွေနားမှာ  ပိုက်ဆံအိတ်၊ ဖုန်းတို့ကို လစ်ရင် လစ်သလို လှည့်လည် ခိုးယူတတ်သူနဲ့လည်း ကြုံရနိုင်ပါသေးတယ်။

ခိုးမှုတွေဟာ ညပိုင်း အဖြစ်များတယ်လို့ ဆေးရုံအုပ်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။

 “ဆေးရုံဝန်းက ကျယ်တော့ အိပ်စရာနေရာလည်း ရှိတယ်၊ အစားအသောက်ကလည်း လှူတဲ့သူတွေ ရှိနေတော့ သူခိုးကြမ်းပိုးတွေကအစ ဒီထဲမှာ လာလုပ်စားနေကြတယ်” လို့ ဒေါက်တာခင်မောင်ကြီးက စိတ်ပျက်လက်ပျက် ပြောပါတယ်။

အထွေထွေကုသဆောင်(၁) မှာ တွေ့ရတဲ့ လူနာစောင့်တစ်ဦး ဒီလဆန်းပိုင်း ညဘက် အိပ်နေတုန်း ဆွဲကြိုး အဖြုတ်ခံရလုနီးပါး ဖြစ်ရပ်နဲ့ ကြုံခဲ့ရသူပါ။

 “လက်က ကျွန်မလည်ပင်းပေါ် ရောက်လာတာ၊ ဆွဲကြိုးကို လာစမ်းတာ” လို့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးက ဆိုပါတယ်။

အခြေအနေမဟန်တဲ့အတွက် အဲဒီလူ ထွက်ပြေးသွားပါတယ်တဲ့။ ဒီနေရာမှာ ခိုးမှု၊ မှောင်ရိပ်ခိုမှုလို အမှုမျိုး အပတ်စဉ် ၅ မှုနှုန်း ဖြစ်ပွားနေတယ်လို့  လသာမြို့နယ် ရဲစခန်းရဲ့ စာရင်းတွေမှာ တွေ့ရမှာပါ။

ဒီလ ပထမပတ်အတွင်းမှာ စခန်းရောက် အမှု ၆ ခု ရှိတယ်လို့ လသာရဲစခန်းမှ ဒုရဲအုပ်ဇော်ဟန်က ပြောပါတယ်။

လူအဝင်အထွက် များလွန်းတဲ့ အခြေအနေကြောင့်လည်း ပြစ်မှုကျူးလွန်သူကို ဟန့်တားရ ခက်စေတယ်လို့ ဒေါက်တာနေဝင်းသိန်းက မှတ်ချက်ချပါတယ်။

“ဒီလူနာတွေနဲ့ရောပြီးတော့ ဘယ်ကမှန်းမသိတဲ့ အခြေအနေမဲ့လူတွေပါ လာနေတော့ စစ်ဆေးမေးမြန်းဖို့၊ ဖော်ထုတ်ဖို့ ခက်ပါတယ်” လို့ ရန်ကုန်ဆေးရုံကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းထောက်တွေနဲ့ တွေ့စဉ်မှာ ပြောပြပါတယ်။

စျေးသည်တွေ ဒိုးပစ်၊ ဇယ်တောက် ကစားကြရာကနေ လောင်းကစားဝိုင်းတွေ ဖြစ်လာတယ်၊ နောက်ဆက်တွဲအနေနဲ့ ရန်ပွဲ၊   မူးယစ်ရမ်းကားမှု၊ ဒုစရိုက်မှုတွေ ပေါ်လာပါတယ် တဲ့။

“နောက်ဆုံး ဘာဖြစ်လာလဲဆိုတော့ အထူးကုဆရာဝန်အခန်းတွေထဲ ဝင်ပြီး ဖုန်း၊ ပိုက်ဆံ ခိုးတဲ့အထိ ဖြစ်လာတယ်” လို့ ဒေါက်တာနေဝင်းသိန်းက လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ကိုးကားပြီး ပြောပါတယ်။

ပစ္စည်းမျိုးစုံ ရောင်းချတဲ့ ပျံကျစျေးသည် အများအပြားဟာ ဆေးရုံဝန်းကျင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို သဘောထားသူတွေ ဖြစ်တယ်လို့ ဆေးရုံအုပ်တွေက ဆိုပါတယ်။

ဝန်ထမ်းအင်အား ၅ဝ ကျော်ရှိတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခု ငှားရမ်းထားပေမယ့် ကားအဝင်အထွက်၊ ကားရပ်နားရေးတို့ကို အဓိက လုပ်ဆောင်ကြတယ်၊  နေ့၊ ည လေးယောက်စီ  တာဝန် ချထားတယ်လို့ လုံခြုံရေး ကြီးကြပ်ရေးမှူး ဦးကြည်က ပြောပါတယ်။

ညပိုင်း နှစ်နာရီခြားတစ်ခါ ကင်းလှည့်တယ်လို့ ဆိုပေမယ့် Myanmar Now  သတင်းထောက်တချို့ ဆေးရုံကြီးထဲ ညလုံးပေါက် လေ့လာတဲ့နေ့မှာတော့ ပြဿနာပေါင်းစုံရှုပ်ထွေးရာ အထွေထွေကုသဌာန(၁)ဘက်မှာ လုံခြုံရေး ဝန်ထမ်းတွေကို ညပိုင်းကနေ မိုးလင်းချိန်အထိ မတွေ့ခဲ့ရပါဘူး။

လသာရဲစခန်းကလည်း တစ်ည သုံးကြိမ်ခန့် လှည့်လည် စစ်ဆေးတဲ့ အစီအစဉ် ရှိတယ်လို့  ဒုရဲအုပ်ဇော်မင်းဟန်က ပြောပါတယ်။

မင်းမနိုင်ဒေသ

ဒီလဆန်းပိုင်း နှလုံးကုသဆောင်နားက လျှောက်လမ်းတွေကို ကိုယ်ပိုင်နေရာလို သဘောထားတဲ့ သင်္ဃန်းဝတ်တစ်ဦးနဲ့ အရပ်ဝတ်တစ်ဦးရဲ့ ညဘက်ရန်ပွဲကိုလည်း ကြုံခဲ့ရပါတယ်။

သင်္ဃန်းဝတ်ပုဂ္ဂိုလ်ဟာ ရဟန်းအစစ်လား အတုလား ဆိုတာတော့ မသိရပါဘူး။ ဆေးရုံစင်္ကြန်မှာ နေထိုင်မှုသက်တမ်း တစ်နှစ်ခန့် ရှိပြီဖြစ်တဲ့ သူ့ကို အဲဒီနေရာမှာ အများက သာမန်လူတစ်ယောက်လို ပြောဆို ဆက်ဆံကြတာပါ။

အိပ်စရာနေရာလုရင်း ဖြစ်ကြတဲ့ ရန်ပွဲအပြီးမှာ ဆေးမင်ကြောင်အပြည့်နဲ့လူက သင်္ဃန်းဝတ်ထားသူကို   “မြောင်းထဲ ခေါင်းစိုက်ပေးလိုက်မယ်နော်” လို့   ခြိမ်းခြောက်ခဲ့ပါတယ်။

စရိုက်စုံလူတွေက ဆေးရုံမှာ တိုးဝှေ့ နေထိုင်ပြီး  “မင်းမနိုင်ရပ်ကွက်” တည်ထောင်ထားသလို ဖြစ်နေတယ်လို့ သူနာပြုတစ်ယောက်က မှတ်ချက်ချပါတယ်။

မင်းမနိုင်သား အများအပြားဟာ ဆေးရုံထဲမှာပဲ စျေးရောင်း၊ အသက်မွေးကြ တံစက်မြိတ်အောက်လို မိုးလုံတဲ့နေရာတွေမှာ  အိပ်စက်ကြတာပါ။ ရေချိုး၊ လျှော်ဖွတ်ဖို့အတွက်တော့ လူနာတွေရဲ့ သန့််စင်ခန်းတွေကို စိတ်ကြိုက်သုံးပါတယ်။

ညဘက် ပုဆိုးနဲ့ကိုယ်နဲ့မကပ်အောင် အိပ်နေသူတချို့ကို တွေ့ရပြီး သန်းခေါင်ယံ ရန်ဖြစ်ဆဲဆိုသံက  နံရံတစ်ချပ်သာခြားတဲ့ အထွေထွေကုသဆောင်(၁)ထဲ ဝင်လာပါတယ်။   ညနေစောင်းပိုင်းမှာ သူတို့ သီချင်း အပြိုင်အဆိုင် ဖွင့်နေကြတာကလည်း ဆေးရုံဟာ ဆေးရုံနဲ့ မတူတော့တဲ့ အချက်တစ်ခုပါပဲ။

အဓိကပြဿနာတွေထဲက တစ်ခုကတော့ အမှိုက်သရိုက် ပေါများခြင်းပါ။ ဆေးရုံတွင်း နေထိုင်သူတွေ၊ လူနာစောင့်တွေထဲမှာ စည်းကမ်းမဲ့သူ အများအပြား ပါဝင်တဲ့အပြင် ဝင်ထွက်နေထိုင်သူ များပြားလွန်းတာကြောင့် အမှိုက်ပြဿနာ ကြီးလာတယ်၊ ခိုအောင်းလာတဲ့ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ် စတဲ့ အကောင်တွေ၊ သတ္တဝါတွေက လူနာဆောင်အထိ ရောက်နေတတ်တယ်လို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်သိင်္ဂီမြင့်က ဆိုပါတယ်။

“လူနာလာတုန်းက သူ့မှာ ပိုးတွေက အများကြီးပါလာမှာ မဟုတ်ပေမယ့် ဆေးရုံကြီးရောက်တဲ့အခါ အဲ့သတ္တဝါတွေဆီက မမြင်ရတဲ့ပိုးတွေက လူနာဆီ အများကြီး ဝင်သွားနိုင်တယ်” လို့ သူက သတင်းထောက်တွေကို ဖိတ်ခေါ် တွေ့ဆုံစဉ်မှာ ပြောပြပါတယ်။

၂ဝ၁၄ မှာ  ဆိုင်ခန်း ၇၀ ကို ဆေးရုံက တည်ဆောက်ပြီး  လစဉ်ကြေး တစ်ခန်း ၉,ဝဝဝ နှုန်းနဲ့ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

ညအိပ်၊ ရေချိုး၊ အဝတ်လျှော်၊ အဝတ်လှန်း၊ ဆိုင်ခန်းပြင်ပရှေ့ တိုးချဲ့ ရောင်းချခြင်းတို့ကို ခွင့်မပြုကြောင်း စည်းကမ်းချက် ၂၁ ချက် အဲဒီတုန်းက ထုတ်ပြန်ခဲ့ပေမဲ့ စျေးသည်အများစုက မလိုက်နာကြဘူးလို့ ဒေါက်တာခင်သိင်္ဂီမြင့်က ပြောပါတယ်။

“ဆေးရုံဆိုတာ ကွမ်းယာနဲ့ဆေးလိပ် ရောင်းခွင့်မရှိတဲ့နေရာ၊ ဆေးလိပ်ကင်းစင်တဲ့နယ်မြေပါ။ ဥပဒေမှာလည်း တရားဝင် ပါထားပြီးသားပေါ့။ ဒါပေမယ့်လည်း ရောင်းနေကြတာပဲ” လို့ သူက ဆိုပါတယ်။

လူနာဆောင်အနီးနဲ့ အောက်ဆီဂျင်အိုး အသွင်းအထုတ်လုပ်တဲ့ ဝင်ပေါက်တွေမှာ ဆေးလိပ်သောက်တာကို မတားဆီးနိုင်တာကြောင့် အခန့်မသင့်ရင် ပေါက်ကွဲမှု၊ မီးလောင်မှု အန္တရာယ် ဖြစ်လာနိုင်တယ်လို့ ဆက်ပြောပါတယ်။

ဆေးရုံထဲမှာ နေကြတယ်

ဆေးရုံမှာ တိုးဝှေ့နေထိုင်သူတွေထဲ အခြေအနေမဲ့တွေ ပါသလို   ဆေးရုံဝန်ထမ်းဟောင်းတချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေလည်း  အကြောင်းအမျိုးမျိုးကြောင့် သောင်တင်နေကြတာပါ။

၂၂ နှစ် အရွယ် ကွမ်းယာရောင်းသူတစ်ဦးကတော့ ဝန်ထမ်းမိဘတွေ မရှိတော့ပေမယ့်လည်း ဆေးရုံထဲ ဆက်နေဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီကလေးနှစ်ယောက်က ဒီမှာမွေးတာပဲ။ ကျွန်မအသက် ကိုးနှစ်ကတည်းက မိဘတွေက သေသွားတာ” လို့ ကွမ်းယာသည်က ပြောပါတယ်။

တစ်သက်လုံး ဆေးရုံထဲမှာပဲ နေခဲ့သူ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ခဲ့ရပါတယ်။ သူက သူ့မိဘဘိုးဘွား  သန့်ရှင်းရေးဝန်ထမ်းတွေ သေဆုံးတဲ့အခါ ဝန်ထမ်းလိုင်းခန်းကနေ ဖယ်ရှားပေးခဲ့ရသူပါ။

အသက် ၅ဝ ခန့်ရှိသူ အမျိုးသမီးတစ်ဦးကတော့ ဆေးရုံဝန်ထမ်း ခင်ပွန်းသည် ဆုံးပါးသွားတဲ့နောက်ပိုင်း ဆေးရုံထဲ ဖြစ်သလိုနေထိုင်ပြီး စျေးရောင်းနေတာပါ။ သူ့မှာ ဒီနေရာမှတစ်ပါး ခိုလှုံစရာ နေထိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

စျေးသည်နဲ့ အကြောင်းပါတဲ့ ၄ဝ ဝန်းကျင် အညာသူတစ်ဦးကတော့ ဆေးရုံထဲ ရောက်နေတာ သူ့သက်တမ်းတစ်ဝက် ရှိသွားပါပြီ။ သူတို့ရဲ့ ကလေးသုံးယောက်လုံးလည်း ဒီမှာပဲ မွေးဖွားကြီးပြင်းကြပါတယ်။  ဆေးရုံထဲက မိုးလုံတဲ့ နေရာတွေဟာ သူတို့မိသားစုရဲ့အိမ်ပါပဲ။

“ဒီမှာနေလို့ရလို့ အဆင်ပြေနေတာပေါ့။ နို့မို့ဆို နေစရာမရှိဘူးလေ။ အိမ်ငှားဖို့ ပိုက်ဆံမှမရှိတာ” လို့ အညာသူက ပြောပါတယ်။

သန့်ရှင်းရေး ဝန်ထမ်းတွေကတော့ ပျံကျစျေးသည် အများအပြားဟာ လူနာတွေ၊ လူနာစောင့်တွေနဲ့ အပြိုင် အမှိုက် ဖွကြတာဆိုပြီး  ညည်းနေကြပါတယ်။  လူနာဆောင် သန့်စင်ခန်းတွေထဲ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ အမှိုက်တို့ကို စွန့်ပစ်ရာမှာ စနစ်မကျတဲ့အတွက် မိလ္လာပိုက် ပိတ်ဆို့၊ အညစ်အကြေး လျှံထွက်မှု  မကြာခဏ ဖြစ်လေ့ရှိကြောင်း အထွေထွေလုပ်သား တစ်ဦးဖြစ်တဲ့ ဒေါ်ချိုက ပြောပါတယ်။

ကုတင် ၂,ဝဝဝ ဆံ့ ဒီဆေးရုံကို ၂ဝ၁၃ မှာ လူနာ နှစ်သိန်းကျော် လာရောက် ကုသမှု ခံယူခဲ့တယ်၊ ၂ဝ၁၇ မှာတော့  လူနာ အရေအတွက် နှစ်ဆ ရှိခဲ့တယ်လို့ ဆေးရုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ လူနာ နှစ်ထောင်၊ လူနာရှင်၊ လူနာစောင့်၊ ဧည့်သည် စသဖြင့် နေ့စဉ် လူအဝင်အထွက်  ထောင်ပေါင်းများစွာရှိတာ တွေ့ရမှာပါ။

လူအဝင်အထွက် များပြားသလို အညစ်အကြေး စွန့်အား၊ အမှိုက်ပစ်အား များလွန်းတာကြောင့် နေ့စဉ် သန့်ရှင်းရေးအတွက် အထွေထွေလုပ်သား ၄ဝဝ ဝန်းကျင်က မနိုင်ဝန် ထမ်းနေရသလို ဖြစ်နေပါတယ်။

လူနာတင်ယာဉ်

ဒီလိုရှုပ်ထွေးမှုတွေရှိနေတဲ့  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဝန်ထမ်းခန့်ထားနိုင်မှုက အားမကောင်းပါဘူး။ လူနာ ၁ဝဝ ဝန်းကျင်ရှိတဲ့ ဆေးကုသဆောင်တစ်ခုမှာ သူနာပြု ၁၄ ယောက် နဲ့ အထွေထွေလုပ်သား ၁ဝ ယောက်က နေ့ည အဆိုင်းခွဲပြီး တာဝန်ယူနေရတာပါ။

ဒီအခြေအနေတွေကြောင့် ဝန်ဆောင်မှု ပေးရာမှာ နားလည်မှုလွဲတာနဲ့ ကြုံရတယ်လို့ အမည်မဖော်လိုတဲ့ သူနာပြုတစ်ဦးက ပြောပါတယ်။

 “လူနာက ကိုယ်လုပ်ပေးနိုင်တာထက် ပိုများနေတယ်၊ တချို့လူနာတွေက ခေါ်တဲ့အခါ ချက်ခြင်း မသွားနိုင်တာတွေလည်း ရှိတာပေါ့” လို့ သူက ဆိုပါတယ်။

ရုပ်အလောင်း ပြန်သယ်ရေး၊ ရပ်ဝေးလူနာ နေရပ်ပြန်ရေးအတွက် ရန်ကုန်ဆေးရုံကြီးပိုင် အရေးပေါ် လူနာတင်ကား ၁ဝ စီး ရှိပါတယ်။ လူနာတင်ကားလိုရင် ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့ ၆ ခုက ရန်ကုန်မြို့တွင်း လူနာများကိုပဲ လက်ခံ သယ်ဆောင်ပေးတာပါ။  

ရပ်ဝေးခရီးစဉ်အတွက် အငှားလိုက်တဲ့ လူနာတင်ကား အများအပြားကို ဆေးရုံဝန်းကျင်မှာ တွေ့ရမှာပါ။ ဆေးရုံက အသိအမှတ်ပြုထားခြင်းတော့ မရှိပါဘူး။

အရေးပေါ်ကားသုံးဖို့ လိုအပ်ပြီဆိုရင် လူနာရှင်တွေက ကိုယ်တိုင် ထွက်မငှားနိုင်ရင် ဆေးရုံဝန်ထမ်းတချို့က  ချိတ်ဆက် ငှားရမ်းပေးပါတယ်။ ငှားရမ်းခအတွက် တစ်သိန်းဝန်းကျင် အနည်းဆုံး ကုန်ကျမှာပါ။  ခရီးဝေးမယ်၊ ညဘက် သွားရမယ်ဆိုရင် ငွေပိုကုန်ပါမယ်။  လူနာပို့ခထက်  ရုပ်အလောင်းပို့ခက ပိုပြီး စျေးများပါတယ်။

“အစကတော့ ဆေးရုံဝန်ထမ်းတွေက အခမဲ့ ချိတ်ဆက်ပေးတယ်၊ နောက်တော့ လုပ်ငန်းကျယ်ပြန့်လာပြီး ပိုက်ဆံရယူ ချိတ်ဆက်တာတွေ ရှိလာတယ်” လို့ ဒေါက်တာနေဝင်းသိန်းက ပြောပါတယ်။

ရေခဲတိုက်တာဝန်ခံ ကိုထိန်လင်းကြည်ကတော့ ရုပ်အလောင်းထုတ်ပေးဖို့အတွက်  အခကြေးငွေ မယူဘူးလို့ ဆိုပါတယ်။  

အထွေထွေပြဿနာ

ဆေးရုံကြီး အခြေအနေများနဲ့ ပတ်သက်ပြီး ဒီလဆန်းပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက ဆေးရုံတာဝန်ရှိသူများနဲ့  သွားရောက် တွေ့ဆုံခဲ့ပါတယ်။ စည်းကမ်းမဲ့ စျေးသည်တွေအကြောင်း အဓိကထား ဆွေးနွေးသွားကြပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့  တိုင်းအစိုးရကို တိုက်တွန်းနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးသာအောင်က ပြောပါတယ်။

စျေးဆိုင်များဝန်းကျင် စည်းကမ်းပျက်တာ ဖြေရှင်းဖို့ ဆိုင်ခန်းတွေ စတင်ချထားပေးတဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့တယ်လို့ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ဆိုပါတယ်။

“စျေးသည်တွေကို ကျွန်မတို့ သွားပြောရင် ခဏ နာခံလိုက်၊ ပြီးရင် ပြန်လုပ်လိုက်ဆိုတော့ လိုက်တမ်းပြေးတမ်း ကစားသလို ဖြစ်နေတာပေါ့” လို့ သူက ရှင်းပြပါတယ်။

ဆေးရုံသန့်ရှင်းရေး၊ လုံခြုံရေးတို့အတွက်  ပြင်ဆင်ထားတဲ့ စီမံချက်ကို လသာမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဆွေးနွေးပြီး ပူးပေါင်း အကောင်အထည်ဖော်သွားမယ်လို့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။

“ဆွေးနွေးတဲ့အခါမှာလည်း စျေးသည်တွေကိုပါ ခေါ်ပြီး မျှမျှတတနဲ့ သူတို့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ” လို့ ဒေါက်တာခင်မောင်ကြီးက ပြောပါတယ်။

စည်းကမ်းမဲ့စျေးသည်တွေ အရေးယူမယ်ဆိုတဲ့ သတင်းကတော့ စျေးသည်တွေကြား ရောက်နေပါပြီ။ ဆူညံ ပွက်လောရိုက် ရှုပ်ထွေးနေတဲ့ စျေးဆိုင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ လုံခြုံရေးဝန်ထမ်းတွေရဲ့ ကြပ်မတ်မှုကြောင့် စည်းကမ်းပိုင်း ကြိုးစား လိုက်နာကြတယ်၊  ဒါပေမဲ့ မနက်စောစောပိုင်းနဲ့ ညပိုင်းတွေမှာတော့ ပြန်လည် ရောင်းချနေတုန်းပဲလို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

ဆေးရုံကြီးမျက်နှာစာ လမ်းဘေးစျေးသည်များကို ဖယ်ရှားလိုက်ပြီ၊ သူတို့ကို စိစစ်ပြီး ဆေးရုံနောက်ဘက်မှာ စျေးရောင်းတဲ့နေရာ စီစဉ်ပေးမယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဇူလိုင် ၁၇ ရက်နေ့ထုတ် သံတော်ဆင့်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီလဆန်းပိုင်း သတင်းသမား အများအပြား ရန်ကုန်ဆေးရုံအုပ်ကြီးရုံးခန်းကို ရောက်သွားရာမှာ ဆေးရုံ ဌာနကြီးလေးခုရဲ့ ဌာနမှူးဆရာဝန်ကြီးတွေက ဖြစ်ပျက်နေတဲ့ ပြဿနာတချို့အကြောင်း ရှင်းပြကြပါတယ်။

ဦးနှောက်နှင့် အာရုံကြောဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမြတ်သူက ဆေးရုံကြီးထဲ ကျူးကျော် နေထိုင်သူတွေက  လူနာဆောင် အိမ်သာတွေကို ဝင်ရောက်သုံးစွဲပြီး စည်းကမ်းမဲ့ အမှိုက် ပစ်တာတွေကြောင့် ထိန်းသိမ်းနိုင်တဲ့ အနေအထားထက် ကျော်လွန်လာတာလို့ ဆိုပါတယ်။

“ဒီဆေးရုံက တိုင်းပြည်ရဲ့ ဂုဏ်ဆောင်ဆေးရုံပဲ။ ဒါပေမဲ့ အညစ်ပတ်ဆုံး ဖြစ်နေတယ်။ ညစ်ပတ်တာမှ ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးဆေးရုံ ဖြစ်နေတယ်။ ဝင်လိုက်ကတည်းက ဆေးရုံနဲ့တောင် မတူဘူး” လို့ ဒေါက်တာမြတ်သူက ပြောပါတယ်။     ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading