အလုပ်လုပ်ရင်း ကိုယ်ဝန်ပျက်ကျခြင်းနှင့် ဥပဒေပါနားရက်

ကိုယ်ဝန်ပျက်ကျသည့် စက်ရုံအလုပ်သမများသည် ဥပဒေအရ အများဆုံး ခြောက်ပတ်အထိ ခွင့်ခံစားခွင့် ရှိသော်လည်း စက်ရုံအချို့က ခွင့်ရက်အပြည့်မပေးသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ရင်း လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်

အိမ်အပြန်လမ်းတွင် မဖြိုးအိအိခိုင်၏ ခါးအောက်ပိုင်းတစ်ခုလုံး နာကျင်လေးလံနေခဲ့သည်။ သူ အလုပ်လုပ်နေသည့် အထည်ချုပ်စက်ရုံတွင် တစ်နေကုန် အပ်ချုပ်စက် နင်းရသည်က ပုံမှန်လုပ်နေကျ ဖြစ်သော်လည်း ထိုနေ့က နာကျင်မှုနှင့် ပင်ပန်းမှုမှာ လွန်ကဲနေသည်ဟု ခံစားရသည်။

မဖြိုးအိအိခိုင်သည် အိပ်မောကျနေစဉ် ဝမ်းဗိုက်နေရာ ပြင်းပြင်းထန်ထန် နာကျင်မှုကြောင့် ညသန်းခေါင်ကျော် နံနက် ၂ နာရီဝန်းကျင်၌ နိုးလာခဲ့သည်။ မိန်းမကိုယ်မှ ဆင်းနေသည့် သွေးအများအပြားကိုလည်း အိပ်ရာပေါ် တွေ့လိုက်ရသဖြင့် ချောက်ချားသွားသည်။ မိုးအလင်း ဆေးရုံရောက်သည့်အခါ ကိုယ်ဝန်မှာ ဆေးရုံ ရောက်မလာခင်ကတည်းက ပျက်ကျနှင့်ပြီး ဖြစ်သည်ဟု ဆရာဝန်များက ၎င်းကို ပြောသည်။

အိမ်ထောင်သက် သုံးနှစ်အတွင်း ပထမဦးဆုံးရခဲ့သည့် ကိုယ်ဝန်သည် မဖြိုးအိအိခိုင်၏ ဝမ်းတွင်းတွင် ငါးလသာ အသက်ရှင်ခဲ့သည်။ အသက်မရှူတော့သည့် ကလေးငယ်ကို ဆေးရုံတွင် သားအိမ်ပွင့်ဆေးထည့်ကာ မွေးထုတ်ခဲ့သော်လည်း သားမှန်း၊ သမီးမှန်းပင် သူ မသိခဲ့ရ။

ကလေးကို အိတ်ကြွပ်နဲ့ ထုတ်သွားတယ်။ ကျွန်မ မကြည့်ချင်တော့ဘူး ဟု ၎င်း၏ ဖြူလျော်နေသော လက်ချောင်းသွယ်လေးများကို ကြည့်ရင်း နိုဝင်ဘာ ၉ ရက်က ဖြစ်ခဲ့သည့် အဖြစ်အပျက်များအကြောင်း ပြောပြခဲ့သည်။

ကိုယ်ဝန်ပျက်ကျပြီး နှစ်ပတ်ကြာသည့်အခါ မဖြိုးအိအိခိုင်သည် မကျန်းမမာဖြင့် လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့သည်။

ပြန်ဆင်းတော့ ပျက်ကျထားတဲ့အရှိန်နဲ့ မလုပ်နိုင်ဘူး။ အာရုံစိုက်လုပ်ရတော့ အိမ်မှာနေတာနဲ့ မတူဘူး။ အိမ်မှာနေတာကျတော့ မကောင်းတဲ့ သွေးနည်းနည်းပဲ ဆင်းတာ၊ စက်ရုံမှာကျတော့ အောက်က အမြဲလှုပ်ပြီး နင်းနေရတော့ သွေးက ပြန်ဆင်းတယ်ဟု

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလုပ်သမားသမဂ္ဂ ရုံးခန်းတွင် မဖြိုးအိအိခိုင်က Myanmar Now ကို ပြောသည်။

အသက် ၂၂ နှစ်အရွယ် မဖြိုးအိအိခိုင်သည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ KGG အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသည့် လုပ်သက် နှစ်နှစ်ကျော်ရှိ စက်ချုပ်အလုပ်သမတစ်ဦး ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ သိန်းချီသည့် စက်ရုံအလုပ်သမများအနက် တစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ် သင့်လျော်သည့် လုပ်ငန်းခွင်ဝန်းကျင်ကို မရရှိသည့်၊ ကိုယ်ဝန်ပျက်ကျပြီးနောက် ဥပဒေက ခံစားခွင့်ပေးထားသော ခွင့်ရက်များကို အပြည့်အဝ မခံစားရသည့် အလုပ်သမတစ်ဦးလည်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်နှင့် အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ နိုဝင်ဘာလအထိ စာရင်းများအရ နိုင်ငံတွင် အသင်းဝင်စက်ရုံပေါင်း ၅၆၀ ကျော်၊ လုပ်သားဦးရေမှာ ငါးသိန်းကျော် ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ အများဆုံး ရှိပြီး ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဒုတိယနှင့် တတိယ အများဆုံး ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM (အမျိုးသမီးစင်တာ) ၏ စာရင်းများအရ စက်ရုံတွင်း ကိုယ်ဝန်ပျက်ကျပြီး ခွင့်ရက် မခံစားရသည့် အမှုများနှင့် ပတ်သက်၍ စင်တာသို့ လာရောက် အကူညီတောင်းခံမှုများမှာ ၂၀၁၇ မှ လက်ရှိအထိ သုံးနှစ်ခန့်အတွင်း အမှုခင်း ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၂ လူမှုဖူလုံရေးဥပဒေတွင် အလုပ်သမား ခွင့်ရက်ခံစားခွင့်နှင့် ပတ်သက်ပြီး လူမှုဖူလုံရေး အာမခံကတ် ရှိသူများသည် ကိုယ်ဝန်ပျက်ကျလျှင် မီးဖွားခွင့် ခြောက်ပတ်အထိ ခံစားခွင့် ရှိကြောင်း ဖော်ပြထားသည်။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေအရလည်း လူမှုဖူလုံရေး အာမခံကတ် မရှိသူများပင် နေ့စားဖြစ်စေကာမူ ပြစ်မှုထိုက်စေသည့် ကိုယ်ဝန်ပျက်ကျမှုမျိုး မဟုတ်လျှင် ပျက်ကျပြီးနောက် ဆရာဝန်လက်မှတ်နှင့် ဆေးထောက်ခံချက်တို့ဖြင့် မီးဖွားခွင့် အများဆုံး ရက်သတ္တခြောက်ပတ်အထိ ခံစားခွင့်ရှိသည်။

မဖြိုးအိအိခိုင်သည် ကိုယ်ဝန်ပျက်ကျပြီးနောက် လူမှုဖူလုံရေးခွင့် ခြောက်ပတ်ရရန် ဆရာဝန်၏ တရားဝင်ဆေးစာဖြင့် စက်ရုံထံ ခွင့်ရက်တောင်းခဲ့သော်လည်း ၎င်း၏ ကိုယ်ဝန်မှာ လနုသေးသည်ဟုဆိုပြီး ဆေးရုံတက်ရက် ငါးရက် အပါအဝင် နှစ်ပတ်သာ ခွင့်ရခဲ့သည်။

ကိုယ်ဝန်စရှိစဉ်ကတည်းက စက်ရုံကို အသိပေးခဲ့သော်လည်း ကိုယ်ဝန် ငါးလရှိချိန်အထိ စက်ရုံတွင် အများနည်းတူ စက်ချုပ်ခဲ့ရသည်။ ကိုယ်ဝန်ပျက်မကျခင် ရက်ပိုင်းအလိုမှသာ သက်သာသည့်နေရာသို့ ပြောင်းရန် စက်ရုံမန်နေဂျာက ၎င်းကို အသိပေးလာခဲ့ပြီး မပြောင်းရခင်မှာပင် ကိုယ်ဝန် ဆုံးရှုံးခဲ့ရသည်။

၎င်းနှင့် စက်ရုံတစ်ခုတည်း လုပ်ကိုင်နေပြီး ကိုယ်ဝန်သုံးလ လွယ်ထားရသည့် အသက် ၂၅ နှစ်အရွယ် မမေဝင့်သူကလည်း ကိုယ်ဝန်ရှိနေကြောင်း စက်ရုံကို အသိပေးထားသော်လည်း စက်ချုပ်ခြင်းထက် သက်သာသည့် နေရာသို့ မပြောင်းရသေးကြောင်း၊ လက်ရှိအချိန်ထိ အများနည်းတူ သတ်မှတ် အထည်အရေအတွက် ပြည့်မီအောင် ချုပ်နေရသေးကြောင်း ပြောပြသည်။

ကိုယ်ဝန်သည်ဆိုတော့ (ဆီး) ခဏခဏ ပေါက်ချင်တယ်။ ဒါပေမဲ့ အထည် မပြည့်မှာစိုးလို့ နေ့ခင်းဘက် နှစ်ကြိမ်လောက်ပဲ သွားရတယ်ဟု မမေဝင့်သူက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Rainbow ဆပ်ပြာစက်ရုံ၌ လုပ်သက် ငါးနှစ်ရှိ အသက် ၃၀ အရွယ် မသန်းသန်းနွယ်မှာမူ လက်ရှိတွင် ကိုယ်ဝန်သုံးလ လွယ်ထားရသူဖြစ်သည်။ ယခင်က ဆပ်ပြာပုံး သယ်မရသည့် နေရာမှ ပင်ပန်းမှု သက်သာသော (Sticker) ကပ်သည့် နေရာသို့ စက်ရုံက ၎င်းကို ပြောင်းရွှေ့ပေးထားသည်ဟု သိရသည်။

အဆိုပါစက်ရုံသည် ကိုယ်ဝန်ဆောင်အလုပ်သမများကို သက်သာသည့်နေရာသို့ ပြောင်းရွှေ့ပေးရန်နှင့် လုပ်ခလစာ တိုးမြှင့်ပေးရန် မကြာသေးမီက ဆန္ဒပြ တောင်းဆိုခံထားရသဖြင့် လက်ရှိတွင် ယင်းကဲ့သို့ စီစဉ်ပေးထားသည်ဟု ၎င်းက ပြောသည်။

အရင်ကဆို ဗိုက်ကြီးသည်လည်း စက်မောင်းခိုင်းတာပဲ။ စက်မောင်းမလာရင် (မောင်း) တတ်တဲ့သူကို ခိုင်းတာ။ အခုတော့ မခိုင်းရဲတော့ဘူး အဲ့လိုမျိုး” ဟု မသန်းသန်းနွယ်က ပြောသည်။

နေ့စားနှင့် အစမ်းခန့်များ၏ အခက်အခဲ

နေ့စားနှင့် အစမ်းခန့် အလုပ်သမားများမှာ ဥပဒေပါ ခွင့်ရက်ခံစားခွင့်များ မရသဖြင့် ထိုခွင့်ရက်များအတွက် လစာဖြတ်ခံနေရသည်။

အသက် ၃၀ အရွယ် မနှင်းအိလှိုင်သည် လှိုင်သာယာမြို့နယ်ရှိ မြန်ရိ အထည်ချုပ်စက်ရုံ၏ ကြယ်သီးရိုက်သည့် နေရာတွင် နေ့စားဝန်ထမ်းအဖြစ် ဇူလိုင် ၁ ရက်မှ စကာ လုပ်ကိုင်ခဲ့သည်။ လခစားဝန်ထမ်း ဖြစ်ချင်သည့်အတွက် ကိုယ်ဝန်လွယ်ထားရကြောင်း စက်ရုံကို အသိမပေးဘဲနေခဲ့ရာ တစ်ခါတစ်ရံတွင် အထည် ၅၀ မှ ၇၀ ခန့်အထိပါသည့် လေးလံသော အဝတ်ထုပ် ကြီးများကိုရွှေ့ရတတ်သည်ဟု ၎င်းက ပြောသည်။

အလုပ်ဝင်ပြီး ၁၆ ရက်အကြာတွင် လုပ်ငန်းခွင်အတွင်း သူ၏ကိုယ်ဝန် ပျက်ကျခဲ့သည်။ အလုပ်ချိန်အတွင်း ပျက်ကျခဲ့သော်လည်း နေ့စားဖြစ်သည့်အတွက် မနှင်းအိလှိုင် ခွင့်မရခဲ့။ ကိုယ်ဝန်ပျက်ကျပြီး နောက်နေ့တွင် အကိုက်အခဲပျောက်ဆေးများ သောက်ကာ အလုပ်ဆင်းခဲ့သည်ဟု သူက ပြောသည်။

အလုပ်သမားခေါင်းဆောင် ခေါ်သဖြင့် မိုးလင်းပေါက် အလုပ်ဆင်းခဲ့ရသည့် ရက်များပင် ရှိကြောင်း သူက ဆိုသည်။ နေ့ဘက်များတွင် မရမက တောင့်ခံကာ အလုပ်ဆင်းသော်လည်း ညဘက် အိမ်ပြန်ရောက်ချိန်တွင် အလူးအလဲ ခံစားရသည်ဟု ၎င်းက ပြောသည်။

ခါးတွေကိုက်တယ်။ ပျက်ကျပြီး နောက်ရက်တွေမှာ ထိုင်လို့မရဘဲ ဗိုက်တွေအောင့်နေတာ။ သွေးခဲတွေဆိုတာ မတရားဆင်းပြီး တစ်အိမ်လုံး နံနေတာ” ဟု မနှင်းအိလှိုင်က ကိုယ်ဝန်ပျက်ကျပြီးနောက် ခံစားရသည့် ဝေဒနာကို ပြောပြသည်။

စက်ရုံအကြိုအပို့ကားများက ကိုယ်ဝန်ဆောင်များအတွက် သင့်တော်သလား

အလုပ်လုပ်ချိန်တွင်သာမကဘဲ အလုပ်သွား၊ အလုပ်ပြန် ခရီးသည်လည်း ကိုယ်ဝန်ဆောင် အလုပ်သမများအတွက် ခက်ခဲကြောင်း ၎င်းတို့ကပြောသည်။ အထည်ချုပ်အလုပ်သမားများအတွက် စက်ရုံများက စီစဉ်ပေးသည့် အကြိုအပို့ကားများမှာ Dyna အမျိုးအစားကဲ့သို့ ကားများဖြစ်သဖြင့် လမ်းခရီးကြမ်းလျှင် ကိုယ်ဝန်ဆောင်များအတွက် သက်တောင့်သက်သာ မရှိနိုင်ဟု ဆိုသည်။

ဖုယွင်အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူ အသက် ၂၉နှစ်အရွယ် မအေးမွန်မှာ ၎င်းနေထိုင်ရာ ကျောက်တန်းမြို့နယ်၊ ရုံးသပြေကန်ကျေးရွာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံသို့ အကြိုအပို့ကားဖြင့် တစ်နေ့လျှင် အသွားအပြန် လေးနာရီကြာ စီးရသည်။ ထို့အပြင် ရွာလမ်းနှင့် နေအိမ်ကြား ကားလမ်း မပေါက်သဖြင့် မိနစ် ၂၀ ခန့် ဆိုင်ကယ် ထပ်မံ စီးရသေးသည်။

စက်ရုံ၌ အမြဲတမ်းလုပ်သားဖြစ်ပြီး ငါးလအကြာတွင် ၎င်း၏ နှစ်လကျော်ကိုယ်ဝန် ပျက်ကျခဲ့သည်။ အလုပ် အသွားအပြန် လမ်းခရီးတစ်လျှောက် ကားဆောင့်သည့် ဒဏ်များကြောင့် ပျက်ကျခဲ့သည်ဟု ၎င်းက ယူဆသည်။

ကိုယ်ဝန်ပျက်ကျသည့်အတွက် စက်ရုံက ရှောင်တခင်ခွင့် တစ်ပတ်သာ ပေးခဲ့သည်။ လူမှုဖူလုံရေးကြေး ငါးလစာ ပေးသွင်းထားသော်လည်း လူမှုဖူလုံရေးခံစားခွင့်မှာ ခြောက်လ ပေးဆောင်ပြီးမှသာ ခံစားခွင့်ရှိသည့်အတွက် လူမှုဖူလုံရေးခွင့်ကို မအေးမွန် မရခဲ့။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေပါ ခံစားခွင့်ကိုလည်း စက်ရုံက မပေးခဲ့ဟု ဆိုသည်။ ရှောင်တခင်ခွင့် တစ်ပတ်ပြည့်ပြီး လုပ်ငန်းခွင် ပြန်ဝင်ချိန်တွင် သွေးပြန်သွန်သဖြင့် ဆေးရုံတွင် ငါးရက်ခန့် ကုသခဲ့ရသည်ဟု ပြောပြသည်။

ခွင့်ထပ်တောင်းတော့ တစ်ပတ် ထပ်ရတယ်။ ဒါပေမယ့် လစာဖြတ်ခံရတယ်ဟု ၎င်း၏ ရုံးသပြေကန်ကျေးရွာ နေအိမ်၌ Myanmar Now ကို ပြောသည်။

အသက်အန္တရာယ်နှင့် ကိုယ်ဝန်ဆောင်အခွင့်အရေး

ကိုယ်ဝန်ပျက်ကျသည့် အမျိုးသမီးတစ်ဦးသည် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦးကဲ့သို့ သွေးနုသားနု အခြေအနေ ဖြစ်သည့်အတွက် ပုံမှန်ကျန်းမာရေး အခြေအနေ ပြန်ရောက်ရန် အနည်းဆုံး ခြောက်ပတ်ခန့် အနားယူသင့်သည်ဟု ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန် ပါမောက္ခ ဒေါ်ခင်ပြုံးကြည်က ပြောသည်။

အနားမယူပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်သည့် သားအိမ်အတွင်း ပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ သားအိမ်ရောင်ခြင်း၊ သားဥပြွန်ရောင်ခြင်း စသည်တို့သာမက သားဥပြွန်ပိတ်ကာ သားသမီး မရနိုင်သည်အထိ ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောသည်။

သွေးသွန်လို့ အချိန်မီ အထဲကဟာကို ကုန်စင်အောင် မထုတ်ပေးနိုင်ရင် အသက်အန္တရာယ်လည်း ရှိတတ်တယ်။ အကြောင်းတစ်ခုခုကြောင့် ကိုယ်ဝန်ပျက်ပြီး ပိုးဝင်သွားတယ်ဆိုရင် ပိုးဝင်ပြီးတော့ သွေးဆိပ်တက်တဲ့အထိလည်း ဖြစ်တတ်တယ်” ဟု ပါမောက္ခ ဒေါ်ခင်ပြုံးကြည်က ပြောသည်။

ကိုယ်ဝန်ဆောင်နှင့် ကိုယ်ဝန်ပျက်ကျသည့် အလုပ်သမများ ရရှိရမည့် ခွင့်ရက်ရပိုင်ခွင့်များ ပေးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရသော မြန်ရိ၊ ဖုယွင်၊ KGG နှင့် Rainbow စက်ရုံတို့၏ တာဝန်ရှိသူများထံ Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားရန် ငြင်းဆိုခဲ့သည်။

ကိုယ်ဝန်ပျက်ကျမှုကြောင့် နောက်ဆက်တွဲ ခွင့်ရက်ခံစားခွင့်နှင့် ပတ်သက်ပြီး စက်ရုံများသည် ဥပဒေပါ စည်းမျဉ်းများအတိုင်း မလိုက်နာကြောင်း၊ အလုပ်သမားများက တိုင်ကြားပါက ကျုးလွန်သည့် စက်ရုံကို ပိတ်သိမ်းသည်အထိ အရေးယူနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

“ခွင့်ရက်ပေးတာတွေ၊ မပေးတာတွေ ဟုတ်၊ မဟုတ်ကို အထောက်အထားခိုင်လုံရင် ဒါ (စက်ရုံကို) အရေးယူလို့ရတယ်။ အလုပ်သမားရုံးတွေမှာလည်း လူမှုဖူလုံရေး ပေးနေတဲ့အတွက်ကြောင့် တိုင်လို့ရတယ်ဟု ၎င်းက Myanmar Now ကို ပြောသည်။

လူမှုဖူလုံရေးကြေး ၆ လ ဆောင်ထားပြီး အာမခံကတ် လက်ဝယ်မရှိလျှင်ပင် စာရင်းသွင်းမှတ်ပုံတင်ပြီးသား ဖြစ်သည့်အတွက် အကျိုးခံစားခွင့် ယုတ်လျော့သွားခြင်းမရှိဟု လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်အေးက ပြောသည်။

တကယ်လို့ အလုပ်ရှင်ဘက်က မပေးရင် မြို့နယ်ရုံးကို သွားပြောပါ။ မြို့နယ်ရုံးက လုပ်ထုံးလုပ်နည်းနဲ့အညီ အလုပ်ရှင်ကို ခေါ်ပြီးတော့ပြောမှာပေါ့။ အလုပ်သမားဘက်က ရပိုင်ခွင့် ရှိတယ်။ အလုပ်သမားကို ဥပဒေနဲ့ ကာကွယ်ပေးထားတာပါဟု ၎င်းက ပြောသည်။

သို့သော် ယင်းကဲ့သို့ ခွင့်ရက် ခံစားခွင့်များ ရှိကြောင်းကိုပင် မသိသည့် ကိုယ်ဝန်ဆောင် အလုပ်သမများလည်း ရှိနေကြောင်း Myanmar Now က ဒီဇင်ဘာလလယ်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းငယ်တစ်ခုအရ သိရသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ခွင့်ရက်ခံစားခွင့်နှင့် ပတ်သက်ပြီး လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်နေသည့် အလုပ်သမား ၆၇ ဦးကို စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသမီး ၅၄ ဦးနှင့် အမျိုးသား ၁၃ ဦးတို့ ဖြေဆိုခဲ့သည်။

ဖြေဆိုသူ စုစုပေါင်း၏ လေးပုံသုံးပုံခန့်က အမျိုးသမီးအလုပ်သမားတစ်ဦး ကိုယ်ဝန်ပျက်ကျပြီးနောက် ခွင့်ရက်ခံစားခွင့် ရှိသည်ကို မသိရှိကြောင်း၊ အမျိုးသမီး ၅၄ ဦးအနက် တစ်ဝက်ကျော်က အလုပ်ဝင်နေစဉ် ကိုယ်ဝန်ယူရန် စိုးရိမ်ကြပြီး၊ သုံးပုံတစ်ပုံခန့်ကမူ ကိုယ်၀န်ရှိလာလျှင် အလုပ်ဆက်မလုပ်ရန် စီစဉ်ထားကြောင်း ဖြေဆိုခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့ကလည်း စက်ရုံနယ်မြေများတွင် လူမှုဖူလုံရေး အကျိုးခံစားခွင့်များအကြောင်း အသိပညာပေးနေသော်လည်း သိရှိနားလည်မှု နည်းနေသေးသည်ဟု ဦးမောင်မောင်အေးက ပြောသည်။

သားဦးကိုယ်ဝန်ကို ဆုံးရှုံးခဲ့ရသည့် မဖြိုးအိအိခိုင်ကလည်း ရခဲ့သည့် အတွေ့အကြုံကြောင့် အလုပ်လုပ်ရင်း ကလေးထပ်ယူရန် စိုးရိမ်နေသည်ဟု ပြောသည်။

“ကလေးကတော့ ယူမှာပါ။ ဒီနှစ်တွေတော့မဟုတ်သေးဘူး။ အလုပ်လုပ်ဦးမယ်။ ကလေးယူတဲ့အခါကျရင်တော့ စက်ရုံကထွက်မှာဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading