ရုပ်အလောင်း သို့မဟုတ် လူနာကို နေရပ်ရင်း ပြန်ပို့ခြင်း

အဝေးပို့ အရေးပေါ်လူနာတင်ယာဉ် ငှားရမ်းခ များပြားသောကြောင့် ပိုမိုသက်သာမည့် နည်းလမ်းကို လူနာရှင်များ၊ ဝန်ဆောင်မှုပေးသူများက မျှော်လင့်နေကြသည်။

Published on Jul 21, 2018
ဇူလိုင်လအတွင်း ရန်ကုန်ဆေးရုံကြီးအနီး တွေ့ရသော ရုပ်အလောင်းတင် လှည်းတစ်စီး (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)
ဇူလိုင်လအတွင်း ရန်ကုန်ဆေးရုံကြီးအနီး တွေ့ရသော ရုပ်အလောင်းတင် လှည်းတစ်စီး (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)

(ရန်ကုန်) — ဘကြီးဖြစ်သူ ရန်ကုန်တွင် ဆေးကုသမှုခံယူစဉ် ကွယ်လွန်သွားရာ ရုပ်အလောင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနေအိမ်သို့ ပြန်လည် သယ်ဆောင်ရေးမှာ မမေဇင်၏ တာဝန် ဖြစ်လာသည်။

ကင်ဆာလူနာကို ၂ လ နီးပါး ကြည့်ရှုစောင့်ရှောက်ရစဉ် ငွေကြေး ကုန်ကျမှု များပြားပြီး စိတ်ရောလူပါ ပင်ပန်းရသည်၊ ရုပ်အလောင်း ပြန်သယ်ရေးမှာလည်း အလားတူ ငွေကုန်၊ မောပန်းရသည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု ဆိုသည်။

“ဆေးရုံက ဝန်ထမ်းရဲ့ အချိတ်အဆက်နဲ့ ပရဟိတအသင်းလို့ ဆိုတဲ့သူတွေက ၇ သိန်း တောင်းတယ်။ လူနာတင်ကားနဲ့ သယ်ရမယ်မှတ်တယ်၊ ရေခဲတိုက်က လူနာတင်ကားနဲ့ထုတ်ပြီး လမ်းမှာ ဒိုင်နာကားနဲ့ ပြောင်းသယ်ရတယ်” ဟု မမေဇင်က ဆိုသည်။

မမေဇင်နည်းတူ ရန်ကုန်မှ တခြားမြို့များသို့ လူနာတင်ယာဉ် ငှားရမ်းရာတွင် ထိုအခက်အခဲနှင့် ရင်ဆိုင်နေရသူတို့က ကျန်းမာရေးဌာန သို့မဟုတ် ပရဟိတအသင်းအဖွဲ့တို့ထံမှ အကူအညီရလျှင် ပိုမို အဆင်ပြေမည်ဟု ပြောကြသည်။

ရုပ်အလောင်း သယ်ဆောင်ရေးအတွက် စရိတ်ကြီးသကဲ့သို့ လူနာ သယ်ယူရန်ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာအပြည့်အစုံ တပ်ဆင်ထားသော အရေးပေါ်မော်တော်ယာဉ် ငှားရမ်းရေးမှာလည်း စရိတ် မနည်းလှပေ။

အချိတ်အဆက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူစဉ် ကွယ်လွန်သွားသည့် လူနာ အရေအတွက်မှာ ယမန်နှစ်က ခြောက်ထောင်ကျော် ရှိခဲ့သည်။ အလတ်စား၊ အငယ်စား ဆေးရုံများတွင်လည်း သေဆုံးမှု တခါတရံ ရှိနေသည်။

ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ရန်ကုန်တွင် သင်္ဂြိုဟ်မည်ဆိုပါက ရန်ကုန်အခြေစိုက် ပရဟိတသမားတို့က ဆေးရုံ ရေခဲတိုက်မှ သုသာန်သို့ ပို့ဆောင်ရေး အစီအစဉ်တွင် အခမဲ့ ကူညီပေးမည်ဖြစ်သည်။

ရန်ကုန်ပြင်ပသို့ ပို့ဆောင်ပေးရေးအတွက်မူ ထိုအဖွဲ့အစည်းတို့က အများအားဖြင့် ကူညီနိုင်ခြင်း မရှိသေးပေ။ နေရပ်ရင်းမှ နာရေးကူညီမှုအသင်းတို့ကလည်း ရန်ကုန်အထိ လာရောက်ရေးက ခက်ခဲနေသည်။

ရန်ကုန်မြို့ ဆေးရုံအသီးသီးမှ လူနာ သို့မဟုတ် ရုပ်အလောင်းကို ကားငှားပြီး သယ်ယူကြရေးအတွက် အကုန်အကျ များကြသည်ကို နားလည်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နေဝင်းသိန်းက Myanmar Now ကို ပြောသည်။

“အဲ့ဒီလို ဆေးရုံကို အမှီပြုပြီး စီးပွားရေးလို လုပ်နေကြတဲ့ လုပ်ငန်းထုကြီးက အကြီးကြီးဗျ။ နောက်ဆုံးတော့ ရန်ကုန်က ဆေးရုံတွေကနေ ပြန်သယ်လာတာ ငွေကုန်လိုက်တာလို့ပဲ ပြောကြတာ” ဟု သူက ဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် ရှိသော အရေးပေါ်လူနာတင်ယာဉ် ၁ဝ စီး မှာ အရေးပေါ်ဌာနသို့ နေ့စဉ် ရောက်ရှိလာသော လူနာသစ်များကို သက်ဆိုင်ရာအဆောင် သို့မဟုတ် တခြားဆေးရုံတစ်ခုသို့ လွှဲပြောင်းခြင်းများ အဆက်မပြတ် ဆောင်ရွက်ရာတွင် သုံးနေရသည်ဟု သူက ဆက်ပြောသည်။

မြို့တွင်း မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရသူတို့ကို သွားရောက် သယ်ယူခြင်း၊ နေအိမ်သို့ ပြန်ပို့ခြင်းတို့ကိုလည်း မလုပ်ဆောင်နိုင်သေးဟု သူက ဆိုသည်။

“ကျွန်တော်တို့ဆေးရုံကို အကြောင်းကြားထားတဲ့ ပရဟိတအဖွဲ့ ၅ ဖွဲ့နဲ့ ချိတ်ဆက်ပေးဖို့ပဲ လုပ်ပေးနိုင်တယ်။ ဒါတောင်မှ အဲ့ဒီ ပရဟိတ အဖွဲ့တွေကလည်း သူတို့ရှိတဲ့ လူနာတင်ကားနဲ့ လုပ်နေရတဲ့ အနေအထားမျိုး။ ဖုန်းဆက်လိုက်ရင် သူတို့မအားတာမျိုးတောင် ရှိနေတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။

ဆေးရုံဝန်းကျင်တွင် အရေးပေါ်ယာဉ်၊ မှန်လုံကားငယ် အများအပြား ရပ်ထားပြီး တခြားမြို့များသို့ လူနာ၊ ရုပ်အလောင်း ပို့ဆောင်ပေးရန် အဆင်သင့် ဖြစ်နေကြသည်။

ဒေါက်တာနေဝင်းသိန်းက ဆေးရုံကြီးအနီးတွင် ထိုကားမျိုး ၃ဝ ခန့် နေ့စဉ် ရှိနေပြီး ဝန်ထမ်းတချို့ကလည်း ချိတ်ဆက် လုပ်ဆောင်နေသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်နေတယ်ဆိုတာ သိတယ်။ ဒါပေမယ့် တိုင်တန်းမှုမရှိဘူး၊ ဒီလိုမဖြစ်သင့်ဘူး၊ လူနာရှင်တွေ အဲ့ဒီကဏ္ဍမှာ ငွေကုန်ကြေးကျ သိပ်များနေတာဆိုတာ ကျွန်တော်တို့သိတယ်” ဟု ဒေါက်တာနေဝင်းသိန်းက ဆိုသည်။

ဝန်ဆောင်မှု

ရန်ကုန်မှ ပုသိမ်သို့ လူနာ သို့မဟုတ် ရုပ်အလောင်း ပြန်ပို့လိုပါက ခန့်မှန်း ငှားရမ်းစရိတ်မှာ ကားငယ် တစ်သိန်းခွဲ၊ ကားလတ် နှစ်သိန်း ဖြစ်သည်။ မော်လမြိုင်ဆိုလျှင် ခရီး ပိုဝေးသဖြင့် ကားငှားခ ငါးသောင်းခန့် ပိုပေးရမည်ဟု သိရသည်။ ၎င်းမြို့များထက် ပိုဝေးသော ဒေသများ၊ လမ်းကြမ်းသော မြို့များဆိုလျှင် ဝန်ဆောင်ခ ပိုယူမည်ဟု အရေးပေါ်ယာဉ်လုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။

“ကျွန်တော်တို့မှာ လူနာအတွက် အောက်စီဂျင်ကအစ အကုန် ပါပါတယ်။ အခုချိန်က ကားအတွက် ဆီစျေးတွေကလည်း တက်နေတော့ အဲ့ဒီလောက် ကုန်ကျတာပါ” ဟု အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

တိုက်ရိုက်ဆက်သွယ်လျှင် ငှားရမ်းခ သက်သာကြောင်း၊ ဆေးရုံဝန်ထမ်းများမှတစ်ဆင့် ဆက်သွယ်လျှင် ထိုဝန်ထမ်းကို ပေးရမည့် ကော်မရှင်ခကိုပါ ပေါင်းစပ် ထည့်သွင်းရမည် ဖြစ်သောကြောင့် ပိုမို ကုန်ကျမည်ဖြစ်ကြောင်း ထိုသူက ရှင်းပြသည်။

လူနာသယ်ခသည် ရုပ်အလောင်းသယ်ခနှင့် တူညီသည် ဆိုသော်လည်း လူနာက လမ်းတွင် သေဆုံးသွားနိုင်သည့် အနေအထားမျိုးဆိုလျှင် ဝန်ဆောင်ခ အများအပြား ပေးရနိုင်သည်ဟု ပဲခူး၊ သနပ်ပင်မြို့မှ ဒေါ်လှလှဝင်းက ပြောသည်။

မျှော်လင့်ချက်မရှိတော့သည့် လူနာကို နေရပ်ရင်းတွင် ခေါင်းချနိုင်ရေးအတွက် ပြန်လည်ခေါ်ယူရေး ကုန်ကျစရိတ်မှာ ဆေးရုံတက်ရသည့်စရိတ်ထက် ပိုများနေကြောင်း၊ သက်ဆိုင်ရာများအနေဖြင့် အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။

“ပြန်သယ်တော့မယ့် လူနာကို လာကြည့်ကြတယ်။ အခြေအနေမကောင်းသူဆို ဘယ်သူမှ သယ်ချင်ကြတာ မဟုတ်ဘူး၊ ကျွန်တော်တို့မို့သာ သယ်ပေးတာ၊ ဘာညာနဲ့ လေးသိန်းတောင်းတယ်။ လမ်းမှာ သေသွားခဲ့ရင် ကျွန်တော်တို့ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောတာ။ နောက်ဆုံးတော့ အဲ့ဒီကားနဲ့ပဲ သယ်ခဲ့ရတာ” ဟု ဒေါ်လှလှဝင်းက ဆိုသည်။

ညွှန်ကြားချက်၊ ဥပဒေ

ဤအတောအတွင်း ပရဟိတအသင်းတစ်ခုအမည် ရေးထိုးထားသော အရေးပေါ်ကားဖြင့် လူနာတင်ရာတွင် ရန်ကုန်မြို့တွင်း ခရီးတိုပင် ဖြစ်သော်လည်း ငှားရမ်းခ မတန်တဆ ပေးခဲ့ရသည်ဟူသော စွပ်စွဲမှုတချို့လည်း ထွက်ပေါ်နေသည်။

ရန်ကုန်ဆေးရုံကြီးနှင့် ချိတ်ဆက်ထားသည့် ရွှေသံလျင် လူမှုကူညီရေးအသင်းမှ ဦးဆောင်သူ ဦးအောင်နိုင်ဝင်းက ရပ်ဝေးသို့ ပို့ဆောင် ကူညီဖြစ်ပါက လူနာရှင်သည် ဆီဖိုးသာ ပေးရမည်ဖြစ်ကြောင်း၊ ငွေကြေးမတတ်နိုင်သူကို အဖွဲ့က ဆီဖိုး မတောင်းဘဲ ပို့ဆောင်ပေးခဲ့ဖူးကြောင်း ရှင်းပြသည်။

အသင်းအဖွဲ့တို့၏ မော်တော်ယာဉ်အရေအတွက်သည် အကူအညီလိုနေသူ အရေအတွက်ထက် လွန်စွာ နည်းပါးနေသေးသည်ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

“ကျွန်တော်တို့ ရှိတဲ့ကားနဲ့တော့ အားလုံးကို မဆောင်ရွက်နိုင်သေးဘူးပေါ့။ တတ်နိုင်သမျှပဲ လုပ်ရတာ” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

ဦးအောင်နိုင်ဝင်းက အရေးပေါ်လူနာများကို သယ်ယူပို့ဆောင်နိုင်ရန် လူနာတင်ကား၊ နာရေးကားရှိသော ပရဟိတအဖွဲ့ ၁၄ဝ ကျော် စုပေါင်းပြီး ကွန်ရက် ချိတ်ဆက် ဖွဲ့စည်းနေကြောင်း၊ ရန်ကုန်မြို့ပြင်သို့ သယ်ယူ ပို့ဆောင်ပေးရန်အတွက်လည်း ပူးတွဲ စီစဉ်သင့်ကြောင်း သုံးသပ်သည်။

လူနာများအတွက် ကူညီနေသည့် ပရဟိတအဖွဲ့များအတွက် ရန်ကုန်ဆေးရုံကြီးက နေရာတစ်ခု သီးသန့် စီစဉ်ပေးမည်ဆိုလျှင် ဝန်ဆောင်မှု ပိုကောင်းနိုင်မည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ပရဟိတအဖွဲ့တွေက လာရင်တောင် အချိန်အနည်းဆုံး ၁ နာရီကျော်ကြာမယ်။ အဲ့ဒါကို မစောင့်နိုင်တဲ့အခါကျတော့ လူနာရှင်တွေက ရတဲ့ဟာနဲ့ သွားကြရော။ အဲ့ဒီမှာ ပိုက်ဆံကုန်ကြတာ။ ကျွန်တော်တို့ကို နေရာတစ်ခု သတ်မှတ်ပေးထားရင် အလှည့်ကျ လုပ်လို့ရတယ်။ အဲ့ဒါဆို အရေးပေါ်ဆို ချက်ချင်း ကျွန်တော်တို့ လုပ်နိုင်မယ်” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

နယ်ဝေးသို့ လူနာများ၊ သေဆုံးသူများကို သယ်ယူပို့ဆောင်ရာတွင် တိကျသေချာသည့် စနစ် မရှိသေးသဖြင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းသင့်ကြောင်း သူက မှတ်ချက်ချသည်။

ထိုအချက်ကို ဒေါက်တာနေဝင်းသိန်းကလည်း ထောက်ခံသည်။ တခြားမြို့များသို့ လူနာ ပြန်လည် ပို့ဆောင်ရေးအတွက် ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သက်သည့် တာဝန်ယူ၊ တာဝန်ခံခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် မရှိသေးခြင်းက အားနည်းချက်ဖြစ်နေသည်ဟု သူကဆိုသည်။

“အခုက ကြုံသလိုလုပ်နေကြတာ။ အချင်းချင်း ညှိပြီးလုပ်နေကြတော့ တစ်ခုခုဖြစ်ရင် ဘယ်သူက တာဝန်ရှိလဲဆိုတာ မသိနိုင်ဘူး။ ဒါကို ဥပဒေနဲ့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းလိုက်မယ်ဆို လူနာတင်ကား ကူညီရေးအဖွဲ့တွေနဲ့ပါ ညှိပြီး လုပ်ကြမယ်ဆို အကောင်းဆုံးဖြစ်မှာ” ဟု ဒေါက်တာနေဝင်းသိန်းက ပြောသည်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading