ဂုဏ်ပြုဆုပေးပွဲများကျင်းပရခြင်း၏ အနှစ်သာရကို စဉ်းစားကြည့်ခြင်း

မြန်မာနိုင်ငံတွင် ကျင်းပနေကြသည့် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားများတွင် ပွဲ၏ အဓိကရည်ရွယ်ချက်၊ အနှစ်သာရ၊ အဓိက ဦးစားပေးရမည့်ပုဂ္ဂိုလ်တို့ နေရာလွဲမှားနေသည့်အကြောင်း ပြီးခဲ့သည့် အမျိုးသားစာပေဆုပေးပွဲကို ဥပမာပြ၍  ရေးသားထားသည်။

၂၀၁၈ ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားတွင် သမ္မတနှင့် တစ်သက်စာပေဆုရ ဦးတင်မောင်မြင့်နှင့် ဦးထွန်းအောင်ချိန်တို့ အမှတ်တရဓာတ်ပုံရိုက်စဉ်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ကတည်းက ရေးချင်ခဲ့ပေမဲ့ အခုမှ ရေးဖြစ်ပါတယ်။ အစကတော့ မရေးတော့ဘူးလို့ပါပဲ။ ကိုယ်က ကာယကံရှင်ဖြစ်နေတော့ ရေးလို့မကောင်းဘူး ထင်လို့ပါ။ ဖြစ်နိုင်ရင် တခြားလူတစ်ယောက်ယောက်ကို ရေးစေချင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေအချို့က ရေးဖို့တိုက်တွန်းတာကြောင့်ရော၊ ကိုယ့်ကိုယ်ကိုယ်လည်း တတိယလူနေရာက နေပြီး ရေးနိုင်မယ်ထင်တာကြောင့်ရော ရေးတာပါ။ တခြားမဟုတ်ပါဘူး၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ၂၀၁၈ ခုနှစ်အတွက်ချီးမြှင့်တဲ့ အမျိုးသားစာပေဆုပေးပွဲ အခမ်းအနားတက်ခဲ့တဲ့ အတွေ့အကြုံကနေ တွေးမိတာတွေပါ။

ကျွန်တော့်ဘဝမှာ အမျိုးသားစာပေဆုပေးပွဲကို ပထမဆုံးအကြိမ် တက်ဖူးတာဖြစ်ပါတယ်။ ဧည့်သည် အနေနဲ့လည်း တစ်ခါမှ မတက်ဖူးတဲ့အတွက် အရင်နှစ်အခမ်းအနားများအကြောင်းကိုတော့ မသိပါ။ ဒီနှစ်ကတော့ ထူးခြားချက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တက်တယ်။ သမ္မတတစ်ဦးတက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ လုံခြုံရေးတင်းကျပ်စွာ ချထားတယ်။ တတ်နိုင်သမျှ ခမ်းနားအောင် ပြင်ဆင်တယ်။ အောင်မြင်စွာပြီးမြောက်ပါတယ်ပေါ့။ ဒါပေမဲ့ အခမ်းအနားကျင်းပသွားပုံကိုကြည့်ပြီး စိတ်ထဲမှာ ပြောချင်တာလေးတွေ ဖြစ်လာပါတယ်။ အခမ်းအနား အောင်အောင်မြင်မြင်ပြီးမြောက်သွားခဲ့ပေမဲ့ အခမ်းအနားရဲ့ တကယ့်မူလရည်ရွယ်ချက်၊ တကယ့်အနှစ်သာရတွေရော ပြည့်မြောက်ရဲ့လားလို့ပေါ့လေ။

အခမ်းအနားမစခင်

အခမ်းအနားမစခင် သမ္မတကြီးနဲ့ ပြန်ကြားရေးဝန်ကြီးအပါအဝင် အရာရှိကြီးများက တစ်သက်တာ စာပေဆုရ ဆရာကြီးနှစ်ဦးနဲ့ သီးခြားအခန်းတစ်ခန်းမှာ စကားလက်ဆုံကျပါတယ်။ ကျွန်တော်တို့လို ကျန်တဲ့ စာပေဆုရှင် ၁၀ ဦးက အပြင်ကနေ အဆင်သင့် စောင့်နေရပါတယ်။ မနက် ၉ နာရီထိုးခါနီးတော့မှ သမ္မတက သီးခြားအခန်းကနေ အပြင်ကို ထွက်လာပါတယ်။ အပြင်မှာခင်းကျင်းထားတဲ့ ဆုရစာအုပ်သစ်/ဟောင်းတွေကို ကြည့်ပါတယ်။ ပြီးတော့ အမျိုးသားစာပေဆုရှင်များက အခန်းအပြင် တံခါးဝမှာ တန်းစီပြီး သမ္မတကို ကြိုရပါတယ်။ သမ္မတက တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဆုရှင်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရပါတယ်။ ပြီးတော့ ခင်းကျင်းပြသထားတာတွေကိုကြည့်ပြီး ခန်းမထဲကိုဝင်သွားပါတယ်။ ပြီးတော့မှ ကျန်တဲ့သူတွေက နောက်ကနေလိုက်ဝင်ပေါ့။

ကျွန်တော့်စိတ်ထဲ ဒီအခမ်းအနားဟာ စာပေဆုရှင်တွေကို ကြိုဆိုမှာလား၊ သမ္မတ (သမ္မတမဟုတ်လည်း ကြွရောက်ချီးမြှင့်တဲ့ အကြီးဆုံးရာထူးရှင်ပေါ့) ကို ကြိုဆိုမှာလား မသဲကွဲပါဘူး။ မြန်မာ့အစဉ်အလာအရ သက်ကြီးဝါကြီးကို ခရီးဦးကြိုပြုရတယ်ဆိုတဲ့ အမြင်နဲ့ အကြီးအကဲကိုကြိုဆိုခိုင်းတာလားတော့ မပြောတတ်ပါ။ သမ္မတတက်ရောက်ချီးမြှင့်တာ ဝမ်းသာစရာကောင်းတာပေါ့။ ဒါပေမဲ့ ဆုရှင်တွေဟာ ဂုဏ်ပြုဆု ချီးမြှင့်ခံဖို့ ပွဲလာတက်ရတာလား၊ ‘ဆုရှင်တွေဖြစ်နေတဲ့အတွက် သမ္မတကြီးကို လက်ဆွဲနှုတ်ခွင့်ရတဲ့ အထူးအခွင့်ကို ရတဲ့နေ့’ အဖြစ်နဲ့ လာရောက်ရတာလား မပြောတတ်တော့ပါ။ ဆုရှင်တွေကို နှုတ်ဆက် ပြီးတော့ သမ္မတနဲ့တကွ ဝန်ကြီးဝန်ကလေးများက အထဲဝင်သွားပါတယ်။ ဒီနေရာမှာ အခြားသောနိုင်ငံတကာ ဆုပေးပွဲများရဲ့ ဆုရပုဂ္ဂိုလ်၊ အောင်မြင်မှုရတဲ့ ပုဂ္ဂိုလ်တွေကို ကြိုဆိုပုံနဲ့ နည်းနည်းကွာတယ်လို့တော့ ထင်တာ ပါပဲ။ နိုဘဲ (Nobel) ဆု၊ ရေမွန်မက်ဆိုင်းဆိုင်း (Ramon Magsaysay) ဆု စတဲ့ နိုင်ငံတကာဆုပေးပွဲတွေမှာတော့ ဧည့်ပရိသတ်က အရင်နေရာယူပြီး ဆုရှင်တွေကို ဖိတ်ခေါ်မှ ခန်းမထဲကို တန်းစီဝင်လာကြပါတယ်။ ဧည့်ပရိသတ်က မတ်တပ်ရပ်ပြီး (ဆုရှင်တွေကို) ကြိုဆိုကြပါတယ်။ ဘောလုံးပွဲတွေမှာ ရာသီမကုန်မီ ဖလားရသွားတဲ့အသင်းကို လက်ကျန်ပွဲတွေမှာ သူနဲ့ကန်ရမယ့်ပြိုင်ဖက် အသင်းက ကွင်းအတွင်းကြိုတင်နေရာယူပြီးမှ ချန်ပီယံအသင်းကို လက်ခုပ်တီးပြီး ကြိုဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ပွဲနေ့တုန်းကလည်း ပရိသတ်က မတ်တပ်ရပ်ပြီးကြိုဆိုပါတယ်။ ဆုရှင်တွေကိုတော့ မဟုတ်ပါဘူး။ ခန်းမထဲဝင်ရောက်လာတဲ့ သမ္မတနဲ့တကွ ကြီးကြီးမာစတာများကိုပါ။

အခမ်းအနားစပြီ

ဆုချီးမြှင့်တဲ့ စင်မြင့်ရှေ့အနီးဆုံးအတန်း (VVIP) မှာ သမ္မတနဲ့ တစ်သက်စာစာပေပညာရှင်ဆုရသူ ဆရာကြီးနှစ်ဦး ထိုင်ပါတယ်။ ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အချို့လည်း ထိုင်မယ်ထင်ပါတယ်။ ပြီးရင် ဒုတိယနဲ့ တတိယတန်း VIP ခုံတွေမှာ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းအဆင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့ကိုတွေ့ပါတယ်။ လေးတန်းမြောက် ကစပြီး အမျိုးသားစာပေဆုရသူတွေနဲ့ စာပေဗိမာန် ဆုရသူတွေ အစဉ်အတိုင်း ထိုင်ရပါတယ်။ သူတို့ရဲ့နောက်တန်းတွေမှာတော့ တခြားဧည့်ပရိသတ်တွေပေါ့။ ဆုရှင်တွေရဲ့ ခုံတွေနဲ့ နောက်ပိုင်းက ဧည့်ပရိသတ်ထိုင်တဲ့ခုံတွေကတော့ အမျိုးအစားအတူတူပါပဲ။ VIP ခုံတွေမဟုတ်ပါဘူး။ သမ္မတနဲ့ တစ်သက်စာစာပေဆုရှင် ဆရာကြီးနှစ်ဦး၊ နောက်ပြီး ဆုချီးမြှင့်ရေးအဖွဲ့မှာပါတဲ့ဆရာ၊ ဆရာမကြီးတွေကို ရှေ့ဆုံးတန်းမှာ နေရာချတာ အတွက် ပြောစရာအထူးမရှိပါ။ သူတို့ရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာအားလျော်စွာ အထူးနေရာ ပေးသင့်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ဘာဘာညာညာတွေကတော့ အထူး VIP များအဖြစ် ရှေ့နှစ်တန်းမှာ ဘာလို့ မိန့်မိန့်ကြီးထိုင်နေသလဲ မသိပါ။ ဒီပွဲက သူတို့ကိုချီးမြှင့်တဲ့ပွဲလည်း မဟုတ်။ သူတို့က စာရေးဆရာတွေ၊ စာပေပညာရှင်တွေလည်းမဟုတ်။ ဒီပွဲမှာ တကယ် ဂုဏ်ပြုခံရမယ့်ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့နောက်ဘက်၊ လေးတန်းမြောက်မှာပေါ့။

အခမ်းအနားအစီအစဉ်အရ ဝါအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတက အမှာစကားပြောပါတယ်။ အသင့်ရေးပေးထား တာကို ဖတ်ပြတာပါပဲ။ မိန့်ခွန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အမျိုးသားစာပေဆုကို ၁၉၆၀ ကာလများ ကနေစလို့ သမိုင်းနဲ့ချီပြီး ပြောသွားတာဖြစ်ပါတယ်။ ဘာဖြစ်လို့ သမ္မတမိန့်ခွန်းထဲမှာ အမျိုးသားစာပေဆုသမိုင်းကို ဇာတ်စုံခင်းပြ၊ ရေးပေးထားသလဲ စဉ်းစားမရပါ။ သမ္မတအနေနဲ့ စာပေမြင့်မှလူမျိုးတင့်မည်တို့ ဘာတို့လို ဩဝါဒတွေနဲ့ ပရိသတ်ကို လက်ချာရိုက်စရာလည်း မလိုပါ။ ကျွန်တော့်အနေနဲ့ကတော့ အမျိုးသားစာပေဆုချီးမြှင့်ပွဲကို ပထမဆုံးလာတက်ရောက်တဲ့ သမ္မတ တစ်ယောက်အနေနဲ့ ဘာကြောင့် ခုလိုလာတက်ရတယ်၊ ဘာကြောင့် ဒီအခမ်းအနားကို ကြွရောက်ချီးမြှင့်ဖို့ ဆုံးဖြတ်ရတယ်ဆိုတာကို ကြားချင်မိတာပါ။ မြန်မာနိုင်ငံရဲ့စာပေလောက ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရရဲ့ စိတ်ကူးက ဘယ်လိုရှိတယ်၊ရေတိုရေရှည်မူဝါဒတွေ အစီအမံတွေ ဘာတွေရှိပါတယ်ဆိုတာကို သမ္မတဆီကနေ ပိုကြားချင်မိတာပါ။ တစ်ခါလာ မွဲပြာပုဆိုး အတိတ်ကိုပြန်ဆောင်လို့ သမိုင်းတွေ ပြန်ရွတ်ပြနေတာထက်စာရင် အတိတ်ကနေ ဘယ်လိုသင်ခန်းစာတွေယူ၊ ဘယ်လိုလေ့လာစရာတွေ ရှိခဲ့သလဲဆိုတာကို မီးမောင်းထိုးပြတာမျိုးဆိုရင်ဖြစ်ဖြစ် ပိုကောင်းမလားလို့ပါ။ မိန့်ခွန်းရေးပေးသူ (များ) ကို ဆရာလုပ်တယ်လို့တော့ မမြင်စေလိုပါ။ ပိုကောင်းစေလိုလို့ပါ။

ပြီးတော့ ဆုပေးပါတယ်။ တစ်ဦးချင်းစီ နာမည်ခေါ်တာနဲ့ စင်ပေါ်ကို တက်ယူရပါတယ်။ ဆုပေးမယ့်ပုဂ္ဂိုလ်ဆီ မရောက်ခင် တစ်ပေအကွာလောက်မှာ အမှတ်အသားပြထားပါတယ်။ အဲဒီနေရာကျရင် ဆုပေးသူ၊ ယူသူ နှစ်ဦးစလုံးက ဦးညွတ်ဂါရဝပြုရမယ်လို့ ဇာတ်တိုက်ထားပါတယ်။ ခါးညွတ်စရာဘာလိုလို့လဲ၊ ပြုံးပြလိုက်ရင် ပြီးပြီမဟုတ်လားလို့တော့ တွေးမိပါသေးတယ်။ မိမိအလှည့်မှာ ခါးမညွတ်ပေမဲ့ ခေါင်းလေးတော့ ညွတ်ပြလိုက်ပါတယ်။ သတိပြုမိတာတစ်ခုက ဆုပေးမယ့်ပုဂ္ဂိုလ်တစ်ခါပြောင်းတိုင်း အဲဒီ ပုဂ္ဂိုလ်ဟာ စင်ပေါ်မတက်ခင် သမ္မတကို ဦးညွတ်ပြီးမှ စင်ပေါ်တက်၊ သူ့အလှည့်ပြီးတော့တစ်ခါ သမ္မတကို ဦးတစ်ခါ ပြန်ညွတ်ပြီးမှ ပြန်ဆင်းတာပါပဲ။ ကျွန်တော်တို့ဆီမှာ ဂါရဝတွေ အရိုအသေတွေပေးနေရတာကလည်း များလိုက်တာ။

အထွေထွေ

ဆုရပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့မှတ်ချက်တွေကို ဖတ်ပြတာ၊ ကိုယ်ရေးအကျဉ်းတို့၊ ထင်ရှားတဲ့ ဘဝပုံရိပ်တို့ကို ပရိုဂျက်တာနဲ့ထိုးပြတာတွေတော့ မရှိပါ။ ဆုရွေးချယ်ရေးအဖွဲ့ အစီရင်ခံစာ စာအုပ်ငယ်ကိုတော့ လူတိုင်းကို တစ်ယောက်တစ်အုပ်စီ ဝေပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ပါပေါ့။ အခမ်းအနားမှာတော့ ထည့်ကြေညာမသွားပါဘူး။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေကို ဘာကြောင့် ဂုဏ်ပြုရတယ်ဆိုတဲ့ အပိုင်းက ဒီအခမ်းအနားကြီးရဲ့ အစိတ်အပိုင်းအဖြစ် ရှိမနေတော့ဘူး။

ကျွန်တော့် စိတ်ထဲမှာ ငယ်ငယ်က မူလတန်းကျောင်းမှာ ဆုတက်ယူခဲ့ရတုန်းက မြင်ကွင်းတွေကို အမှတ်ရမိပါတယ်။ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြော၊ ကလေးတွေကို တစ်ယောက်ချင်းစီ ခေါ်ပြီး ဆုပေးတယ်။ လက်ခုပ်တွေတီးကြတယ်။ မိဘဆရာအသင်းနှစ်ပတ်လည် အစီရင်ခံစာနဲ့ အမှုဆောင်သစ် ရွေးကောက်ပွဲဆိုလား ထုံးစံအရကျင်းပါတယ်။ (တကယ်က မိဘဆရာအသင်းဆိုတာကလည်း နာမည်ခံပါပဲ။ ကြိုဇာတ်တိုက်ထားပြီး တစ်ယောက်က အဆိုတင်၊ မိဘတွေထဲက တစ်ယောက်က ထပြီးထောက်ခံတာမျိုး။) ဆုချီးမြှင့်ပွဲရဲ့အနှစ်သာရက ပျောက်နေပါတယ်။ ဆုရကျောင်းသား/ကျောင်းသူတွေထက် တခြားသော ကိစ္စတွေကသာ လွှမ်းမိုးပါတယ်။ ခု အမျိုးသားစာပေဆုပေးပွဲမှာလည်း ဒီလို ခံစားချက်ပြန်ရပါတယ်။ ဆုရှင်တွေရဲ့အခန်းကဏ္ဍက မပေါ်လွင်ပါ။ လူကြီးတွေက ကလေးတွေကို ‘တော်တယ် ဆက်ကြိုးစား’ ပုံစံနဲ့ ပြုံးပြုံးကြီးဆုပေးသလိုမျိုးနဲ့ ခပ်ဆင်ဆင်။

အခမ်းအနားကျင်းပဖို့ တာဝန်ယူခဲ့တဲ့ ပြန်ကြားရေးဝန်ထမ်းတွေ၊ စာပေဗိမာန်ဝန်ထမ်းတွေအနေနဲ့ အောင်အောင် မြင်မြင်ပြီးဆုံးအောင် လုပ်သွားနိုင်တာချီးကျူးစရာပါ။ ဒီအတွက် သူတို့ နေ့မအိပ် ညမအိပ် အချိန်ယူကြိုတင်ပြင်ဆင်ခဲ့ရမှာပါ။ နိုင်ငံတော်အဆင့် အခမ်းအနားတစ်ရပ် ကျင်းပရတာ မလွယ်မှန်း ကျွန်တော်တို့ သိကြပြီးသားပါ။ မပြီးမချင်း စိတ်ဖိစီးမယ်၊ ပြီးသွားမှပဲ အလုံးကြီးကျသွားခဲ့ကြမှာမျိုးပါ။ ပွဲစီစဉ်တဲ့ အောက်ခြေဝန်ထမ်းတွေကို ချီးကျူးထိုက်ပါတယ်။ ဒါပေမဲ့ ဒီအခမ်းအနားမျိုးကို ဒီထက် ပိုပြီး အဓိပ္ပာယ်လေးရှိစေချင်ပါတယ်။ ပိုပြီး သက်သောင့်သက်သာ ပေါ့ပေါ့ပါးပါးနဲ့ အမှတ်ရရဖြစ်သွားတာမျိုး မြင်ချင်မိပါတယ်။ ရှင်ဘုရင်ခေတ်ကလို ‘ဘဝရှင်မင်းတရားကြီးက နှစ်ထောင်းအားရတော်မူလို့ အမောင် သူရဲကောင်း ရှေ့တော်မှောက်ဝင်ကာ ရွှေစလွယ်၊ ရွှေဓားစတဲ့ ဆုတွေလက်ခံယူစေ’ ပုံစံမျိုး အခမ်းအနား မဖြစ်စေချင်ပါ။ ကျွန်တော်တို့လူမျိုးရဲ့ ဘာကိုအဓိကထားမှာလဲဆိုတဲ့ အတွေးအခေါ်ကို ပြောင်းစေချင်တာမျိုးပါ။ စာပေဆုမှမဟုတ်ပါဘူး၊ ဘာအခမ်းအနားပဲလုပ်လုပ်၊ ငါတို့ ဒီပွဲလုပ်တာ ဘာအတွက်လဲ၊ ဘယ်သူ့အတွက်လဲ၊ ဘယ်သူ့ကိုအဓိကနေရာထားရမှာလဲဆိုတဲ့ အမြင်ရှုထောင့်လေး ပြတ်သားစေချင်တာမျိုးပါ။

ကျွန်တော် ဘေးလူတစ်ယောက်နေရာကနေ ရေးကြည့်တာပါ။ ဆုရသူ ကာယကံရှင်နေရာက ရေးတာမဟုတ်ပါ။ ဆုရသူတွေထဲမှာ ကျွန်တော်မပါခဲ့ရင်လည်း ဧည့်သည်တစ်ယောက်အနေနဲ့ ဒီအမြင်မျိုး ကျွန်တော် မြင်မိမှာ၊ ရေးမိမှာပါပဲ။ နောင်နှစ် နောင်နှစ်များမှာ ဘယ်သူပဲ ဆုရရ၊ ဘယ်သူ့ကိုပဲ ဘာအတွက် ဂုဏ်ပြုဂုဏ်ပြု၊ ဂုဏ်ပြုခံ ပုဂ္ဂိုလ် တစ်နည်းပြောရရင် VIP ပုဂ္ဂိုလ် မမှားစေချင်တာပါ။ အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်။

အချိန်ရရင်တော့ အောက်မှာပြထားတဲ့ မကြာခင်ကကျင်းပတဲ့ နိုဘဲဆုချီးမြှင့်ပွဲ Nobel Prize Award Ceremony ကို ကြည့်ရှုစေချင်ပါတယ်။

(ဝေယံဘုန်းသည် ၂၀၁၈ ခုနှစ်အတွက် အမျိုးသာစာပေဆု (ဘာသာပြန်ရသဆု) ရခဲ့သူဖြစ်သည်။)

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading