အခွင့်အလမ်းလား၊ အကျပ်အတည်းလား

၂၁ ပင်လုံရဲ့ လက်ရှိအခြေအနေကို အများအပြားက အားမရကြပါဘူး၊ တချို့ကတော့ ဒါဟာ အခြေခံဥပဒေ ပြင်နိုင်မယ့် လမ်းကြောင်းလို့ ပြောနေကြပါတယ်။

Published on Jul 23, 2018

(နေပြည်တော်) — ကာလရှည်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်လာရေးအတွက် ရည်ရွယ်ကျင်းပ နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို ၂ဝ၁၆ သြဂုတ်လ ကတည်းက ကျင်းပခဲ့တာ အခုဆို တတိယအကြိမ် အထိ ရှိလာပါပြီ။

တတိယအကြိမ် အစည်းအဝေးမှာအချက် ၁၄ ချက် ကို သဘောတူခဲ့ကြပြီး၊ ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ ဒုတိယအကြိမ်တုန်းက အချက် ၃၇ ချက် သဘောတူခဲ့တဲ့အတွက် စုစုပေါင်း ၅၁ ချက် သဘောတူညီနိုင်ခဲ့ပါပြီ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလာမယ့် ၂ နှစ်အတွင်း နောက်ထပ် ညီလာခံအနည်းဆုံး ၃ ကြိမ် ကျင်းပဖို့ ဆော်သြနေပြီး အဲ့ဒီအစည်းအဝေးတွေကနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ပြည်ထောင်စုအတွက် အခြေခံမူတွေချမှတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

“ဘာတွေပဲဖြစ်လာဖြစ်လာ၊ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ ကျွန်မတို့အားလုံး လက်မလျှော့ဘူး၊ ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေကို ဆက်လက်လျှောက်လှမ်းသွားမယ်ဆိုတာ တစည်းတလုံးတည်း တစ်စိတ်တစ်ဝမ်းတည်း ပြသလိုက်တာပဲဖြစ်ပါတယ်” လို့ သူက ညီလာခံပိတ်ပွဲမှာ ခိုင်မာတဲ့လေသံနဲ့ ပြောပါတယ်။

၂၁ ပင်လုံညီလာခံ ပြည်ထောင်စုသဘောတူစာချုပ်တွေကနေ ထွက်ပေါ်လာမယ့် ဒီအခြေခံမူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကို ငြိမ်းချမ်းစေ နိုင်မလား၊ အခြေခံဥပဒေထဲက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အတွက် အဓိကမကျတဲ့ အချက်တွေကို ပြင်ဆင်ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ချစေမယ့် နိုင်ငံရေး ထောင်ချောက်လား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံရဲ့ ငြိမ်းချမ်းရေးသန္နိဋ္ဌာန်

၂၁ရာစု ပင်လုံညီလာခံတွေကိုကျင်းပနေရတဲ့ အဓိကအကြောင်းအရင်းက ပြည်ထောင်စု သဘောတူစာချုပ်တွေ ချုပ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ဖို့ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက်အလက်တွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရာမှာအရေးပါတဲ့ အခြေခံမူတွေဖြစ်လာမှာပါ။

ဒီလို ပြင်ဆင်ရေးဆွဲဖို့ကိုလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ လက်မှတ်ထိုးထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကလည်း သဘောတူထားပါတယ်။

NCA လို့ လူသိများတဲ့ ဒီစာချုပ်ကို ၂ဝ၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်မှာ နိုင်ငံတကာနဲ့ပြည်တွင်းကအသိသက်သေတွေ ရှေ့မှာချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ၂၁ရာစု ပင်လုံတတ်နေတဲ့ နိုင်ငံရေးပါတီတွေကတော့အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရဲ့ အခြေခံဥပဒေမှာပါဝင်မှာ ဖြစ်တဲ့အတွက် ၂၁ရာစု ပင်လုံညီလာခံတွေကအတည်ပြုမယ့် ပြည်ထောင်စုသဘောတူစာချုပ်တွေဟာ အရေးပါတယ်လို့ဆိုကြပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်ဖြစ်တဲ့ ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက နောက်ထပ် ကျင်းပမယ့် ညီလာခံ ၃ ခုပြီးရင်တော့ ၂ဝ၂ဝ ရွေးကောက်ပွဲဟာ ပြင်ဆင်ထားတဲ့ အခြေခံဥပဒေအောက်မှာ ကျင်းပတာမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လာမယ့် ညီလာခံတွေမှာ နိုင်ငံရေးအရ အလားအလာရှိတဲ့ မူဝါဒတွေ ဆွေးနွေး သဘောတူနိုင်မယ့် လမ်းစတွေ ပိုရှိနေတယ်လို့ သူက ပြောပါတယ်။

“ဖက်ဒရယ် Principle (မူဝါဒ) ကုန်ပြီဆိုရင် ညီလာခံက ဆက်လုပ်စရာ မလိုပါဘူး။ ဖက်ဒရယ် Principle က သူ့အကန့်၊ အကန့်လိုက်ရှိတာကို။ အခုက ကဏ္ဍ ၅ ခု ရှိပါတယ်။ ကဏ္ဍ ၅ခုမှာ ဘောင်ဝင်တဲ့ ဖက်ဒရယ် မူဝါဒတွေ ချမှတ်နိုင်မယ်ဆိုရင် ညီလာခံဘာလုပ်တော့မလဲ။ အဲဒါကိုပြောတာပါ” လို့ ပြောပါတယ်။

ကဏ္ဍ ၅ခုဆိုတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေး တို့ဖြစ်ပါတယ်။

ဒေါက်တာမနန်တူးဂျာကဒါဟာအစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးသန္နိဋ္ဌာန်၊ နိုင်ငံရေးလမ်းပြမြေပုံ ဖြစ်တယ်လို့ ပြောပါတယ်။

“ရေးဆွဲထားတဲ့ Road Map (လမ်းပြမြေပုံ) အတိုင်း ဆိုရင်တော့ ၂ဝ၂ဝမတိုင်ခင်မှာ အပြီးပေါ့ ဆောင်ရွက်သွားမယ်။ ဖွဲ့စည်းပုံလည်း ရေးဆွဲမယ်။ ၂ဝ၂ဝရွေးကောက်ပွဲက ဖွဲ့စည်းပုံအသစ် နဲ့ ကျင်းပသွားမယ့် ရွေးကောက်ပွဲဖြစ်အောင် ဆိုတဲ့ Road Map ရှိတယ်” လို့သူကဆိုပါတယ်။

အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေးနဲ့အခြေခံဥပဒေပြင်ဆင်ရေးမှာ မျှော်လင့်ချက်တွေ ရှိနေပေမယ့်လည်း လက်တွေ့မှာတော့ နိုင်ငံရေးကဏ္ဍ ဆွေးနွေးချက် တွေထဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အတွက် အရေးပါတဲ့ အချက်တွေကို မဆွေးနွေးနိုင်သေးပါဘူး။

အားရစရာမရှိသေး

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က နိုင်ငံရေးကဏ္ဍ ဆွေးနွေးချက်တွေဟာ ယေဘုယျ ဆန်နေသေးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ပြုလုပ်ခဲ့တဲ့ ပင်လုံ ဒုတိယအစည်းအဝေးမှာ နိုင်ငံရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ချက် ချမှတ်နိုင်ခဲ့ပါတယ်။

ဒီ၁၂ချက်ထဲမှာ “နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ်ဖွဲ့စည်းရမည်” လို့ပါရှိပေမယ့် အခု တတိယအစည်းအဝေးမှာတော့ ဒီအချက်တွေနဲ့ပတ်သတ်ပြီး ပိုမိုတိကျတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို မဆွေးနွေးနိုင်သေးပါဘူး။

ဒီနှစ် တတိယအကြိမ် အစည်းအဝေးမှာတော့ ကျား/မ တန်းတူရေး တစ်ခုကိုပဲ ညီလာခံရဲ့ နိုင်ငံရေးကဏ္ဍ ၄ချက် အဖြစ် သဘောတူညီနိုင်ခဲ့ပါတယ်။

နောက်တစ်ခုက ညီလာခံတတိယအကြိမ်ဖြစ်ပြီဆိုပေမယ့် လုံခြုံရေးကဏ္ဍကိုမဆွေးနွေးနိုင်သေးပါဘူး။ သုံးသပ်သူတွေကတော့လုံခြုံရေးကဏ္ဍမဆွေးနွေးနိုင်တာဟာ နိုင်ငံရေးကဏ္ဍမှာအရေးပါတဲ့ ဖက်ဒရယ် principle တွေ မချမှတ်နိုင်လို့ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

၂၁ရာစု ပင်လုံညီလာခံကို ပါဝင်သင့်ပါဝင်ထိုက်သူ တစ်ဦးအနေနဲ့ ရောက်ရှိဆွေးနွေးတဲ့ Myanmar Institute of Gender Studies (MIGS) ရဲ့ ဦးဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုးက နိုင်ငံရေး ကဏ္ဍ ဆွေးနွေးပွဲတွေကနေ အရေးပါတဲ့ အချက်တချို့ ရလာရင် လုံခြုံရေးကဏ္ဍက အချက်ပေါင်းများစွာ ထွက်လာနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သုံးသပ်ပါတယ်။

“ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ဆွေးနွေးချက်တွေ ခိုင်မာတိကျစွာ ပေါ်ထွန်းလာပြီဆိုရင်တော့ လုံခြုံရေးဘက်က အချက်တွေကလည်း ပိုမိုပြီးတော့ ဆွေးနွေးမှုတွေ အားကောင်းလာပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

လုံခြုံရေးကဏ္ဍ ဆွေးနွေးနိုင်ပြီး သဘောတူညီချက်တွေ အတည်ပြုနိုင်ပြီဆိုုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ရှေ့ဆက်ဖို့ အများကြီး အထောက်အကူဖြစ်မှာပါ။

ဒီအချက်ကို နိုင်ငံတော် အတိုင်ပင်ခံကလည်းသူ့ရဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

သူ့ရုံးက ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပိုပြီးထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်တွေနဲ့ ညီလာခံအပြီး တွေ့ဆုံသွားမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ မူဘောင်တွေကိုလည်း ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။

“Time Line တိတိကျကျ သတ်မှတ်ချက်တွေနဲ့သွားမယ်၊ ပြီးရင် မူဘောင်ကိုလည်းတိတိကျကျ သွားမယ်ဆိုရင်တော့ ပိုပြီးထိရောက်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာမယ်” လို့ သူက ပြောပါတယ်။

UPDJC လုပ်ငန်းကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ဇိုမီးဒီမိုကရေစီီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တဲ့ ဦးဇမ်ဇမုံက နောက်ထပ်ကျင်းပမယ့် ညီလာခံသုံးကြိမ်မှာအနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်ဖို့ ဆိုတာမလွယ်ကူဘူးလို့ ပြောပါတယ်။

“တကယ်တမ်းကတော့ အောက်ခြေမှာ ဆွေးနွေးမှုတွေ တစ်ခါတလေအခက်အခဲတွေရှိတာပေါ့။ သုံးကြိမ်မှာတော့ ပြတ်ဖို့က တော်တော် ခက်မယ်ထင်တယ်။ ဒါပေမယ့် ဖြစ်နိုင်အောင်တော့ ကြိုးစားရမှာပေါ့” လို့ ဇိုမီးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တပ်ချုပ်မိန့်ခွန်းနဲ့ လုပ်ထုံး၊ လုပ်နည်း ပြဿနာ

၂၁ရာစု ပင်လုံညီလာခံက ထွက်ပေါ်လာမယ့် ပြည်ထောင်စုသဘောတူစာချုပ်တွေဟာ ပြင်ဆင်ဖို့ ခက်ခဲလွန်းတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်တယ်ဆိုပေမယ့်လည်းဥပဒေပါ ပေးထားချက်တွေ ကလည်းအငြင်းပွားဖွယ်ရာရှိပါတယ်။

NCA စာချုပ်ရဲ့ ပုဒ်မ ၂၂(ဃ)မှာတော့ “ပြည်ထောင်စုညီလာခံမှထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံပြီးဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကိုလိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွတ်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်” လို့ ပါရှိပါတယ်။

NCA စာအချုပ်မှာ ခြေဥပြင်ရေးအတွက် ဒီလိုအာမခံချက်တွေထားရှိပေမယ့်လည်း ၂၁ရာစုပင်လုံ တတိယအစည်းအဝေးရဲ့ ဖွင့်ပွဲမှာတော့ ကာကွယ်ရေးဦးစီးချုပ်က ၂ဝဝ၈ အခြေခံဥပဒေ ကို အခြေခံဥပဒေ မူဘောင်ထဲကသာ ပြင်ဆင်ရမယ်လို့ ပြောလာပြန်ပါတယ်။

တပ်ချုပ်ကြီးရဲ့ ဒီမိန့်ခွန်းကြောင့်လည်း နိုင်ငံရေးလေ့လာသူတွေ၊ သတင်းမီဒီယာသမားတွေနဲ ့ ပြည်သူလူထုတွေကြားထဲမှာ တော်တော်လေး ဂယက်ထသွားခဲ့ရပါတယ်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ခြေဥကို ပြင်ဆင်ရမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ဝရာခိုင်နှုန်းက ခြေဥပြင်ဆင်ဖို့ လွှတ်တော်မှာတင်ပြရပါမယ်။

ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ ထောက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကနေ မဲပေးသူ ထက်ဝက်ကျော် ဆန္ဒမဲပေးပြီးမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

လွှတ်တော်အတွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိတဲ့အတွက် တပ်မတော်သဘောထားမပါရင် လွှတ်တော်လမ်းကြောင်းကနေ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်စားပြုမယ့် အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။

ဒါ့ကြောင့် ခြေဥပြင်ဆင်ရေးကို အာမခံချက်ပေးထားတဲ့ NCA စာချုပ်ရဲ့ ပုဒ်မ ၂၂(ဃ) ပါအချက်တွေကို အဓိပ္ပာယ် ဖွင့်ဆိုဖို့က အရေးပါလာပါတယ်။

UPDJC အဖွဲ့ဝင်ဖြစ်သူ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အခြေခံဥပဒေ ပြင်ဆင်ရေးက နောက်တစ်ဆင့်ဖြစ်ပြီး ဖက်ဒရယ်အခြေခံမူဘောင်တွေ ချမှတ်နိုင်ရေးကို ဦးစားပေး ဖြစ်တယ်လို့ပြောပါတယ်။

ခွန်မြင့်ထွန်းကတော့ NCA ပုဒ်မ ၂၂ (ဃ)မှာပါတဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီဆိုတဲ့ အသုံးအနှုန်းဟာ ဥပဒေတွေပြင်ဆင်တာ၊ ပယ်ဖျက်ဖို့ကိုလုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းပြီးညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ကျွန်တော်တို့ ညီလာခံတွေ ကျင်းပတယ်။ မူဘောင်တွေရေးဆွဲတယ်။ ထို့နည်းတူပဲ ဥပဒေတွေပြင်တာ ပယ်ဖျက်တာတွေဆိုတာလည်း လုပ်ထုံးလုပ်နည်းတွေကို ပြဋ္ဌာန်းညှိနှိုင်းကြရမှာပေါ့လေ” လို့ သူက ပြောပါတယ်။

လုပ်ထုံးလုပ်နည်း ဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ ညွန်းဆိုမှုတွေတော့ မရှိသေးဘူးလို့ သူကပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး ၂၁ရာစုပင်လုံညီလာခံကို လေ့လာစောင့်ကြည့်နေသူတစ်ဦးဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေကိုဘယ်လို ပြင်ဆင်ကြမလဲဆိုတဲ့ အချက်မှာတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ကြီးမားတဲ့ သဘောထားကွဲလွဲချက်တွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

တပ်မတော်ရဲ့သဘောထားက ၂ဝဝ၈အခြေခံဥပဒေဟာ ဖက်ဒရယ်မူဘောင်တွေရှိတယ်လို့ ယူဆနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေကတော့ ဆန့်ကျင်ဘက် အမြင်ရှိတယ်လို့ သူကသုံးသပ်ပါတယ်။

“ယေဘုယျပြင်မယ်လို့ ပြောတဲ့ သဘောထားအောက်မှာ တပ်မတော်က ဒီဖွဲ့စည်းပုံကို ဖက်ဒရယ်မူနဲ့ ကိုက်ညီအောင် ပြင်ဆင်ခွင့်ပေးမယ်လို့ ကျွန်တော်က မယူဆပါဘူး” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ကိုမင်းဇေယျာဦးကတော့ NCA စာချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်နေတာကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လမ်းစဖြစ်တယ်လို့ ဆိုပါတယ်။

“သူကတစ်ခြားဟာတွေနဲ့ မတူဘူး။ ဒါက ပြည်ထောင်စု သဘောတူစာချုပ်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ NCAမှာ သဘောတူညီထားတာက တပ်မတော် ကိုယ်တိုင်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ပါတယ်” လို့ ကိုမင်းဇေယျာဦးက မျှော်လင့်ချက် အပြည့်နဲ့ ပြောပါတယ်။ ။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading