အသေးစားငွေစုငွေချေး စဉ်းစားစရာများ

အသေးစားငွေစုငွေချေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် အကြွေးသံသရာကိုဖြစ်နေစေသော်လည်း အသေးစားချေးငွေရှိနေခြင်းသည် ဒုက္ခတွင်းအတွင်း အကျမနာအောင် အခုအခံလုပ်ပေးထားသည်နှင့် တူကြောင်း၊ သို့သော် ယခုပုံစံအတိုင်းဆက်သွားပါက အန္တရာယ်ရှိကြောင်း ဦးဝင်းမျိုးသူက ရေးသားထားပါတယ်။

Published on Dec 24, 2019

Myanmar Now က Microfinance (MF) အသေးစားငွေစုငွေချေး လုပ်ငန်းကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးတာ ဖတ်လိုက်ရပါတယ်၊ ဒီ ငွေစုငွေချေး လုပ်ငန်းတွေဟာ အလုပ်ဖြစ်မနေဘူး၊ အကြွေးပေါ်အကြွေးထပ် အကြွေးလည်ပင်းနစ်နေတာပဲလို့ ဆိုလိုချင်ပုံရပါတယ်။ ဒါကိုပြန်လှန်မဆွေးနွေးခင် MF ရဲ့ သဘောသဘာဝကို ပြောဖို့လိုမယ်ထင်ပါတယ်။

MF ဟာ ပေါင်နှံစရာ အိမ်၊ မြေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းရှိမှ ဘဏ်ချေးငွေရမယ်ဆိုတဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းကို ဆန့်ကျင်ပြီး ကြိုးစားအလုပ်လုပ်ကိုင်သူတိုင်း လိုအပ်တဲ့ငွေကြေးအရင်းအနှီး ရရှိရေး ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲတာဖြစ်ပါတယ်။

ဘဏ်တွေဟာ အပေါင်ခံပြီးငွေထုတ်ချေးပေမဲ့ ချေးငှားသူတွေက ပြန်ဆပ်တဲ့နှုန်းဟာ ထုတ်ချေးငွေရဲ့ သုံးပုံတစ်ပုံပဲရှိပါတယ်။ MF ရဲ့ ခေါင်းကိုင်ဆရာကြီးဖြစ်တဲ့ ပရော်ဖက်ဆာ ယူနွတ်ရဲ့ ဂရမ်မင်းဘဏ်မှာ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။ ယူနွတ်ဟာ စစ်တကောင်း တက္ကသိုလ်မှာ စာသင်နေစဉ်ကတည်းက သူ့ရှိတဲ့ ငွေလေးနည်းနည်းနဲ့ သူရဲ့ လူမှုအရင်းအနှီး social capital အယူအဆကို စမ်းသပ်အကောင်အထည်ဖော် လက်တွေ့ပြခဲ့တာဖြစ်ပါတယ်။ လူတွေရဲ့ အလုပ်ကြိုးစားလိုမှု၊ စည်းစနစ်ကျနမှု၊ အပြန်အလှန်တာဝန်ယူမှုတွေကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် လူတိုင်းဟာ စီးပွားရေးအရင်းအမြစ်တွေကို လက်လှမ်းမီရယူနိုင်စွမ်းရှိရမယ်ဆိုတာကို သူက စိန်ခေါ်ခဲ့တာပါ။ ဒါကြောင့် သူတီထွင်တဲ့ MF model မှာ လူတွေဟာ နှစ်ပတ်တစ်ခါ စုဝေးကြတယ်၊ ငွေစုကြတယ်၊ စနစ်တကျ ငွေစုမှတ်တမ်းတွေကို ပြုစုကြတယ်။ လူမှုဘဝတိုးတက်ရာတိုးတက်ကြောင်းတွေ ဆွေးနွေးကြတယ်၊ ဒီလို အလေ့အကျင့် အနည်းဆုံး ခြောက်လလောက် ထူထောင်ပြီးမှ ယူနွတ်က ငွေစပြီး အဲဒီအစုအဖွဲ့ကို ငွေစပေးတယ်။ အဖွဲ့က ရတဲ့ငွေကို ဦးစားပေးစနစ်သတ်မှတ်ပြီး အဖွဲ့ဝင်တွေကို အလှည့်ကျချေးတယ်၊ ပထမချေးတဲ့သူတွေ ပြန်ပေးမှ နောက်လူတွေ ချေးလို့ရတယ်၊ ပြန်မဆပ်ရင် ကျန်တဲ့သူတွေက တာဝန်ခံပြန်ဆပ်ရတယ်။ နဂိုတည်းက ပြန်မဆပ်နိုင်ဘူးထင်ရင် အဖွဲ့ထဲ အဝင်မခံနဲ့ တစ်ခါတည်း ဝိုင်းကြီးချုပ်စနစ်နဲ့ အာမခံခိုင်းထားတယ်။ ငွေပြန်ဆပ်တာကလည်း အရစ်ကျ ပြန်ဆပ်တာဖြစ်တယ်၊ စုငွေရယ် ဆပ်ငွေရယ်ပေါင်းပြီး မချေးရသေးတဲ့ နောက်လူကို ထုတ်ချေးပေးတယ်။

ဒီစနစ်ကငွေချေးပေးရေးထက် လူတွေရဲ့ စွမ်းရည်နဲ့ ညီညွတ်မျှတမှု ပူးပေါင်းလုပ်ဆောင်မှု အလေ့အကျင့်တွေကို အဓိက လေ့ကျင့်ပျိုးထောင်ပေးရေးက ပို ပဓာန ကျပါတယ်။ ဒီလိုအလေ့အကျင့်ရှိသွားရင် အဲ့ဒီ့လူ့အဖွဲ့စည်းဟာ ငွေပြန်မဆပ်မှာ ပူစရာမလိုတော့သလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်ကိုင်ဖို့ အခြေအနေကောင်းတွေ အများကြီး ဖန်တီးပြီးသားဖြစ်သွားမှာပါ။ ဘင်္ဂလားဒေ့ရှ်ဟာ ဒီကနေ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အဆင့်အနေနဲ့ အဆင့် ၁၅ မှာ ရှိနေပါတယ်။ ဆင်းရဲနွမ်းပါးသူ အများအပြားရှိနေသေးပေမဲ့ ဆင်းရဲမှုနှုန်းဟာ တန့်သွားနေပါတယ်။ အဓိက ကတော့ ၁၉၈၀ ကျော်လောက်ကတည်း ကစခဲ့တဲ့ MF တွေရဲ့ အကျိုးသက်ရောက်မှုတွေ အများကြီးပါပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတာကတော့ အထက်ကရေးခဲ့သလို လူတွေရဲ့ အလေ့အကျင့်ကောင်းတွေ ပြုစုပေးနိုင်ခြင်းမရှိသေးပဲ ငွေထုတ်ချေးပေးမှုကြောင့် ငွေအလွယ်တကူယူ သုံးတာထက် ဖြုန်းနေတာတွေများနေတာပါ။ MF လုပ်တဲ့ အဖွဲ့စည်းတွေ အထူးသဖြင့် ဦးသိန်းစိန်နောက်ပိုင်း ငါးပွက်ရာငါးစာချ ဝင်ရောက်လာတဲ့ စီးပွားဖြစ်လုပ်ကိုင်လာတဲ့ MF ကုမ္ပဏီတွေဟာ social mobilization အတော်အားနည်းပါတယ်။ credit facilitator လို့ခေါ်တဲ့ ဒီအဖွဲတွေရဲ့ ကွင်းဝန်ထမ်း ငွေစုငွေချေး ကူညီဆောင်ရွက်ပေးသူတွေဟာ လိုအပ်တဲ့ စွမ်းဆောင်ရည်သင်တန်း အပြည့်အဝမရကြပါဘူး၊ လူတွေ အမူအကျင့်ပြောင်းလဲလာအောင် စည်းရုံးဖို့ထက် အခြားမက်လုံးတွေနဲ့ ငွေချေးငှားသူများအောင် လုပ်ဆောင်ကြတယ်။ ဒီလိုများမှပဲ သူတို့ရဲ့ အချိုးကျလစာဟာ ပြည့်မီမှာဖြစ်ပါတယ်။ အောက်ခြေ credit facilitator တစ်ယောက်ဟာ ငွေချေးငှားသူ ရာကျော်ကို ဝန်ဆောင်မှုပေးနေရပါတယ်။ မနိုင်ဝန်ထမ်းရတဲ့အတွက် ကောင်းစွာမစည်းရုံးနိုင်ပါဘူး။ အစိုးရကလည်း MF တွေကြားမှာ ညှိနှိုင်းပေါင်းစပ်ပေးတာ မရှိတော့ MF တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နယ်မြေတွေ ထပ်လာကြပါတယ်။ အစိုးရရဲ့ မူလရည်ရွယ်ချက်က အစိုးရ လက်လှမ်းမမီတဲ့ ဒေသတွေမှာ အသေးစားငွေချေးအသင်းတွေ သွားရောက်လုပ်ကိုင်စေခြင်းအားဖြင့် ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစားတွေ ငွေကြေးချေးယူနိုင်တဲ့ အခွင့်အလန်းတွေ များလာစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေဟာ အရမ်းကို စီးပွားရေးဆန်လာပြီး မိမိတို့အဖွဲ့ အဆင်ပြေရေးကိုသာ ရှေးရှုတာမို့ သွားရေးလာရေးလွယ်တဲ့ဒေသ စီးပွားရေးအရ အဆင်ပိုပြေတဲ့ဒေသတွေမှာပဲ အပြိုင်အဆိုင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ရှေ့ကြွေးနောက်ကြွေးဆပ် ကြာတော့ ကြွေးပိ ဖြစ်လာရခြင်းဖြစ်ပါတယ်။

ဒါကြောင့် MF ရဲ့ ပင်မ ရည်ရွယ်ချက်ဖြစ်တဲ့ လူတွေရဲ့ ကောင်းမွန်တဲ့ အမူအကျင့်တွေ လေ့ကျင့်ပျိုးထောင်ပေးရင် တစ်ဦးချင်း စီးပွားရေးအရ စွမ်းဆောင်နိုင်သူတွေ ဖြစ်လာစေရေးဟာ နောက်ကို ရောက်သွားပါတယ်။ MF အဖွဲ့တွေအနေနဲ့

() ငွေချေးသူများရမယ်

() ငွေချေးပမာဏများရမယ်

() ငွေပြန်ဆပ်နှုန်းကောင်းရမယ်

ဒါမှသာ အဖွဲ့အနေနဲ့ရော ဝန်ထမ်းတွေအနေနဲ့ပါ ပြန်ရတဲ့ အတိုးအပေါ်မှာ ရပ်တည်နိုင်မှာမို့ သူတို့အတွက်လည်း ဖိအားက များလှပါတယ်။

တစ်ဖက်မှာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှု မရှိတဲ့အတွက် စီးပွားရေးအခွင့်အလန်းက တိုးတက်မလာပါဘူး၊ မတိုးတက်တဲ့အတွက် ချေးငွေရယူသူ အခြေခံလူတန်းစားအနေနဲ့ကလည်း လှုပ်လေမြုပ်လေ ဖြစ်နေပါတယ်။

စိုက်ပျိုးရေးလုပ်တယ်၊ ရာသီဥတုမကောင်းလို့ ပျက်တယ်၊ မိုးလေဝသမှန်လို့ သီးနှံရပြန်တော့လည်း စျေးကွက်ဖျက်တော့ ပျက်တယ်။ ဒီကြားထဲ နေမကောင်း ကျန်းမာရေးကညံ့ရင် သောက်သောက်လဲ ငွေကုန်တယ်။ သားသမီးပညာရေးကလည်း အကုန်အကျများတယ်။ ဒီတော့ ဘယ်ကနေရာကရရ ငွေချေးတော့မှာပဲ နောင်ခါလာနောင်ခါဆပ်ပဲ၊ ထိုင်း မလေးရှား အလုပ်သွားလုပ်ရင် ရွာမှာထက်တော့ အဆင်ပြေမှာပဲ အယူအဆနဲ့ ရှိတာလေး ရောင်းချပေါင်နှံပြီး မိသားစုဝင်တွေ သွားအလုပ်လုပ်စေတယ်၊ အဆင်ပြေတဲ့သူတွေ အိမ်သွပ်မိုးခင်းတာလေးကို အားကျတယ်။ ရွာဘုန်းကြီးကျောင်း ရှင်ပြု၊ ကထိန်ခင်းရတာလေးကို ဂုဏ်ယူတယ်၊ နိုင်ငံခြား အလုပ်သွားလုပ်နေသူနဲ့ စကားပြောရတာ အဆင်ပြေဖို့ ဖုန်းဝယ်မယ်။ ရွာလမ်းတွေလည်း ကောင်းလာတော့ ဆိုင်ကယ်ကလည်း မရှိမဖြစ် ဝယ်ကိုဝယ်ရတယ်။ ဒီတော့ MF ကချေးလိုက်တဲ့ ငွေတွေဟာ production ကုန်ထုတ်လုပ်မှုထဲ ရောက်တာထက် အခြား လူမှုရေးကိစ္စထဲ ရောက်ကုန်တယ်။ ဒါတွေက အဟောသိကံမဖြစ်ပေမဲ့ အလိုရှိရာ မရောက်တာကလည်း အရှိတရားပဲ။

ဒီအခြေအနေမှာ စဉ်းစားစရာက ငွေစုငွေချေးကြောင့် အကြွေးထပ်တယ်ဆိုပြီး မချေးတော့ဘူးဆိုရင် ရွာသူရွာသားတွေက အကြွေးသံသရာက လွတ်သွားမှာလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ နိုး (No) ပါပဲ။ လိုအပ်ချက်တွေကရှိနေတော့ တစ်ရာ ၁၀ တိုးနဲ့ ရတဲ့နေရာက ချေးကြဦးမှာပါပဲ။ ဒါဆိုရင် ပိုပြီးအကြွေးပိ ဒုက္ခရောက်ရမှာပါ။ ဒါကြောင့် အသေးစားချေးငွေကနေ ချေးငှားနိုင်တဲ့ အခွင့်အလမ်း ရှိနေတာက ဒုက္ခတွင်းထဲကျတာ အဆင်းမနာအောင် ခုပေးထားတဲ့ soft landing လို့ ရှုမြင်သင့်ပါတယ်။ သို့သော်ငြားလည်း ရေရှည်ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်ဖြင့် စုံးစုံးမြုပ်မယ့် အန္တရာယ်လည်းရှိနေပါတယ်။ ဒါကြောင့် MF လုပ်ငန်းတွေကို ကြီးကြပ်ဖို့ ပေါင်းစပ်ညှိနှိုင်းပေးဖို့ လိုသလို MF အဖွဲ့များကလည်း မိမိတို့ရဲ့ ဝန်ထမ်းတွေရဲ့ social mobilization ကို ပိုကောင်းအောင် အားထုတ်စေချင်ပြီး ကျေးရွာတွေမှာ ငွေမချေးမီ social capital လူမှုရေး အရင်းအနှီးတွေ တိုးပွားအောင် ရှေးဦးစွာ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဦးဝင်းမျိုးသူသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ဦးဖြစ်ပြီး စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌဖြစ်သည်။
 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading