ဧရာဝတီတိုင်းဇာတိ အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်ဝင်းသည် တပ်ထဲတွင် ရက်ပေါင်း ၂၄၀ ခန့် နေခဲ့ရပြီး ၎င်းတို့၏ သားဖြစ်သူ ပြန်နုတ်ထွက်ခွင့်ရရန် မိဘများက နှစ်လကျော်ကြာ ကြိုးစားခဲ့ရသည်။
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ရခိုင်ပြည်နယ်ရှိ ရှေ့တန်းတပ်စခန်းတစ်ခုသို့ အပို့ခံခဲ့ရသော အသက် ၁၇ နှစ်ရှိ မောင်အောင်နိုင်ဝင်းကို ၎င်း၏ မိဘများထံ တပ်မတော်က ပြန်အပ်လိုက်ပြီဖြစ်သည်။
မောင်အောင်နိုင်ဝင်းကို တပ်မတော်က ဒီဇင်ဘာလ ၂၃ ရက်တွင် တောင်ကုတ်မြို့၌ ၎င်း၏ဖခင် ဦးကိုကိုဝင်းထံ လွှဲပြောင်းပေးခဲ့ပြီး ၎င်းသည် ယခုအခါ မိဘများနှင့်အတူ ရန်ကုန်မြို့တွင် ရောက်ရှိနေသည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးနိုင်က Myanmar Now ကို ပြောသည်။
“ကိုယ့်သားလေးကို တွေ့ရတာ အစ်မကြီးဘဝ ပြန်ရှင်သန်လာသလိုပဲ တော်တော်ကို ဝမ်းသာတာ” ဟု ဒေါ်အေးအေးနိုင်က ပြောသည်။
တပ်သားအောင်နိုင်ဝင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံး၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်စွဲပါ အမိန့်စာအရ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မိဘများထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ကျောက်ဖြူအခြေစိုက် အမှတ် (၅၄၂) ခြေမြန်တပ်ရင်း၏ ရုံးစာတွင် ယင်းတပ်ရင်းမှ ဗိုလ်ကြီးဝေမင်းနှင့် မောင်အောင်နိုင်ဝင်း၏ ဖခင် ဦးကိုကိုဝင်းတို့က လက်မှတ်ရေးထိုးထားသည်။
“အရမ်းပျော်တာပေါ့။ ဘယ်လိုလဲဆိုတော့ ကျွန်တော် မပြောတတ်ဘူး။ အရမ်းပျော်တာတစ်ခုပဲ ပြောတတ်တယ်” ဟု မောင်အောင်နိုင်ဝင်းက Myanmar Now ကို ပြောသည်။
မောင်အောင်နိုင်ဝင်းကို မိဘထံ ပြန်လွှဲပြောင်းပေးပြီးကြောင်း သီးခြားအတည်ပြုရန် ခမရ ၅၄၂ မှ ဗိုလ်ကြီးဝေမင်းနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိသေးပါ။


ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာဇာတိ မောင်အောင်နိုင်ဝင်းသည် ဧပြီလနှောင်းပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တပ်မတော်သားအဖြစ် စုဆောင်းခံခဲ့ရကာ ရခိုင်ပြည်နယ် မင်းပြားအနီးရှိ ရှေ့တန်းတပ်စခန်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ တပ်မတော်မှ နုတ်ထွက်ခွင့်ရရန် ၎င်း၏ မိဘများက ကြိုးစားနေသည်မှာ နှစ်လကျော် ကြာခဲ့ကြောင်း Myanmar Now က ဒီဇင်ဘာလ ၁၃ ရက်တွင် သတင်းနှင့် ရုပ်သံများ ရေးသားဖော်ပြခဲ့သည်။
မောင်အောင်နိုင်ဝင်းကို မိဘထံ ပြန်အပ်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ အမိန့်ကျပြီဟု အဆိုပါ ညနေတွင်ပင် တပ်မတော်ဘက်က အကြောင်းကြားလာကြောင်း၊ သုံးရက်အကြာတွင် ရှေ့တန်းတပ်စခန်းမှ တောင်ကုတ်မြို့ရှိ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ ပြန်ပို့ပေးခဲ့ကြောင်း ဒေါ်အေးအေးနိုင်က ပြောသည်။
တပ်မတော်မှ နုတ်ထွက်ပြီးဖြစ်၍ ၎င်းစိတ်ဝင်စားသည့် ကွန်ပျူတာပိုင်းဆိုင်ရာနှင့် ဖုန်းပြင်သည့် ပညာရပ်ကို သင်ယူလိုကြောင်း ပြောသည်။
၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် မောင်အောင်နိုင်ဝင်းကဲ့သို့ပင် အသက်မပြည့်သေးသည့် ကယန်းလူမျိုး လူငယ်နှစ်ဦး တပ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး ပြန်လည်ခေါ်ထုတ်ရန် မိဘများက ကြိုးပမ်းနေကြောင်း ၎င်းတို့၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲတစ်ခုကို ဒီဇင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။
ကလေးစစ်သား အသုံးပြုမှုပပျောက်ရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား သဘောတူညီချက် ရရှိခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် မတ်လအထိ တပ်မတော်မှ ကလေးစစ်သား ၉၈၇ ဦးကို မိဘထံ ပြန်လွှဲပေးခဲ့ပြီး တပ်မတော်အရာရှိနှင့် စစ်မှုထမ်း ၄၄၈ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ဇွန်လ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။















