အသေးစားချေးငွေလုပ်ငန်းအောင်မြင်ရန် နိုင်ငံ့ပင်မစီးပွားရေး အရင်တက်ဖို့လို

ရှစ်နှစ်အတွင်း အသင်းအဖွဲ့ပေါင်း ၂၀၀ နီးပါးအထိ ရှိလာသည်အထိ အသေးစားငွေချေးလုပ်ငန်းများ တိုးပွားလာခဲ့သော်လည်း ၃ သန်းကျော်သော ငွေချေးသူအသင်းသားများ အကြွေးသံသရာလည်နေရသည့် အကြောင်းရင်းနှင့် သတိပြုရမည့်အချက်များကို စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပြထားသည်။

Published on Dec 24, 2019
မြန်မာ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး ( ဓာတ်ပုံ - ဒေါက်တာဇော်ဦး)
မြန်မာ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး ( ဓာတ်ပုံ - ဒေါက်တာဇော်ဦး)

အသေးစားချေးငွေ လုပ်ငန်းများမှရသည့်ငွေဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အစိုးရက ရည်မှန်းထားခဲ့သော်လည်း အောက်ခြေတွင် အသင်းသားအများအပြားမှာ အသေးစားချေးငွေကို ပြန်ဆပ်နိုင်ရေးအတွက် အရပ်ထဲမှ ငွေတိုးချေးစားသူများထံမှ အတိုးနှုန်းကြီးမြင့်စွာ ပြန်ချေးကာ အကြွေးကိုအကြွေးဖြင့် ဆပ်နေရသည်။

ပြည်သူ့လွှတ်တော်၏ စစ်တမ်းတစ်ခု၌ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ပရဟိတအမည်တပ်၍ စီးပွားရေးဆန်ဆန်လုပ်ကိုင်နေမှုများကြောင့် ပြည်သူများ အကြွေးနွံနစ်မှု ထောင်ချောက်နှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြပြောဆိုထားသည်။

အကြွေးထောက်ချောက်အတွင်း အကြွေးထပ်ပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း ချေးငွေရယူထားသူ ၃ ဒသမ ၃ သန်းကျော် (နိုင်ငံလူဦးရေ၏ ၆ ဒသမ ၂ ရာခိုင်နှုန်း) ရှိသည့် အသေးစားငွေချေးကဏ္ဍအပေါ် မြန်မာ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးအား Myanmar Now က မေးမြန်းထားပါသည်။

Myanmar Now ။ ။ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် လုပ်နေတဲ့ အသေးစားချေးငွေကဏ္ဍရဲ့ လက်ရှိအနေအထင်အပေါ် ဆရာ့အမြင်လေး သိချင်ပါတယ်ဗျ။

ဒေါက်တာဇော်ဦး ။ ။ အဓိက ကတော့ သူတို့ လုပ်ငန်းစဉ်အရ လူတိုင်း ငွေချေးနိုင်ရမယ်။ အတိုးနှုန်းသက်သက်သာသာနဲ့ လက်လှမ်မီတဲ့နေရာတွေမှာ ငွေချေးနိုင်ရမယ်ဆိုတဲ့ ရှုထောင့်ကကြည့်ရင်တော့ အသေးစားငွေစု၊ ငွေချေးလုပ်ငန်းတွေက ဘာပဲပြောပြော financial inclusion (ငွေရေးကြေးရေးကဏ္ဍတွင် ပါဝင်လာနိုင်ရေး) ခေါ်တဲ့ ရည်ရွယ်ချက်ကိုတော့ ပြည့်မီတယ်လို့ ပြောလို့ရမှာပေါ့နော်။ ဒါပေမဲ့ ပြဿနာက ဘာဖြစ်နေလဲဆိုတော့ ဒီငွေချေးပြီးတော့ စီးပွားရေးတစ်ခုခု ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းမှုတစ်ခုခုအတွက် အရင်းအနှီးတစ်ခုလိုမျိုး ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ကိစ္စက နိုင်ငံရဲ့စီးပွားရေးအနေအထားရ ခက်နေတယ်လို့ ပြောလို့ရပါတယ်။

ဒါကတော့ အသေးစားမပြောနဲ့ အကြီးစားတွေတောင်မှ ခက်နေတာပေါ့နော်။ အဲဒီတော့ အသေးစားတွေအတွက်ဆိုရင် တွေးဝံ့စရာတောင်မရှိဘူးပေါ့နော်။ အကြီးစားတွေကျတော့ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေကြတာပေါ့။ အသေးစားတွေကျတော့ မလုပ်လို့က မရဘူး။ အရင်းအနှီးနဲ့ လုပ်ရမယ်ဆိုတဲ့ဟာတွေဖြစ်တယ်။ ဒါပေမဲ့ အဲဒီ အရင်းထဲက ပြုတ်သွားပြီးတော့ အရှုံးပေါ်နေတာတွေက များများလာတော့ သူတို့ရဲ့အကြွေးက နစ်သထက် နစ်လာတာပေါ့နော်။

ဒီကိစ္စကတော့ ငွေစုငွေချေးလုပ်ငန်းဆိုတာထက် စီးပွားရေးနဲ့ ဆိုင်တယ်။ ကျွန်တော်တို့နိုင်ငံ စီးပွားရေးအခွင့်အလမ်းက ပျောက်ဆုံးနေတဲ့သဘောရှိတယ်။ တောင်သူတွေဆိုလည်း အရင်းနှီးလေးတစ်ခုလိုမယ်။ ငွေလေးချေးမယ်။ ပြီးရင် စိုက်မယ်။ ပျိုးမယ်။ ရောင်းမယ်။ ဒါပေမဲ့ ရောင်းတဲ့အချိန်ကျတော့ ဈေးကွက်က အကုန်လုံးမရှိဘူးဖြစ်နေတယ်။ ယခင်မှီခိုနေကျ ဈေးကွက်တွေ ပျက်ကုန်တယ်။ ဒါမှမဟုတ် ရပ်ကုန်တယ်။ ကုန်ပို့မရတော့ဘူး။ အခုဆိုရင် တောင်သူတွေ အကြီးအကျယ်ဒုက္ခရောက်နေတယ်။ နောက်ပြီး ကျန်တဲ့ ကုန်ပစ္စည်းထုတ်လုပ်တဲ့လူတွေဆိုလည်း ထိုနည်းလည်းကောင်းပဲပေါ့နော်။ အဲဒီတော့ ဒီကိစ္စကတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ကိစ္စပါ။

Myanmar Now ။ ။ အသေးစားချေးငွေ ယူထားသူတွေနဲ့တွေ့ပြီး စကားပြောကြည့်တော့ တော်တော်များများက ကုမ္ပဏီတစ်ခုထက်မကယူထားတာတွေ၊ အရင်းနှီးအရှုံးပေါ်တာတွေကြောင့် အကြွေးပေါ် အကြွေးထပ်နေတာတွေကို တွေ့ရပါတယ်။ ဒီကဏ္ဍရဲ့ အဓိက ချို့ယွင်းချက်က စီးပွားရေးပြဿနာကြောင့်ပဲလား။

ဒေါက်တာဇော်ဦး ။ ။ ဒီလူတွေက ဒီချေးငွေကို ယူပြီး စီးပွားရေးတစ်ခုခုမလုပ်ရရင် သူတို့အတွက် တစ်နေ့ဝမ်းစာ တစ်နေ့ရှာမစားနိုင်တဲ့ လက်လုပ်လက်စားလေးတွေလည်း အများကြီးရှိတယ်။ သူတို့အတွက်ကျတော့ တစ်နေရာကနေ ချေးလိုက်တယ်။ လုပ်ငန်းတစ်ခုလုပ်လိုက်တယ်။ ပြီးရင် စားလိုက်တယ်။ ပြီးရင် နောက်တစ်နေရာကနေ ပြန်ချေးပြီး ပြန်ဆပ်တယ်။ ဒီလိုနဲ့ အကြွေးသံသရာလည်နေတဲ့ဟာ။ သူတို့ ဒီဘဝက လွတ်မြောက်ဖို့ဆိုရင်တော့ တကယ်ပင်မစီးပွားရေးက တက်လာဖို့တော့ လိုတာပေါ့။

ဒါပေမယ့်လည်း တခြား SMEs(အသေးစား၊အလတ်စားစီးပွားရေး)တွေလိုမျိုး၊ အကြီးစားတွေကို ချေးပြီးတော့ မှားယွင်းတဲ့ စီးပွားရေးသုံးသပ်ချက်တွေ လုပ်မိတဲ့ကိစ္စတွေမဖြစ်အောင် တားဆီးဖို့ဆိုရင် ခုနကပြောတဲ့ ချေးငွေလုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနိုင်တဲ့ သတင်းအချက်အလက်နဲ့ အဲဒီသတင်းအချက်အလက်ပေါ်မှာ အခြေခံပြီးတော့ အဆုံးအဖြတ်စီမံခန့်ခွဲပေးမယ့် Credit Bureau (ချေးငွေသတင်းအချက်အလက်ဌာန)လိုဟာမျိုး လိုအပ်တာတော့ အမှန်ပဲ။ ဒီ credit bureau မှာလည်း တကယ့်အသေးစားနဲ့ အငယ်စားချေးငွေ အစီစဉ်တွေ အတွက်တော့ လုပ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေကို စောင့်ကြည့်ဖို့ဆိုရင် ပိုပြီးတော့ တီထွင်ဆန်းသစ်ထားတဲ့ နည်းနာတွေကို အသုံးပြုလာတာတွေရှိတာပေါ့နော်။ ဆိုကြပါဆို့ mobile money လိုဟာမျိုးဆိုရင် သူတို့ရဲ့ မိုဘိုင်ဖုန်းတွေ သုံးစွဲမှု၊ သုံးစွဲပုံတွေကို ကြည့်ပြီးတော့ ချေးငွေကို ပေးသင့်၊ မပေးသင့် ဆုံးဖြတ်တာတွေ။ အသေးစားတွေဆိုရင် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မိုဘိုင်းဖုန်းပေါ်ကနေ ရောင်းတဲ့ဟာမျိုးဆိုရင် စာရင်းတွေကို သေချာကြည့်ပြီးတော့မှ ချေးငွေကို ချေးသင့်၊ မချေးသင့် ဆုံးဖြတ်ရမှာပါ။

ဒီလိုသတင်းအချက်အလက်တွေကို စုဆောင်းတဲ့ နည်းစနစ်တွေကိုတော့ ကမ္ဘာပေါ်မှာ ပေါ်လာပြီပေါ့နော်။ တကယ့်ဆင်းရဲသားတွေကတော့ credit bureau မှာ စာရင်းမဝင်ပေမယ့်လည်း သွယ်ဝိုက်သောနည်းအားဖြင့် သတင်းအချက်အလက်စုစည်းမှုကနေလည်း ရနိုင်တဲ့ အနေအထားတွေလည်းရှိနေပါတယ်။

ဒါကို နိုင်ငံတော်အစိုးရက အားပေးသင့်တာပေါ့။ တီထွင်ဆန်းသစ်တဲ့ပုံစံတွေနဲ့ ဆောင်ရွက်နေတာတွေလည်း ကျွန်တော်တို့မတွေ့ရဘူး။ e-Government ဆိုတာကိုတော့ လုပ်နေတယ်။ e-Government ဆိုတာကလည်း ပြည်သူ့ကို ဗဟိုပြုတဲ့ e-Governmentမျိုး ဖြစ်မလာသေးဘူး။ ဒီကြားထဲမှာတော့ အသေးစားငွေစု၊ ငွေချေးလုပ်ငန်းထဲမှာပဲ နစ်မြုပ်နေတဲ့ လက်လုပ်လက်စား ပြည်သူတွေရဲ့ အခြေအနေကလည်း အခုထက်ထိ ရင်မအေးရသေးဘူးပေါ့။

Myanmar Now ။ ။ အသေးစားငွေစု၊ ငွေချေးလုပ်ငန်းက ဆင်းရဲမွဲတေမှုပပျောက်ဖို့၊ တရားမဝင်ချေးငွေလုပ်ငန်းတွေ လျော့ကျဖို့ပေါ့နော်။ လက်ရှိအနေအထားမှာ တိုးတက်မှုတွေရှိလား။

ဒေါက်တာဇော်ဦး ။ ။ နိုင်ငံတော်အစိုးရရဲ့ ပင်မတာဝန်က စီးပွားရေးကို တိုးတက်အောင်လုပ်ပေးဖို့က အဓိက တာဝန်ရှိတယ်။ စီးပွားရေးတိုးတက်ပြီဟေ့ဆိုရင် အဲဒီတိုးတက်တဲ့နောက်ကို အမီလိုက်နိုင်အောင်လို့ အားနည်းနေတဲ့ သူတွေအတွက် အခုလိုမျိုး အသေးစားငွေစု၊ ငွေချေးလုပ်ငန်းတွေ ဖန်တီးပေးခြင်းအားဖြင့် ဒီလူတွေကလည်း သူတို့မှာ အရင်းနှီးမရှိလို့ စီးပွားရေးတိုးတက်မှုလှိုင်းကို မစီးနိုင်ဘူးဆိုတဲ့ (ဟာမျိုးမဖြစ်ဘဲ) အခွင့်အလမ်းမှာ ညီတူညီမျှရနိုင်တာပေါ့။ ဒီနေရာမှာ ဆင်းရဲတဲ့သူတွေကလည်း အမှီလိုက်နိုင်တဲ့အနေအထားရှိတယ်။ ဆင်းရဲမှုကလည်း လွတ်မြောက်နိုင်မယ့် အနေအထားရှိတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ပြဿနာက သူဌေးကြီးတွေတောင်မှ ငိုနေရတဲ့ဘဝမှာ ကျန်တဲ့ဟာက ဘယ်လိုနည်းနဲ့မှ မကယ်နိုင်တော့ဘူးဆိုတဲ့အနေအထားဖြစ်နေတာပေါ့။

ကျွန်တော်ပြောချင်တာက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အဓိက ကျတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိအောင်လုပ်ပေးဖို့က အစိုးရရဲ့ ပဓာနတာဝန်။ ဆင်းရင်းတဲ့သူတွေကို မကျန်ခဲ့အောင်၊ အမှီလိုက်နိုင်အောင် အသေးစားငွေစု၊ ငွေချေးလုပ်ငန်းတွေလုပ်ပေးတယ်ဆိုတာက ဒုတိယအဆင့်မှာ အသုံးပြုရမယ့် နည်းဗျူဟာဖြစ်သွားပြီ။ မဟာဗျူဟာမရှိပဲနဲ့ နည်းဗျူဟာတစ်ခုတည်းနဲ့ ဆင်းရဲတွင်းက လွတ်မြောက်အောင်လုပ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကျွန်တော်တို့နိုင်ငံစီးပွားရေးကတော့ ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက် ကျဆင်းနေတယ်ဆိုတော့ ပိုပြီးဆင်းရဲဖို့လမ်းက များတာပေါ့။ အဲဒါကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းကို ရှာကျန်ပြီး အဖြေရှာတာက အခုချိန် ဦးစားပေးလုပ်ရမယ့် တာဝန်လို့ထင်ပါတယ်။

Myanmar Now ။ ။  ဖြည့်စွက်ပြောလိုတာရှိသေးလားခင်ဗျား။

ဒေါက်တာဇော်ဦး ။ ။ ချေးငွေမှာက ပြဿနာက အတိုးနှုန်းက အခုထက်ထိ ကျမလာသေးဘူး။ ဝန်ထုပ်ဝန်ပိုးက ပိုပြီးဖြစ်တာပေါ့။ စီးပွားရေးတိုးတက်နှုန်းက ကျလာတဲ့အချိန်မှာ ချေးငွေနဲ့ ချေးပြီး ရင်းထားတဲ့လုပ်ငန်းတွေက ရှေ့မတိုးနိုင်တဲ့အချိန်မှာ အတိုးကြီးထဲထိုင်ဆပ်နေရတာ။ အတိုးနှုန်းကလည်း မကျဆိုတော့ ဘေးကျပ်နံကျပ်တွေ ဖြစ်ကုန်တာပေါ့။ အစိုးရကလည်း အတိုးနှုန်းလျှော့ချဖို့ကိစ္စကို စဉ်းစားသင့်ပါတယ်။

ဒီနှစ်ဆန်းလောက်က ၁၀၀ ကို ၂၈ ကျပ်ဆိုပြီး နည်းနည်းလျှော့ချထားတာတွေ့ရပေမဲ့ ဒီပမာဏကလည်း များနေပါသေးတယ်။ ဝင်လုပ်တဲ့လူလည်းများတယ်။ ဒါကြောင့်မို့လို့လည်း ဒီလုပ်ငန်းမှာ ချေးချင်တဲ့လူတွေကလည်း အများကြီးပဲ။ … ငွေစုငွေချေးလုပ်တဲ့လုပ်ငန်းတွေက တဖြည်းဖြည်း များများလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းပြည်စီးပွားရေးက တက်မနေဘူး။ အခုက ပိုပြီးတော့တောင် စိုးရိမ်ဖို့ကောင်းနေတယ်။ ပြည်သူတွေ အကြွေးတွေပတ်လည်းဝိုင်းနေတဲ့ကိစ္စ၊ မသိနားမလည်ဘဲနဲ့ ဒုက္ခတွေဖြစ်နေတဲ့ပြဿနာကို အစိုးရဘက်က ပြန်ပြီးတော့ ထိန်းညှိပေးဖို့ လိုနေတဲ့အချိန်ရောက်နေပြီ။ အခုက financial inclusion မဟုတ်တော့ဘူး။ အရင်တုန်းက ပြည်သူတွေ ချေးလို့မရမှာကြောင့်လို့ ကူတာကနေ အခု ချေးလွန်းအားကြီးလွန်းလို့ ပြဿနာတွေတက်နေတာကို ဘယ်လိုထိန်းညှိမလဲဆိုတဲ့ ရှု့ထောင့်ကနေ ပြန်စဉ်းစားဖို့လိုနေပြီ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading