ကိုသော်ဇင်မှာ လက်နှစ်ဖက်ပြင်းထန်စွာ ဒဏ်ရာရသွား၍ ဆေးရုံတက် ဆေးကုသရပြီး ကိုထွန်းရာဇာလွင်မှာ ကျောတွင်ပြတ်ရှဒဏ်ရာရခဲ့သော်လည်း လက်နက်ကိုင်ဆောင်မှုဖြင့် ပြန်အဖမ်းခံထားရသည်။
ရဲစခန်းအနီး ပုံထားသည့် တရားမဝင်သစ်ပုံကိစ္စ သစ်တောဌာနက ဖမ်းဆီးနိုင်အောင် သတင်းပေးတိုင်ကြားခဲ့သူနှစ်ဦးကို အမည်မသိလူအုပ်တစ်အုပ်က တုတ်၊ ဓါး လက်နက်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် အပြင်းအထန် ဒဏ်ရာရရှိသည့် ဖြစ်စဉ်တစ်ခု ပဲခူတိုင်းဒေသကြီး နတ်တလင်းမြို့တွင် ယခုလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။
MATA ၏ ပဲခူးတိုင်းအဖွဲ့ဝင် အသက် ၃၀ အရွယ် ကိုသော်ဇင်နှင့် မိတ်ဆွေဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုထွန်းရာဇာလွင်တို့ နှစ်ဦးမှာ နတ်တလင်းမြို့ တောင်ညိုဆည်ရဲစခန်း အနီးရှိ တရားမဝင် ကျွန်းသစ်ပုံကို သစ်တောဌာန တာဝန်ရှိသူများ ဖမ်းဆီးနိုင်ရန် သတင်းပေးခဲ့သလို ဖမ်းဆီးရာတွင်လည်း လိုက်ပါသွားခဲ့သည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) မှာ အရပ်ဘက် အဖွဲ့အစည်းများ၏ ကိုယ်စားပြု အဖွဲ့အစည်းအနေဖြင့် မြေယာ၊ သစ်တော၊ သတ္ထု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍများကို ပွင့်လင်းမြင်သာမှု ရှိစေရန် စောင့်ကြည့်လေ့လာနေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည်။
သာယာဝတီခရိုင် သစ်တော ဦးစီးမှူး ဦးလှဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုနေ့က ကိုသော်ဇင်၏ တိုင်ကြားမှုကြောင့် ကျွန်းသစ်ခွဲသား တစ်တန်ကျော် ဖမ်းဆီးရမိခဲ့ပြီး အန္တရာယ်များသည့်အတွက် သွားရောက်ဖမ်းဆီးသည့် သစ်တောဝန်ထမ်းများနှင့် လိုက်ပါမသွားရန် တားဆီးခဲ့သေးကြောင်း ပြောသည်။


ယခုလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ယင်းတရားမဝင် ကျွန်းသစ်ခွဲပုံကို ဖမ်းဆီးပေးရန် သာယာဝတီခရိုင် သစ်တောဦးစီးမှူးကို တိုင်ကြားခဲ့ပြီး ထိုနေ့ ညနေပိုင်းတွင် သစ်တောအဖွဲ့နှင့်အတူ လိုက်ပါကူညီခဲ့ရာမှ အပြန်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရိုက်နှက်ခံရသူတစ်ဦးဖြစ်သည့် ကိုသော်ဇင်က ပြောသည်။
အမည်မသိသည့် လူအုပ်စုက ၎င်း၏ ဦးခေါင်းကို တုတ်ဖြင့် ရိုက်နှက်ခဲ့ပြီး လဲကျသွားသည့်အချိန်တွင် ဓါးဖြင့် ဦးခေါင်းကို တိုက်ခိုက်ခဲ့ရာ လက်ဖြင့်ကာပြီး အနီးရှိ ပဲခင်းအတွင်းသို့ ထွက်ပြေးပုန်းအောင်းနေခဲ့ကြောင်း၊ ကျန်ခဲ့သည့် ၎င်း၏ မိတ်ဆွေ ကိုထွန်းရာဇာလွင်ကို ထိုလူအုပ်က ဆက်လက်တိုက်ခိုက်ခဲ့ပြီး ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်းပြောသည်။


နောက်နေ့ မနက်ပိုင်းအထိ ၎င်း၏မိတ်ဆွေ ကိုထွန်းရာဇာလွင် ပျောက်ဆုံးနေ၍ ရဲစခန်းသို့ ဆက်လက်စုံစမ်းရာတွင် တောင်ညိုဆည် ရဲစခန်းက လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်ထားပြီး နတ်တလင်း ရဲစခန်းတွင် ချုပ်နှောင်ထားသည်ကို သိရှိရကြောင်း ကိုသော်ဇင်ကပြောသည်။
ကိုထွန်းရာဇာလွင်ကို ဖမ်းဆီးပြီး ၅ ရက်ခန့်အကြာ ယနေ့တွင် ရဲစခန်းက အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းကဆိုသည်။
ကိုသော်ဇင်မှာ ဓါးဖြင့်တိုက်ခိုက်ခံရသည့် ဒဏ်ရာကြောင့် လက်နှစ်ဖက်တွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ပြီး ပြည်ဆေးရုံတွင် တက်ရောက်ကုသခဲ့ရပြီး ကိုထွန်းရာဇာလွင်မှာ ဓါးဖြင့် တိုက်ခိုက်မှုကြောင့် နောက်ကျောဘက်တွင် ပြတ်ရှဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ၎င်းအပိုင်နယ်မြေတွင် လက်နက်ကိုင်ဆောင်ထားသည့် ကိုထွန်းရာဇာလွင်ကို တွေ့ရှိ၍ ခေါ်ယူစစ်ဆေးခဲ့ပြီး တောင်ညိုဆည် ရဲစခန်းတွင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်ထားပြီး နတ်တလင်း ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း တောင်ညိုဆည် ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်စိုးက Myanmar Now ကို အတည်ပြုသည်။
အဆိုပါ သတင်းပေးသူများ တိုက်ခိုက်ခံရမှုအပေါ် မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရသေးကြောင်း၊ တိုက်ခိုက်ခံရသည့် ကာယကံရှင်များကလည်း အမှုလာဖွင့်ခြင်းမရှိသေးကြောင်း ရဲအုပ်တင်စိုးကဆိုသည်။
သာယာဝတီခရိုင်တွင် သစ်ခိုးထုတ်မှုများရှိနေပြီး ၂၀၁၈-၂၀၁၉ တစ်နှစ်ထဲတွင် သစ်မျိုးစုံ တန်ချိန် ၅၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီခရိုင် သစ်တောဦးစီမှူး ဦးလှဦးကပြောသည်။
၂၀၁၄ ခုနှစ်နှောင်းပိုင်တွင် မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး EITI လုပ်ငန်းစဉ်၏ စံချိန်၊ စံညွှန်းများကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် အစိုးရများ၊ ကုမ္ပဏီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










