ဆွေးနွေးဖို့အလှမ်းဝေးဆဲ လုံခြုံရေးကဏ္ဍ

ငြိမ်းချမ်းရေးရည်ရွယ်ချက်နဲ့ အကြိမ်ကြိမ် တွေ့ဆုံကြပြီးဖြစ်ပေမယ့် လုံခြုံရေးကဏ္ဍ အကြောင်း ပြောဆိုဆွေးနွေးဖို့ အသင့်မဖြစ်ကြသေးပါ။

၂၁ ရာစုပင်လုံ အစည်းအဝေးဖွင့်ပွဲတွင် တွေ့ရသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

(နေပြည်တော်) — ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ဟာ တတိယအကြိမ် အစည်းအဝေးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် ကဏ္ဍကြီး ငါးရပ်ထဲက လုံခြုံရေးကဏ္ဍကိုတော့ ယနေ့တိုင် ဆွေးနွေးနိုင်ခြင်းမရှိသေးပါဘူး။

၂၁ ပင်လုံမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍဆိုပြီး ကဏ္ဍကြီး ငါးရပ် ရှိပါတယ်။

ဆွေးနွေးနေကြတဲ့ အစုအဖွဲ့ ငါးဖွဲ့ကတော့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတို့ပဲ ဖြစ်ပါတယ်။

လုံခြုံရေးကဏ္ဍမှာ နိုင်ငံတော် ကာကွယ်ခြင်းနဲ့ ပြန်လည်ပေါင်းစည်းခြင်း ဆိုတဲ့ အဓိက ခေါင်းစဉ်ကြီး နှစ်ရပ် ပါဝင်ပါတယ်။

ပြန်လည် ပေါင်းစည်းရေးကဏ္ဍမှာ တစ်ခုတည်းသော တပ်မတော် ထားရှိရေးကို တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် နှစ်ဘက်လုံးက သဘောတူကြပေမယ့် ဘယ်လို တစ်ခုတည်းသော တပ်မတော်လဲဆိုတာ ကိုတော့ ဆွေးနွေးညှိနှိုင်းရမှာဖြစ်ပါတယ်။

Disarmament, Demobilization, and Reintegration (DDR) လို့ အတိုကောက် ခေါ်ကြတဲ့ လက်နက်ဖြုတ်၊ တပ်ဖျက်ပြီး တစ်ခုတည်းသော တပ်မတော်အဖြစ် ပြန်လည်ပေါင်းစည်းမှာလား။ Security Sector Reform (SSR) လို့ ခေါ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အောက် ပြည်နယ်တပ်တွေကပါ စုပေါင်း တာဝန်ယူရတဲ့ စနစ်မျိုးနဲ့သွားမလားဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

လုံခြုံရေးကဏ္ဍမှာ အချက်တစ်ချက်မှ သဘောမတူနိုင်သေးဘူး ဆိုတာကိုတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ UPDJC ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ပင်လုံ တတိယ အစည်းအဝေး အပိတ်မိန့်ခွန်းပြောချိန်မှာ ဖွင့်ဟ ဝန်ခံသွားပါတယ်။

လုံခြုံရေးကဏ္ဍ ညှိနှိုင်းဖို့ အဘက်ဘက်က သတိကြီးစွာနဲ့ ဆောင်ရွက်နေတာ တွေ့ရကြောင်း၊ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးတယ်ဆို တဲ့ အကြောင်း၊ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်ဖို့လိုတဲ့ အကြောင်း နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

လုံခြုံရေးနဲ့နိုင်ငံရေး ကဏ္ဍနှစ်ခုက ဆက်စပ်နေတယ်

ဒီလုံခြုံရေးကဏ္ဍ ဆွေးနွေးဖို့က နိုင်ငံရေးကဏ္ဍမှာ အနာဂတ် ဖက်ဒရယ််ပြည်ထောင်စုကို ကိုယ်စားပြုနိုင်မယ့် အချက်တွေကို ဆွေးနွေးအတည်ပြုနိုင်ဖို့က အရေးကြီးတယ်လို့ UPDJC ရဲ့ အစုအဖွဲ့အသီးသီးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

လုံခြုံရေးကဏ္ဍမှာ သဘောတူညီချက်မရတာသေးတာက နိုင်ငံရေးကဏ္ဍမှာ ဖက်ဒရယ်မူတွေ မရှိသေးတာကြောင့်ဖြစ်တယ်လို့ UPDJC ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာက သုံးသပ်ပါတယ်။

နိုင်ငံရေးကဏ္ဍက ဖက်ဒရယ်နိုင်ငံတော်ဖြစ်ဖို့ ပိုမိုသေချာတဲ့ အချိန်ရောက်မှ ဖက်ဒရယ်မူတွေနဲ့ ကိုက်ညီတဲ့ လုံခြုံရေး အချက်အလက်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ် တဲ့။

“နိုင်ငံရေး သဘောတရား ဘာလဲဆိုတာ ဖက်ဒရယ် ပရင်စီပယ် (မူ) ချမှတ်ပြီး ဖက်ဒရယ်နိုင်ငံ တည်ထောင်ဖို့ သေချာ သလောက်ရှိပြီဆိုမှ လုံခြုံရေးကဏ္ဍကိုဆွေးနွေးရမှာပါ” လို့သူက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒ အကြံဉာဏ်တွေပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Myanmar Institute for Peace and Security ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးကလည်း နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ နှစ် ခုက ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်ကတော့ လုံခြုံရေးကဏ္ဍမှာ တိုးတက်လာမှ နိုင်ငံရေးကဏ္ဍကို ဆွေးနွေးချင်ပြီး၊ သူတို့ရဲ့ စိုးရိမ်မှုက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက် လက်နက်ကိုင်စွဲနေမှာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ရဲ့ စိုးရိမ်ချက်က ဖက်ဒရယ် ရသွားပြီဆိုတဲ့အချိန်မှာ ဒီအဖွဲ့တွေ ဆက်ပြီး လက်နက်ကိုင် ထားမယ်ဆိုရင် အဆင်မပြေဘူးဆိုတဲ့ အမြင်မျိုးရှိတယ်” လို့ သူကသုံးသပ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးစနစ်သာမက ၂ဝဝ၈ အခြေခံဥပဒေပါ အပြောင်းအလဲတွေဖြစ်လာမှာဖြစ်လို့ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ လုံခြုံရေးစနစ်ကို လိုချင်နေကြတယ်လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံများတဲ့ ဦးမင်းဇော်ဥိးက ရှင်းပြပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ ဖက်ဒရယ်သွားမယ်ဆိုရင် နောင်ဖြစ်လာမယ့် လုံခြုံရေးစနစ်က ဖက်ဒရယ် ဒီမိုကရေစီနဲ့ ကိုက်ညီမယ့် စနစ်မျိုးဖြစ်ရမယ်ဆိုတဲ့ သဘောမျိုးရှိတော့ အဲဒီနှစ်ခုမှာ ဘယ် အာဂျင်ဒါ (လုပ်ငန်းအစီအစဉ်) ကတော့ဖြင့် ဆွေးနွေးသင့်တယ်။ ညှိနှိုင်းသင့်တယ်ဆိုတာမှာ ညှိရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်” လို့ ဒီလ ၁၅ရက်နေ့က ပင်လုံအစည်းအဝေးအပြီးမှာ Myanmar Now ကိုပြောပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ ဘယ်လိုပဲ စိုးရိမ်မှုတွေရှိနေပါစေ လုံခြုံရေးကဏ္ဍ သဘောတူညီချက်တွေ ရဖို့ အတွက်ဆိုရင်တော့ ဆွေးနွေးပွဲတွေ စတင်ဖို့က လိုအပ်ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် လည်း လုံခြုံရေး ကဏ္ဍမှာ ဘယ်လို အချက်တွေကိုဆွေးနွေးမလဲ ဆိုတာက အလွန်အရေးကြီးပါတယ်။

ဒါကို နိုင်ငံတော် အတိုင်ပင်ခံကလည်း “နိုင်ငံရေး ဆွေးနွေးမှု မူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဒီဇိုင်းတွေကို အရှိအတိုင်း ရဲရဲတင်းတင်းပြန်လည်သုံးသပ်ဖို့လိုတယ်” လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

အနာဂတ် တပ်မတော်

လုံခြုံရေးကဏ္ဍလို့ ပြောမယ်ဆိုရင်တော့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုရဲ့ တစ်ခုတည်းသော တပ်မတော်ဖြစ်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်ဆိုတာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးးကြီးမင်းအောင်လှိုင်ကလည်း အစည်းအဝေးဖွင့်ပွဲနေ့မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လုံခြုံရေးကဏ္ဍမှာ ဆွေးနွေးထားတဲ့အချက်တွေသာ သဘောတူညီမှု ရခဲ့မယ်ဆိုရင် ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမှာပါ။ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပြီးရင်တော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ အရေးပါလှတဲ့ အခြေခံဥပဒေသစ်မှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

အနာဂတ်ရဲ့ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ အမြင်အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရော တပ်မတော်ဘက်ကပါ ဘုံသဘော တူညီချက်တွေရှိပြီးသားပါ။ အဲဒီတပ်မတော်က ဘယ်လိုပုံစံမျိုးလဲ ဆိုတာကိုတော့ သူတို့ မဆွေးနွေးနိုင်ကြသေးပါဘူး။

ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူးဦးခင်ဇော်ဦးက လုံခြုံရေးကဏ္ဍမှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ အဓိက ခေါင်းစဉ်ကြီး နှစ်ခု ရှိတယ်၊ နိုင်ငံတော် ကာကွယ်ရေးကိစ္စကို ဆွေးနွေးကြတဲ့အခါမှာ တစ်ခုထဲသော တပ်မတော် ထားရှိရေး မူကို နှစ် ဖက်လုံးက လက်ခံကြတယ်လို့ ပြောပါတယ်။

“အဲဒီအပေါ်မှာ သူတို့က စိုးရိမ်မှုတွေ လျော့နည်းသွားရင်တော့ ဒီဟာကို ဆက်ပြီးဆွေးနွေးဖြစ်သွားမယ်” လို့ ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကတည်းက အရေးပါသူတစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ရှင်းပြပါတယ်။

NCA ထိုးထားတဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ အပေါ်မှာ သဘောတူညီပေမယ့် ဒါနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဆွေးနွေးညှိင်းနှိုင်းဖို့ လိုအပ်နေသေး တယ်လို့ ဆိုပါတယ်။

“အရင်ကဆိုရင် လုံခြုံရေးကဏ္ဍဟာ ဆွေးနွေးလို့မရဘူး ပြောလို့မရဘူး ဖြစ်ရာကနေ တဖြည်းဖြည်းနဲ့ ဆွေးနွေးလို့ရလာတာ တိုးတက်တဲ့အချက်ပါ” လို့ သူက အကောင်းမြင်ပါတယ်။

“ဆွေးနွေးတဲ့ ပုံစံမှာ ကိုယ်ဘာဖြစ်ချင်တယ်၊ သူဘာဖြစ်ချင်တယ်၊ အဲဒါတွေကို နှစ်ဖက် ပြောလိုက်ကြပြီးတော့မှ အဓိပ္ပာယ်ကို ထပ်ပြီး ဖွင့်ဆိုတာက ပိုပြီး ပြည့်စုံပါတယ်”

SSR - DDR ပြဿနာ

SSR နဲ့ DDR ဆိုတဲ့ နှစ်ချက်ဟာ အလွန် ထိလွယ်၊ ရှလွယ် နိုင်တာကြောင့် ဒီမေးခွန်းနဲ့ ပတ်သက်ရင် တပ်မတော်နဲ့ တိုင်းရင်းသား နှစ်ဖွဲ့လုံးက ဖြေဆိုဖို့ လက်တွန့်ကြပါတယ်။

UPDJC တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဆလိုင်း လျံမှုန်း ဆာခေါင်းကတော့ လုံခြုံရေးကဏ္ဍဟာ တစ်ကြိမ်တည်းနဲ့ ကိုင်တွယ်ဖြေရှင်းလို့မရနိုင်ဘူး လို့ နားလည်ထားသူပါ။

“ကျန်တဲ့ကဏ္ဍတွေ ဆွေးနွေးပြီးတော့ အဆင်ပြေရင် ဒါကိုလည်း ဆွေးနွေးမယ်လို့ တင်ပြထားပါတယ်” လို့ သူက ပြောပါတယ်။

နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ UPDJC ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးသုဝေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေး ညှိနှိုင်းဖို့ ခက်ခဲတာတွေ ယာယီ ချန်ခဲ့ဖို့၊ တူညီချက်တွေကို စုပေါင်းပြီးတော့မှ ရင်းနှီးမှု ရလာရင် ပြန်လည်ဆွေးနွေးဖို့ဆိုတဲ့ သဘောထားရှိတယ်လို့ ပြောပါတယ်။

“ခက်တဲ့ ဥစ္စာထားခဲ့တာပေါ့ ကျန်တဲ့ဟာတွေ များများလုပ်ရင် အားရှိမယ်။ အဲဒီတော့မှ ဆွေးနွေးရင် ပိုကောင်းတယ် ဆိုတဲ့ သဘောပါပဲ” လို့ ညီလာခံ ပိတ်ပွဲ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

ဆလိုင်းလျန်မှုံးဆာခေါင်း၊ ဦးမင်းဇော်ဦး၊ ဒေါက်တာ တူးဂျာတို့ကတော့ SSR, DDR တို့ အကြောင်း ပြောဖို့ အချိန် မတန်သေးဘူးလို့ ယူဆကြပါတယ်။

“နည်းနည်း စောသေးတဲ့သဘောပေါ့။ လာတော့လာမှာပါ။ အထူးသဖြင့် SSR က အရင်လာမှာပေါ့။ ပြီးရင် DDR က လိုက်လာမှာပါ” လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

နောက်ဆုံး အပစ်ရပ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကတော့ လုံခြုံရေးကဏ္ဍ ကိုဆွေးနွေးသဘောတူနိုင်ဖို့က တပ်မတော်မှာပဲ အဓိကမူတည်တယ်လို့ ပြောပါတယ်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading