အမေရိကန် ယမကာကုမ္ပဏီ ‘နယူးဘယ်ဂျီယံ’ ကို မြန်မာကီရင်ဘီယာက ဝယ်မည်

တက်ကြွလှုပ်ရှားသူများနှင့် ကန့်ကွက်ဆန္ဒပြသူများက အမေရိကန် နယူးဘယ်ဂျီယံကုမ္ပဏီ၏ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး တိကျခိုင်မာသော ကတိကဝတ်မရှိမှုများအပေါ် စိတ်ပျက်နေကြသည်။ 

အမေရိကန်အခြေစိုက် နယူးဘယ်ဂျီယံဘရူးဝင်း (New Belgium Brewing) ကုမ္ပဏီ၏ဝန်ထမ်းများသည် ၎င်းတို့၏ကုမ္ပဏီကို ဂျပန်အခြေစိုက် အင်အားကြီး ကီရင် (Kirin) ကုမ္ပဏီထံ လွှဲပြောင်းရောင်းချမည့်ကိစ္စ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးခဲ့ကြသည် ဟု ကုမ္ပဏီက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ထားသည်။

ထိုမဲပေးဆုံးဖြတ်မှုအပေါ် လူ့အခွင့်အရေးအုပ်စုများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် တောင်းဆိုမှုများရင်ဆိုင်နေရပြီး အမေရိကန်ရောက် ကရင်လူမျိုးအများစုက အဆိုပါရောင်းချမှုကို ဆန့်ကျင်ကြသည်။

တိုင်းရင်းသားလူမျိုးစုများအပေါ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကီရင်ကုမ္ပဏီက စစ်တပ်ကို ငွေကြေးအထောက်အပံ့အများအပြား ရရှိစေသည်ဟု ကုလသမဂ္ဂအထူးကျွမ်းကျင်သူများက စွပ်စွဲထားသည်။ 

နယူးဘယ်ဂျီယံကုမ္ပဏီဘက်က အဆိုပါစွပ်စွဲမှုများကို ငြင်းဆိုထားပြီး ကီရင်ကုမ္ပဏီနှင့်ပူးပေါင်းမည့်အတိုင်းသာ ဆက်ရှိသည်ဟုဆိုသည်။ နယူးဘယ်ဂျီယံသည် လိုအပ်သည့် ကနဦးနောက်ကြောင်းစုံစမ်းမှုများ ပြုလုပ်ထားပြီး ဖြစ်သလို ကီရင်ကုမ္ပဏီ၏ လူ့အခွင့်အရေး စံနှုန်းကတိကဝတ်ထားမှုများအပေါ် အားရကျေနပ်မှုရှိသည်ဟု ကုမ္ပဏီ၏ ပြန်ကြားဆက်ဆံရေး ဒါရိုက်တာ လေး ပီလ်ဆာက Myanmar Now ကို ပြောသည်။

“လူ့အခွင့်အရေးလေးစားလိုက်နာခြင်းက စီးပွားရေးလုပ်ငန်းတိုင်းရဲ့အခြေခံကျသောအချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကုမ္ပဏီတည်ထောင်သူ ကင်မ် ဂျော်ဒန်က အဆိုပါစွပ်စွဲမှုမှုသတင်းများအပေါ် “စိတ်ညစ်ညူးစရာ” ဟု တုံ့ပြန်ပြောဆိုထားဆဲဖြစ်သည်။ 

ကုမ္ပဏီလွှဲပြောင်းမှုများအပြီးတွင် ၎င်းက ကီရင်နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့နှင့် လက်တွဲလုပ်ဆောင်ပြီး ဂျပန်ကုမ္ပဏီ၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုကို ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဟု ဆိုထားသည်။ 

စိတ်ပျက်စရာဆွေးနွေးပွဲ

သို့ရာတွင် ထွက်ပေါ်လာသော မဲပေးမှုရလဒ်ကြောင့် တက်ကြွလှုပ်ရှားသူများ ကြေကွဲခဲ့ကြသည်။

ကရင်လူမျိုးရွေ့ပြောင်းဒုက္ခသည် ငါးဦးအပါအဝင် တက်ကြွလှုပ်ရှားသူ နှစ်ဒါဇင်ခန့်သည် အနုတ် ၁၈ ဒီဂရီဆဲစီးယပ် ပြနေသော ရာသီဥတုကို အန်တုပြီး နယူးဘယ်ဂျီယံကုမ္ပဏီရှိရာ ဖို့ဒ်ကောလင်းအရပ်၊ ကော်လိုရာဒိုပြည်နယ်တွင် ယခုလ ၁၄ ရက်နေ့က ကုမ္ပဏီရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ကုမ္ပဏီရောင်းချမည့်သတင်းက ဆန္ဒဖော်ထုတ်သူများအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပြီး စီးပွားရေးက “ကောင်းကျိုးဖြစ်စေဖို့အတွက် အင်အား” ဟု နယူးဘယ်ဂျီယံဘက်က သက်သေပြရန် အခိုင်အမာတောင်းဆိုထားသည်။

“လမ်းမတွေမှာ ရေခဲတွေ၊ နှင်းတွေ အပြည့်ဖုံးနေတယ်။ ကရင်ဒုက္ခသည်တွေက ဒန်းဗားအရပ်ကနေ ဒီအထိ မောင်းလာခဲ့ကြရတာပါ” ဟု ဖို့ဒ်ကော်လင်းအိမ်ခြေရာမဲ့များအဖွဲ့မှ ဆန္ဒပြမှုစီစဉ်သူတစ်ဦးဖြစ်သော လင်းသွန်ပဆမ်က ပြောသည်။ အဆိုပါအဖွဲ့က ဆန္ဒပြမှုကို ဝန်းရံပံ့ပိုးနေသော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။ 

ဂျပန်အခြေစိုက် ကီရင်ဘီယာကုမ္ပဏီသည် မြန်မာဘရူးဝါရီကုမ္ပဏီကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် အကျိုးတူပူးတွဲ ပိုင်ဆိုင်ထားသည်။ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်နေပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အသိုင်းအဝိုင်းက လက်မခံသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟု ကုလသမဂ္ဂက စွပ်စွဲကာ စစ်ဆေးရန် အဆိုပြုထားသည်။

မြန်မာစစ်တပ်သည် ၎င်း၏ စီးပွားရေးလုပ်ငန်းလမ်းကြောင်းများကို အသုံးပြုပြီး တိုင်းရင်းသားမျိုးနွယ်စုများနှင့် ရိုဟင်ဂျာတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ထားသည်ဟု ကုလသမဂ္ဂအချက်အလက်စုံစမ်းရေးမစ်ရှင်က ဆိုသည်။ 

နယူးဘယ်ဂျီယံကုမ္ပဏီကို ကီရင်၏လက်ခွဲကုမ္ပဏီဖြစ်သည့် Lion Little World Beverages ထံ လွှဲပြောင်းရောင်းချရေးအတွက် နယူးဘယ်ဂျီယံကုမ္ပဏီဝန်ထမ်းများက မဲပေးခဲ့ကြရာ ရောင်းချရေးဘက်က အနိုင်ရသွားခဲ့သည်။

ကုမ္ပဏီခေါင်းဆောင်ပိုင်းများဖြစ်သော ပိုင်ရှင် ဂျော်ဒန်နှင့် အမှုဆောင်အရာရှိချုပ် စတိဗ် ဖက်ဟိုင်းမားတို့က ဒီဇင်ဘာလ ၁၄ ရက်တွင် ဆန္ဒပြသူများကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့သည်။

“ကျွန်မတို့ရဲ့ မိတ်ဆွေတွေ စားသုံးသူပရိသတ်တွေက ကီရင်ရဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြတာ သိရတာကို အလေးထားပါတယ်။ ဒီသတင်းတွေက အခြေအမြစ် မရှိပါဘူး” ဟု ပိုင်ရှင်ဖြစ်သူ ဂျော်ဒန်က မြောက်ကယ်ရိုလိုင်းနားပြည်နယ် အခြေစိုက် အေဘီစီရုပ်သံသတင်းဌာနအား ဖြေကြားသည်။ အဆိုပါပြည်နယ်တွင်လည်း နယူးဘယ်ဂျီယံကုမ္ပဏီရှိပြီး ကန့်ကွက်ဆန္ဒပြမှုများ ကြုံနေရသည်။ 

သို့ရာတွင် တက်ကြွလှုပ်ရှားသူအများစုက အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စိတ်ပျက်လက်ပျက် ထွက်ခွာခဲ့ကြပြီး နယူးဘယ်ဂျီယံဘက်က လွှဲပြောင်းရောင်းချမည့်ကိစ္စကို ပြန်လည်စဉ်းစားသုံးသပ်မည့် အရိပ်အယောင်မတွေ့ဘဲ ကုမ္ပဏီထိပ်ပိုင်းခေါင်းဆောင်များ၏ သိမ်းသွင်းပြောဆိုခံရသည်ဟု Myanmar Nowကို ပြောသည်။ 

“ကျွန်မ ဒီဆွေးနွေးပွဲအပေါ် စိတ်ပျက်ရပါတယ်” ဟု သွန်ပဆမ်ကပြောသည်။ 

သွန်ပဆမ်က “နယူးဘယ်ဂျီယံခေါင်းဆောင်ပိုင်းက ကီရင်ကုမ္ပဏီဘာလဲ၊ ဘယ်သူနဲ့လက်တွဲနေလဲဆိုတာ တော်တော်များများ သိထားတာ ရှင်းပါတယ်။ သူတို့ပြောတဲ့ (လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး) အထူးအလေးထားမှုကို အစောကတည်းက လုပ်ခဲ့သင့်တာပါ … ကျွန်မအတွက်တော့ ဒီဟာက နောက်ဆုံးရသတင်း မဟုတ်တော့ပါဘူး” ဟု ဖြေသည်။ 

ကုမ္ပဏီ၏ “အနှစ်သာမရှိသော ကြေညာချက်များ” က “အပြောင်းလဲအတွက် တိကျသေချာသော ကတိကဝတ်မရှိခြင်း” ကို ပြသနေကြောင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော ဖို့ဒ်ကော်လင်း Community Action Network အဖွဲ့က ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

The statement said New Belgium had been vague on Saturday about when they had learned of Kirin’s links to the military conglomerate.

ကီရင်နှင့် မြန်မာစစ်တပ်ပိုင်ကုမ္ပဏီကြီးတို့ အချိတ်အဆက်ရှိသည့်အကြောင်း သိရှိပြီးနောက်တွင် နယူးဘယ်ဂျီယံဘက်က ပွင့်ပွင့်လင်းလင်း ဘာမျှမပြောဟု ထုတ်ပြန်ချက်တွင်ဆိုသည်။

နယူးဘယ်ဂျီယံ ယမကာကုမ္ပဏီရှိရာ မြောက်ကယ်ရိုးလိုင်းနားရှိ ကရင်လူမျိုးအသိုင်းအဝိုင်းနှင့် စောင့်ကြည့်အဖွဲ့အစည်းတစ်ခုဖြစ်သော Inclusive Development International တို့က ကုမ္ပဏီဝန်ထမ်းများကို ကုမ္ပဏီရောင်းချမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒမဲပေးကြရန် အိတ်ဖွင့်စာ ရေးသားပေးပို့ခဲ့ကြသည်။ 

“ကျွန်ုပ်တို့အများစုသည် မြန်မာစစ်တပ်၏ လူမျိုးရှင်းလင်းရေးပွဲများအတွင်း ထွက်ပြေးကာ အမေရိကန်နိုင်ငံသို့ ရောက်ရှိ ခိုလှုံခဲ့ရသည်။ နယူးဘယ်ဂျီယံဘရူးဝင်းကို ကီရင်၏လက်အောက်ခံ Lion Little World က ဝယ်ယူမည့် ကိစ္စတွင် သင်တို့၏ဆန္ဒမဲအဆုံးအဖြတ်ကို စောင့်နေသည်ဟု သိရသည့်အတွက် လွန်စွာစိတ်ပူမိသည်” ဟု ထိုစာတွင် ရေးထားသည်။

“သင်တို့သာ ကန့်ကွက်မဲမပေးပါက နယူးဘယ်ဂျီယံသည် ကီရင်လက်အောက်ခံကုမ္ပဏီဖြစ်သွားသည်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူ့အသိုင်းအဝိုင်းကလက်မခံသော ရာဇဝတ်မှုကျူးလွန်နေမှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်ကို အဓိက ဘဏ္ဍာရေးပိုင်းဖြည့်ဆည်းပေးနေသည့် ကွန်ရက်၏အစိတ်အပိုင်းတစ်ခုဖြစ်လာမည်” ဟု စာတွင် ဖော်ပြထားသည်။ 

ဂျပန်ဘီယာကုမ္ပဏီ ကီရင်သည် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သော Burma Campaign UK ၏ အမည်ပျက်စာရင်းတွင် ၂၀၁၈ ခုနှစ်မှစ၍ ထည့်သွင်းခြင်းခံရပြီး ထိုနှစ်မှာပင် Amnesty International အဖွဲ့က ဂျပန်အစိုးရကို ကီရင်၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ပြောဆိုထားသည်။ 

ထပ်မံစုံစမ်းစစ်ဆေးရေး

ကန့်ကွက်ဆန္ဒပြမှုများအပြီး ကီရင်နှင့် နယူးဘယ်ဂျီယံ ကုမ္ပဏီနှစ်ခုစလုံးက မြန်မာပြည်ရှိ ကီရင်၏ လုပ်ငန်းများနှင့် ပတ်သက်ဆက်နွှယ်မှုများကို စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားရန် ကတိပေးထားကြသည်။ သို့သော် နှစ်ဖွဲ့စလုံးက ထပ်မံစုံစမ်းစစ်ဆေးမည့် အကြောင်းအရာအသေးစိတ်ကို ဖော်ပြရန် ငြင်းဆိုထားကြသည်။

နယူးဘယ်ဂျီယံ ဒါရိုက်တာ ပီလ်ဆာက “ကျွန်မတို့က တက်ကြွလှုပ်ရှားသူတွေနဲ့ ဆွေးနွေးနေကြပြီးတော့ တခြားသူတွေနဲ့လည်း ပြောဆိုဆွေးနွေးပြီး ဒီဟာနဲ့ပတ်သက်လို့ အကြံဉာဏ်ယူ၊ ရသလောက် လေ့လာသင်ယူသွားကြမှာ ဖြစ်ပါတယ်” ဟုပြောသည်။ 

“လောလောဆယ်မှာတော့ ဒီထက် ထပ်ပြီးပြောပြဖို့မရှိပါဘူး” ဟု သူက ပြောသည်။

တက်ကြွလှုပ်ရှားသူများအတွက် ယခုမျှနှင့် မလုံလောက်သေးပါ။ 

“ကျွန်မအနေနဲ့ ကီရင်ကို စစ်တပ်နဲ့စီးပွားရေးလုပ်နေတာ ဖျက်သိမ်းဖို့တောင်းဆိုပါတယ်။ သူတို့ဆက်ပြီးလုပ်နေရင်တော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါ ဆက်လက်ပါဝင်နေမှာပါပဲ” ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်ခင်ဥမ္မာက ပြောသည်။

နယူးဘယ်ဂျီယံကို ကီရင်နှင့်အတူ နိုင်ငံတကာ ရိုဟင်ဂျာလှုပ်ရှားမှုအဖွဲ့၏ သပိတ်မှောက်ကန့်ကွက်သည့် စာရင်းတွင် ထည့်သွင်းထားသည်။ 

နှစ်ဖက်ကုမ္ပဏီများ၏ အရောင်းအဝယ် အသေးစိတ်ငွေကြေးတန်ဖိုးကို မဖော်ပြောထားသော်လည်း သဘောတူငွေကြေးပမာဏမှာ ဒေါ်လာသန်း ၃၅၀ မှ ၄၀၀ ကြားရှိနိုင်ဟု Forbes မဂ္ဂဇင်းက ခန့်မှန်းထားသည်။ 

လွှဲပြောင်းရောင်းဝယ်မှု ဖြစ်သွားသည်နှင့်တပြိုင်တည်း နယူးဘယ်ဂျီယံကုမ္ပဏီဝန်ထမ်းများသည် ၎င်းတို့၏ပင်စင်ရံပုံငွေများထဲသို့ အဆိုပါအရောင်းအဝယ်မှ ဒေါ်လာတစ်သိန်းစီ အပိုဆောင်းရရှိသွားမည်ဖြစ်ပြီး အချို့ဝန်ထမ်းများက အဆိုပါ ပမာဏထက် ပိုမိုရရှိသွားမည်ဟု ဂျော်ဒန်က အိတ်ဖွင့်ပေးစာတွင် ဆိုထားသည်။ 

“ဒီရလဒ်က နယူးဘယ်ဂျီယံဘီယာလုပ်ငန်းအတွက် Lion World Beverages(အဖျော်ယမကာလုပ်ငန်းစု)နဲ့ တရားဝင်ပူးပေါင်းဖို့ ခြေတစ်လှမ်းစာ ပိုမိုနီးကပ်သွားပါတယ်” ဟု ဖက်ဟိုင်းမားက မဲပေးမှုရလဒ်နှင့်ပတ်သက်သည့် ကြေညာချက်တွင် ပြောသည်။ 

“ကျွန်ုပ်တို့က New Belgium ရဲ့နောက်ထပ်ခြေလှမ်းတစ်ခု အတွက် စိတ်လှုပ်ရှားနေကြပါတယ်၊ စီးပွားရေးလုပ်ငန်းက ကောင်းခြင်းအတွက် အင်အားဖြစ်တယ်ဆိုတာ ဆက်ပြီး သက်သေပြဖို့ရှိပါတယ်” ဟု သူက ပြောသည်။ 

အဆိုပါ အရောင်းအဝယ်မှာ လာမည့်ရက်သတ္တပတ်များတွင် အပြီးသတ်နိုင်မည်ဟု မှန်းထားကြသည်။ 

(Myanmar Now မှ အင်္ဂလိပ်ပိုင်းအယ်ဒီတာ Danny Fenster ၏ American Brewery votes to join Kirin, promises ‘examination’ of Myanmar Beer money Article ကို ဟန်ထူးအောင်က မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading