ကလေးအမည်နှင့် မိသားစုဝင်များ၏ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည့်အပေါ် ပြည်သူ့လွှတ်တော်က ကိုင်တွယ်ဆောင်ရွက်ရန်ရှိသည်ဟု ဆိုသည်။
ဗစ်တိုးရီးယားအမှု အမှန်အတိုင်းဖြစ်စေရန် ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကော်မတီက ပါဝင်ဆောင်ရွက်မည်ဟု ယင်းကော်မတီ ဥက္ကဌ ဒေါက်တာခင်စိုးစိုးကြည် က Myanmar Now ကို ပြောသည်။
“ပြည်သူတစ်ဦးတစ်ယောက်ကိစ္စဖြစ်ပေမယ့် ကျွန်မတို့မှာတာဝန်ရှိပါတယ်။ မဏ္ဏိုင်သုံးရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရမယ့်တာဝန်ရှိပါတယ်။ တောက်လျှောက်လည်း စောင့်ကြည့်ခဲ့ပါတယ်” ဟု သူက ဆိုသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားသည့် ကိုအောင်ကြီး၌ အပြစ်ရှိကြောင်း သက်သေမထင်ရှား၍ ဒက္ခိဏခရိုင်တရားရုံးက လွှတ်ပေးလိုက်ပြီးနောက် အမှုမှာ ပြီးဆုံးသကဲ့သို့ ဖြစ်သွားသည်။
ယင်းအပြင် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရသည်ဟု ဆရာဝန်များက အတည်ပြုထားသည့် နေပြည်တော်မှ မူကြိုအရွယ်ကလေးငယ်ကို အများက ဗစ်တိုးရီးယားဟုသာ အမည်ဝှက်ဖြင့် ခေါ်ကြသော်လည်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် လူသိရှင်ကြားပြောဆိုခြင်း၊ အသေးစိတ်အချက်အလက်များကို Facebook တွင် ဖြန့်ဝေခဲ့မှုကိုလည်း ပြည်သူ့လွှတ်တော်က ကိုင်တွယ်ဆောင်ရွက်ရန်ရှိသည်ဟု ဒေါက်တာခင်စိုးစိုးကြည်က ပြောသည်။
- ဗစ်တိုးရီးယားနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းတချို့ ရဲတပ်ဖွဲ့ Facebook ပေါ်တင်
- ရဲတပ်ဖွဲ့လုပ်ရပ်ကို ဗစ်တိုးရီးယားမိသားစုက ဥပဒေကြောင်းအရ တုံ့ပြန်မည်
ရဲတပ်ဖွဲ့၏အပြုအမူသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ငြိစွန်းနေသည်ဟုလည်း ၎င်းက သုံးသပ်သည်။
“ဒီကိစ္စနှစ်ခုစလုံးကို ကော်မတီအတွင်းဆွေးနွေးမယ်၊ လွှတ်တော်အကြီးအကဲနဲ့ တိုင်ပင်ဆောင်ရွက်သွားပါမယ်”ဟု ၎င်းက ဆက်ပြောသည်။
ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့က စွပ်စွဲထားသည့် ကိုအောင်ကြီးကို နစ်နာသူကိုယ်တိုင်နှင့် တရားလိုပြသက်သေများက ပြစ်မှုကျူးလွန်နိုင်သည့် အခြေအနေမရှိကြောင်း ထွက်ဆိုကြ၍ ဒီဇင်ဘာ ၁၈ ရက်က တရားရှင် လွှတ်ပေးလိုက်ကြောင်း ဒက္ခိဏခရိုင်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒုတိယတရားသူကြီး ဒေါ်ဖြူဝင်းလတ်က ယနေ့ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုသည်။
နစ်နာသူများ၊ ရဲတပ်ဖွဲ့နှင့် ဥပဒေအရာရှိတို့အနေနှင့် အဆိုပါဆုံးဖြတ်ချက်ကို မကျေနပ်ပါက အထက်တရားရုံးများသို့ နှစ်လအတွင်း ပြင်ဆင်ချက်တက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ဗစ်တိုးရီးယားအမှုမှာ တရားခွင်အတွင်း စစ်ဆေးမှုများ ရပ်ဆိုင်းသွားပြီဖြစ်ပြီး၊ အမှုမှန်ပေါ်ပေါက်ရေး မည်သို့ရှေ့ဆက်လုပ်ဆောင်မည်ကို မနက်ဖြန်တွင် ပြောပြနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗစ်တိုးရီးယားဖက်မှ ရှေ့နေ ဒေါ်ရွက်နုအောင်က Myanmar Now ကို ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











