မတရားကျင့်ခံရသူ မသန်စွမ်းတို့၏ ဝန်ထုပ်ဝန်ပိုး

မတရားပြုကျင့်ခံရသော မသန်စွမ်းသူတို့အတွက် တရားမျှတမှု ဖော်ဆောင်ခြင်းသည် သန်စွမ်းသူတို့အရေး ဆောင်ရွက်ပေးရခြင်းထက် ပိုမို ခက်ခဲနေသည်။

Published on Aug 26, 2018
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ မတရားပြုကျင့်ခံရသော မသန်စွမ်းအမျိုးသမီးတစ်ဦး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ မတရားပြုကျင့်ခံရသော မသန်စွမ်းအမျိုးသမီးတစ်ဦး (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ကျောင်းကုန်း — မျဉ်းနှစ်ကြောင်း ပြထားသည့် ဆီးစစ်တံအဖြေက တစ်နေ့တခြား ဗိုက်ပူလာသော၊ ၁၇ နှစ် အရွယ် သမီးငယ်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသဖြင့် မိခင်ဖြစ်သူ တုန်လှုပ်သွားသည်။

မွေးရာပါ ကိုယ်အင်္ဂါ မသန်စွမ်းသော ဆယ်ကျော်သက်သမီးက သူ့ကို ကြိုးတုပ်၊ ဓားထောက်ပြီး မကြာခဏ မုဒိမ်းကျင့်သူမှာ ခြံချင်းကပ်နေထိုင်သူ အဘိုးဝမ်းကွဲဖြစ်သည်ဟု ပြောပြရာ ပို၍ တုန်လှုပ်သွားရသည်။

“ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ ရဲတွေကမေးတော့ သေခါနီးမို့ ရိက္ခာယူတာ ဆိုပြီး ကျွန်မရှေ့မှာပဲ ဖြေတယ်” ဟု မိခင်ဖြစ်သူက မချိတင်ကဲ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးထဲမှ သူတို့၏ ဓနုံးချောင်းရွာသည် တရားရုံးတည်ရှိရာ ကျောင်းကုန်းမြို့နယ်နှင့် ဆယ်မိုင်ဝေးကွာသည်။ အမှုရင်ဆိုင်နေရသည့်ကာလ တစ်နှစ်ကျော်လာချိန်တွင် လမ်းစရိတ် အခက်အခဲကြောင့် တရားခွင်သို့ မသွားနိုင်တော့ပေ။

တုန်လှုပ်ဖွယ် ဖြစ်ရပ်များ၊ နွမ်းပါးမှုနောက်ဆက်တွဲ အခက်အခဲများမှာ မတရားကျင့်ခံရသူတို့ ရင်ဆိုင် ကျော်ဖြတ်ရလေ့ရှိသည့် အခြေအနေများ ဖြစ်ကြသည်။ မတရားကျင့်ခံရသူမှာ မသန်စွမ်းသူ ဆိုပါက ကြုံတွေ့ရသော အခက်အခဲ၊ အဟန့်အတားတို့ ပိုမို များပြားနေသည်ကို တွေ့ရသည်။

ရဲစခန်းနှင့် တရားခွင်

မသန်စွမ်းမှုကြောင့် မတ်တပ်ပင် အနိုင်နိုင်ရပ်နေရသည့် ကျောင်းကုန်းမှ အဆိုပါ ဆယ်ကျော်သက် မိန်းကလေးမှာ ကိုယ်ဝန်ရင့်လာချိန်အထိ ခြံဝန်းထဲ တရွတ်တိုက်သွားလာနေတတ်သည်၊ မတ်တပ်ထရပ်ပြီး ပြန်လဲကျခြင်းမျိုး မကြာခဏ ဖြစ်ပွားသော်လည်း မေလက မီးဖွားသောအခါ ကလေးရော မိခင်ပါ အန္တရာယ် မဖြစ်ခဲ့ပေ။

ကိုယ်ဝန်ဆောင်ကာလ ဝေဒနာကြောင့် ကလေးကို စွန့်ပစ်မည်ဟု ရည်ရွယ်ခဲ့သော်လည်း မီးဖွားပြီး နောက်ပိုင်းတွင်မူ မွေးစားရန်တောင်းသူတို့ကို ဆယ်ကျော်သက် မိခင်က အနား အကပ်မခံတော့ပေ။

“မပေးတော့ဘူး။ ကလေးကို ချစ်လို့။ မီးက သူ့ကိုကျောင်းတက်ခိုင်းမှာ” ဟု မိန်းကလေးက အိပ်မောကျနေသော ဖြူဖွေးတုတ်ခိုင်သည့် သားငယ်ကို တစိမ့်စိမ့် ကြည့်ကာ ပြောသည်။ ကလေး ပြုတ်မကျစေရန်လည်း သူ၏ ကောင်းစွာလှုပ်ရှားနိုင်သော ဘယ်ဘက်လက်ဖြင့် အားပြု ပွေ့ချီထားသည်။ သူ့ကလေးငယ် နှုတ်ခမ်းစူသွားပုံ၊ မျက်မှောင်ကြုတ်သွားပုံကို ကြည့်မဝ ဖြစ်နေခြင်းတို့က သူ့တွင် မိခင်စိတ် အပြည့်အဝရှိကြောင်း ပြသနေသည်။

မတရားကျင့်ခံရမှုများတွင် ၎င်းတို့သည် သန်စွမ်းသူတို့ထက် ပိုမို ခက်ခဲသည့် အနေအထားနှင့် ကြုံတွေ့ရကြောင်းကို ထိုမြို့မှ အခြားဖြစ်ရပ်ဆိုးတစ်ခုတွင် ပိုမို သိသာစွာ တွေ့ရသည်။

ကျောင်းကုန်းမှ ရှစ်မိုင်ခန့်ကွာဝေးသည့် ဂဏိမ်းလေးကျေးရွာတွင် ဆယ်ကျော်သက် မသန်စွမ်းအမျိုးသမီးမှာ မကြာခဏ ပျို့အန်သဖြင့် ဆေးခန်းပြ ကုသမှု ခံယူရာ ကိုယ်ဝန်ငါးလ ရှိနေကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

မောင်နှမများက ထိုကိုယ်ဝန်မှာ မည်သူ့လက်ချက်ဖြစ်ကြောင်း အထပ်ထပ် မေးမြန်းရာ ပြီးခဲ့သည့်အောက်တိုဘာလ အလှူတစ်ခုတွင် သွားရောက်လုပ်အားပေးစဉ် အမျိုးသားကြီးတစ်ဦးက ခြိမ်းခြောက် ပြုကျင့်ခဲ့သည်ဟု ပြောပြသည်။ ကိုယ်ဝန်ရပြီးနောက်ပိုင်း လမစေ့ဘဲမွေးခဲ့ရသည့် ကလေးမှာ အဖတ်မတင်ခဲ့ပေ။

ထို မုဒိမ်းမှုကို ကိုင်တွယ်ခဲ့သည့် ကျောင်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဦးမြင့်အောင်က မသန်စွမ်းသူတို့၏ အမှုအခင်းပတ်သက်ပြီး အများ သတိမထားမိကြသည့် လုပ်ထုံးလုပ်နည်းတချို့ကို ကျော်ဖြတ်ရသည်ဟု ရှင်းပြသည်။

မတရားပြုကျင့်ခံရသည်ဟု တိုင်ကြားလာသူ မသန်စွမ်းသူအတွက် အမှုဖွင့် စစ်ဆေးပေးနိုင်ရေးအတွက် မသန်စွမ်းကြောင်း၊ ဉာဏ်ရည်မပြည့်ကြောင်း သက်ဆိုင်ရာဆရာဝန်၏ ဆေးစစ်ချက်၊ ထောက်ခံချက်တို့ လိုအပ်သည်ဟု ဆိုသည်။

မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရစဉ် တရားခံရှေ့နေ၏ အကဲဆတ်လွန်းသော မေးခွန်းတို့နှင့် ရင်ဆိုင်ရသည်၊ ဖြစ်ရပ်ဆိုးအကြောင်း၊ သူနာကျည်းသောသူအကြောင်း အများရှေ့တွင် ပြန်ရှင်းပြရန် မဝ့ံမရဲဖြစ်၊ ခက်ခဲလွန်းနေသည်ဟု သူ၏အစ်ကိုထံမှ သိရသည်။

“ဖြစ်စေချင်တာက တရားရုံးမှာလည်း လူကြီးတွေမေးရင် ကျွန်တော်တို့မောင်နှမတွေကို ပြောပြသလိုပဲ အကုန်ပြောပြ။ သူက တရားရုံးရောက်ရင် မပြောတော့ဘူး။ အိမ်ကျရင်ပြောပြီ” ဟု အစ်ကိုဖြစ်သူက အားမလိုအားမရ ဆိုသည်။

ဤအခြေအနေမျိုးကို မသန်စွမ်းသူ အများအပြားတွင် တွေ့ရလေ့ရှိသည်ဟု မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်မှ ကိုနေလင်းစိုးက ပြောသည်။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ သာမန်လူထက် ဉာဏ်ရည်နည်းပါးမှု၊ မိသားစုသို့ ပြန်ပြောပြရန် ခက်ခဲမှု စသည့် အားနည်းချက်တို့ ရှိနေတတ်ပုံကို မတရားပြုကျင့်လိုသူတို့က သဘောပေါက်ပြီး ပစ်မှတ်ထား ကျူးလွန်ကြခြင်း ဖြစ်နိုင်သည်ဟု ကိုနေလင်းစိုးက သုံးသပ်သည်။

ကျူးလွန်သူအတွက် အားသာချက်

မသန်စွမ်းသူတို့အတွက် သက်သေခံ ကတ်ပြား မှတ်ပုံတင် ထုတ်ဝေပေးထားနိုင်လျှင် ၎င်းတို့ကို ကူညီရာတွင် ပိုမို အထောက်အကူဖြစ်မည်ဟု ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ထူးထူးအောင်က ပြောသည်။

“မသန်စွမ်းအိုင်ဒီကတ် (သက်သေခံကတ်ပြား) ရသွားရင်တော့ ကျွန်မတို့ အမှုတည်ဆောက်တဲ့အခါမှာ အရမ်း သုံးဝင်တယ်။ မသန်စွမ်းတွေက ဥပဒေပါ အခွင့်အရေးရဖို့က အိုင်ဒီကတ်ရဖို့ အရမ်း လိုအပ်နေတာလေ။ ဒါပေမယ့် နည်းဥပဒေ ဘာလို့မထွက်သေးတာလဲ ဆိုတာတော့ မပြောတတ်ဘူး” ဟု မြစ်ဝကျွန်းပေါ်ဒေသရှိ မသန်စွမ်းများအရေး လိုက်ပါဆောင်ရွက်နေသည့် ဒေါ်ထူးထူးအောင်က ပြောသည်။

သက်သေခံကတ် အရေးပါခြင်း၊ မသန်စွမ်းသူတို့အတွက် တရားမျှတမှု ဖော်ဆောင်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို အမှုလိုက်ရှေ့နေ၊ ရဲအရာရှိတို့ကလည်း သိနားလည်ခြင်း၊ စိတ်ဝင်စားခြင်း အားနည်းသည်ဟု သူက ဆက်ပြောသည်။

ပညာရေးစနစ် အားနည်းချက်တချို့ကြောင့်လည်းကောင်း၊ စာသင်ကျောင်း အများအပြား၏ လျစ်လျူရှုမှုကြောင့် လည်းကောင်း မသန်စွမ်းသူတို့ ကျောင်းတက် ပညာသင်ကြားရေးမှာ ခက်ခဲနေသည်။ ဤအခြေအနေတွင် မိဘ၊ အုပ်ထိန်းသူ အများအပြားကလည်း ၎င်းတို့၏ပညာသင်ယူရေးကို အားပေးမှု နည်းပါးလာသည်။

မသန်စွမ်းသူတို့သည် ကိုယ်ခန္ဓာအစိတ်အပိုင်း သို့မဟုတ် ဉာဏ်ရည်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ရှိသည် ဟူသော ခံစားချက်ကြောင့် ရှက်ရွံ့တတ်ကြသည်၊ အုပ်ထိန်းသူတို့ကလည်း ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ဖြတ်တောက်တတ်ကြသည်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ရုံးပိုင်းဒါရိုက်တာ ဦးညွန့်အောင်က ပြောသည်။

ထိုသို့ဖြတ်တောက်သည့်အခါ ပတ်ဝန်းကျင်နှင့်တုံ့ပြန်မှုအား နည်းသွားသည့် အတွက် စဉ်းစားတွေးခေါ်မှုပိုင်း အားနည်းလာတတ်သည်ဟု ဆိုသည်။

၂ဝ၁၆ မှ ၂ဝ၁၈ ဇွန်လ အထိ နိုင်ငံအနှံ့အပြားတွင် မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့် ခံရမှု ၂၇ ခုနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို စုဆောင်း ရရှိထားသည်ဟု ဤဖြစ်ရပ်များအကြောင်း စစ်တမ်း ကောက်ယူနေသည့် iSchool-Myanmar အဖွဲ့ထံမှ သိရသည်။

စာရင်းသွင်း မှတ်တမ်းမတင်ရသေးသည့် ဖြစ်ရပ်လည်း အများအပြား ရှိနိုင်သည်ဟု မသန်စွမ်းသူများအရေး ဆောင်ရွက်သည့် အဖွဲ့များက ယုံကြည်ကြသည်။

၂ဝ၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူ အများဆုံး နေထိုင်ရာမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ဒုတိယ အများဆုံးမှာ ချင်းပြည်နယ်ဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်ရှိပြီး ထိုအထဲတွင် ၄ ဒသမ ၆ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်ကြသည်။

အမြင်အာရုံချို့တဲ့သူ ၁,၂၄၉,၇၃၇၊ အကြားအာရုံချို့တဲ့သူ ၆၇၃,၁၂၆၊ ဉာဏ်ရည် မသန်စွမ်းသူ ၈၃၅,၅၉၈၊ ခန္ဓာကိုယ်မသန်စွမ်းသူ ၉၅၇,၇၃၆ စသဖြင့် မသန်စွမ်းသူ အရေအတွက်နှင့် အမျိုးအစားကို သန်းခေါင်စာရင်းတွင် တွေ့ရသည်။

ပိုမိုကြန့်ကြာမှု

သက်ကယ်ကုန်းကျေးရွာမှ ၃၃ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးတစ်ဦးသည် နေ့စား သုံးထောင်နှုန်းဖြင့် လယ်ယာလုပ်ငန်းခွင် ဝင်စဉ် အသက် ၆ဝ ဝန်းကျင် အမျိုးသားက အဓမ္မပြုကျင့်ခဲ့သည်ဟု မိခင်ဖြစ်သူထံမှ သိရသည်။

“ဒီလိုကျူးလွန်ခံရပြီးတာတောင် ရဲစခန်းက အဲ့ဒီကောင်ကို ချက်ချင်း မဖမ်းဘူး။ ရွာထဲပဲ အဲ့ဒီကောင်က လျှောက်သွားနေတာ” ဟု မိခင်ဖြစ်သူက ပြောသည်။

တိုင်ကြားပြီး ၁ဝ ရက်အကြာတွင် ရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့သည်ဟု မိန်းကလေးကို ဝန်းရံပေးနေသည့် ကျောင်းကုန်းမြို့နယ်မှ ဒေါ်သန္တာလှိုင်က ပြောသည်။

ပြုကျင့်ခံရပြီးနောက် ရဲတပ်ဖွဲ့သို့ တိုင်ကြားရာတွင်လည်း တခြား မုဒိမ်းမှုများထက် ပိုမိုရှုပ်ထွေးသည့် အဆင့်တချို့ကို ကျော်ဖြတ်ခဲ့ရကြောင်း ပရဟိတလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည့် ဒေါ်သန္တာလှိုင်က ရှင်းပြသည်။

ရဲစခန်းတွင် တိုင်ကြားသည့်အခါ ဉာဏ်ရည်မပြည်မှီကြောင်း ဆရာဝန်၏ထောက်ခံစာ တောင်းသည့်အတွက် ၎င်းတို့သည် မြို့နယ်ဆေးရုံ၊ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် ရန်ကုန်မြို့စွန်ရှိ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် စမ်းသပ် စစ်ဆေးစစ်မှုခံယူရသည်ဟု ဆိုသည်။

ထိုသို့ အဆင့်ဆင့်ဖြတ်ကျော်ပြီးမှသာ ရဲစခန်းတွင် အမှုဖွင့်ပေးသည်ဟု သိရသည်။

ယခုအခါ ကိုယ်ဝန် ငါးလ ရှိနေချိန်တွင် မွေးဖွားစရိတ် လိုနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်း အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

“မွေးခါနီးဖွားခါနီးဆိုတော့ အရင်လို အလုပ်မလုပ်နိုင်တော့ဘူး။ အရပ်ထဲတော့ ဒီလိုပဲ … ဟိုလူ့ဆီကလှည့်၊ ဒီလူ့ဆီကလှည့်နဲ့ စားသောက်နေကြတာပါပဲ” ဟု ထိုအမျိုးသမီးက ရှင်းပြသည်။

ရန်ကုန်အခြေစိုက် iSchool-Myanmar အဖွဲ့မှ သုတေသနအရာရှိ နော်ဇာဖြူခန့်က မသန်စွမ်းသူ အဓမ္မပြုကျင့်ခံရမှုကို လူမှုဝန်ထမ်းဦးစီးဌာနသို့ တိုင်ကြားရာတွင်လည်း မြို့နယ်မှ ရုံးချုပ်သို့ သတင်းရောက်ရှိရန် အဆင့်ဆင့် ကြန့်ကြာမှုများရှိနေသည်ဟု ဆိုသည်။

“မသန်စွမ်းဖြစ်တာကိုရှက်ကြောက်နေရာက ဒီလိုကိစ္စတွေ(အဓမ္မပြုကျင့်ခံရမှု) တွေ ထပ်ဖြစ်တော့ ပိုပြီး ရှက်ကြောက်ကြတယ်။ သက်ဆိုင်ရာကနေ ဥပဒေနဲ့အညီ ထပ်လုပ်မယ်ဆိုလည်း ငွေကုန်ကြေးကျခံရမှာရယ် မိသားစုကငြိုငြင်မှာစိုးတာရယ်နဲ့ သူတို့ပြန်မပြောတော့ဘူး။ တိတ်ဆိတ်နေကြတယ်” ဟု နော်ဇာဖြူခန့်က ရန်ကုန်မြို့ရှိ သူ၏ ရုံးခန်းတွင် ပြောသည်။

“အထူးအဆန်းကြီးလို့ သူတို့စိတ်ထဲ မထင်ဘူး။ သူများ ဖြားယောင်းချင် ဖြားယောင်းပေမယ့် သူတို့စိတ်ထဲ ဒါကို ပြောရကောင်းမှန်း၊ အကောင်းအဆိုးမှန်း နားမလည်ဘူး။ ရုပ်ပိုင်းဆိုင်ရာအရလည်း ဆရာဝန်တွေဆီ သွားတဲ့အခါမှသာ ဒီလို ကိုယ်ဝန်တွေရှိနေမှန်း သူတို့သိရတာမျိုးတွေ ဖြစ်တတ်ပါတယ်”

မသန်စွမ်း အမျိုးသမီး အများစုသည် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်ကို ထုတ်ဖော်မပြောတတ်ခြင်း၊ ခန္ဓာကိုယ်ပြောင်းလဲမှုကိုလည်း သတိမမူတတ်ကြခြင်းတို့ကြောင့် မတရားပြုမှုအန္တရာယ် မကျရောက်စေရေးအတွက် အုပ်ထိန်းသူများ၊ ပတ်ဝန်းကျင်တွင် နေထိုင်သူများက သတိထားပြီး ဖေးမ ကူညီ စောင့်ရှောက်သင့်သည်ဟု နော်ဇာဖြူခန့်က ပြောသည်။ ။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading