ကယန်းလူမျိုး ကလေးနှစ်ဦး စစ်သားအဖြစ် စုဆောင်းခံရဟု မိသားစုဝင်များပြော

Myanmar Now က ထုတ်ဖော်ခဲ့သည့် ဖျာပုံမှ ကလေးတစ်ဦး စစ်သားအဖြစ်စုဆောင်းခံရပြီး ရခိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် သတင်းနောက်ပိုင်းတွင် ယခုတကြိမ်သည် ဒုတိယအကြိမ်အဖြစ် စုဆောင်းခံရသူများ၏ မိခင်များက ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

Published on Dec 20, 2019
မောင်အာဗြာဟန်၏ ဓာတ်ပုံကို မိခင်ဖြစ်သူ ဒေါ်မူဒန်းက ပြသနေစဉ်။
မောင်အာဗြာဟန်၏ ဓာတ်ပုံကို မိခင်ဖြစ်သူ ဒေါ်မူဒန်းက ပြသနေစဉ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နှင့် ဆီဆိုင်မြို့တို့မှ ကလေးနှစ်ဦး စစ်သားအဖြစ် စုဆောင်းခံထားရပြီး ကချင်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တပ်များသို့ ရောက်ရှိနေသည်ဟု ကလေးများ၏ မိသားစုဝင်များက ယနေ့ (ဒီဇင်ဘာ ၂၀) ရက် ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

မိသားစုဝင်များ၏ ပြောကြားချက်အရ ဖယ်ခုံမြို့နယ်မှ မောင်အာဗြာဟန်မှာ ကချင်ပြည်နယ် ပူတာအိုမြို့ရှိ (ခလရ ၄၆) တပ်ရင်းတွင် ရောက်ရှိနေပြီး ဆီဆိုင်မြို့နယ်မှ မောင်အောလွီစေးမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ (ခမရ ၄၂၇) တွင် ရောက်ရှိနေသည်ဟု ဆိုသည်။

ကလေးနှစ်ဦး စစ်သားအဖြစ် စုဆောင်းခံရခြင်းအပေါ် မိသားစုဝင်များက Myanmar Now သတင်းဌာနနှင့် ဒီဇင်ဘာ ၁၉ ရက်က သီးသန့်တွေ့ဆုံခဲ့သလို (ကယန်းမျိုးဆက်သစ်လူငယ်) KNGY အဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ရှိ Myanmar Press Freedom Center တွင်လည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။

မောင်အာဗြာဟန်မှာ ယခုအခါ အသက် ၁၇ နှစ် ရှိနေပြီဖြစ်ပြီး စုဆောင်းခံရစဉ်က ၁၅ နှစ်နှင့် ၅ လသာ ရှိသေးသည်ကို မောင်အာဗြာဟန်၏ အရှင်မွေးလက်မှတ် (ပုံစံ ၁၀၃) မူရင်းတွင် တွေ့ရသည်။

ထို့ပြင် မောင်အောလွီစေးမှာ ယခုအချိန်တွင် အသက် ၁၆ နှစ် ၄ လရှိပြီး စုဆောင်းခံရစဉ်က ၁၅ နှစ်နှင့် ၈ လသာ ရှိသေးသည်ဟု မိသားစုဝင်များက ပြသသည့် မောင်အောလွီစေး၏ အိမ်ထောင်စုစာရင်းမူရင်းတွင် ဖော်ပြထားသည်။

မိသားစုဝင်များ၏အဆိုအရ မောင်အာဗြာဟန်မှာ ယခင်နှစ် မေလတွင် တပ်သားအဖြစ် စုဆောင်းခံရပြီး ‌မောင်အောလွီစေးမှာ ယခုနှစ် ဧပြီလအတွင်း အိမ်ကထွက်သွားသည်ဟု သိရသည်။

မောင်အာဗြာဟန်ကို Myanmar Now ကဖုန်းဆက်ရာ သူ၏ကိုယ်ပိုင်အမှတ်မှာ တ/၅၄၆၁၇၈ ဖြစ်သည်ဟု အတည်ပြုပြီး၊ မောင်အောလွီစေး၏ ပြောဆိုချက်အရ ကိုယ်ပိုင်အမှတ်မှာ တ/၁၂၄၂၁၃ ဖြစ်သည်ဟု ဆိုသည်။ သို့သော် Myanmar Now အနေနှင့် မောင်အောလွီစေး၏ ကိုယ်ပိုင်အမှတ် မှန်/မမှန်ကို သီးခြားအတည်မပြုနိုင်ပါ။

မောင်အာဗြာဟန်ကို ကျောင်းထားပေးမည်ဆိုကာ ၂၀၁၈ ခုနှစ် မေလအတွင်းက ဖယ်ခုံမြို့အခြေစိုက် (ခမရ ၄၂၁) မှ တပ်ကြပ်ကြီး မြင့်ဇော်ဦးဆိုသူက လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မူဒန်းက Myanmar Now ကို ပြောသည်။

“ကျောင်းထားပေးမယ်တဲ့၊​ ကျွန်မလည်းစိတ်မချတော့ ၂ ရက်အကြာမှာ ရှာတဲ့အခါမှ မန္တလေးပို့သွားပြီတဲ့။ သင်တန်းတက်ခိုင်းတယ်တဲ့” ဟု ဒေါ်မူဒန်းက ဆိုသည်။

မိခင်ဖြစ်သူ ဒေါ်မူဒန်းက ခမရ ၄၂၁ ကို သွားရောက်ရှာဖွေရာ တပ်ကြပ်ကြီး မြင့်ဇော်ဦးက အထက်ပါအတိုင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

ဒေါ်မူဒန်းမှာ သားကို တပ်တွင်းမှ ပြန်နုတ်ပေးရန်ပြောရာ တစ်လကြာလျှင် နုတ်ထွက်ခွင့်ရမည်ဟု တပ်ကြပ်ကြီးမြင့်ဇော်ဦးက ရက်ချိန်းများ အကြိမ်ကြိမ်ပေးခဲ့သော်လည်း ထူးခြားမလာခဲ့ဟု ဆိုသည်။

ထို့နောက် ၁၀ လကြာသည့် အချိန်မှ “(သားဖြစ်သူက) မပျော်ဘူးဆိုပြီး ပြန်ခေါ်ခိုင်းတယ်၊ အမေပြန်ခေါ်ပေးပါ။ သားမပျော်ဘူး တိုက်ပွဲရတယ် ပူတာအိုဘက်မှာ နှစ်ခေါက်ရှိပြီ တအားကြောက်တယ်တဲ့” ဟု ဒေါ်မူဒန်းက ဆိုသည်။

မောင်အာဗြာဟန်၏မိခင် ဒေါ်မူဒန်းနှင့် အဒေါ်ဖြစ်သူ ဒေါ်စန်းစန်းဝင်းတို့က နိုင်ဝင်ဘာ ၆ ရက်က စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၇ ဖယ်ခုံသို့ သွားရောက်ခဲ့ရာ ဗိုလ်ကြီးဇေယျာဝင်းဆိုသူ၏ ဖုန်းနံပါတ်ကို ရရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါဗိုလ်ကြီးထံ ဖုန်းဖြင့်ဆက်သွယ်ရာ “မြင့်ဇော်ဦးနဲ့ သွားရှင်းလိုက်ပါ မြင့်ဇော်ဦး ကျွန်တော့်ဆီလာပို့တဲ့ အချိန်မှာ ငွေငါးသိန်း အပြတ်ပေးပြီးပြီ။ အဲဒါကြောင့်မို့ ကျွန်တော်က ဒီကလေးကို တပ်ထဲသွင်းလိုက်တာတဲ့” ဟု ဗိုလ်ကြီး ဖုန်းထဲမှ ပြောသည်ကို အဒေါ်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက မီဒီယာများကို ပြန်လည် ပြောပြသည်။

မောင်အာဗြာဟန် တပ်သားအဖြစ် စုဆောင်းခံရသည်မှာ မှန်ကန်ကြောင်း၊ သို့သော် မှတ်ပုံတင်၊ ပုံစံ ၁၀၊ ကျောင်းထောက်ခံစာနှင့် မိဘထောက်ခံချက်အရ အသက်ပြည့်ကြောင်း အထောက်အထားများဖြင့် ၎င်းထံသို့ ရောက်ရှိခြင်းဖြစ်ကြောင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက Myanmar Now သို့ အတည်ပြုသည်။

အဆိုပါအရာရှိက သူ၏နာမည်ကို ထည့်သွင်းမဖော်ပြရန် Myanmar Now ထံ တောင်းဆိုခဲ့သည်။

“အသက်ပြည့်လား မပြည့်ဘူးလားဆိုတာ သူတို့ကာယကံရှင်တွေပဲ သိမှာပဲ။ သူတို့ မကျေနပ်ဘဲနဲ့ မလုပ်ချင်ဘဲနဲ့ သူတို့ ဘယ်တော့မှ စစ်သားဖြစ်မလာပါဘူး။ မလုပ်ချင်ဘူး တစ်ခွန်းပြောလိုက်၊ တစ်ခါတည်း တန်းထွက်လို့ရတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။

မောင်အောလွီစေးနှင့် ပတ်သက်၍ ၎င်းရောက်ရှိနေသည့် (ခမရ ၄၂၇) တပ်ရင်းသို့ Myanmar Now က ဆက်သွယ်ခဲ့ရာ ၎င်းရောက်ရှိနေသည်မှာ မှန်ကန်ကြောင်း အရာရှိတစ်ဦးက အတည်ပြုသည်။ သို့သော် ထပ်ဆင့်မေးခွန်းများ မေးမြန်းခွင့်မရဘဲ ဖုန်းချသွားခဲ့သည်။

ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ အောင်ကလပ်ကျေးရွာနေ မောင်အောလွီစေးသည် အလုပ်လုပ်မည်ဟုဆိုကာ ၂၀၁၉ ခုနှစ် ဧပြီလက သူငယ်ချင်းတစ်ဦးနှင့်အတူ အိမ်ကထွက်သွားချိန်မှစပြီး မိဘနှင့် အဆက်အသွယ်ပြတ်ခဲ့သည်ဟု အစ်ကိုဖြစ်သူ ယုဒကပြောသည်။

မိသားစုဝင်များက အနီးအနားရွာတစ်ဝိုက်တွင် ရှာဖွေခဲ့သော်လည်း ပြီးခဲ့သည့်နိုဝင်ဘာလကုန်အထိ အကြောင်းမထူးသဖြင့် ဒီဇင်ဘာ ၃ ရက်နေ့တွင်မှ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးနယ်မြေရဲစခန်းတွင် လူပျောက်တိုင်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် တောင်ကြီးမြို့တွင် ကျောင်းတက်နေသည့် အစ်ကိုဖြစ်သူထံ မောင်အောလွီစေးက ဆက်သွယ်ခဲ့ပြီး ၎င်းမှာ ဒီးမော့ဆိုမြို့နယ်ရှိ (ခမရ ၄၂၇) တပ်ရင်းတွင် ရောက်ရှိနေသည်ကို သိရကြောင်း ပြောသည်။

ထို့နောက် ဒီဇင်ဘာ ၄ ရက်နေ့တွင် ခမရ ၄၂၇ တွင် သားဖြစ်သူနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း

“အသက်ပြည့်ပြီဆိုတဲ့ စာချုပ်လည်းရှိပြီ၊ ငါးနှစ်စာချုပ်လည်း ချုပ်ထားတယ်ဆိုတဲ့အကြောင်း သိရတယ်။ ဒါဆို ကျွန်မရဲ့ ခွင့်ပြုချက်မရဘဲ ကျွန်မသားကိုခေါ်သွားတဲ့ လူရဲ့ဖုန်းနံပါတ်ကို ပေးပါဆိုတော့ မပေးဘူး” ဟု မောင်အောလွီစေး၏ မိခင် ဒေါ်ဆိုးနေဖောက ဆိုသည်။

မောင်အောလွီစေးမှာ ဉာဏ်ရည်မသန်စွမ်းသူ တဦးဖြစ်သည်ဟု မိခင် ဒေါ်ဆိုးနေဖောက ပြောသည်။ မိခင်ဖြစ်သူ၏ ပြောဆိုချက်အရ အစိုးရစာသင်ကျောင်းတွင် ပထမတန်း (၁ တန်း) ကို ၅ နှစ်တက်ခဲ့ပြီး ကျောင်းထွက်ခဲ့သည်ဟု ဆိုသည်။

“သူက သွေးလန့်တတ်တယ် သူ့ကို ခပ်မာမာပြောရင် ကြောင်သွားတာမျိုးရှိတယ်၊ မိဘကလာခေါ်ရင်တော့ သူပြန်မယ်၊ ဒီတိုင်းပြန်လွှတ်ရင်တော့ ကြောက်လို့ပြန်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

သားဖြစ်သူကို တခြားနေရာပို့လိုက်မည်ကို ၎င်းအနေဖြင့် စိုးရိမ်မှုရှိနေပြီး မိဘထံသာ ပြန်အပ်စေချင်သည်ဟု ဒေါ်ဆိုးနေဖောက ပြောသည်။ “ကျွန်မသားကို ကျွန်မရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ခေါ်သွားတာ ကျွန်မသားကို ခိုးတာနဲ့ အတူတူပဲ” ဟု ၎င်းက ပြောသည်။

ဒေါ်ဆိုးနေဖောမှာ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျေးရွာ ရပ်မိရပ်ဖများမှတစ်ဆင့် ၎င်းတို့နှင့် အဆက်အသွယ်ရခဲ့ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် (KNGY) အဖွဲ့မှ နိုင်ငံရေးနှင့် လူ့အခွင့်အရေးတာဝန်ခံ ခွန်းဂျွန်သန်းက ပြောသည်။

ကလေးနှစ်ဦး တပ်မှ နုတ်ထွက်ခွင့်ရရန် တခြားအဖွဲ့အစည်းများသို့ လက်ရှိအထိ တိုင်ကြားထားခြင်းမရှိသေးသော်လည်း ကလေးများရောက်ရှိနေသည့် သက်ဆိုင်ရာတပ်ရင်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်ရှိသည်ဟု ၎င်းက ဆိုသည်။

ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ၂၀၁၂ ခုနှစ်မှ စတင်၍ သဘောတူညီချက် ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ၂၀၁၉ ခုနှစ် မတ်လအထိ ကလေးစစ်သား ၉၈၇ ဦးကို တပ်မတော်က အုပ်ထိန်းသူထံ ပြန်လွှဲပေးခဲ့ပြီး၊ တပ်မတော်အရာရှိနှင့် စစ်မှုထမ်း ၄၄၈ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ယခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading