"အောင်ကြီးမဟုတ်ရင်ဘယ်သူလဲ" ဗစ်တိုးရီးယားအတွက် တရားမျှတမှုခရီး ဤတွင်ပြီးပြီလား

အောင်ကြီးကို တရားရုံးက တရားရှင်လွှတ်ပေးပြီးနောက်တွင် တရားခံအစစ်က ဘယ်သူလဲဆိုသည့် မေးခွန်းကျန်နေသေးပြီး "ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ဆက်လက်ရှာဖွေမှာပါ” ဟု မိန်းကလေးငယ်၏ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

နေပြည်တော်၊ ဒက္ခိဏခရိုင်ရှိတရားခွင်တစ်ခုအတွင်း လက်ခုပ်သံများ “ဖြောင်းဖြောင်း” မြည်ဟီးခဲ့၏။ ဗစ်တိုးရီးယားဟု အမည်ဝှက်ဖြင့်ခေါ်ဆိုကြသော လိင်အကြမ်းဖက်ခံခဲ့ရသူ မူကြိုအရွယ် မိန်းကလေးငယ်လေးအတွက် အမှန်တရားကို ရှာဖွေနေကြသည့် ဒီဇင်ဘာ ၁၈ရက်၊ တရားရုံးချိန်း ၁၃ ကြိမ်မြောက်တွင်ဖြစ်ပါသည်။

တရားလို၊ သံသယတရားခံ နှစ်ဖက်ရှေ့နေများအားလုံးဆီမှ လွင့်ပျံ့လာသော လက်ခုပ်သံများနည်းတူ တရားခွင်၌ရှိနေသူ အားလုံးနီးပါးကလည်း လှုပ်လှုပ်ရွရွဖြစ်နေသည်။ ကြမ်းပြင်၌ ပြားပြားဝပ်ကာ တရားသူကြီးနှစ်ဦးနှင့် ၎င်း၏ရှေ့နေများကို အကြိမ်ကြိမ် ရှိခိုးဦးချ နေသူတစ်ဦးလည်းရှိ၏။ အဆိုပါအမှုတွင် ကျူးလွန်သူဟု ရဲတပ်ဖွဲ့က ခြောက်လကျော်ကြာ ဖမ်းဆီးကာ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုခံရထားသူ ကိုအောင်ကျော် မျိုး(ခ) အောင်ကြီးပင်။

တရားလိုပြသက်သေ ၇ ဦး ကျန်နေသေးသော်လည်း စစ်ဆေးပြီးသူ ၂၀ ဦး၏ ထွက်ဆိုချက်များအရ ကိုအောင်ကြီး ကျူးလွန်ကြောင်း ထင်ရှားမှုမရှိ၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃(၂) အရ စွဲချက်မတင်မီ ခရိုင်တရားရုံးက တရားရှင် လွှတ်လိုက်ခြင်းဖြစ်သည်။

အထက်ပါ ပျော်ရွှင်ကြည်နူးဖွယ်ရာ မြင်ကွင်းများ၏ အခြားတစ်ဖက်တွင် လက်ရှိအခြေအနေသည် ဗစ်တိုးရီးယားအတွက်  တရားမျှတမှု ရှာပုံတော်ခရီး တစ်ခန်းရပ်သွားရခြင်းပင်ဖြစ်ကြောင်း နားလည်သဘောပေါက်သူတို့လည်း ရှိနေ၏။

“ဒီအမှုကြီးတစ်ခုလုံးက တရားခံမရှိတော့ဘူးဆိုပြီး ပြီးသွားပြီကိုး၊ ပိတ်ပစ်လိုက်ပြီ”ဟု ဗစ်တိုးရီးယားဘက်မှ ရှေ့နေ ဒေါ်ရွက်နုအောင်က Myanmar Now ကို ပြောသည်။

နှစ်ဖက်ရှေ့နေများနှင့် ဗစ်တိုးရီးယားမိသားစုဘက်မှ ကိုအောင်ကြီး လွတ်မြောက်သည်ကို ဝမ်းပန်းတသာ ရှိကြသော်လည်း တရားခွင် ရုတ်တရက်ရပ်သွားမှုအပေါ် မချိတင်ကဲ ဖြစ်နေကြခြင်းဖြစ်သည်။

“အခုထိ တရားခံရှာမတွေ့ဘဲနဲ့ ဗစ်တိုးရီးယားလေး နစ်နာနေရတာကိုတော့ ကျွန်တော်မကြိုက်ဘူး” ဟု ကိုအောင်ကြီးကို လွတ်မြောက်အောင် ဆောင်ကြဉ်းပေးခဲ့သည့် ရှေ့နေ ဦးခင်မောင်ဇော်က Myanmar Now ကိုပြောသည်။

သို့သော် ဇာတ်ရှိန်တက်နေသည့် တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်မှုများကြောင့် ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ဆက်လက်ရှာဖွေနိုင်မည်ဟု နှစ်ဖက်ရှေ့နေများက မျှော်လင့်ထားကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူကိုယ်တိုင်က အမှုပေါ်ပေါက်မှုဖြစ်စဉ်ကို ထုတ်ဖော်ပြောဆိုထားခြင်း၊ ဗစ်တိုးရီးယားကို ဆေးစစ်ခဲ့သည့် မှုခင်းဆရာဝန်ကြီးထွက်ဆိုချက်အရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု အမှန်တကယ်ပေါ်ပေါက်ကြောင်း ပေါ်လွင်ခြင်း၊ ဗစ်တိုးရီးယားကိုယ်တိုင် မည်သူတို့ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုထားခြင်း တို့ကြောင့်ဖြစ်သည်။

ထို့အတူ တရားခွင်စစ်ဆေးမှုများအတွင်း ဗစ်တိုးရီးယား တက်ရောက်သည့် Wisdom Hill မူကြိုကျောင်းမှ သက်သေခံအဖြစ် တရားရုံးသို့ အပ်နှံသည့် CCTV မှတ်တမ်းများ၊ CCTV များကို ထိန်းချုပ်သည့် DVR စက်နှင့် ယင်းအတွင်း တပ်ဆင်ထားသည့် Hard Disk တို့တွင် သံသယဖြစ်ဖွယ်များ ပေါ်ပေါက်လာခြင်းတို့ကို နှစ်ဖက်ရှေ့နေများက ရည်ညွှန်းကြခြင်းဖြစ်သည်။

တကယ်ဖြစ်ခဲ့သလား

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူက ဇူလိုင် ၄ ရက် သမ္မတအိမ်တော် ရှင်းလင်းပွဲတွင် အမှုဖြစ်စဉ်ကို အသေးစိတ်ရှင်းပြထားဖူးသည်။

ဗစ်တိုးရီးယားနှင့်ပတ်သက်သည့် ဆေးစာပြန်ကြားချက်၊ ကိုအောင်ကြီး၏ အတွင်းခံမှတွေ့ရှိရသည့် သုတ်ပိုး၊ ကိုအောင်ကြီး Wisdom Hill မူကြိုသို့ အခင်းဖြစ်နေ့တွင် ရောက်ရှိခဲ့ကြောင်း CCTV မှတ်တမ်း၊ ဗစ်တိုးရီးယားကို ၎င်း၏ဖခင်က CCTV မှတ်တမ်းပြ၍ မေးမြန်းစဉ် ဗီဒီယို၌ ကိုအောင်ကြီးဟု ယူဆရသူကို ညွှန်ပြချက် စသည့် အချက်လေးခု ခိုင်မာမှုရှိကြောင်း ဒုရဲချုပ်က ပြောထားသည်။

ထို့အတူ နိုဝင်ဘာ ၂၀ ရက် တရားခွင်၌ လာရောက်ထွက်ဆိုခဲ့သည့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာ ဒေါ်တင်မိုးမိုးခိုင်ကလည်း ဗစ်တိုးရီးယားကို ဆေးစစ်ချက်အရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု ကြုံတွေ့ခဲ့ရသည်မှာ အမှန်ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် အခင်းဖြစ်သည့် မေ ၁၆ ရက်ညတွင်ပင် ဗစ်တိုးရီးယားကို ကနဦးစစ်ဆေးခဲ့သည့် နေပြည်တော်၊ ကလေးရောဂါအထူးကုဆေးရုံကြီးကလည်း “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းဟု သံသယရှိ၊ မိန်းမကိုယ်၌ ပွန်းသည့်ဒဏ်ရာ တွေ့ရှိရပြီး သွေးထွက်နေသည်”ဟု မှတ်ချက်ပေးထားကြောင်း ဒေါ်တင်မိုးမိုးခိုင်က ထုတ်ဖော်ပြောဆို၏။

မှုခင်းဆရာဝန် လုပ်သက်တစ်လျှောက်တွင် တစ်ကြိမ်မျှမကြုံဖူးသည့် ကိစ္စရပ်တစ်ခုကိုလည်း ဒေါ်တင်မိုးမိုးခိုင်က တရားခွင်ထွက်ဆိုခဲ့ပြီး ယင်းမှာ ဗစ်တိုးရီးယား၏ မိန်းမကိုယ်တွင် သုက်ပိုးတွေကြောင်း ဖော်ထုတ်ရရှိသည့် ဓာတ်ခွဲခန်းသုံး မှန်ပြားတစ်ချပ်ကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က လာရောက်ယူဆောင်သွားခြင်းဖြစ်သည်။

ဗစ်တိုးရီးယား၏ ထွက်ချက်

မှန်ကန်စွာ ထွက်ဆိုနိုင်စွမ်းကို ကိန်းဂဏန်းများ၊ အရောင်များ ဖြေဆိုစေ၍ ရုံးတော်က အကဲခတ်ခြင်းကို ခံရပြီးနောက် ကာယကံရှင် ဗစ်တိုးရီးယားကိုယ်တိုင် စက်တင်ဘာ ၁၁ ရက်က ထွက်ဆိုခဲ့မှုများတွင် ကျူးလွန်သူမှာ မည်သူဖြစ်ကြောင်းပါဝင်သည်။

သတင်းထောက်နှင့် အများပြည်သူတို့ ဝင်ခွင့်မရသည့် အဆိုပါရုံးချိန်းအပြီးတွင် ဗစ်တိုးရီးယား၏ရှေ့နေ ဒေါ်ရွက်နုအောင်က ကလေးငယ်၏ထွက်ဆိုချက်များကို ပြန်ပြောပြခြင်းဖြစ်သည်။

အဆိုပါနေ့က တရားခွင်တွင် ဗစ်တိုးရီးယား၏ဖခင်က တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းထားသည့် မိုဘိုင်းဖုန်းပါ ဗီဒီယိုနှစ်ခု၊ ရဲတပ်ဖွဲ့က သက်သေခံအဖြစ် တင်သွင်းထားသည့် ဗီဒီယိုဖိုင်တစ်ခုတို့၌ ပါရှိသော ဓာတ်ပုံ ၆ ပုံ ကို ဗစ်တိုးရီးယားအား ပြသမေးမြန်းခဲ့သည်ဟု ၎င်းကပြောသည်။

ကိုအောင်ကြီး၏ ဓာတ်ပုံကိုပြရာတွင် “ဒါကိုမသိဘူး၊ ဒီလူကိုမသိဘူးပေါ့ သူ(ဗစ်တိုးရီးယား)ပြောတယ်” ဟု ဒေါ်ရွက်နုအောင်က ဆိုသည်။ ထို့အတူ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၏ ပုံကိုပြသည့်အခါတွင်လည်း မသိကြောင်း ဗစ်တိုးရီးယားက ပြောခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

အမျိုးသားငယ်နှစ်ဦးပါဝင်သည့် ဓာတ်ပုံများကို ပြသည့်အခါတွင်မူ “ကိုကိုအငယ်က သူ့ရင်ဘတ်တွေကို ထုတယ်၊ ကိုကိုအကြီးကတော့ သူ့ရဲ့ဖင်ဖုကို ဆိတ်တယ်လို့ ကလေးလေး(ဗစ်တိုးရီးယား)က ထွက်ဆိုသွားတယ်”ဟု ဒေါ်ရွက်နုအောင်က ပြန်ပြောင်းပြောပြဖူးသည်။

CCTV ဝိရောဓိ

ကိုအောင်ကြီးကို ဖမ်းဆီးကြောင်း ဒုရဲချုပ်ပြောချိန်က CCTV မှတ်တမ်းများအရ ကိုအောင်ကြီးမှာ Wisdom Hill မူကြိုကျောင်းဆောင်အတွင်း ဝင်ရောက်သည့် တစ်ဦးတည်းသော အမျိုးသားဖြစ်ကြောင်း ပါဝင်သည်။

သို့သော် ရုံးတော်သို့ ရဲတပ်ဖွဲ့က တင်သွင်းသည့် Wisdom Hill မူကြိုကျောင်း၏ CCTV မှတ်တမ်းဗီဒီယိုဖိုင်များ၊ ရုံးတော်ကတောင်းခံ၍ ကျောင်းက သက်သေလာရောက်တင်သွင်းသည့် CCTV များကို ထိန်းချုပ်သည့် DVR စက်နှင့် ယင်းအတွင်း တပ်ဆင်ထားသည့် Hard Disk တို့တွင်မူ သံသယဖြစ်ဖွယ်ရာများ တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်နေ၏။

မူကြိုကျောင်းမှ CCTV နှင့်သက်ဆိုင်သည့် စပ်ဆက်ပစ္စည်းများ လာရောက်အပ်နှံသူ ကိုရန်နောင်ဌေးကို နိုဝင်ဘာ ၆ ရက်က တရားခွင်အတွင်း စစ်ဆေးပြီးချိန်တွင် အောင်ကြီး၏ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်စုဒါလီအောင်နှင့် ဗစ်တိုးရီးယား ဘက်မှ ဥပဒေအရာရှိ ဦးကျော်မင်းအောင်တို့က မူရင်းမှတ်တမ်းဖိုင်များ ပြန်ရရန် နည်းပညာရှင်အကူအညီဖြင့် ဆောင်ရွက်ခွင့်ပြုရန် ရုံးတော်သို့ လျှောက်ထားသည်အထိ ဖြစ်ခဲ့သည်။

အကြောင်းမှာ မူကြိုကျောင်းက CCTV မှတ်တမ်းများ သိမ်းဆည်းထားသည်ဆိုသော စက်ပစ္စည်းများကို ရုံးတော်ရှေ့မှောက်၌ စစ်ဆေးရာ မှတ်တမ်းမှတ်ရာများ တစ်ခုမျှမရှိတော့သည်ကို တွေ့ရကြောင်း ဥပဒေအရာရှိက တရားသူကြီးနှစ်ဦးထံ တင်ပြ၏။

ထိုသို့လျှောက်ထားမှုကို တရားသူကြီးများကလည်း ခွင့်ပြုသဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့်အဖွဲ့က တရားရုံး၌ပင် လာရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။

မူကြိုကျောင်းက ရုံးတော်သို့ သက်သေတင်သွင်းထားသည့် CCTV စပ်ဆက်ပစ္စည်းများကို နည်းပညာဖြင့် ရှာဖွေစစ်ဆေးမှုမှာ ၂၈ နာရီကျော် ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်းတွင် ဦးထွန်းခိုင်ကိုယ်တိုင် ရှာဖွေတွေ့ရှိချက်များကို ရုံးတော်သို့ အစီရင်ခံတင်သွင်းခဲ့၏။

၎င်းတို့အဖွဲ့ စစ်ဆေးခဲ့သော မူကြိုကျောင်း၏ DVR စက်မှာ Hard Disk နှစ်လုံး တပ်ဆင်နိုင်ကြောင်း၊ သို့သော် တစ်လုံးသာရှိကြောင်း၊ တပ်ဆင်ထားခြင်းမရှိသည့်နေရာတွင် မူလီအချို့ တွေ့ရသည့်အတွက် ယခင်က Hard Disk တပ်ဆင်ထားသည်ဟု ယူဆနိုင်ကြောင်း ထည့်သွင်းပြောဆိုသည်။

သက်သေခံတင်ထားသည့် CCTV မှတ်တမ်း ဗီဒီယိုဖိုင်များတွင်လည်း သံသယဖြစ်ဖွယ်များ တွေ့ရကြောင်း ဦးထွန်းခိုင်က ရုံးတော်သို့ ပြောခဲ့သေး၏။ အသေးစိတ်မှတ်တမ်းတွင် ကြာမြင့်ချိန်မှာ ၁၂ နာရီမှ ၁ နာရီဟု ပေါ်လွင်နေသော သက်သေခံဗီဒီယိုဖိုင်တစ်ခု၌

တစ်နာရီစာ အပြည့်မရှိသည်ကို တွေ့ရပြီး ယင်းမှာ ဖြတ်တောက်ထားသည်ဟု ယူဆနိုင်ကြောင်း ၎င်းက ရုံးတော်သို့ ရှင်းပြသည်။

ထို့အတူ CCTV မှတ်တမ်း ဗီဒီယိုဖိုင်များမှာ Hard Diskက အလိုအလျောက်ပေးသည့် ဖိုင်နာမည်များဖြင့် ရှိမနေဘဲ တစ်စုံတစ်ဦးက ဖိုင်အမည် ပြောင်းထားသည်ကို စိစစ်တွေ့ရှိရကြောင်းကိုလည်း ဦးထွန်းခိုင်က အစီရင်ခံသည်။

တရားရုံးသို့ သက်သေခံအဖြစ် ရောက်နေသည့် မူကြိုကျောင်း၏ DVR နှင့် Hard Disk တို့မှာ ဗစ်တိုးရီးယားအမှု ပေါ်ပေါက်သည့် မေလ ၁၆ ရက်တွင် အမှန်တကယ် တပ်ဆင်အသုံးပြုခဲ့သည့် ပစ္စည်းများ သေချာပါသလားဟု ရှေ့နေ ဒေါ်ရွက်နုအောင်က မေးမြန်းသည့်အခါတွင်လည်း ၎င်းက အောက်ပါအတိုင်းဖြေခဲ့၏။

“နည်းပညာရှုထောင့်နှင့် စစ်ဆေးတွေ့ရှိချက်များအရ အတည်ပြုမပေးနိုင်”ဟု ဦးထွန်းခိုင်က ဆိုသည်။

ဘာဆက်လုပ်ကြမလဲ

ရှေ့နေများကတော့ အထက်ပါ ပေါ်ပေါက်မှုအခြေအနေအရပ်ရပ်အရ တရားခွင်ကြားနာမှု တစ်ဝက်တစ်ပျက်ဖြင့် ရပ်သွားသော်လည်း ရှေ့တွင် ခရီးကြမ်းဆက်နှင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြသည်။

ယခုအခြေအနေသည် လမ်းဆုံးသွားခြင်း မဟုတ်သေးဘဲ စောင့်ကြည့်ရန် လိုအပ်သေးသဖြင့် မည်သို့ ရှေ့ဆက်ဆောင်ရွက်မည်ကို မပြောနိုင်သေးကြောင်း ဗစ်တိုးရီးယားမိသားစုဖက်မှလည်း ပြောသည်။

ကိုအောင်ကြီးသည်ပင်လျှင် လွတ်လျှင်လွတ်ခြင်း “ကလေးလေး(ဗစ်တိုးရီးယား)အတွက် အမှန်တရားပေါ်ပါစေလို့ ဆုတောင်းပါတယ်” ဟု မီဒီယာများကိုပြောခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး တတ်နိုင်သမျှ ဝန်းရံပေးမည်ဖြစ်ကြောင်း ထည့်သွင်းကတိပြုခဲ့သေးသည်။

ဗစ်တိုးရီးယား၏ရှေ့နေ ဒေါ်စုဒါလီအောင်ကတော့ “ဆက်လုပ်လို့ရပါတယ်၊ အမှုထဲမှာ ပေါ်ပေါက်ချက်တွေက အများကြီးရှိနေပါပြီ” ဟု Myanmar Now ကို မှတ်ချက်ပြု၏။ သို့သော် ကိုအောင်ကြီးကို တရားခံအဖြစ် ဖမ်းဆီးတရားစွဲဆိုသည့် ရဲတပ်ဖွဲ့နှင့် ဥပဒေအကြံဉာဏ်များပေးခဲ့သည့် ဥပဒေအရာရှိတို့ မည်သို့ဆက်လုပ်မည်ကို အချိန်အနည်းငယ်ယူကာ စောင့်ကြည့်ရဦးမည်ဟု ၎င်းက ဆိုသည်။

“အောင်ကြီးမဟုတ်ရင် ဘယ်သူလဲ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ဆက်လက်ရှာဖွေမှာပါ” ဟု ဒေါ်ရွက်နုအောင်က ပြောသည်။

ကိုအောင်ကြီး၏ရှေ့နေ ဦးခင်မောင်ဇော်ကလည်း ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေး ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေရှိကြောင်း Myanmar Now ကို သုံးသပ်ပြ၏။

ပြီးဆုံးသွားပြီဖြစ်သည့် တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်မှုများကို ဦးတည်၍ ရဲစခန်းတွင်ဖြစ်စေ၊ တရားရုံးတွင်ဖြစ်စေ အမှုအသစ်ဖွင့်သည့် နည်းလမ်းသည် ရွေးချယ်စရာတစ်ခုဖြစ်ကြောင်း ၎င်းက အကြံပြုသည်။

သူကိုယ်တိုင် ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေး ဝန်းရံသူအဖြစ် ဆက်လက်ပါဝင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော ဦးခင်မောင်ဇော်က “ဒီအခြေအနေမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှု (Justice for Victroria)” ဆိုတဲ့ အလံကို ဘယ်သူမှ လှဲလို့မရသေးဘူး” ဟုလည်း သတိပေးလိုက်ပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading