ပြည်နယ်လွှတ်တော်တွင် အမတ်နေရာ အများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီက ၂၀၂၀ ရွေကောက်ပွဲကာလအတွင်း နယ်မြေတည်ငြိမ်မှုရရှိရန်နှင့် ရွေးကောက်ပွဲ အဆင်ပြေစွာပြုလုပ်နိုင်စေရန် ယခုကဲ့သို့ တိုက်တွန်းရခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် AA နှင့် ဆွေးနွေးညှိနှိုင်းသင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ၎င်းတို့နှင့် ညှိနှိုင်းသင့်ကြောင်း ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသည့်အပေါ် ရခိုင်အမျိုးသားပါတီ (ANP)၏ ဥက္ကဌ ဦးသာထွန်းလှ က ပြောလိုက်ခြင်းဖြစ်သည်။

ဒေါက်တာအေးမောင်အပြီး ပါတီ၏ ဒုတိယမြောက် ဥက္ကဋ္ဌဖြစ်လာသည့် ဦးသာထွန်းလှက တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ရွေကောက်ပွဲကာလတွင်း နယ်မြေတည်ငြိမ်မှုရရှိရန် အရေးကြီးကြောင်းနှင့် ရွေးကောက်ပွဲ အဆင်ပြေပြေပြုလုပ်နိုင်သည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဖန်တီးပေးရန်လိုအပ်သည်ဟု ဆိုသည်။
“နယ်မြေတည်ငြိမ်အောင်လုပ်ဖို့ အပစ်ရပ်ဖို့လိုတယ်၊ အပစ်ရပ်ဖို့ဆိုရင်တော့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဖို့လုပ်ရမှာပဲ” ဟု ဦးသာထွန်းလှက ဆိုသည်။


ANP သည် ၂၀၁၅ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း မဲအများဆုံးဖြင့်အနိုင်ရပြီး ပြည်နယ်လွှတ်တော်အတွင်း အမတ်နေရာ အများဆုံးရရှိထားသည့် ပါတီဖြစ်သည်။
ရခိုင်မြောက်ပိုင်းတိုက်ပွဲများအတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်း စသည့် မြို့နယ်များတွင် တိုက်ပွဲအများဆုံးဖြစ်ပွားနေပြီး ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများအရ စစ်ဘေးရှောင်အရေအတွက်မှာ တစ်သိန်းဝန်းကျင်သို့ရောက်ရှိနေပြီဖြစ်သည်။


တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော်လည်း နှစ်ဖက်ဆွေးနွေးညှိနိုင်းမှုရလဒ်များမှာ တိုးတက်မှုတစုံတရာ မတွေ့ရသေးပေ။ ရက္ခိုင့်တပ်တော် AA ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့နှင့် အစိုးရတို့အကြား ပဏာမအပစ်အခတ်ရပ်စဲရန်အတွက် တွေ့ဆုံဆွေးနွေးမှု ၅ ကြိမ်ထက်မနည်းရှိခဲ့သည်။
သို့သော် ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံခဲ့သော်လည်း တိကျသည့်အဖြေကိုမရရှိဘဲ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံရန်သာ သဘောတူခဲ့ကြသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








