ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် ရာဇဂြိုလ် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုရဲဘက်အကျဉ်းစခန်းအနီး အကျဉ်းသားများအလုပ်လုပ်နေကြစဉ်။ (ဓာတ်ပုံ - Myanmar Now)
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် ရာဇဂြိုလ် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုရဲဘက်အကျဉ်းစခန်းအနီး အကျဉ်းသားများအလုပ်လုပ်နေကြစဉ်။ (ဓာတ်ပုံ - Myanmar Now)

 ၁၉၈၈ မှ ၂ဝ၁ဝ ကာလ တစ်ကျော့ပြန် စစ်အုပ်ချုပ်ရေး ကာလအတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အားလုံး အနည်းနှင့်အများဆိုသလို သိရှိကြသည်။

သို့သော် ထိုကာလ၏ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုမှာ ထောင်နှင့်ချီသော အကျဉ်းသားတို့ ရဲဘက်စခန်းများတွင် သေဆုံးမှုဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာချို့တဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အကျဉ်းသားအများအပြား စစ်အုပ်ချုပ်ရေးကာလအတွင်း သေဆုံးခဲ့ကြသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ခိုင်မာသော အထောက်အထားများ ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိပေ။

သို့သော် လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း Myanmar Now က ထိုကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ အငြိမ်းစားနှင့် တာဝန်ယူဆဲ အရာရှိကြီးများ၊ ရွာလူကြီးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများ၊ ရဲဘက်စခန်းများမှ လွတ်မြောက်ခဲ့သော အကျဉ်းသားအချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

ထိုစုံစမ်းမှုအတွင်း ၎င်းတို့က အကျဉ်းသားသေဆုံးမှုများနှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်တချို့ကို ပထမဦးဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အကျဉ်းအသားအများအပြား သေဆုံးခဲ့သော အကျဉ်းစခန်းများတွင် မြန်မာပြည်အနောက်ဘက် တောတောင်လျှိုမြှောင် ထူထပ်လှသော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ “ဘဝသစ်” အမည်ရ စိုက်ပျိုးရေးအကျဉ်းသားရဲဘက်စခန်းများမှာ နာမည်ဆိုးဖြင့် အကျော်ကြားဆုံးဖြစ်သည်။

“အကျဉ်းသားနှစ်ယောက်လောက်တော့ နေ့တိုင်း သေတယ်။ သေတိုင်း ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့ရတယ်။ ဝမ်းလျှောလို့ သေတယ်၊ ဝမ်းကိုက်လို့ သေတယ်၊ ဝမ်းနာလို့ သေတယ်၊ ဒီလိုရောဂါတွေနဲ့ သေကြောင်း အကျဉ်းဦးစီးအာဏာပိုင်တွေအတွက် လက်မှတ်ထိုးပေးခဲ့ရတယ်” ဟု စစ်ကိုင်းတိုင်းကလေးမြို့နယ်ရှိ ရာဇဂြိုဟ် (၁) စိုက်ပျိုးရေးအကျဉ်းစခန်းအနီးရှိ ရာဇဂြိုဟ်ရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးစံဗလက Myanmar Now ကို ပြောသည်။

လူဦးရေတိုးပွားရန် မဟာအကြံ

၁၉၉၁ မေလတွင် စစ်ကိုင်းတိုင်း မုံရွာထောင်မှ အကျဉ်းသား ၃ဝဝ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂၅ ယောက် ပါသည့် သင်္ဘောတစ်စင်းသည် မုံရွာမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ခဲ့သည်။

ကလေးဝ ရောက်လျှင် ကားများဖြင့် တမူးမြို့ဖက်သို့ ခရီးဆက်ခဲ့ကြပြီး၊ တမူးမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် စခန်းချခဲ့ကြသည်။

ဝက်ရှုရွာအနီး တည်ရှိသောကြောင့် မူလက ဝက်ရှုစခန်းဟု အမည်တွင်ပြီး နောင်တွင် အုတ်ဖိုကန်ဘောင်စခန်းဟု ခေါ်ဆိုသော ထိုစခန်းသည် အကျဉ်းဦးစီးဌာန၏ ပထမဦးဆုံးသော ကဘော်ချိုင့်ဝှမ်း “ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်း” ဖြစ်သည်။

ရဲဘက်အကျဉ်းသားများဖြင့် လည်ပတ်ရသော ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်း (သို့မဟုတ်) ဘဝသစ်စခန်း ဆိုသည်မှာ ထိုအချိန်က မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်အာဏာရှင် ဗိုဟ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ပထဝီနိုင်ငံရေးစီမံကိန်း အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာပိုင်နယ်မြေများသို့ တစ်ဖက်အိမ်နီးခြင်း အိန္ဒိယနိုင်ငံမှ လူများ စိမ့်ဝင်လာခြင်းကို ကြိုတင်ကာကွယ်ရန် လိုအပ်သည်ဟု သူက ယူဆခဲ့သည်။

ထိုကဲ့သို့ကာကွယ်ရန် အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိ ဒေသများ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းသည် လူဦးရေနေထိုင်မှု နည်းပါးသည့်အတွက် ထိုဒေသများတွင် လူဦးရေ တိုးပွားစေရန် ရဲဘက်အကျဉ်းသား စိုက်ပျိုးရေးစခန်းများ ဖွင့်လှစ်ရမည်၊ အကျဉ်းသားများလုပ်အားဖြင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးလယ်ယာမြေများအဖြစ် ဖော်ထုတ်ရမည်၊ အကျဉ်းသားများ လွတ်ရက်စေ့လျှင် ဆန္ဒရှိသူများကို လယ်ကွက်များ၊ ကျွဲနွားများပေးပြီး ၎င်းတို့၏ မိသားစုများကို ခေါ်ဆောင်စေကာ ရွာသစ်များ တည်ပေးမည်။ ထိုကဲ့သို့ ရွာသစ်များ တည်ပေးခြင်းဖြင့် လူဦးရေ တိုးပွားစေကာ တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ လူဦးရေ စိမ့်ဝင်အခြေချခြင်းကို ကာကွယ်စေနိုင်မည်ဟု သူက ဆိုခဲ့ကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းအချို့တွင် ရေးသားထားသည်။

ပထဝီနိုင်ငံရေးရည်ရွယ်ချက်များအပြင် “အလဟဿ လေလွင့်ဆုံးရှုံးနေသော” အကျဉ်းထောင်များရှိ အကျဉ်းသားလုပ်အားကို နိုင်ငံတော်စီမံကိန်းများအတွက် သုံးစွဲရန်၊ အကျဉ်းဦးစီးဌာနအတွက် နိုင်ငံတော်က ကုန်ကျရသော စရိတ်များကို ပြန်လည်ကာမိစေရန် အကျဉ်းသားများက ကျောက်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေပြန်ရှာရန် ၁၉၈၈ မှ ၂ဝ၁ဝ အတွင်း အာဏာယူခဲ့သော စစ်ဗိုဟ်ချုပ်ကြီးများက အမိန့်ပေး စီမံခဲ့ကြောင်း Myanmar Now က ဖတ်ရှု လေ့လာခွင့်ရသည့် အစိုးရ အမိန့်ညွှန်ကြားချက်တချို့တွင် တွေ့ရှိရသည်။

၁၉၉၈ သြဂုတ် ၂၅ နေ့စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁/၉၈ တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် အကျဉ်းသားများ၏လုပ်အားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ဝန်ဆောင်တပ်ရင်းလုပ်ငန်း (အကျဉ်းသားများကို ရှေ့တန်း စစ်ဆင်ရေးနေရာများတွင် လက်နက်ရိက္ခာများ သယ်ခိုင်းခြင်းဖြစ်ပြီး၊ ယခုအချိန်တွင် ဖျက်သိမ်းလိုက်ပြီဖြစ်သည် ) နှင့် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းများကို မိမိ၏ဘဏ္ဍာငွေ အစီအစဉ်ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ရန် ဟူသော စကားရပ် ပါရှိသည့် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထိုစာတွင် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းဆိုသည်မှာ “ပြစ်ဒဏ်ကျအကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတို့ကို တိုးတက် ပြောင်းလဲစေပြီး ဘဝသစ်ကို တည်ဆောက်ပေးသော စခန်း” ကို ဆိုလိုသည်ဟု အနက်ဖွင့်ထားသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလွန်ကြည်နူးစရာ ကောင်းလှသော်လည်း ပကတိဖြစ်ရပ်မှာမူ အကျဉ်းသားပေါင်းများစွာ တမလွန်ဘဝသစ်သို့ ကူးပြောင်းခြင်းပင် ဖြစ်လေသည်။

ထိုအမိန့်မထွက်မီပင် စတင်ခဲ့သော ကဘော်စီမံကိန်းအရ တမူးမြို့ရှိ တောရိုင်းနေရာများတွင် သနန်၊ ဗန္ဓုလ၊ ဆရာစံ၊ မြို့သစ်၊ အုတ်ဖိုကန်ဘောင်နှင့် ကလေးမြို့ရှိ ရာဇဂြိုဟ် (၁) ၊ ရာဇဂြိုဟ် (၂) အစရှိသော “ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း” ခေါ် ရဲဘက်အကျဉ်းစခန်းများကို စခန်းတစ်ခုလျှင် အကျဉ်းသားပျမ်းမျှ ၃ဝဝ ခန့်ဖြင့် ၁၉၉၁မှ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းတို့က ထောင်နှင့်ချီသော လယ်ဧကများ ဖော်ထုတ်ရန်၊ နှစ်စဉ် စပါးတင်းပေါင်းများစွာ အကျဉ်းဦးစီးဌာနသို့ အပ်နှံရန် လျာထားချက်များ ချမှတ်ခဲ့သည်။

သောက်သောက်လဲ သေကြပြီ

ဘဝသစ်စခန်းများအနက် ဗွေဆော်ဦးစခန်းဖြစ်သည့် တမူးမြို့အနီးရှိ အုတ်ဖိုကန်ဘောင်စခန်း ဖြစ်မြောက်စေရန် နောက်တန်းမှ စီမံပေးခဲ့ရသူတစ်ဦးမှာ ထိုအချိန်က မုံရွာထောင်တွင် တာဝန်ကျနေသော အကျဉ်းဦးစီးဌာန အရာရှိ ထောင်မှူး ဦးတင်အောင်ဖြစ်သည်။

ထိုစခန်းနှင့် နောက်တိုးဖွင့်လှစ်သည့် ကဘော်ချိုင့်ဝှမ်းဘဝသစ်စခန်းများတွင် အကျဉ်းသားအများအပြား နှစ်စဉ် သေဆုံးခဲ့ကြောင်း၊ အကြောင်းရင်းများမှာ ရာသီဥတု အလွန်ပြင်းထန်ခြင်း၊ အကျဉ်းသားများကို ကျွေးမွေးရန် နိုင်ငံတော်က လုံလောက်သော အသုံးစရိတ် မချပေးခြင်း၊ ဆေးဝါးလုံလောက်မှု မရှိခြင်းတို့ ဖြစ်ကြောင်း ထောင်မှူးကြီးဘဝမှ အငြိမ်းစားယူပြီး ကလေးမြို့တွင် ရှေ့နေအဖြစ် လုပ်ကိုင်နေသော ဦးတင်အောင်က ပြောဆိုသည်။

“၁၉၉၁ ခုနှစ်လောက်တုန်းကဆိုရင် အကျဉ်းဦးစီးမှာ ကုလားပဲ ဆိုတာ မရှိဘူး။ တစ်ပိသာ ၆ဝဝ ကျပ် ရတဲ့ပဲနဲ့ ဝယ်ကျွေးတာ။ အသားတစ်ပိသာကို ၄ဝဝ ကျပ် လောက်နဲ့ ရတဲ့အသား ဝယ်ကျွေးဆိုတော့ ဘယ်လိုနည်းနဲ့မှ မကျွေးနိုင်ဘူး။ အပြင်မှာ ၃ဝဝ တန်တာဆို နိုင်ငံတော်ကချပေးတာ ၁ဝဝ လောက်ပဲ ရှိတယ်၊ အဲဒီအတွက်ကြောင့် အကျဉ်းသားတွေကို လောက်လောက်ငင မကျွေးနိုင်ဘူး။ မကျွေးနိုင်တော့ အကျဉ်းသားတွေက အင်အား ပြတ်တယ် ၊ ရာသီဥတုဒဏ်ခံရတယ် ၊ ရေကောင်းကောင်းမရှိဘူး၊ ဆေးဝါးတွေ မလုံလောက်ဘူး” ဟု သူက ဆိုသည်။

အင်းစိန်၊ အိုးဘို၊ မြင်းခြံ၊ ဗန်းမော်ထောင်တို့ အပါအဝင် နိုင်ငံအနှံ့ ထောင်များရှိ အကျဉ်းသားတို့ကို စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကလေး အကျဉ်းထောင်များသို့ ဦးစွာခေါ်ဆောင်လာပြီး ထိုထောင်များမှတစ်ဆင့် ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများသို့ ပို့ဆောင်ခဲ့သည်။

“စခန်းမှာသေတဲ့လူလည်း သေကြပေါ့။ တချို့အကျဉ်းသားတွေကိုလည်း အခြေအနေမကောင်းလို့ တို့မုံရွာထောင်ကို ပြန်ပို့လိုက်တယ်။ ပြန်လာတဲ့အကျဉ်းသားတွေ ကြည့်လိုက်တော့လည်း အရိုးနဲ့အရေပဲ ကျန်တယ်၊ တစ်ကိုယ်လုံး ဝဲတွေချည်းပဲ၊ ရောက်သေပဲ။ ဒီနေ့ရောက်၊ နက်ဖန်သေပဲ” ဟု ဦးတင်အောင်က ဆိုသည်။

၂ဝဝ၁ ခုနှစ်တွင် သူကိုယ်တိုင် သွားရောက်တာဝန်ထမ်းဆောင်ရသည့် တမူးမြို့အနီးရှိ ဆရာစံစခန်းတွင် တစ်နှစ်လျှင် အကျဉ်းသား ၃ဝဝ ခန့် သေဆုံးခဲ့ကြောင်း၊ သေဆုံးအကျဉ်းသားများကြောင့် စခန်းတွင် လူလျော့သွားလျှင် လူအင်အား ထပ်မံဖြည့်ရန် မုံရွာထောင်၊ ကလေးထောင်တို့မှ အကျဉ်းသားအင်အား လှမ်းတောင်းခဲ့ရကြောင်း သူက ဆိုသည်။

“၂ဝဝ၁ လောက်မှာကို အဲဒီဆရာစံစခန်းမှာ အကျဉ်းသား တစ်နှစ်အတွင်း ၃၅၇ ယောက် သေတယ်။ ငါကိုယ်တိုင် စာရင်းပြုစုပြီး ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) ကို ပေးရတော့ မှတ်မိနေတယ်။ နောက်ပိုင်း ၂ဝဝ၉ လောက်ကျတော့ အသေအပျောက် နည်းလာတယ်။ ဘာကြောင့် မသေတော့ဘူးလဲ ဆိုရင် ကျန်းမာရေး မကောင်းရင် ကလေးထောင်ပဲ ပို့ကြတာ။ စခန်းမှာ မသေတော့ဘူး။ သေချင်သေ ထောင်မှာပဲ သေတော့တယ်။ ထောင်ကလဲမနိုင်ရင် ဆေးရုံကြီးလွှဲလိုက်တာပဲ။ အဲဒီအချိန်လောက်တုန်းက ဆိုရင် ဆေးဖိုးဝါးခကလည်း ဟုတ်တိပတ်တိ မရဘူး” ဟု ဦးတင်အောင်က ဆိုသည်။

ကလေးထောင်တွင် ထောင်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား အကျဉ်းဦးစီးဌာန အရာရှိ ဦးခင်မောင်မြင့်က ၂ဝဝ၁ ခုနှစ်အတွင်း ကဘော်ဘဝသစ်စခန်းများမှ ကျမ်းမာရေး မကောင်းသဖြင့် ကလေးထောင်သို့ ရောက်ရှိလာသော အကျဉ်းသား ၆ဝဝ ခန့်အနက် ၅ဝဝ ခန့်မှာ ထောင်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပြောသည်။

“စခန်းကပြန်လာတဲ့ အကျဉ်းသားတွေက အရိုးကို အရေစွပ်ထားသလိုပဲ။ BMI (ခန္ဓာကိုယ် အလေးချိန်) တအား လျော့ကျနေပြီ ဆိုတော့ သေကြတာပဲ” ဟု သူက ဆိုသည်။

ထိုကာလက ဝေးလံသော ရဲဘက်အကျဉ်းစခန်းများတွင် ဆရာဝန်၊ ဆေးမှူးများ မရှိခဲ့ခြင်း၊ ကဘော်ချိုင့်ဝှမ်းကဲ့သို့ ရေခံမြေခံ မကောင်းသည့် ဒေသတွင် စပါးတင်း မည်မျှထွက်ရမည်ဟု စိုက်ပျိုးရေးစီမံကိန်းများ လျာထားချက် သတ်မှတ်ပြီး ဖိအားပေး စေခိုင်းခဲ့ခြင်းများသည်လည်း အကျဉ်းသားများသေဆုံးရခြင်း၏ အကြောင်းရင်းများဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်တွင် အကျဉ်းဦးစီး ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် အငြိမ်းစားယူခဲ့သော ဦးဇော်ထွန်းက ဆိုသည်။

“ကိုယ်တို့ရတဲ့လယ်တွေက စနယ်လယ်တွေ၊ ရေနက်ကွင်းတွေ၊ စနယ်လယ်တွေ ဆိုတာက သဲဆပ်ပြာလိုဟာ သဘောပြောရရင်ပေါ့နော်၊ ဘယ်လိုမှ မြေသြဇာ အဆီအနှစ် မရှိတဲ့ဟာတွေ။

ဒါပေမယ့် ဘာပြောထားလဲ ဆိုတော့ စပါးမထွက် လူထွက်တဲ့၊ ထောင်ပိုင်ထွက် ဒါပဲ။ ဖိအားကို ကြောက်လန့်နေအောင် ပေးထားတာပဲ။ ဒါပေမယ့် တကယ်လုပ်သလား ဆိုတော့လည်း အဲလိုလုပ်ခဲ့တာ မဟုတ်ဘူး။ စပါးမဖြစ်တဲ့နေရာ၊ တောထဲကို အကျဉ်းသားတွေ လွှတ်ပြီး ကြိမ်ခုတ်ပြီး ရောင်းတယ်။ စပါးသိပ်မဖြစ်တဲ့ သနန်လိုစခန်းမျိုးမှာ ပဲစိုက်တယ်။ ပဲကရတဲ့ပိုက်ဆံနဲ့ စပါးပြန်ဝယ်ပြီး ထည့်ထားလိုက်တယ်။ ဝန်ကြီးဌာနအားလုံး အဲဒီအချိန်က ဒီလိုပဲ နှစ်ပေါက်တစ်ပေါက်တွေချည်း လုပ်နေကြရတာပဲ” ဟု သူက ဆိုသည်။

အကျဉ်းဦးစီးညွှန်ချုပ်ဟောင်းဖြစ်ပြီး၊ နောင်တစ်ချိန်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဖြစ်လာသည့် ဦးဇော်ဝင်းအား ၂ဝ၁၆ ခုနှစ်က Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက ကဘော်ချိုင့်ဝှမ်း အကျဉ်းဦးစီး စီမံကိန်းအကြောင်း ပြောဆိုခဲ့သည်။

“ကဘော်စခန်းတွေက ခွက်ခွက်လန်အောင် ရှုံးတယ်။ ရေ၊ မြေ မကောင်းဘူး။ အဲဒီဒေသမှာ ရဲဘက် အကျဉ်းသားတွေကလည်း ဒေသခံမဟုတ်တော့ ဒေသဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ သောက်သောက်လဲ သေခဲ့တာ အမှန်ပဲ” ဟု သူက ဆိုသည်။

ဖားစိမ်း စားကြတယ်

ကဘော်ဘဝသစ်စခန်းများတွင် အမြောက်အမြား သေဆုံးနေချိန်တွင် ကံမကောင်း အကြောင်းမလှဘဲ ထိုစခန်းတစ်ခုသို့ ရောက်ရှိခဲ့သော မန္တလေးမြို့မှ အကျဉ်းသားတစ်ဦးမှာ ကိုရဲထွန်းဖြစ်သည်။

၁၉၉၉ ခုနှစ် အသက် ၃ဝ အရွယ်တွင် သူသည် လျှပ်စစ်မီတာပုံး အရောင်းအဝယ်လုပ်ရာမှ အစိုးရလျှပ်စစ်ဌာနက သူ့အား ဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲသဖြင့် ထောင် ၆ လ ကျခဲ့သူဖြစ်သည်။ ထောင်ကျပြီးမကြာမီ မန္တလေးထောင်၊ မုံရွာထောင်တို့မှတစ်ဆင့် ကလေးမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသော ရာဇဂြိုဟ် (၂) စခန်းသို့ သူရောက်ရှိသွားသည်။

သူရောက်သွားချိန်သည် ခိုက်ခိုက်တုန်အောင် အေးသော ဒီဇင်ဘာလဖြစ်သည်။ အကျဉ်းသား ၁ဝ ဦးပါသော အစုတစ်စုက တောင်ပေါ်တက်၍ ထောင်စခန်းအတွက် နေ့စဉ် ထင်း တန်နှင့်ချီ ခုတ်ရကြောင်း၊ သတ်မှတ်ချက်အတိုင်း မပြည့်လျှင် ရိုက်နှက်နှိပ်စက်ခံရကြောင်း သူက ဆိုသည်။

“ထင်း ၅ တန်ဆို ၅ တန် ခုတ်ရတယ်၊ စခန်းမီးဖိုဖို့အတွက်။ မရရင် ကျောက်လမ်းပေါ်မှာ ရိုက်ခံရတယ်။ ရောက်ခါစာက အချက် ၂ဝ ၊ ၃ဝ လောက် ရိုက်ခံရတယ်။ မဝရေစာ စားရတယ်။ ခု ထမင်းဆိုင်တွေမှာ ကျွေးတဲ့ လိုက်ပွဲသာသာပဲ။ ဘယ်လိုလုပ်ဝမလဲ” ဟု သူက ဆိုသည်။

နှစ်စဉ်အကျဉ်းသား ၂ဝဝ မှ ၃ဝဝ ခန့် ရှိသည့် ကလေး-တမူးလမ်းမကြီးအနီးရှိ ထိုစခန်းသည် သစ်မာပင်ကြီးများနှင့် ညို့မှိုင်းနေသည့် တောင်တန်းများအောက်တွင် တည်ရှိသည်။ စခန်းပတ်ပတ်လည်တွင် အစိမ်းရောင် စိုက်ခင်းများ၊ အဝါရောင်တောက်နေသော ရွှံ့မြေများနှင့် အတိပြီးသည့် လယ်ကွင်းကျယ်ကြီးများ ရှိသည်။

ထိုစခန်းတွင် နေ့စဉ်အကျဉ်းသားများ အစာရေစာ မဝခြင်းကြောင့်လည်းကောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့်လည်းကောင်း သေဆုံးနေသည်ကို ကိုရဲထွန်း တွေ့မြင်ခဲ့ရသည်။

ထိုအခြေအနေမှ လွတ်မြောက်လိုပါက မိသားစုနှင့်ဆက်သွယ်ပြီး ထောင်အာဏာပိုင်များကို ပိုက်ဆံပေးကာ စခန်းမှ အလွယ်တကူ လွတ်မြောက်နိုင်ကြောင်း၊ သို့ရာတွင် သူ့အဖို့မူ မိသားစုနှင့် အဆက်အသွယ်မရသဖြင့် ထင်းခုတ်သည့်အလုပ်ကို လုပ်ကိုင်ရကြောင်း သူက ဆိုသည်။

စခန်းသို့ သူရောက်ပြီး မကြာမီ ကလေးမြို့ရှိစစ်တပ်မှ အရာရှိတစ်ဦး၏ကား လမ်းတွင် ပျက်နေရာ ထောင်က စေခိုင်းသဖြင့် သွားရောက်၍ ပြုပြင်ပေးခဲ့ရသည်။ ကားကောင်းသွားသဖြင့် ထိုအရာရှိက ထောင်ပိုင်အား ကိုရဲထွန်းကို ထောင်တွင် ကောင်းမွန်စွာ စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံပေးခဲ့သည်။ အကျဉ်းစခန်းတွင် အသေအပျောက်များ ဖြစ်ပေါ်နေသည်ကို သိ၍ ထိုစစ်တပ်အရာရှိက သူ့အား နှုတ်ဖြင့် ကယ်ဆယ်လိုက်ခြင်းဟု ကိုရဲထွန်း မှတ်ယူလိုက်သည်။

သူသည် ထောင်ဘူးဝတွင် စည်းကမ်းထိန်းဆိုသည့် ရာထူး ရရှိခဲ့သည်။ သူလွတ်မြောက်သည်အထိ စခန်းတွင် ထိုရာထူးဖြင့် နေခဲ့ရသည်။ ထောင်ဘူးဝတွင် သူလုပ်ရသည့် အလုပ်တစ်ခုမှာ သေဆုံး အကျဉ်းသားစာရင်း နေ့စဉ် ပြုစုပေးရခြင်းဖြစ်သည်။

“အနည်းဆုံး လူ ၅ဝ၊ ၆ဝ လောက် သေသွားရင် အင်အားဖြည့်ဖို့ ထောင်တွေကနေပြီး ထပ်တောင်းရတယ်။ အလောင်းတွေကို လမ်းဘေးမှာပဲ မြှုပ်ပစ်တယ်။ ရိုက်နှက်တာကြောင့် ဒဏ်ဖြစ်တာရော၊ ရာသီဥတုဒဏ်ရော။ အစာမဝတာရော။ ဆိုးချက်က အနွေးဓာတ်ကိုမရတာ။ ဘယ်လောက်ခြုံခြုံ မရဘူး။ ဒီနေ့လို ဂိသွားပြီဆို၊ နက်ဖန်သေပြီ။ ရုတ်တရက်သေတာက စိတ်ကျတာကောလည်းပါမယ်။ မသေတဲ့နေ့ဆို ၂ ယောက်၊ ၃ ယောက်ပဲ” ဟု သူက ဆိုသည်။

သတ်မှတ်စပါးတင်းပမာဏ ပြည့်မီရန် ထောင်ပိုင်က အကျဉ်းသားတို့ကို ဆလိုက်မီးကြီးများ ထိုးထားသည့် လယ်ကွက်များတွင် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း၊ စည်းကမ်းထိန်းတာဝန် ယူထားသူ အကျဉ်းသားတို့က အလုပ်ပြီးမြောက်စေရန် အခြားအကျဉ်းသားများကို ရိုက်နှက်၍ ခိုင်းစေခဲ့ကြောင်း သူက ဆိုသည်။

“စပါး စိုက်ရတယ်၊ ပဲစင်းငုံ စိုက်ရတယ်။ ရေဝါတွေကို ချိုးရတယ်။ သောက်တာက တောင်ကျရေကို ကျိုသောက်တယ်။ ရေငတ်တော့ အစိမ်းအတိုင်း သောက်ကြတာပဲ။ သေတဲ့သူအတော်များများက အဲဒီမှာလုပ်တဲ့သူတွေပဲ။ အဲဒီက တာလပေါအရွက်ရှည်တွေကို ဟင်းချိုရည်ကျဲ လုပ်ပြီး တိုက်တယ်။ ငါးပိစိမ်းတောင်မှ ဆီးဖြူသီးတစ်လုံးစာလောက်ပဲ ရတယ်။ မသေချင်လို့ ထွက်ပြေးလည်း တောတောင်ထဲမှာ အစာရေစာပြတ်သေတာပဲ။ အနားက ရွာက လူတွေက ထွက်ပြေးပြီး သေနေတဲ့လူတွေ့ရင် ထောင်ကိုလာ သတင်းပို့တယ်” ဟု သူက ဆိုသည်။

ကိုရဲထွန်းအကျဉ်းကျနေသော ရာဇဂြိုဟ် (၂) ဘဝသစ်စခန်းနှင့် မလှမ်းမကမ်းတွင် ရာဇဂြိုဟ်ဟု အမည်ရသော၊ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးသော ရွာကြီးတစ်ရွာ ရှိသည်။

ထိုရွာ၏ အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၉၉ မှ ၂ဝဝ၃ အထိ လုပ်ကိုင်ခဲ့သူ အသက် ၇ဝ အရွယ် ဦးစံဗလက အကျဉ်းသားများ သေဆုံးလျှင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရကြောင်း ပြောဆိုသည်။

“၁၉၉၉ တစ်နှစ်လုံး မသေတဲ့နေ့ တစ်နေ့မှ မရှိဘူး၊ ခြောက်လောင်းထက် မနည်းဘူး။ ဘာကြောင့်သေတယ် ဆိုတာတော့ ဝမ်းလျှော သေတယ်၊ ဖျားနာပြီး သေတယ်၊ ဝမ်းကိုက် သေတယ်။ ဒါတွေနဲ့ အကြောင်းပြတာပါပဲ။ ရိုက်နှက်နှိပ်စက်ပြီးသေတာပဲ များတယ်။ ရှေ့မှာတန်းစီပြီးတော့မှ ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းလို့ အကျဉ်းသားက နောက်ကျနေရင် တုတ်အကြီးကြီးနဲ့ ဖောင်းဆို နှစ်ဖက်ပိတ်ရိုက်တာပဲ” ဟု သူက ဆိုသည်။

သူက Myanmar Now သတင်းထောက်များကို မြက်ပင်ရှည်ကြီးများ ဖုံးလွှမ်းနေသော ရွာအနောက်ဘက်သို့ ခေါ်ဆောင်ပြီး အကျဉ်းသားတို့၏ ရုပ်အလောင်းများ မြှုပ်နှံခဲ့သည်ဆိုသည့် နေရာကို လိုက်လံ ပြသခဲ့သည်။

“အဲဒီတုန်းက တာဝန်ကျနေတဲ့ ထောင်ပိုင်ကြီးက ခပ်ကြမ်းကြမ်းဆက်ဆံတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်လို့သေတယ်ဆိုတာ မှန်ကန်ကြောင်း လတ်မှတ်ထိုးထိုးပေးရတာ။ ကျွန်တော်တို့ရွာမှာ ဒီလောက်ထိတော့ မဖြစ်ဘူးလို့ ပြောတော့ သူတို့ကတော့ ထုံးစံအတိုင်းပဲတဲ့။ တစ်နှစ်ကျော်လောက်ရှိမယ်။ တစ်နေ့ကို နှစ်လောင်း၊ သုံးလောင်း၊ အများဆုံးခြောက်လောင်းထိ ရှိခဲ့တယ်” ဟု သူက ဆိုသည်။

အကျဉ်းစခန်းတွင် အကျဉ်းသားများ ငတ်နေသည်ကို သိရသဖြင့် တောင်သူအလုပ်ဖြင့် အသက်မွေးကြသော ရွာရှိရွာသားများက စုစည်းပြီး ထမင်းဟင်းချက်ပြုတ်ကာ စခန်းရှိရာ ပို့ဆောင်ခဲ့ရကြောင်း၊ ထွက်ပြေးလာသည့် အကျဉ်းသားများအား ကျွေးမွေး၊ ခရီးစရိတ်ပေးကာ ကူညီခဲ့ရသည်လည်း ရှိကြောင်း ဦးစံဗလက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။

အစာရေစာ ဝလင်စွာ မစားရဘဲ အလုပ်လုပ်ရသောကြောင့် လယ်ကွင်းအတွင်း တွေ့ရှိသည့် အကောင်ငယ်များကိုပင် အစိမ်း စားသောက်ကြသည်ဟု သူက ပြောဆိုသည်။

“စပါးကွင်းထဲမှာ အလုပ်လုပ်နေရင်း အကျဉ်းသားတချို့က ဖားအစိမ်းမြင်ရင် ဒီအတိုင်း ကောက်စားကြတယ်။ စားတာမြင်ရင်လည်း (အကျဉ်းသားတွေ) ရိုက်ခံရတာပဲ။ ကျွန်တော်တို့ဆို အဲဒီစခန်းဖက်ကို မသွားမိအောင် နေကြရတယ်။ တကယ့်ကို စိတ်ထိခိုက်စရာပဲ” ဟု သူက ဆိုသည်။

စားဝတ်နေရေးနှင့် အခြား အထွေထွေ လိုအပ်မှုများကြောင့် အကျဉ်းသားတို့ သေဆုံးကြသည်ကို အကျဉ်းဦးစီးအရာရှိဟောင်းများက ထုတ်ဖော်ပြောဆိုသော်လည်း ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေသည်ဆိုသောအချက်ကိုမူ အများစုက သဘောမတူကြ။

ထောင်မှူးကြီးဟောင်း ဦးတင်အောင်ကမူ ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသားအချို့ သူ့ရှေ့တွင်ပင် သေခဲ့သည်ဟု ဆိုသည်။

ဆရာစံ စခန်းတွင် သူတာဝန်ထမ်းဆောင်နေချိန်က အကျဉ်းသား ၈ ဦး ထွက်ပြေးသွားကြောင်း၊ ပြန်ဖမ်းမိသည့် ၄ ဦးမှာ ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း သူက ဆိုသည်။

“ဖမ်းခံရပြီး ရိုက်နှက်ထားတဲ့ ဒဏ်ကလည်း များတယ်။ သံခြေကျင်း နှစ်ကွင်းစီကလည်း ခတ်ထားသေးတယ်။ ပြီးတော့ အလုပ်လည်း ခိုင်းတော့ မလုပ်နိုင်ဘူး။ အလုပ်မလုပ်နိုင်တဲ့ အခါကြတော့ ထပ်ရိုက်ကြတယ်။ သူတို့က ပြောတယ် ‘ကျွန်တော်တို့ကို သတ်ရင်လည်း သတ်လိုက်ပါတော့၊ ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး’ ဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဘူး။ အနားပေးပိုင်ခွင့် ရှိတဲ့သူလည်း မဟုတ်ဘူး။ ငါ့တပ်ခွဲလည်း မဟုတ်တော့ ဒီအတိုင်းပဲ မြင်ပဲမြင်နေရတာလေ။ အနားပေးသင့်တယ်။ ဒါပေမယ့် အနားမပေးတော့ ငါလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး၊ ထောင်ပိုင်အပေါ် မူတည်တာပေါ့နော်” ဟု သူက ဆိုသည်။

အနေအထိုင်မှား၍သေခြင်း

၂ဝဝ၉ ခန့်သို့ ရောက်သောအခါ ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများတွင် အကျဉ်းသား သေဆုံးနှုန်း လျော့ကျလာသည်ဟု ထောင်အငြိမ်းစားအရာရှိများက ဆိုသည်။

အကျဉ်းသားများအတွက် ရိက္ခာရန်ပုံငွေကို အစိုးရက တိုးမြှင့်ချထားပေးခြင်း၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အကျဉ်းသားတို့၏ လိုအပ်ချက်များကို ဝင်ရောက်ဖြည့်ဆည်းပေးခြင်း၊ ထိုကာလများတွင် အကျဉ်းဦးစီးဌာန အကြီးအကဲတို့ကလည်း ဌာနကရရှိသည့် ရန်ပုံငွေများဖြင့် အကျဉ်းသားများ ဝလင်စွာ စားသောက်နိုင်ရန် အသေးစိတ် ညွှန်ကြား စီမံခြင်းတို့ကြောင့် သေနှုန်းကျခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

သေဆုံးရန်အလားအလာရှိသော အကျဉ်းသားဆိုလျှင် ထောင် သို့မဟုတ် အစိုးရဆေးရုံများသို့ ပို့ဆောင်လိုက်ခြင်းသည်လည်း စခန်းတွင်းသေဆုံးနှုန်းကို လျော့ပါးအောင် ထိန်းချုပ်သည့် နည်းတစ်ခု ဖြစ်လာသည်။

၁၉၇၈ မှ ၂ဝ၁၄ ထိ အကျဉ်းသားလုပ်အားဖြင့်လည်ပတ်သော ကျောက်ထုတ်ရေးစခန်းများ နှင့် စိုက်ပျိုးရေး ရဲဘက်စခန်းများတွင် စုစုပေါင်း အကျဉ်းသား ၄၁၈၇ ဦး သေဆုံးခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှ ၁၆၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးက ပြည်သူ့လွှတ်တော်၏ ၂ဝ၁၄ ခုနှစ် အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။

ရိုက်နှက်နှိပ်စက်ခံရမှု၊ ဆေးဝါးကုသခွင့်မရမှုနှင့် အစာရေစာမဝမှုတို့ကြောင့် မဟုတ်ဘဲ “စခန်းများသို့ ရောက်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေစွာ မနေထိုင်နိုင်ခြင်း၊ အစားအသောက် အနေအထိုင် လွဲမှားခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း” စသည့်အကြောင်း များကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု သူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

၁၉၈၈ မှ ယခုအချိန်ထိ ရဲဘက်စခန်းတစ်ခုချင်းအလိုက် သေဆုံးခဲ့သော အကျဉ်းသားစာရင်း အသေးစိတ်၊ သေဆုံးအကျဉ်းသားတို့၏ အမည်များ ရရှိရန် Myanmar Now က အကျဉ်းဦးစီးဌာနအား အကြိမ်ကြိမ် စာရေးသားခြင်း၊ ဖုံးဖြင့် ဆက်သွယ်မေးမြန်းခြင်း၊ လူကိုယ်တိုင်သွားရောက် မေးမြန်းခြင်းများ ပြုလုပ်ပြီး တောင်းခံခဲ့သော်လည်း ထိုအချက်အလက်များ ပေးခွင့်မရှိကြောင်းသာ တုံ့ပြန်မှု ရရှိခဲ့သည်။

ကဘော်စခန်းများနှင့်ပတ်သက်၍ တရားဝင်အချက်အလက်များ မပေးသော်လည်း ထိုကဲ့သို့ သေဆုံးခဲ့ရမှုများသည် အစစအရာရာ မပြည့်စုံခဲ့မှုများကြောင့်ဖြစ်ကြောင်း၊ စခန်းစိုက်ခင်းများအတွင်း ထည်ထိုး၊ လယ်ထွန်ရာတွင် လူကိုပါ ကျွဲနွားများ နေရာတွင် အသုံးပြုခဲ့ရကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဝန်ခံသည်။

“ဝန်ထမ်း၊ ရဲဘက်၊ ဆေးဝါး မပြည့်စုံခဲ့ဘူး။ ကလေးမြို့ဆို တိုက်နယ်ဆေးရုံပဲ ရှိခဲ့တာ။ အဲဒီတုန်းကတော့ ခိုင်းထားတဲ့ လျာထားချက်တွေအတိုင်း လုပ်ရတာ။ အခု အဲဒီလိုလျာထားချက် ဆိုတာလည်း မရှိတော့ပါဘူး” ဟု သူက ဆိုသည်။

လူ့အခွင့်ရေးချိုးဖောက်မှုများဖြစ်ဆဲ

ရာဇဂြိုဟ် (၂) နှင့် အခြားသော ကဘော်ချိုင့်ဝှမ်းဘဝသစ်စခန်းများမှ လွတ်မြောက်လာသော အကျဉ်းသားအချို့အား Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အကျဉ်းသားသေဆုံးမှုများ မရှိသလောက် ဖြစ်သွားပြီဖြစ်သော်လည်း၊ အကျဉ်းသားများသည် ငွေကြေးတတ်နိုင်ပြီး ရာထူး ရရှိထားသည့် အကျဉ်းသားအရာရှိတို့၏ ရိုက်နှက်ခိုင်းစေမှုများကို ခံနေရဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ရာဇဂြိုဟ် (၂) အကျဉ်းစခန်းအနီး လယ်ကွင်းများ၊ မြက်ရိုင်းတောများထဲတွင် တုတ်ကိုင် အကျဉ်းသားအရာရှိများ၊ သေနတ်ကိုင် အကျဉ်းဦးစီးဝန်ထမ်းများ၏ စောင့်ကြည့်မှု အောက်တွင် မွဲညစ်ညစ် အပြာရောင် ထောင်ဝတ်စုံ ဝတ်ဆင်ပြီး ပေါက်တူးကိုင်၊ ဂေါ်ပြားကိုင် အလုပ်လုပ်နေသော အကျဉ်းသားများသည် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်စစ်ဂျပန်တို့၏ ဖမ်းဆီးခြင်း ခံရပြီးနောက် သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရသော စစ်သုံ့ပန်းများနှင့် ဆင်တူလှသည်။

တစ်နိုင်ငံလုံးတွင် ကျောက်ထုတ်အကျဉ်းစခန်း ၁၈ ခု၊ စိုက်ပျိုးရေးအကျဉ်းစခန်း ၃ဝ ရှိရာ ၎င်းစခန်းများတွင် အကျဉ်းသားများ သောင်းနှင့်ချီ၍ အလုပ်လုပ်နေကြရသည်။ ယခင်ကထက် စားသောက်နေထိုင်ရမှု အခြေအနေများ တိုးတက်လာသော်လည်း ရိုက်နှက်ခံရမှု၊ ထောင်အရာရှိများက အကျဉ်းသား၏လုပ်အားကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နေ့စား ပုတ်ပြတ်နှုန်းဖြင့် ရောင်းစားခြင်းများလည်း စခန်းအချို့တွင် ဆက်လက် ဖြစ်ပေါ်နေကြောင်း Myanmar Now က ငရဲဘုံအလား အကျဉ်းစခန်းများ အမည်ဖြင့် ၂၀၁၆ တွင် ဆောင်းပါးရေးသားခဲ့သည်။

တည်ဆဲ အကျဉ်းထောင်လက်စွဲဥပဒေ နှင့် မြန်မာနိုင်ငံက တရားဝင်လက်မှတ်ထိုးထားသော နိုင်ငံတကာအလုပ်သမား အက်ဥပဒေများကို ချိုးဖောက်ပြီး အကျဉ်းသားလုပ်အားကို အသုံးပြုကာ စီးပွားဖြစ် လုပ်ငန်းမျိုးစုံကို အကျဉ်းဦးစီးဌာနက ဆက်လက်လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး မေလ အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းသောင်းက ပြည်ထဲရေးဝန်ကြီးဌာနကို မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင်အကျဉ်းသားများအား ခိုင်းစေရာတွင် တရားရုံးကချမှတ်လိုက်သော တရားမမှုအကျဉ်းသားများကို အလုပ်မဲ့ထောင်ဒဏ်၊ ရာဇဝတ်အကျဉ်းသားများကို အလုပ်နှင့် ထောင်ဒဏ် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဟူသော သတ်မှတ်ချက်များကို တည်ဆဲ အကျဉ်းထောင်လက်စွဲနှင့်အညီ အကောင်အထည် ဖော်ရမည် ဖြစ်သော်လည်း ထိုအချက်များကို လုံးဝမလိုက်နာဘဲ အကျဉ်းသားတို့ကို ထောင်အာဏာပိုင်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့်သာ ခိုင်းစေနေသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်နိုင်ငံသားကိုမှ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသည့် အပြစ်ပေးမှုမျိုး မလုပ်ရဟု သတ်မှတ်ထားသော်လည်း အသက်အန္တရာယ်ဖြစ်စေသော ကျောက်မိုင်းများတွင် အကျဉ်းသားကို ခိုင်းစေခြင်းကြောင့် အသက်ဆုံးရှုံးမှုများ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုများလည်း ဆက်လက် ဖြစ်ပေါ်နေသည်။

မူးယစ်ဆေး တစ်ပြားမိ၍ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ထောင် ၆ နှစ်ကျနေသော အကျဉ်းသား ကိုမျိုးနိုင်သည် ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ်၊ မာလာဖူး ကျောက်ထုတ်စခန်းတွင် ကျောက်တုံး ပြုတ်ကျမှုကြောင့် ဦးခေါင်းခွံ ကြေမွသွားကာ ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ကုသမှုခံယူခဲ့ရသည်။

လွန်ခဲ့သည်နှစ် သြဂုတ်လမှာပင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် အင်းဗြောင်ကျောက်ထုတ်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးနှင့်အသားများ ကြေမွသွားသည့် ဖြစ်စဉ်ကို တာဝန်ရှိသူထောင်ပိုင်က အထက်အာဏာပိုင်များသို့ အသိမပေးဘဲ ထိမ်ချိန်ထားခဲ့မှုကြောင့် ထိုကိစ္စအား အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားခဲ့ရသည်။

ယခုနှစ်ဆန်းပိုင်းတွင် ထိုအကျဉ်းစခန်းမှာပင် အကျဉ်းသားတစ်ဦး ကျောက်တောင်ပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့သောကြောင့် စခန်းရှိ အကျဉ်းသား ၂ဝဝ ခန့်က စခန်းပိတ်ပြီး သူတို့အား ထောင်ပြန်ပို့ရန် အော်ဟစ်တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ တောင်းဆိုအော်ဟစ်သည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာနက မည်သို့ ကိုင်တွယ်လိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရှိရပေ။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပထမဖြစ်စဉ်တွင် တာဝန်ရှိသော ထောင်ပိုင်ကို အခြားစခန်းတစ်ခုသို့ ပြောင်းရွှေ့စေခဲ့ပြီး၊ ဒုတိယဖြစ်စဉ်အတွက်မူ ထောင်ပိုင်ကို အရေးယူထားခြင်း မရှိကြောင်း ဖြေကြားသည်။ ။

ယခုဆောင်းပါးနှင့် ပတ်သက်သော ဓာတ်ပုံအက်ဆေးကို ကြည့်ရှုလိုပါက အောက်ပါလင့်ကိုနှိပ်ပါ။

ဘဝသစ်စခန်းတွင် ဘဝပျက်ခြင်း (ဓာတ်ပုံအက်ဆေး)

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading