ခြေဥပြင်ရေး NLD တစ်စုတစ်ဖွဲ့တည်း လုပ်ခြင်းမဟုတ်ဟု ကိုယ်စားလှယ်ပြော

နုတ်ထွက်သွားသူ ငါးဦးအထိရှိလာပြီဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါတီငယ်တို့၏သဘောထားကို အာဏာရပါတီကြီး NLD က အလေးမထားဟုဆိုသည့် ဝေဖန်ချက်များနှင့် ပတ်သက်၍ လက်ရှိအခြေအနေများ အကြောင်းကို ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောပြထားသည်။

Published on Dec 17, 2019
အခြေခံဥပဒေပြင်ဆင်ရေး အဆိုတင်သွင်းသူ ပူးပေါင်း ကော်မတီ၀င်ဦးအောင်ကြည်ညွန့် ဒီဇင်ဘာ ၁၇ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံနေစဉ်။
အခြေခံဥပဒေပြင်ဆင်ရေး အဆိုတင်သွင်းသူ ပူးပေါင်း ကော်မတီ၀င်ဦးအောင်ကြည်ညွန့် ဒီဇင်ဘာ ၁၇ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံနေစဉ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ၄၅ ဦးကော်မတီမှ နုတ်ထွက်သည့်ကိုယ်စားလှယ် ငါးဦးအထိရှိလာရာတွင် ကော်မတီအတွင်း ဦးရေအများဆုံးပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ သဘောထားကသာ လွှမ်းမိုးနေခြင်းကြောင့်ဟု အကြောင်းပြသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ စတင်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းဆောင်ရွက်ခဲ့သူလည်းဖြစ်၊ ၄၅ ဦး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည့် NLD ပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်ကို Myanmar Now နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။ ။ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီထဲမှာ NLD ကတင်ထားတာ (၁၄၄ ချက်) ကိုပဲ ဦးတည်ဆုံးဖြတ်နေတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီအပေါ် ဘာများမှတ်ချက် ပြုချင်ပါသလဲ။

ဖြေ။ ။ ၄၅ ဦးကော်မတီက ဥပဒေကြမ်းရေးဆွဲနေတယ်လို့ ယူဆတာကိုက မှားနေတဲ့အယူအဆပါ။ တစ်ကယ်တော့ ၄၅ ဦးကော်မတီက ဥပဒေကြမ်းကိုရေးဆွဲနေတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပါတီအသီးသီး၊ အစုအဖွဲ့အသီးသီးက ပေးထားတဲ့ အကြံပြုချက်တွေရှိတယ်။ ပုဒ်မ၊ ပုဒ်မခွဲတွေအလိုက် အမျိုးမျိုးသဘောထား ပေးထားတာရှိတယ်။ တချို့ဆို စကားလုံးလေးလောက်ပဲ ကွာတာတွေရှိတယ်။ ဒါကြောင့်အရေအတွက်တွေ များနေတယ်။ ၄၅ ဦးကော်မတီကလုပ်တာက အဲဒီမှာ ပါတီအသီးသီးကနေ တင်လာတဲ့ အဆိုပြုချက်တွေကို မူလအတိုင်းထားမယ်။ လာမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကျရင် အဆိုပြုထားချက်တွေထဲက ဘယ်အချက်အလက်တွေကို တင်ပြမလဲဆိုတာနဲ့ပတ်သက်လို့ ဆုံးဖြတ်နေကြတာ။ ဒီနေရာမှာ ဘယ်ဟာကိုရွေးချယ်မလဲဆို တာကို ၄၅ ဦးကော်မတီမှာပါသူအားလုံး ညှိနှိုင်းတဲ့အခါ လက်ညှိုးထောင်ရွေးချယ်မယ့်အစား သိက္ခာရှိရှိနဲ့ မဲပေးစနစ်နဲ့ သွားနေတာပါ။

ဒါက ပြီးခဲ့တဲ့သက်တမ်း (၂၀၁၁-၂၀၁၅ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်စဉ်) တုန်းကနဲ့မတူဘူး။ အခုက မဲပေးရွေးချယ်တဲ့ အသေးစိတ်အချက်အလက်အားလုံးကို မှတ်တမ်းပြုထားတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေ ဘယ်လိုတင်ပြခဲ့တယ်။ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာ လွှတ်တော်မှာ သမိုင်းမှတ်တမ်းအဖြစ် တရားဝင်ကိုရှိနေမှာပါ။ အခုလုပ်တဲ့နေရာမှာလည်း NLD က သူ့သဘောနဲ့သူ မဟုတ်ပါဘူး။ NLD ကတင်ပြတာကို တိုင်းရင်းသားပါတီတွေက အတူတူမဲပေးတဲ့အချက်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် တစ်စုတစ်ဖွဲ့တည်းက ပုံစံမျိုးနဲ့ မဟုတ်ဘဲနဲ့ အခုရွေးချယ်နေတဲ့အဆင့်မှာ NLD အပါအဝင် တိုင်းရင်းသားပါတီတွေက ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အခုအချိန်အထိရှိပါတယ်။

မေး။ ။ ဆိုလိုတာက NLD ကတင်တဲ့အချက်တွေကိုပဲ လုပ်နေတာမဟုတ်ဘူး ဆိုတာမျိုး ပြောလို့ရလား။

ဖြေ။ ။ ရတာပေါ့။ ဒီ ၁၄၄ ချက် (NLD ၏အဆိုပြုချက်ပေါင်း) ကို တကယ်လို့ (ဥပဒေကြမ်းအဖြစ်) တင်လာမယ်ဆိုရင်လည်း တိုင်းရင်းသားပါတီ တွေရဲ့ ဆန္ဒပြုထားချက်တွေနဲ့ပါ ပူးပေါင်းပါဝင်လာမယ့် အနေအထားမျိုးမှာရှိပါတယ်။

မေး။ ။ အခုကနုတ်ထွက်သူ ငါးဦး၊ ကိုယ်စားပြုပါတီက နုတ်ထွက်ထားလို့ အရင်ကတည်းက စည်းအဝေးမတက်တာ တစ်ဦး၊ စုစုပေါင်း ခြောက်ဦးရှိပြီဆိုတော့ ကော်မတီလုပ်ငန်းတွေ ထိခိုက်နိုင်လား။

ဖြေ။ ။ အခုကတော့ တော်တော်များများ အခြေအနေက ကောင်းနေပြီလေ။ သိပ်ပြီးအများကြီးမကျန်တော့ဘူး။ ဇန်နဝါရီလောက်ဆို ပြီးမှာပဲလို့တောင် ပြောထားပါတယ်။ ကော်မတီက ပုဒ်မတစ်ခုချင်းစီပေါ်မှာမူတည်ပြီး ရွေးချယ်မှုတွေရပြီ ဆိုတဲ့အခါကျမှ ဥပဒေကြမ်းတစ်ခုအနေနဲ့ ပြုစုပြီးတဲ့အခါ လွှတ်တော်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဥပဒေကြမ်းတင်မှာ။ အခုက ဥပဒေကြမ်းကို ရေးဆွဲနေတာမဟုတ်ဘူး။ ရေးဆွဲမယ့် ဥပဒေကြမ်းထဲမှာ ဘယ်လိုပြင်ဆင်ချက်တွေပါသင့်တယ်၊ ဘာတွေကိုတော့ မူလအတိုင်းထားသင့်တယ် စတဲ့ ပါဝင်သင့်တဲ့ အချက်အလက်တွေကို မဲခွဲဆုံးဖြတ်နေတဲ့အဆင့်ပဲ ရှိပါတယ်။ ပါတီအသီးသီးကနေ တင်လိုက်တဲ့ မူရင်းစကားရပ်တွေအတိုင်းပဲ ဘယ်ဟာကို ဥပဒေကြမ်း ထဲထည့်ရအောင်ဆိုတဲ့ အနေအထားမျိုးနဲ့ ရွေးချယ်နေတာပါ။ ဒါကြောင့် ဥပဒေကြမ်းကို ရေးဆွဲနေတာမဟုတ်ဘူး။

မေး။ ။ ဇန်နဝါရီမှာပြီးမယ်ဆိုရင် ရလာတဲ့အချက်အလက်တွေကို ဥပဒေကြမ်းရေးဆွဲဖို့ ကော်မတီတစ်ရပ် ဖွဲ့ဦးမှာလား။

ဖြေ။ ။ ဖွဲ့စရာမလိုတော့ဘူး။ ဥပဒေကြမ်းရေးဆွဲဖို့ဆိုတာက နိုင်ငံရေးပါတီကတင်လာတဲ့ အချက်အလက်တွေ ရှိပြီးသားမို့ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ထုတ်ပယ်တာ လုပ်လို့မရပါဘူး။ မရတော့ ဒီကနေ (၄၅ ဦးကော်မတီ) အတည်ပြုရွေးချယ်လိုက်တဲ့ စကားရပ်တွေကိုပဲ ပြန်စုပြီးတော့ ဖော်ပြပေးလိုက်ရုံပဲရှိတယ်။ ဥပဒေကြမ်းပုံစံလေးဖြစ်အောင် လုပ်ပေးလိုက်မယ်။ နောက်တစ်ကြိမ်ကျင်းပမယ့် (ဇန်နဝါရီလလယ်) အစည်းအဝေးကျရင် တင်နိုင်ပြီပေါ့။

မေး။ ။ ဥပဒေကြမ်းပုံစံပြုစုပြီး တင်မယ်ဆိုတာ ဘယ်လိုမျိုးပြုစုမှာလဲ။ ပုဒ်မ (၁) ဆိုရင် ဘယ်သူတွေက ဘယ်လိုအကြံပြုတယ် စသဖြင့် စုစည်းပြီးတော့တင်မှာလား။

ဖြေ ။ ။ ဥပမာ ပုဒ်မ (၁) ဆိုရင် နိုင်ငံရေးပါတီ လေးခု၊ ငါးခုက အကြံပြုချက်တွေရှိတယ်။ အဲဒီထဲကမှ ဘယ်ဟာကိုပဲ တင်လိုက်ကြစို့ဆိုပြီး (၄၅ ဦးကော်မတီထဲမှာ) မဲခွဲတာပါ။ အခုအချိန်အထိကတော့ မဲခွဲတဲ့နေရာမှာ NLD ကနေ တင်တဲ့အပေါ်မှာ မဲအရေအတွက်အရ NLD က များပေမယ့် NLD မဲနဲ့ တင်သွားတာမဟုတ်ပါဘူး၊ NLD တင်ထားတာကို ထောက်ခံပြီး ပူးပေါင်းပါဝင်တဲ့ တိုင်းရင်းသားတွေရဲ့ မဲတွေလည်းပါပါတယ်။

မေး။ ။ ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကရော ဘယ်လောက်ပြီးနေပြီလဲ။

ဖြေ။ ။ အများကြီးပေါ့။ အခုဆို အခန်း(၈)တောင် ပြီးသွားပြီ။ နောက်ပိုင်းဟာတွေက သိပ်များများမရှိတော့ဘူး။ အရေးအကြီးဆုံးက အခြေခံမူတို့ဘာတို့ ရှေ့ပိုင်းကဟာတွေပဲ၊ အခြေခံမူထဲမှာပြင်ထားတာရှိရင် သူနဲ့မကိုက်ညီတဲ့ နောက်ပိုင်းဟာတွေက ပြန်ထည့်လို့ကိုမရတော့ဘူးလေ။ နောက်ဆက်ရွေးနေတာက အခြေခံမူနဲ့ကိုက်ညီတဲ့ဟာ ဖြစ်ဖို့ပဲလုပ်နေတာ။

မေး။ ။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်တင်ထားတဲ့ အခြေခံဥပဒေပြင်ဆင်ချက် ၅ ခုနဲ့ ၄၅ ဦးကော်မတီကတင်လာမှာနဲ့ တိုက်နေတာမျိုးရှိလား။

ဖြေ။ ။ ထပ်တာ အင်မတန်နည်းပါတယ်။ မထပ်တာ ပိုကောင်းပါတယ်။ … အဲဒါမှ လုပ်လို့ရမှာလေ။ ဟိုကဟာလည်း ၄၅ ဦးကော်မတီမှာပါလာမယ်ဆိုရင် ဒီရွေးချယ်စရာနှစ်ခုက မရှိတော့ဘူးဖြစ်နေမှာပေါ့။ ထပ်တာ နည်းနည်းပဲရှိမယ်။ သေချာတာက သူတို့ပြင်ထားတာတွေ ၄၅ ဦးကော်မတီမှာ မပါဘူး။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading