တပ်မတော်နှင့်ပတ်သက်၍ သံချပ်ထိုးသည့်အပေါ် ရန်ကုန်မြို့တွင် တရားစွဲဆိုမှု လေးခုရှိခဲ့ပြီး ခုခံ၊ ချေပမှုများ လုပ်သော်လည်း တရားစွဲဆိုမှု သုံးခုစလုံးတွင် ထောင်ဒဏ်များချမှတ် ခံခဲ့ရ၍ ဆက်လက် ခုခံချေပခြင်း မလုပ်တော့ပဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခြင်းဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များက ဆိုသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားရင်ဆိုင်နေသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များက တရားရုံးနှင့် တရားစီရင်ရေးစနစ်ကို ရှုံ့ချသည့်အနေဖြင့် ဗိုလ်တထောင်တရားရုံးကို သပိတ်မှောက်မည်ဖြစ်ကြောင်း သံချပ်အဖွဲ့ဝင်များက ဆိုသည်။
သပိတ်မှောက်သည့် အနေဖြင့် နောက်ရုံးချိန်းများမှစကာ တရားခွင်တွင်း စစ်ဆေးချက်များတွင် ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း၊ တရားခွင်တွင် စစ်ဆေးခံမည် မဟုတ်သလို၊ တရားခံပြ သက်သေများလည်း တင်သွင်းမည်လည်း မဟုတ်ကြောင်း ဗိုလ်တထောင် တရားရုံး၌ ဒီဇင်ဘာလ ၁၆ ရက် ရုံးချိန်းအပြီးတွင် Myanmar Now ကို ပြောသည်။
“ပုဒ်မလေးခုနဲ့ တရားစွဲတာမှာ ပုဒ်မ သုံးခုအတွက် ကျွန်တော်တို့ တရားရုံးမှာ ခုခံတယ်။ ချေပတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ထောင်ဒဏ် ချတယ်။ ဒီတရားစီရင်ရေးကို အယုံအကြည် မရှိတော့ဘူး။ အဲဒါကြောင့် အခု ၆၆ (ဃ)ကို ကျွန်တော်တို့ မချေပတော့ဘူး” ဟု တရားစွဲခံထားရသူ ကိုပိုင်ရဲသူက ပြောသည်။



၎င်းတို့ဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်မှာလည်း နောက်ရုံးချိန်းများတွင် လိုက်ပါဆောင်ရွက်တော့မည် မဟုတ်၍ တပ်မတော်ဘက်မှ တင်သွင်းမှုများကို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဘက်မှ ပြန်လည် စစ်ဆေးခြင်း၊ ထောက်ပြမေးမြန်းခြင်းများလည်း ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
သင်္ကြန်တွင်း သံချပ်ထိုးရာတွင် တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် သံချပ်ထိုးသည်ဟုဆိုကာ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ် တရားရုံး၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတို့တွင် ပုဒ်မ - ၅၀၅(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ - ၅၀၅(က)ဖြင့် ထောင်ဒဏ်များအသီးသီး ချမှတ်ခဲ့သည်။
- ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေး ဥပဒေဖြင့် ထောင် ၆ လချ
- ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၆ ဦးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီထပ်ချ
ဒီဇင်ဘာလ ၁၁ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ဗိုလ်တထောင်တရားရုံး၌ ကျန်ရှိနေသေးသည့် ၆၆ (ဃ) ပုဒ်မအတွက် ဆက်လက်တရားရင်ဆိုင်နေခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ၂၃ တွင် အမှုကို ထပ်မံကြားနာမည်ဟု သိရသည်။
တရားစွဲခံရသူများမှာ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း၊ ဒီရေ(ခေါ်)ကိုပိုင်ဖြိုးမင်း၊ ဖိုးသား(ခေါ်)ကိုဇော်လင်းထွန်း၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုး(ခေါ်)ချစ်ယုံတို့ ဖြစ်သည်။
အဆိုပါ သံချပ်အဖွဲ့ဝင်များကို တပ်မတော်က ဧရာဝတီတိုင်းတွင်လည်း တရားစွဲဆိုထားပြီး ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်နှင့် ပုသိမ်မြို့နယ်တို့ရှိ တရားရုံးများတွင် ပုဒ်မ၅၀၅(က)နှင့် ၆၆(ဃ) တို့ဖြင့် အသီးသီးစွဲဆိုထားသည့် အမှုလေးခုကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂ နှစ် အထိ ချမှတ်နိုင်သည်။


Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












