ရှစ်လေးလုံး အရေးတော်ပုံ တောင်းဆိုချက်များကို လည်ပြန်ကြည့်ခြင်း

သြဂုတ် ၆ ရက်နေ့က ရန်ကုန်မြို့ ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် အခမ်းအနား နှင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်သို့ တက်ရောက် လာသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ကွန်ရက် ကိုယ်စားလှယ်များ (ဓာတ်ပုံ - The 88 Generation Peace and Open Society)
သြဂုတ် ၆ ရက်နေ့က ရန်ကုန်မြို့ ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် အခမ်းအနား နှင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်သို့ တက်ရောက် လာသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ကွန်ရက် ကိုယ်စားလှယ်များ (ဓာတ်ပုံ - The 88 Generation Peace and Open Society)

(ရန်ကုန်) - ၁၉၈၈ ခုနှစ် ဇွန်လတုန်းက ဖြစ်သည်။ လှည်းတန်းလမ်းဆုံတွင် မီးပွိုင့် မိနေသည့် ကျောင်းကားပေါ်မှ အသက် ၁၄ နှစ် အရွယ် ၈ တန်း ကျောင်းသူ တစ်ဦး တိတ်တဆိတ် ဆင်းသွားသည်။

သူဦးတည်ရာက မီးပွိုင့်အနီးရှိ ရန်ကုန် တက္ကသိုလ် ပရဝုဏ် အတွင်းသို့ဖြစ်သည်။ သူ့ပခုံးထက် အနီရောင် လွယ်အိတ်ထဲတွင် သူကိုယ်တိုင် ရေးသားထားသည့် ထိုနှစ် မတ်လ ၁၃ရက်နေ့က အင်းစိန် ကြို့ကုန်းတွင် ကျည်ဆံထိ သေဆုံးခဲ့ရသူ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အကြောင်း အမှတ်တရ ကဗျာစာရွက်များ ပါရှိသည်။

အသက် ၄၄ နှစ်အရွယ် ဒေါ်မျိုးမြတ်မြတ်က ၁၉၈၈ လူထုလှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့ချိန် လွန်ခဲ့သည့် နှစ် ၃ဝ က အကြောင်းကို အမှတ်တရ ပြောပြနေခြင်းဖြစ်သည်။

၁၉၈၈ အရေးတော်ပုံမှာ နှစ်ပေါင်း ၃ဝ ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့ လျှောက်လှမ်းနေရသည့် ဒီမိုကရေစီ ခရီးလမ်းအပေါ်တွင် အားရမှုမရှိသေးဟု သူက ပြောသည်။

“ကျွန်မ တစ်ယောက်တည်းအနေနဲ့ကတော့ စစ်မှန်တဲ့ဒီမိုကရေစီ မရသေးဘူးလို့ ခံစားရပါတယ်။ ရှင်းရှင်း ပြောရရင်တော့ အားမရဘူးပေါ့။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ အပေါ် အားမရပါဘူး” ဟု၎င်းက ပြောသည်။

နှစ် ၃ဝ ပြည့် ၁၉၈၈ အရေးတော်ပုံ နှစ်ပတ်လည် အစီအစဉ်ကို ရန်ကုန် တက္ကသိုလ်တွင် ကျင်းပနိုင်ခဲ့သော်လည်း တောင်းဆိုခဲ့သော စစ်မှန်သည့် ဒီမိုကရေစီ ခရီးလမ်းမှာ မှုန်ပြပြသာ ရှိနေသေးသည်ဟု အခမ်းအနား တက်ရောက်လာသူ အများစုက ယူဆကြသည်။

နှစ် ၃ဝ ခရီးကြမ်း

ရန်ကုန် တက္ကသိုလ် အပန်းဖြေ နားနေဆောင်(RC)တွင် သြဂုတ်လ ၆ ရက်နေ့က စတင်ကျင်းပနေသည့် ရှစ်လေးလုံး နှစ် ၃ဝပြည့် အခမ်းအနား ဓာတ်ပုံနှင့် အမှတ်တရ ပြခန်းတွင် ကြည့်ရှုစရာများက စုံလင်လှသည်။

ထိုပြခန်းတွင် ရှစ်လေးလုံး အရေးတော်ပုံကြေညာချက်များ ထုတ်ပြန်ရာတွင် အသုံးပြုခဲ့သည့် လက်နှိပ်စက်၊ လက်ပတ်များကို ချုပ်သည့် အပ်ချုပ်စက်၊ အလံ တို့ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

တပ်မတော်သားတို့က ကျောင်းသားများကို ပစ်ခတ်နေပုံများ၊ ယခု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုစဉ်က မိန့်ခွန်း ပြောဆိုနေပုံများကို ခန်းမ နံရံတွင် တွေ့မြင်ရမည်ဖြစ်သည်။

အရေးတော်ပုံအတွင်း ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ ရေးသား တင်ပြချက်များကိုလည်း အမှတ်တရ ချိတ်ဆွဲထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

အကျဉ်းထောင်ပုံစံတူ အခန်းကျဉ်းထဲတွင်တော့ နိုင်ငံရေး အကျဉ်းသားများ ဝတ်ဆင်ရသည့် ဝတ်စုံ၊ သံခြေကျင်း၊ သံဒေါက်တို့ကို ပြသထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးချစ်ကိုကိုက ပြပွဲလာရောက်သူများကို ၎င်းတို့ မည်သို့နေထိုင်ခဲ့ရသည်ကို ရှင်းပြနေသည်။

ဦးချစ်ကိုကိုက ရှစ်လေးလုံး အရေးတော်ပုံကာလတွင် ရဟန်းရှင်လူ ပြည်သူပေါင်း သုံးထောင်ကျော် ကျဆုံးသွားခဲ့သည်ဟု ပြောသည်။

၁၉၆၂ ခုနှစ်မှ ယနေ့ အချိန်ထိ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆက်စပ်မှုကြောင့် အကျဉ်းကျခဲ့သူ ရှစ်ထောင်မှ တစ်သောင်းကြား ရှိမည်ဟု ခန့်မှန်းကြောင်း၊ ၎င်းတို့က အယောက် လေးထောင်ကျော်နှင့် ပတ်သက်ပြီး မှတ်တမ်းပြုစုနိုင်ခဲ့ကြောင်း ပြောသည်။

၁၉၈၈ ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီလှုပ်ရှားမှု နှစ် ၃ဝ ကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ထောင်သွင်း အကျဉ်းကျခံခဲ့ရပြီးနောက် မိသားစု ဘဝ ပျက်သုဉ်းမှုများလည်း ရှိခဲ့ရသည်ဟု ၎င်းကပြောသည်။

“တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်းတူညီမျှပေးနိုင်မယ့်။ ဖက်ဒရယ် ပြည်ထောင်စုကို အာမခံချက် ပေးနိုင်မယ့် ဒီမိုကရေစီ စနစ် ဆိုတာကတော့ အရမ်းကြီးတော့ အားမကောင်းသေးပါဘူး” ဟု ၎င်းက ပြောသည်။

ပြန်လည်သုံးသပ်ခြင်း

ရန်ကုန် တက္ကသိုလ်ရှိ ဝိဇ္ဇာခန်းမဆောင်တွင် အသက် ၄ဝ ကျော် လူလတ်ပိုင်းများ တက်ကြွစွာ လှုပ်ရှားနေကြသည်။ အများစုမှာ ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ဆက်စပ်ပြီး နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသူများဖြစ်သည်။

ခန်းမအတွင်း စင်ပေါ်တွင် ညာလက်မောင်းများ မြောက်ထားသော ဆန္ဒပြနေသူများက ဘယ်လက်ဖြင့် ခွပ်ဒေါင်းပုံ အနီရောင် အလံကို ဆုတ်ကိုင်ထားကြပုံ ဗီနိုင်းကို ချိတ်ဆွဲထားသည်။

ထိုဗီနိုင်းထက်တွင် “ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃ဝ ကာလ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ” ဟု အနီရောင် စာလုံးဖြင့် ရေးသားထားသည်။

တစ်ဦးလျှင် ၃ မိနစ်ကြာ ဆွေးနွေးနိုင်ပြီး ဆွေးနွေးနေသည့် ခေါင်းစဉ်ကို စာရွက်ပေါ်တွင် ရေးထားသည်ကို တွေ့ရသည်။

နိုင်ငံရေးဆွေးနွေးပွဲ အကျိုးဆောင်အဖြစ် ဆောင်ရွက်နေသူ ဦးရဲကျော်စွာမှာ ရှစ်လေးလုံး အရေးတော်ပုံကာလတွင် ရန်ကုန်၊ အထက(၂)ဗိုလ်တထောင်မှ (၁၅) နှစ် အရွယ် ၉ တန်း ကျောင်းသားဖြစ်သည်။

၁၉၉ဝ တွင် ထောင် သုံးနှစ်၊ ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသားဘဝတွင် ထောင် ၁၉ နှစ် ချမှတ်ခံရပြီး ၂ဝဝ၅ တွင် ပြန်လွတ်လာသူဖြစ်သည်။

ဦးရဲကျော်စွာက ရှစ်လေးလုံး နှစ် ၃ဝပြည့်ကို နိုင်ငံရေး အနှစ်သာရရှိစွာ ကျင်းပနိုင်ရန်အတွက် ဤဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောသည်။

ဒီမိုကရေစီ အရေးတော်ပုံ နှစ်၃ဝခရီး၊ တန်းတူရေးနှင့်ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာနိုင်ငံရေး နှင့်စစ်အာဏာရှင်စနစ် ဟူသည့် ခေါင်းစဉ် သုံးခုဖြင့် ဆွေးနွေးသွားမည်ဟု သူက ပြောသည်။

“ဆွေးနွေးသူအများစုက ဖက်ဒရယ်ပြည်ထောင်စု အကြောင်းကိုပဲ အဓိကထား ဆွေးနွေးကြပါတယ်။ ဖက်ဒရယ်အပေါ်မှာ ဆွေးနွေးကြတဲ့အခါမှာတော့ နည်းသဏ္ဌာန်နဲ့ ချဉ်းကပ်ပုံကွာခြားတာလောက်ပဲ ရှိပါတယ်” ၎င်းက ပြောသည်။

ကျောင်းနံရံတဝိုက် ဒေါင်းအလံစိုက်

ရှစ်လေးလုံးကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဦးကိုကိုကြီးသည် နိုင်ငံရေး စာတမ်းတစ်စောင်ကို လုပ်ဖော်ကိုင်ဘက်များအကြား ဆွေးနွေးခဲ့ခြင်းကြောင့် ၁၉၈၉ ဧပြီတွင် ထိန်းသိမ်းခံခဲ့ရသည်။

ထိန်းသိမ်းခံရမှုမှာ လအနည်းငယ်သာ ကြာသည်။ သို့သော်လည်း ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်းကို ထောက်ခံ ဆန္ဒပြရာ ထောင်ဒဏ် နှစ်(၂ဝ) ချမှတ်ခြင်းခံခဲ့ရသည်။ ပြန်လွတ်လာပြီး နှစ်အနည်းငယ်အကြာ ၂ဝဝ၈ တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရပြန်သည်။

ရှစ်လေးလုံး နှစ် ၃ဝပြည့် အခမ်းအနားကို ရန်ကုန် တက္ကသိုလ်တွင် ကျင်းပနိုင်ခဲ့ခြင်းမှာ ၎င်းတို့ အိပ်မက် တစ်ခု အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“တစ်ချိန်က ကျွန်တော်တို့ အိပ်မက်ပေါ့၊ ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းအလံစိုက်ဖို့ဆိုတာပေါ့။ အဓိပတိလမ်းမ ထက်မှာ ခွပ်ဒေါင်းအလံတွေ ရဲဘလောင်းခတ်ပြီး တလူလူလွင့်နေတာကို မြင်တွေ့ရတော့ စိတ်ထဲမှာ ပီတိဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အသွင်သဏ္ဌာန် ပြောင်းလဲခြင်းထက် အနှစ်သာရပြောင်းနိုင်ရန်အတွက် ရှစ်လေးလုံးအရေးတော်ပုံ၏ ရပ်တည်ချက်၊ ကြွေးကြော်သံများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု ပြောသည်။

ထို့ပြင် လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်မှာ ၇၅ရာခိုင်နှုန်းသာ ရှိိသေး၍ ဒီမိုကရေစီတင်းပြည့် ကျပ်ပြည့်ဟု မပြောဆိုနိုင်ကြောင်း၊ အစိုးရအဖွဲ့အစည်းတွင်လည်း တပ်က တိုက်ရိုက်ခန့်အပ်ပြီး အမည်စာရင်း တင်သွင်းနေခြင်းများကလည်းရှိနေသေးကြောင်း ၎င်းက ထောက်ပြသည်။

“အခြေခံ ရှစ်လေးလုံး စိတ်ဓာတ်အပေါ်မှာ ကွဲပြားမှု မရှိပါဘူး။ နေရာဒသ အလျောက် ဆောင်ရွက်ပုံ နည်းလမ်းအရ မတူတာတွေရှိပေမယ့် ဘုံသဘောတူညီချက်ကတော့ ရှစ်လေးလုံး ကြွေးကြော်သံတွေ ရှစ်လေးလုံး ရည်မှန်းချက်တွေကို ဆက်ပြီးတော့ ဆောင်ရွက်ရမယ်” ဟု ၎င်းက ပြောသည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading