ပြည်တွင်းတရားစီရင်ရေးစနစ်ကို မိမိတို့ဘာသာ ပြုပြင်ပြောင်းလဲခွင့်ပေးရန် ICJ ကို ဒေါ်စု လျှောက်ထား

ပြင်ပမှဝင်ရောက် တရားစီရင်ပါက လက်နက်ကိုင်တပ်များက မိမိဘာသာပြန်လည်တည့်မတ်ကာ ကောင်းမွန်အောင် ကူညီပေးနေသည့် ခြေလက်တစ်ဘက်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ခြင်းမျိုး ရလဒ် ထွက်လာလိမ့်မည်ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောသည်။

Published on Dec 13, 2019
မြန်မာအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ICJ ရုံး၌ ဒီဇင်ဘာ ၁၂ ရက်လျှောက်လဲအပြီး ပြန်လည်ထွက်ခွာလာစဉ် (ဓာတ်ပုံ - ရိုက်တာ)
မြန်မာအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ICJ ရုံး၌ ဒီဇင်ဘာ ၁၂ ရက်လျှောက်လဲအပြီး ပြန်လည်ထွက်ခွာလာစဉ် (ဓာတ်ပုံ - ရိုက်တာ)

မြန်မာနိုင်ငံ၏ အခြေခံဥပဒေအရ ကျင့်သုံးနေသည့် ပြည်တွင်း စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးစနစ်ကို မျက်ကွယ်ပြုကာ နိုင်ငံတကာတရားရေးစနစ်ဖြင့် စီရင်ရန်ကြိုးပမ်းခြင်းသည် မိမိဘာသာ ပြုပြင်ပြောင်းလဲရန်၊ တိုးတက်ရန်၊ ပိုမိုစွမ်းဆောင်နိုင်ရန် ကြိုးစားနေသည့် အရေးကြီးသည့် ခြေလက်အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားပစ်သကဲ့သို့ ဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ယနေ့ တတိယနေ့အဖြစ် ကျင်းပသည့် ကြားနာပွဲ ဒုတိယပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း လျှောက်လဲရာ၌ နိဂုံးချုပ် ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး ယခုအမှုကို တရားရုံး၏ စာရင်းမှတ်တမ်းမှ ပယ်ဖျက်ပေးရန်လည်း လျှောက်ထားခဲ့သည်။

“ကျွန်မတို့နိုင်ငံရဲ့ အရပ်ဘက်၊ စစ်ဘက် ရာဇဝတ်တရားရုံးစနစ်တွေ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ လည်ပတ်ကျင့်သုံးနေနိုင်ရေးဟာ မြန်မာနိုင်ငံရဲ့ ပစ္စုပ္ပန်အတွက်၊ ပြီးတော့ အနာဂတ်အတွက် အသက်သွေးကြောတမျှ အရေးကြီးလှပါတယ်” ဟု ၎င်းက လျှောက်လဲသည်။

အာဆာ (ARSA) နှင့် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နှစ်နှစ်ကျော် အကြာမှာပင် ဒုတိယမြောက် စစ်ခုံရုံးကိုဖွင့်လှစ်ကာ စစ်ဆေးနေနိုင်ပြီဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။

“အင်းဒင်ဖြစ်ရပ်မှာ စစ်ဘက်တရားစီရင်ရေးစနစ်ရဲ့ (တရားဥပဒေနဲ့အညီစီရင်မှု) အပိုင်းကို ဂမ်ဘီယာအနေနဲ့ မေးခွန်းထုတ် စိန်ခေါ်မှုမျိုး မလုပ်ရသေးပါဘူး။ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့တဲ့ ကိစ္စကတော့ ကျွန်မတို့အတော်များများ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လက်ရှိ စစ်ဆေးနေဆဲ ဂူတာပြင်စစ်ခုံရုံးကိုလည်း ပြီးဆုံးသည်အထိ ခွင့်ပြုသင့်ကြောင်း ပြောသည်။ 

“လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာတင်သွင်းပြီးတဲ့နောက်မှာလည်း နောက်ထပ် စစ်ခုံရုံးတွေ ထပ်ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးများအနေဖြင့် နိုင်ငံတကာပြစ်မှုကြီးများကို စုံစမ်းစစ်ဆေးရာတွင် လေးနှစ်မှ ရှစ်နှစ်၊ တစ်ခါတစ်ရံ ထို့ထက်မက ကြာတတ်ကြောင်း သူက တင်ပြရင်း လက်ရှိ မြန်မာနိုင်ငံ အခြေခံဥပဒေ၏ အခန်းကဏ္ဍကို မေ့မထားဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

“ယူနိုက်တက် ကင်းဒမ်းတို့၊ အမေရိကန်တို့တို့မှာလိုပင် မြန်မာနိုင်ငံမှာလည်း စစ်ဖက်ဆိုင်ရာ တရားစီရင်ရေး ရှိတယ်ဆိုတာ အသေအချာပါပဲ။ အခြေခံဥပဒေနဲ့အညီသွားတဲ့ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေးတွေ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းစေချင်ရင်တော့ လက်ရှိ မြန်မာ့အခြေခံဥပဒေကို လျစ်လျူမရှုသင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် တရားမျှတမှုရှာဖွေရေး၏ အနှစ်သာရမှာ လူသားအားလုံး၏လုံခြုံရေးနှင့် အခွင့်အရေးကို ခိုင်မာစေမည့် ပြန်လည်ရင်ကြားစေ့ရေးနှင့် သဟဇာတဖြစ်ရေးတို့ပင် ဖြစ်ကြောင်း၊ သမိုင်းနှင့်ချီသည့် အကြမ်းဖက်မှုများ ပြန်မဖြစ်စေရေးနှင့် နေရပ်စွန့်ခွာသူတို့ မိမိဆန္ဒနှင့်အညီ ပြန်လာနိုင်စေရေး ရည်ရွယ်ကာ တောင်အာဖရိကမှ အသွင်ကူးပြောင်းကာလ တရားမျှတမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ရော့သ်မိုင်ယာ ၏ ညွှန်ကြားမှုဖြင့် “In Transformation Initiative (ITI)” ကို ၂၀၁၉ ဇန်နဝါရီ အတွင်း စတင်ခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“တိုင်းပြည်တစ်ပြည်ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်စေမယ့် ဆုံးဖြတ်ချက်ကို လူကြီးမင်းတို့ဘက်က အသိပညာ၊ တရားမျှတမှုဆိုင်ရာ အမြင်တို့နဲ့ ပေါင်းစပ်ပြီးချမှတ်မယ်လို့ဆုတောင်းပါတယ်” ဟု မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

နိဂုံးချုပ်အနေဖြင့် လက်ရှိ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်စေရေးသည် တိုင်းပြည်အတွက် အရေးအကြီးဆုံးလုပ်ရမည်ဖြစ်သော်လည်း ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက ရခိုင်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခမျိုး တစ်ကျော့ပြန်ဖြစ်စေရန် မီးပြန်မမွှေးမိစေရေးလည်း ဆတူ အရေးကြီးသည်ဟု သူက ဆိုသည်။

“မယုံသင်္ကာစိတ်တွေ ပွားစည်းလာစေမယ့်၊ သံသယတွေမျိုးစေ့ချမယ့်၊ ယခုမှ ယုံကြည်မှုအခြေခံအုတ်မြစ်ကို နုနုနယ်နယ် စတည်ဆောက်ခါစ အသိုင်းအဝိုင်းနှစ်ခုကြားမှာ မုန်းတီးစိတ်တွေ ဖန်တီးမယ့် ခြေလှမ်းတွေ လှမ်းမယ်ဆိုရင်တော့ ပြန်လည်ရင်ကြားစေ့ရေးကို ချည့်နဲ့သွားစေနိုင်မှာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“… ICJ ရဲ့ စီရင်ကြားနာမယ့်အမှုစာရင်းကနေ မြန်မာကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံပါတယ်။ တစ်နည်းပြောရရင်တော့ ဂမ်ဘီယာဘက်က တင်သွင်းထားတဲ့ ကြားဖြတ်အစီအမံများနဲ့ဆိုင်တာတွေ၊ ရည်ညွှန်းချက်တွေကိုလည်း ငြင်းပယ်ဖို့ တောင်းဆိုပါတယ်” ဟု မြန်မာအဖွဲ့ခေါင်းဆောင်က တရားသူကြီးအဖွဲ့အား တင်ပြသွားသည်။

မနက်ပိုင်းက ဂမ်ဘီယာရှေ့နေဘက်က စွပ်စွဲခဲ့သည့် အချက်ဖြစ်သော အမုန်းစကားများကို အစိုးရပိုင်းက တားဆီးခဲ့ခြင်းမရှိဆိုသည့်အပေါ် မြန်မာဘက်မှရှေ့နေ ဝီလျံ ရှေးဘားစ်က ချေပသည်။

“လူမျိုးတုံးသတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒ ပြင်းထန်လာတယ်ဆိုတဲ့ ပြောဆိုချက်ဟာ အချက်အလက်ပေါ်မှာ အခြေမခံတဲ့ ထင်မြင်ချက်တစ်ခုသာ ဖြစ်ပါတယ်။ ပြင်းထန်လာတယ်ဆိုတာအတွက် သက်သေ မရှိပါဘူး” ဟု  ရှေးဘားစ်က ရုံးတော်ကိုတင်ပြသည်။ 

ယခုနောက်ဆုံး သတင်းအချက်အလက်များအရ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရန် အသိုင်းအဝန်းများအကြား အဓိပ္ပါယ်ပြည့်ဝသည့် ထိတွေ့ဆက်ဆံမှုများ ရှိနေပြီဟုဆိုသည်။

“အမုန်းစကားဆိုတာကို အစိုးရတစ်ရပ်က ဘယ်လိုတုံ့ပြန်သင့်တယ် ဒါမှမဟုတ် ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုသင့်တယ် ဆိုတဲ့အပေါ် သဘောတူညီမှု မရှိပါဘူး။ ထပ်ပြီးပြောရရင် အလားတူ အမုန်းစကားတွေဟာ နိုင်ငံအများအပြားမှာလည်း ရှိနေတယ်ဆိုတာပါပဲ” ဟု ပရော်ဖက်ဆာ ရှေးဘားစ်က ဆိုသည်။

“မြန်မာနိုင်ငံ လူမှုကွန်ရက်ပေါ်မှာ အမုန်းစကား ဖြန့်ဝေမှုတွေ ရှိတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး... ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ (လုပ်ရပ်) ဥပမာတွေသာ ဖြစ်ပါတယ်။ အစိုးရရဲ့  အမုန်းစကားတွေ မဟုတ်ပါဘူး” ဟု ရှေးဘားစ်က ဆိုသည်။ ထို့ပြင် “ဒါဟာ မြန်မာနိုင်ငံမှာပဲ သီးသန့်ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး” ဟု သူက ဖြည့်စွက်ပြောသည်။ 

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုထားသည့်အမှု၊​ ပထမအကြိမ် ကြားနာမှုသည် သုံးရက်ကြာခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၂ တွင်ပြီးဆုံးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး တရားသူကြီး ယူစွတ် က “ထပ်မံ လိုအပ်သည့် အချက်အလက်များကိုလည်း ရုံးတော်မှ တောင်းခံပါက ပေးအပ်ရန်” ဟု ဆိုပြီး တရားခွင်ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ 

မည်သည့်နေ့တွင် တရားခွင် နောက်တကြိမ်ပြန်လည် စတင်မည်ကို မသိရပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading