လူမျိုးတုံးစေလိုသောအကြံရှိကြောင်း အချက် ၇ ချက်တွင် မြန်မာက တစ်ချက်သာငြင်းဟု တရားလိုပြော

မြန်မာအနေဖြင့် လူမျိုးတုံးသတ်ရန်အကြံမရှိဘဲ မောင်းထုတ်ရုံသက်သက်သာဆိုပါက အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ကလေးငယ်များကိုသတ်ဖြတ်ခြင်းများ အဘယ်ကြောင့်ကျူးလွန်ရပါသနည်းဟု ရိုက်ခလာက မေးခွန်းထုတ်သည်။

ဂမ်ဘီယာနိုင်ငံ ဥပဒေအဖွဲ့မှ ရှေ့နေ ပေါ်လ် ရိုက်ခလာ လျှောက်လဲနေစဉ်

မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက စွပ်စွဲချက်အပေါ် ကြားနာပွဲ တတိယနေ့ ပထမပိုင်းကို နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ယနေ့ ဆက်လက်ကျင်းပရာ ဂမ်ဘီယာနိုင်ငံကိုယ်စား ရှေ့နေက ‘လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်လိုသည့် စေတနာပါကြောင်း ၎င်းတို့အနေဖြင့် မြန်မာဘက်တွင်တွေ့ရသည့် အချက်များကို တင်ပြသွားသည်။

လူမျိုးတုံးစေလိုသော စိတ်စေတနာနှင့်ပတ်သက်၍ ပထမဆုံး ​လျှောက်လဲသည့် ရှေ့နေ ပေါ်လ် ရိုက်ခလာ (Paul Reichler) က အချက် ခုနစ်ချက်ကို ညွှန်ပြရာတွင် နောက်ဆုံးအချက်ဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးပြီး အရေးယူရန် နိုင်ငံတော်ဘက်က ပျက်ကွက်ခဲ့သည်ဆိုသော အချက်ကိုသာ မြန်မာဘက်က လက်မခံဘဲ ပြန်လှန် ငြင်းခုံခဲ့ပြီး ကျန်အချက်များကို မငြင်းခဲ့ကြောင်း ပြောသည်။

မြန်မာဘက်က မငြင်းခဲ့ကြောင်း ရိုက်ခလာပြောသည့်အချက်များမှာ (၁) ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးလုပ်စဉ် တပ်မတော်၏ အလွန်အကျူး ကြမ်းကြုတ်ရက်စက်မှု (၂) တပ်မတော်၏ ဖျက်ဆီးရေးများအတွင်း စနစ်တကျပြုမူဆောင်ရွက်ပုံ (၃) အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းအကြမ်းဖက်မှု၏ အနှိုင်းအဆနှင့် သဘောသဘာဝ တို့ဖြစ်သည်။

ထို့အပြင် (၄) နယ်မြေရှင်းလင်းရေး မလုပ်မီ၊ လုပ်နေစဉ်အတွင်းနှင့် လုပ်ပြီးနောက်ပိုင်း မြန်မာ အရာရှိများနှင့် အခြားသူများ၏ ရိုဟင်ဂျာများအပေါ် စော်ကား၊ နှိမ်ချ၊ လူမျိုးရေးခွဲခြားသော စကားများ (၅) နိုင်ငံသားဥပဒေနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် (NVC) ကဲ့သို့သော ခွဲခြားဆက်ဆံမှု အစီအမံနှင့်မူဝါဒများ အပါအဝင် ရိုဟင်ဂျာတို့ပိုင်သည့်မြေပေါ်တွင် အပြောင်ရှင်းပြီး စီမံကိန်းများ တည်ဆောက်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ လူဦးရေပုံသဏ္ဌာန် နှင့် လူမျိုးဖွဲ့စည်းပုံကို ပြောင်းလဲသွားစေရန် ရည်ရွယ်ကြိုးပမ်းခြင်း၊ (၆) ရိုဟင်ဂျာတို့အပေါ် အများပြည်သူတို့အကြား အမုန်းတရားပွား၊ မထေမဲ့မြင်ပြုမှုများကိုအစိုးရပိုင်းက မတားမြစ်ဘဲ လက်ပိုက်ကြည့်နေခြင်း တို့ဖြစ်သည်ဟု ရိုက်ခလာက ဆိုသည်။

စစ်သားများ၏ကျူးလွန်မှုများအပေါ် တပ်မတော်၏ စစ်ဖက်ဆိုင်ရာခုံရုံးများမှတစ်ဆင့် စုံစမ်းစစ်ဆေးကာ အပြစ်ပေးအရေးယူမည်ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း၊ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းဗိုလ်ချုပ်ကြီး ၆ ယောက်စလုံး လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲခံထားရချိန်မှာ တပ်မတော်အနေနဲ့ သူ့လူတွေကိုသူပြန်ပြီး မျှမျှတတ တရားစီရင်နိုင်မယ်လို့ ဘယ်လိုလုပ်ပြီး မျှော်လင့်လို့ရမှာလဲ” ဟု ရိုက်ခလာက ပြောသည်။

မြန်မာ့တပ်မတော်သည် အပြစ်ပေးအရေးယူခြင်းမရှိဘဲ လုပ်ချင်တိုင်းလုပ်ခွင့်ရနေသည်ဟု ဆိုကာ အဆိုပါ ထိပ်ပိုင်းမြန်မာစစ်ဗိုလ်ချုပ်အားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့ကကြေညာခဲ့သည်။

“အားလုံးသိတဲ့အတိုင်းပါပဲ၊ (ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး) တပ်မတော်ဟာ သူ့လူတွေကိုသူ ပြန်ပြီး တရားစီရင်လိုစိတ်မရှိပါဘူး။ ကိစ္စတစ်ခုမှာပဲ နိုင်ငံတကာဖိအားကြောင့် ရုံးတင်စစ်ဆေး အပြစ်ပေးခဲ့ပါတယ်” ဟု အင်းဒင်ရွာဖြစ်ရပ်နှင့်ပတ်သက်၍ တပ်မတော်သားအချို့ကို ထောင်ဒဏ် အပြစ်ပေးခဲ့သည့်ဖြစ်စဉ်ကို ထည့်သွင်းရည်ညွှန်းခဲ့သလို ထိုတပ်မတော်သားများမှာလည်း တစ်နှစ်ပြည့်အောင်ပင် ထောင်ဒဏ်မခံခဲ့ရဘဲ တပ်မတော်၏လွတ်ငြိမ်းသက်သက်ခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ပြောသွားသည်။

အင်းဒင်ရွာတွင် မွတ်စလင် ၁၀ ဦးအသတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာ ၎င်းတို့အသတ်မခံရမီနှင့် အသတ်ခံရပြီးနောက် ရိုက်ယူထားသည့် ဓာတ်ပုံ နှစ်ပုံကို ရိုက်ခလာက ပြသခဲ့ကာ ထိုကိစ္စကို သတင်းဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့် ရိုက်တာ သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထောင်ချခဲ့ခြင်းဖြင့် တာဝန်ခံမှုကိုရှောင်လွှဲရန်ကြိုးစားခဲ့ကြောင်း ဆက်ပြောသည်။

မြန်မာဘက်က ရှေ့နေများအနေဖြင့် ဒုက္ခသည်များပြန်လာနိုင်ရေး စီစဉ်နေသည့် လုပ်ငန်းစဉ် အကြောင်းကို ပြောသွားသော်လည်း တစ်ဖက်က ထိုအစီအစဉ်ဖြင့် ပြန်လာသည့် ဒုက္ခသည် အနည်းငယ်သာရှိသေးကြောင်းကိုလည်း ဝန်ခံသွားခဲ့ကြောင်း၊ ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်စေမည့် အခြေအနေများမရှိကြောင်း ကုလသမဂ္ဂ၏အစီရင်ခံစာများကို ကိုးကား၍လည်း ဆိုသည်။

အခြားတစ်ဖက်တွင်မူ မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာတို့၏ကျေးရွာများကို မြေလှန်ပစ်ကာ အခြား လူမျိုးစုများနေထိုင်နိုင်မည့် အိမ်ရာများတည်ဆောက်နေခြင်းဖြင့် ဒုက္ခသည်များ ပြန်လာမည့်အရေး ပိုမိုခက်ခဲအောင် လုပ်ဆောင်နေကြောင်း၊ ဒုက္ခသည်များပြန်အလာရ ပိုခက်အောင် မြန်မာနိုင်ငံဘက်ကလုပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်ကလည်း ပြောထားကြောင်း ရိုက်ခလာက ဆက်လက်လျှောက်လဲသည်။

ထို့ပြင် မြန်မာ့စစ်ခေါင်းဆောင်များသည် ‘ရိုဟင်ဂျာ’ ဆိုသည့် နာမည်ကို သုံးရန် ဆက်လက် ငြင်းဆန်နေဆဲဖြစ်သလို ယမန်နေ့က မြန်မာ့အဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်းတွင်လည်း ARSA ၏ နာမည်အပြည့်အစုံကို ရွတ်သည့်အချိန်မှတစ်ပါး ထိုအသုံးကိုလုံးဝသုံးမသွားခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။

ထို့ပြင် မြန်မာသည် လူမျိုးတုံးသတ်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အတင်းအကျပ် မောင်းထုတ်ရန်သာဖြစ်သည်ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ဘက်က ငြင်းကြောင်း၊ သို့ဖြစ်လျှင် “ဘာကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်​တွေကို မုဒိမ်းကျင့်တာ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်တာ၊ ရက်စက်ကြမ်းကြုတ်စွာနဲ့ ကိုယ်ခန္ဓာတွေကိုဖျက်ဆီးပစ်တာတွေ၊ ကလေးသူငယ်တွေနဲ့ နို့စို့အရွယ်တွေကို သတ်တာဖြတ်တာတွေလုပ်ခဲ့ရသလဲ” ဟုလည်း မေးခွန်း ထုတ်သည်။

“ဒါဟာ အကြမ်းဖက်မှုကို တိုက်ဖျက်တာပါတဲ့လား” ဟု ရိုက်ခလာက ရုံးတော်မှတစ်ဆင့် မေးသည်။

ထို့ပြင် ဩဂုတ်လ ၁၁ ရက်နေ့ တိုက်ခိုက်မှုမတိုင်မီ နှစ်ပတ်အလိုကတည်းက တပ်မတော်သည် တပ်ရင်းနှစ်ရင်းကို ရခိုင်သို့ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် သူပုန်မရှိ သို့မဟုတ် သူပုန်သူကန်တို့ကို နှိမ်နင်းခွင့်မရှိဟု ပြောနေခြင်းမဟုတ်ကြောင်း၊ ထိုသို့ နှိမ်နင်းသည့်စစ်ပွဲကို အကြောင်းပြပြီး လူမျိုးတုံးသတ်ဖြတ်မှုကို လုပ်၍မရကြောင်း ရိုက်ခလာက ပြောသည်။

ထို့ပြင် နယ်မြေရှင်းလင်းရေးလုပ်စဉ်အတွင်း လက်နက်ကိုင်နှင့် အရပ်သား ခွဲခြား တိုက်ခိုက်မှု လုပ်ဖို့ မကြိုးစားခဲ့ကြောင်း၊ ရိုဟင်ဂျာတည်ရှိမှုကို ငြင်းဆန်ရန် အစိုးရ၏ကြိုးပမ်းမှုမှာ နယ်မြေရှင်းလင်းရေးများအပြီး တစ်နှစ်တာအတွင်း ပိုမိုအားကောင်းလာခဲ့သည်ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ရှိထားကြောင်းလည်း ရိုက်ခလာက ပြောသည်။

လူအစုအလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာများမရှိဟု မြန်မာကိုယ်စားလှယ်အဖွဲ့က ယမန်နေ့က ပြောခဲ့သည့်စကားမှာ မှားယွင်းကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရေးအဖွဲ့များကို ဝင်ရောက်ရှာဖွေခွင့်မပြုခဲ့ကြောင်း၊ AP သတင်းဌာနက ထိုသို့ မြှုပ်နှံထားသည့်တစ်နေရာ (ဂူတာပြင်) ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ပြောသည်။

ထို့ပြင် ယမန်နေ့က မြန်မာဘက်က လျှောက်လဲချက်တွင်ပါသည့် အချက်တစ်ချက်ဖြစ်သည့် ဂမ်ဘီယာနိုင်ငံအနေဖြင့် ကိုယ်တိုင်နစ်နာသည့်နိုင်ငံမဟုတ်သဖြင့် မြန်မာနိုင်ငံအပေါ် ICJ တွင် အမှုဖွင့်ခွင့်မရှိ ဆိုသည့်အချက်နှင့်ပတ်သက်၍ ဂမ်ဘီယာအနေဖြင့် အမှုဖွင့်ခွင့်ရှိကြောင်းနှင့် ဤအမှုကိုရုံးတော်သို့ သယ်ဆောင်လာရာ၌ မှန်ကန်ကြောင်း ရှေ့နေတစ်ဦးဖြစ်သည့် ပြဲ ဒါဂျန့် (Pierre d'Agent) က ပြောသည်။

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ဤအမှုကို ဂမ်ဘီယာနိုင်ငံအမည်သုံးပြီး ဖွင့်ခြင်းဖြစ်ကြောင်း မြန်မာဘက်က ယမန်နေ့က ချေပချက်ကိုလည်း ပယ်ချခဲ့ပြီး ဂမ်ဘီယာအနေဖြင့် OIC ကိုယ်စား အမှုဖွင့်ခြင်းမဟုတ်ဘဲ မိမိသဘောအရသာ စွဲခြင်းသာဖြစ်ပြီး OIC အနေဖြင့် မြန်မာကိုအမှုစွဲရန် ဂမ်ဘီယာအား ဖိအားမပေးခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းခဲ့ခြင်းသာဖြစ်ကြောင်း ရှေ့နေ ဒါဂျန့် က ပြောသည်။

မြန်မာဘက်မှ ရှေ့နေကြီး ပရော်ဖက်ဆာ ရှေးဘားစ်သည် ၂၀၁၃ ခုနှစ်က အင်တာဗျူးတစ်ခုတွင် (ရခိုင်မြောက်ပိုင်းနေ ရိုဟင်ဂျာတို့အပေါ်) ကလေး မွေးခြင်းကို တားမြစ်ခြင်း၊ လူမျိုးတစ်မျိုး၏တည်ရှိမှုကိုငြင်းပယ်ခြင်း၊ နေထိုင်နေရာဒေသ၌ နေထိုင်ခွင့်ကိုငြင်းပယ်ခြင်း စသည့် လုပ်ဆောင်ချက် များကိုမြင်ရပါက ဂျန်နိုဆိုက် (လူမျိုးတုံးအောင်လုပ်ခြင်း) ဆိုသည့် အသုံးကို သုံးကောင်းသုံးရန်အတွက် ရှေးဦးနိမိတ်များပင်ဖြစ်သည်ဟု ၎င်းကိုယ်တိုင် ပြောခဲ့ဖူးကြောင်း ဂမ်ဘီယာဘက်မှ ရှေ့နေကြီး ဖိလစ် ဆင်းန် (Philippe Sands) က လျှောက်လဲသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သော "ရခိုင်တွင်မွေးဖွားသည့် ကလေးအားလုံးအတွက် မွေးစာရင်းထုတ်ပေးပါသည်" ဆိုသောစကားဖြင့် ရိုဟင်ဂျာတို့သည် လူသားများဖြစ်သည်ဟု အသိအမှတ်ပြုသော်လည်း ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကိုမူ အသိအမှတ် မပြုကြောင်း လျှောက်လဲသွားခဲ့သည်။

ကြားနာပွဲကို ခေတ္တရပ်နားခဲ့ပြီး မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ၁၁ နာရီခွဲအထိ မြန်မာအဖွဲ့ဘက်က ပြန်လည်ချေပရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading