ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဝီလီယံ ရှာဘားစ်တို့ ICJ တွင် ချေပချက်များထဲမှ ကောက်နုတ်ချက်

ပထမနေ့ကြားနာမှုအတွင်း တရားလို ဂမ်ဘီယာဘက်က တင်ပြချက်များကို နားထောင်စဉ်က မျက်နှာညှိုးငယ်ပုံရခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ မြန်မာဘက်က တင်ပြရသည့်အလှည့်တွင် အနည်းငယ် ရွှင်ရွှင်လန်းလန်းရှိခဲ့သည်။

Published on Dec 11, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ယနေ့တွေ့ရစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ယနေ့တွေ့ရစဉ်

လေးစားအပ်ပါသော သဘာပတိကြီးနှင့် တရားသူကြီးများရှင့်

အပြည်ပြည်ဆိုင်ရာတရားရုံးဆိုတာ ဆင်းရဲချို့တဲ့တဲ့နိုင်ငံတွေအတွက် တရားမျှတမှုကိုရှာပေးတဲ့၊ တန်ဖိုးဖြတ်မရတဲ့ နေရာပါ။ ကျမအနေနဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှု ကွန်ဗင်းရှင်းကို အသိအမှတ်ပြုသလို ဒီအပေါ်မှာ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အပြည့်အဝ လိုက်နာဆောင်ရွက်ပါတယ်။

ရဝမ်ဒါနိုင်ငံနဲ့ ယူဂိုဆလားဗီးယားနိုင်ငံတို့ကို လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ မသတ်မှတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုရင် သက်သေပြရမယ့်တာဝန်က အရမ်းကြီးကြီးမားရှိနေပါတယ်။ ပြီးတော့ စိတ်စေတနာပါတယ်ဆိုတဲ့ သက်သေအထောက်အထားကလည်း မပြည့်မစုံဖြစ်ခဲ့ပါတယ်။ ခု ဂမ်ဘီယာနိုင်ငံက တင်လိုက်တဲ့စွဲချက်ဟာ တကယ်တော့ မကျေလည်ရသေးတဲ့အမှုဟောင်းကို ပြန်ဆွဲထုတ်လာခြင်းပါ။

၂၀၁၆ ခုနှစ်အောက်တိုဘာမှာ ARSA ကနေ ရဲကင်းပေါင်း ၃၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ လက်ရှိမှာလည်းတိုက်ပွဲတွေ ဖြစ်နေဆဲပါပဲ။ အဲ့ဒီမှာ ဒုတိယကမ္ဘာစစ်ကာလ မွတ်စလင်တွေဟာ ဗြိတိသျှတွေနဲ့အတူ ဂျပန်တွေကိုတိုက်ခဲ့ဖူးပြီး အပြန်အလှန်အားဖြင့် မွတ်စလင်နယ်မြေတစ်ခု လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ အဲဒီကစလိုက်တဲ့ အကြမ်းဖက်မှု သံသရာတွေဟာ ခုထိ ဒုက္ခပေးနေဆဲဖြစ်ပါတယ်။

“ရှင်းလင်းမှု စစ်ဆင်ရေး” ဆိုတာ မြန်မာနိုင်ငံသမိုင်းကြောင်းမှာ သုံးခဲ့တာကြာပါပြီ။ ကွန်မြူနစ်ပါတီကို ရှင်းလင်းတုန်းကလဲ ဒီစကားလုံးကို သုံးခဲ့ပါတယ်။ သောင်းကျန်းသူများကို ရှင်းလင်းတဲ့အခါ ဒီစကားလုံးကို သုံးပါတယ်။

ARSA ရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ထွက်ပြေးခဲ့ရပါတယ်။ တချို့လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ တပ်မတော်က သာလွန်အင်အားတွေကို သုံးခဲ့ပြီး တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ခွဲခြားရှင်းလင်းတဲ့နေရာမှာ အားနည်းခဲ့ပါတယ်။ အချို့စစ်သားတွေဟာ လုယက်မှုတွေ၊ မီးရှို့မှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ ရာဇဝတ်မှုကျူးလွန်တာပါ။ ဒါပေမယ့် ဒါဟာ မြန်မာအစိုးရက ကျူးလွန်တာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ရဲ့ တရားစီရင်ရေးစနစ် ပါပါတယ်။ စစ်တပ်က ကျူးလွန်ခဲ့တဲ့ကိစ္စတွေဟာ ဒီစနစ်အောက်မှာ စုံစမ်းစစ်ဆေးမှုလုပ်မှာဖြစ်ပြီး အပြစ်ပေးခံရမှာလည်း ဖြစ်ပါတယ်။ စစ်တရားရုံးကနေ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်သလို လက်ရှိမှာလည်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျိန်းသေပေါက် စစ်ဆေးသွားဦးမှာ ဖြစ်ပါတယ်။

အင်းဒင်ရွာမှာ သတ်ဖြတ်ခံရတဲ့မွတ်စလင်တွေကိစ္စမှာ ကျူးလွန်ခဲ့တဲ့စစ်သားတွေကို အပြစ်ပေးအရေးယူထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်ဖက်ဆိုင်ရာ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တဲ့အတွက် အတော်များများလည်း မကျေမနပ်ဖြစ်ကြပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာတော့ စစ်သားတွေကိုအရေးယူအပြစ်ပေးမှုတွေ ပိုများလာခဲ့ပါတယ်။ တရားရုံးတွေရဲ့ အလုပ်လုပ်ပုံတွေကြောင့် ကျမ အားတက်ရသလို ဆက်ပြီးတော့လည်း သူ့အလုပ်သူ လုပ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုယ့်တပ်သားတွေရဲ့လုပ်ရပ်ကို စုံစမ်းဖော်ထုတ်၊ တရားစွဲပြီး အပြစ်ပေးနေတဲ့နိုင်ငံတစ်နိုင်ငံဆီမှာ လူမျိုးတုန်းအောင်လုပ်ဆောင်လိုတဲ့သဘောထား ရှိနိုင်ပါ့မလား။

မြန်မာနိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာတရားရေးစနစ်မှာ တာဝန်ခံမှုမရှိနိုင်ဘူးလို့ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အချို့က သုံးသပ်ကြပါတယ်။ ဒါဟာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ရဲ့အောက်မှာ ကျမတို့တတွေ ပင်ပန်းခက်ခက်စွာ ကြိုးပမ်းဆောင်ရွက်နေတာတွေကို အထင်သေးတာပဲဖြစ်ပါတယ်။ ကျမတို့ဟာ ဒါကို ဆောင်ရွက်နေဆဲအဆင့်ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရေးဟာ ပြည်တွင်းတရားရေးကတစ်ဆင့် တာဝန်ခံရေးအပေါ် မှီတည်နေတာဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းစဉ် မအောင်မြင်မှသာ အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်နဲ့ ဆောင်ရွက်နိုင်ပါတယ်။

တာဝန်ခံမှုရှိစေရေးကိစ္စကို နိုင်ငံပြင်ပလုပ်ငန်းစဉ်အပေါ် အဆောတလျင် အားပြုလိုက်ရင် ပြည်တွင်းမှာလုပ်နေတဲ့ တရားရေးကဏ္ဍကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေမှာပဲ ပြစ်မှုဆိုင်ရာတရားရေးကို ပြည်တွင်းလုပ်ငန်းစဉ်အဖြစ် ထိထိရောက်ရောက် လုပ်နိုင်တယ်လို့ ဆိုလိုချင်ရုံသဘောမျိုးမဟုတ်ပါဘူး။

မြန်မာနိုင်ငံဟာ ၁၉၈၀ ပြည်လွန်နှစ်တွေကစလို့ နိုင်ငံရဲ့နယ်နိမိတ်တွေအတွင်းမှာ နေထိုင်ကြတဲ့ အမျိုးမျိုးသော လူမျိုးစုတွေကြား ဆက်ဆံရေးကောင်းမွန်စေမယ့် အလုပ်တွေ ဒီထက်မက လုပ်မယ်ဆို လုပ်နိုင်ခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ ဖြစ်ရပ်တွေမတိုင်မီမှာတောင်မှ ရခိုင်မှာရှိတဲ့ လူ့အသိုင်းအဝိုင်းတွေဟာ လူမျိုးအရ၊ ဘာသာရေးအရ ဖြစ်ကြတဲ့ ပဋိပက္ခတွေမှာမြစ်ဖျားခံတဲ့ ဆင်းရဲနွမ်းပါးမှုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကျမတို့ ခု ဒီကိစ္စအတွက် ပြေလည်အောင်လုပ်နေပါပြီ။ အဲဒီဒေသမှာမွေဖွားသူ မည်သူ့ကိုမဆို နိုင်ငံသားဖြစ်ခွင့်ပြုတဲ့အထိ လုပ်နေပါပြီ။ မွတ်စလင်လူငယ်တွေဟာလည်း မြန်မာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေကို တက်နိုင်မယ့်အခွင့်အရေးတွေပေးနေသလို အစိုးရဟာလည်း မောင်တောမြို့နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးစီမံကိန်းတွေကို စတင်လုပ်ဆောင်နေပါပြီ။

ဒါ့ပြင် မြန်မာအစိုးရဟာဆိုရင် ဒုက္ခသည်တွေအားလုံး ဘေးကင်းကင်းနဲ့ မိမိသဘောနဲ့မိမိ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်အောင်လုပ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။

အခုလိုမျိုး လုပ်ဆောင်နေတဲ့အနေအထားမှာ လူမျိုးတုန်းအောင်ဆက်လက်လုပ်နေပါတယ်ဆိုတာဟာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အခုဆိုရင် ဗုဒ္ဓဘာသာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့အကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီပဋိပက္ခမှာ မွတ်စလင်တွေ မပါပေမဲ့လည်း ဒီပဋိပက္ခရဲ့ဒဏ်ကိုလည်း မွတ်စလင်တွေ အလားတူ ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ရှိပြီးသားပြဿနာတွေကို ပိုမို ဆိုးရွားစေမယ့် ဆုံးဖြတ်ချက်မျိုးမချစေချင်ပါဘူး။

အာဃာတနဲ့ အမုန်းတရားတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အကြီးဆုံးပြဿနာဖြစ်ပါတယ်။ သို့ပေမဲ့ ဒါတွေကိုကျော်လွှားပြီးတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ကျမတို့အားလုံး တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။

မြန်မာဘက်မှရှေ့နေ ဝီလျံ ရှာဘားစ်၏ ချေပချက်များမှ ကောက်နုတ်ချက်

“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုတော့မြောက်ပါတယ်။ ဒါပေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ဖွင့်ဆိုချက်နဲ့တော့ မကိုက်ပါဘူး။” (မြန်မာဘက်မှရှေ့နေဝီလျံ ရှာဘားစ်၏တင်ပြချက်)

  • လူမျိုးရေးခွဲခြားမှုတွေနဲ့တူတဲ့ မူဝါဒတွေ၊ ဒုက္ခသည်တွေနဲ့ လူနည်းစုတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေ ပေါများတဲ့ ကမ္ဘာမှာ ကိစ္စတော်တော်များများကို လူမျိုးတုံးသတ်ဖြတ်မှုဆိုပြီး သမုတ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ လူတွေက သူတို့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု အဆိုပြုချက်တွေကို အထောက်အကူပြုစေမယ့် ရုံးတော်ရဲ့ ယခင်က ဆုံးဖြတ်ချက်တွေထဲက လိုချင်တဲ့အပိုင်းလေးတွေလောက်ပဲ ရှေ့နောက်မညီညွတ်ဘဲ ရွေးယူလေ့ရှိကြပါတယ်။
  • လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒဆိုတာမျိုးမဟုတ်တဲ့ တခြားဖြစ်နိုင်တဲ့ အကြောင်းတရားတွေကိုတော့ ဂမ်ဘီယာနိုင်ငံကရော ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ (FFM) ကရော မျက်စိလျှမ်းခဲ့ကြပါတယ်။
  • မြန်မာစစ်တပ်ရဲ့ ရည်ရွယ်ချက်က ဒီရိုဟင်ဂျာတွေကို နိုင်ငံကနေ နှင်ထုတ်ဖို့ ဖြစ်ပါတယ်။ (သတ်ဖြတ်) အပြတ်ရှင်းပစ်ဖို့ မဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ (လူမျိုးတုန်းသတ်ဖြတ်မှု လို့ ခေါ်လို့ရလောက်တဲ့) ရောမ ဥပဒေ (Rome Statute) ရဲ့ဘောင်နဲ့ မညီညွတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်ကောင်း ကျူးလွန်ခဲ့နိုင်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကိုသာ တရားလိုရှေ့နေအဖွဲ့ဘက်က တင်ပြသွားခဲ့ပါတယ်။ သူတို့ တင်ပြခဲ့တဲ့အချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့မဆိုင်ပါဘူး။
  • နောက်ပြီး လူတွေကို အတင်းအကျပ် မောင်းထုတ်ဖယ်ရှားပစ်တာဟာ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ဘူးလို့ ဒီရုံးတော်ကပဲ ဆုံးဖြတ်ခဲ့ဖူးပါတယ်။
  • “လူမျိုးတုံးသတ်ဖြတ်လိုတဲ့စိတ်ဆန္ဒ (Genocidal intent)” ဆိုတဲ့ စကားရပ်ကို သုံးဖို့ဆုံးဖြတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ (ဒီအသုံးသုံးဖြစ်အောင် ကိုးကားတဲ့) ရင်းမြစ်တွေဟာ ကိုးကားရလောက်အောင် အရည်အချင်းမပြည့်မီ ပါဘူး။ နောက်ပြီး (ဒီစကားလုံးကို သုံးရတဲ့) အကြောင်းပြချက်ကိုလည်း ကောင်းကောင်း မရှင်းပြနိုင်ခဲ့ပါဘူး။
  • ဒီနေ့ထိ မြန်မာစစ်တပ် သုံးတဲ့ နည်းလမ်းတွေဟာ ၁၉၆၀ တုန်းကနဲ့ တူတူပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဟိုးအရင်က ပြီးခဲ့တဲ့ကိစ္စတွေဟာ “လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်တယ်” လို့ ဘယ်သူကမှ စကားမစခဲ့ပါဘူး။
  • ရိုဟင်ဂျာတွေကို အစာရေစာ ဖြတ်တောက်တာဟာ သူတို့ကို ဒီမြေပေါ်ကနေ မောင်းထုတ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် သတ်ပစ်ဖို့တော့ မဟုတ်ပါဘူး။
  • ပြီးတော့ လူဘယ်လောက် သတ်ခံခဲ့ရလသလဲဆိုတာကို ဂမ်ဘီယာနိုင်ငံအနေနဲ့ မပြောနိုင်ပါဘူး။ ဒီလို (အသတ်ခံရတဲ့လူဦးရေစာရင်းကို မပေးနိုင်တဲ့ကိစ္စမျိုး) ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ အရင်တုန်းက ကိစ္စတွေမှာ မရှိခဲ့ဖူးပါဘူး။ တချို့ကတော့ ရိုဟင်ဂျာ ၁၀,၀၀၀ လောက် အသတ်ခံရတယ်၊ လူ ခုနစ်သိန်းကျော် နှင်ထုတ်ခံရတယ်လို့ ပြောပါတယ်။
  • လူဘယ်လောက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့အချက်ကို ဂမ်ဘီယာနိုင်ငံဘက်က မဖော်ပြခဲ့တာဟာ သူ့ရဲ့ စွပ်စွဲချက် ခိုင်မာမှုအားလျော့မသွားစေဖို့ တမင်ရည်ရွယ်ခဲ့တာလားလို့လည်း မေးခွန်းထုတ်ပါတယ်။
  • (ရိုဟင်ဂျာတွေ) ကို “အစုလိုက်အပြုံလိုက်သတ်ဖြတ်မြှုပ်နှံ” ထားတယ်ဆိုတဲ့ အထောက်အထား ကိုလည်း ကုလသမဂ္ဂအနေနဲ့ မတွေ့ထားပါဘူး။
  • လူဦးရေ “တစ်သန်းကျော်ကျော်” ရှိတဲ့ လူမျိုးစုတစ်စုမှာ လူ ၁၀,၀၀၀ သေတယ်ဆိုရင်တောင်မှ ဒါဟာ လူမျိုးတစ်မျိုးလုံးကို သုတ်သင်ဖျက်ဆီးပစ်ချင်တာမျိုး မဟုတ်တဲ့ တခြား ရည်ရွယ်ချက် ရှိတယ်လို့ ညွှန်ပြနေပါတယ်။ ခရိုအေးရှားဖြစ်ရပ်မှာတုန်းက တရားရုံးက ဆုံးဖြတ်ခဲ့ဖူးတာကတော့ သေဆုံးသူဦးရေပမာဏဟာ လူမျိုးတုံးစွပ်စွဲချက်နဲ့စာရင် သက်ဆိုင်ဆီလျော်တယ် ဆိုတာပါ။
  • အစီရင်ခံစာကိုကြည့်ရင် ရခိုင်ပြည်နယ်ထဲမှာ ကျန်နေရစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအကြောင်းကို ဖော်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပြည်တွင်းကျန် ရိုဟင်ဂျာတွေဟာလည်း ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရဆဲပါပဲ။ “ဒါဟာ လူမျိုးတစ်မျိုးလုံးကိုသုတ်သင်ပစ်တယ် ဆိုတာမျိုးမဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှု၊ အနိုင်ကျင့်နှိပ်စက်မှုစွဲချက်သာဖြစ်ရပါမယ်”။
  • မြန်မာတပ်မတော်ရဲ့ စိတ်စေတနာဟာ ရိုဟင်ဂျာတွေကို နိုင်ငံတွင်းကထွက်သွားစေချင်တဲ့ သဘောသာဖြစ်ပါတယ်။ သူတို့တွေအကုန်လုံးကို သုတ်သင်ဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး။ ဒါဟာ လက်ခံပြီးသား လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုတော့မြောက်ပါတယ်။ ဒါပေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ဖွင့်ဆိုချက်နဲ့တော့ မကိုက်ပါဘူး။
  • စစ်ဆင်ရေးတွေမှာ မြန်မာတပ်မတော်က အထက်ပါနည်းတွေကို သုံးလာခဲ့တာဟာ ၁၉၆၀ ကာလတွေ ကတည်းကဖြစ်ပေမဲ့ ဘယ်သူကမှ သူတို့ လူမျိုးတုံးသတ်ဖြတ်နေပါတယ်လို့ မစွပ်စွဲခဲ့ကြပါဘူး။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading