တပ်မတော်၏ တရားစွဲဆိုမှုများကြောင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပြီးဖြစ်သော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ်တရားရုံးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ယနေ့ထပ်မံအမိန့်ချ လိုက်ခြင်းဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်က ထပ်မံတရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၄ ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၆ လ ကျခံစေရန် ထပ်မံအမိန့်ချလိုက်သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၀င် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့် မဆုရတနာမြင့် တို့ ၄ ဦးကို ထောင်ဒဏ်များ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။
“စစ်တပ်က ပြည်သူကို တရားစွဲတယ်။ ကျွန်တော်တို့တွေ မတရား ချုပ်နှောင်ခံရတယ်။ ဖမ်းဆီးခံရတယ်။ အမိန့်ချခံရတယ်။ ကျွန်တော်တို့ ပြည်သူတွေက စစ်တပ်ကို တရားစွဲလို့ရလားဆိုရင် မရဘူးဖြစ်နေတယ်”ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောဆိုသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ၎င်းတို့ဖေ့ဘွတ်စာမျက်နှာနှင့် သံချပ်အဖွဲ့ဝင်များ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာတွင် စစ်ဝတ်စုံဝတ်ဆင်ထားသော ခွေးဘီလူးပုံကို မျှဝေ(Share)ထားမှုမှာ တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ယင်းပုံများကို တပ်မတော်သားတစ်ချို့ မှ မကျေနပ်၍ ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က တရားခွင်တွင် ထွက်ဆိုထားသည်။
“သည်းခံလို့ရတဲ့ အတိုင်းအတာရှိတယ်။ တချို့ကလည်း အလွန်းအကျွံ့ဖြစ်လာတာရှိတယ်။ တကယ်လို့ ခွင့်လွတ်လိုက်မယ်ဆိုရင် ဒီထက်မက ပိုပို ကျုးလွန်လာမယ်ဆိုလို့ရှိရင် ဒါတွေကိုမဖြစ်စေချင်လို့ ဥပဒေရဲ့ တရားမျှတမှုလိုချင်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းဖြစ်တယ်” ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားရုံးမှ အထွက်တွင်ပြောသည်။
တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် သံချပ်ထိုးကာ လုပ်ဆောင်သည်ဟုဆိုကာ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ် တရားရုံး၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတို့တွင် ပုဒ်မ - ၅၀၅(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ - ၅၀၅(က)ဖြင့် ထောင်ဒဏ်များအသီးသီး ချမှတ်ခဲ့သည်။
ယနေ့တွင် မရမ်းကုန်မြို့နယ် တရားရုံး၌ ဆက်လက်စစ်ဆေးနေသော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၆၆(ဃ)ကို အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
"ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဝင်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသန်းထွန်းမြင့် က တရားလိုပြုလုပ်ကာ တပ်မတော်အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ဧပြီလအတွင်းက စွဲဆိုထားခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂ နှစ် အထိ ချမှတ်နိုင်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








