အဆင့်မြင့်ပညာရေးဌာနကို ကျောခိုင်းခြင်း

နိုင်ငံခြားမှ ဒေါက်တာဘွဲ့ယူကာ ပြည်ပမှာပင် လစာမြင့်မားသည့် သင်ကြားရေးရာထူးကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံသို့ပြန်လာကာ တက္ကသိုလ်တစ်ခု၌ သရုပ်ပြရာထူးဖြင့် သုံးနှစ်ခန့် လုပ်ကိုင်ခဲ့သည့် ဆရာမတစ်ဦးက အဆင့်မြင့်ပညာရေး လောကကို သူမည်သို့ စိတ်ပျက်ကာ စွန့်လွှတ်ခဲ့ရပုံကို ပေးစာအဖြစ် ရေးသားထားသည်။

အယ်ဒီတာရှင့်
 

ကျွန်မဟာ မကွေးတက္ကသိုလ်၊ ရူပဗေဒဌာနမှာ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်ထိ သုံးနှစ်ကြာ သရုပ်ပြဆရာမ (Demonstrator) အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၉ ဇူလိုင်လမှာ အလုပ်ထွက်စာ တင်ခဲ့ပါတယ်။

ဒီအလုပ်ကိုမဝင်ခင် တော်တော်စဉ်းစားခဲ့ပါတယ်။ ကိုယ့် ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်တော့ နင် ပြန်လာရင် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ ပညာရေးကဏ္ဍမှာ တနေရာကနေ အကျိုးပြုနိုင်ရင် ကောင်းတာပေါ့လို့ ပြောပါတယ်။ ကျွန်မဟာ သူများနိုင်ငံမှာ နှစ်တွေအများကြီး နေခဲ့ရတာရယ်၊ အသက်ကြီးလာတဲ့ မိဘတွေကို ပြုစုချင်တာရယ်၊ မြန်မာနိုင်ငံ ပညာရေးအရွေ့မှာ နိုင်သလောက် ပါဝင်ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိလို့ရယ် သရုပ်ပြအလုပ်ကို ကျေနပ်ပျော်ရွှင်စွာနဲ့ အလုပ်ဝင်ခဲ့တာပါ။

သုံးနှစ်တာကာလအတွင်း အတွေ့အကြုံတွေကတော့ များပြားလှပါတယ်။ ကျွန်မဟာ အနိမ့်ဆုံးရာထူးနဲ့ အလုပ်ဝင်ခဲ့တာမို့ ဌာနတွင်းသာမက အဆင့်မြင့်ပညာရေးကဏ္ဍရဲ့ အကြောင်းအရာမျိုးစုံ၊ အောက်ခြေမှာ ဖြစ်နေတာတွေကို သိခဲ့ရပါတယ်။ တကယ် ထဲထဲဝင်ဝင် အလုပ်လုပ်လာတဲ့အခါမှာ တချို့ကိစ္စတွေဟာ ကိုယ်နဲ့အဆင်မပြေလှဘူးဆိုတာ တွေ့လာပါတယ်။ သူများနိုင်ငံမှာတုန်းက ရတဲ့လစာနဲ့ ခံစားခွင့်တွေကို နှိုင်းယှဉ်နေတာ မဟုတ်ပါ။ မလေးရှားမှာ Research Fellow အနေနဲ့၊ Lecturer ရာထူးနဲ့ ကျပ်သိန်း ၂၀ ခန့် ရှိမယ့်လစာနဲ့ အလုပ်လုပ်ခဲ့ရာကနေ မြန်မာပြည်၊ နယ်တက္ကသိုလ်တစ်ခုမှာ သရုပ်ပြရာထူးနဲ့ လစာ ကျပ် ၁၈၀,၀၀၀ ပဲ ရမယ်ဆိုတာကို သိရှိလက်ခံခဲ့ပြီးသားပါ။ ကိုယ့်နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံမို့ ဒါတွေကို နှိုင်းယှဉ်ဖို့မလိုပါ။ ကျွန်မပြောချင်တာက လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ကြပုံကိုပါ။

ကျွန်မဟာ မကွေးတက္ကသိုလ်ကနေ ရူပဗေဒအထူးပြုနဲ့ ၂၀၀၂ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ Engineering Physics နဲ့ မဟာတန်းပြီးခဲ့ပြီး မလေးရှားနိုင်ငံက Universiti Sains Malaysia ကနေ ပါရဂူဘွဲ့ ရခဲ့ပါတယ်။ မလေးရှားက တက္ကသိုလ်မှာ PhD ကျောင်းသူဘဝနဲ့ အချိန်ပြည့် သုတေသနတွေ လုပ်ခဲ့ပါတယ်။ ကျောင်းပြီးတော့ Research Officer အနေနဲ့ သုတေသနတွေ ဆက်လုပ်၊ ပြီးတော့ University of Malaya မှာ Postdoctral and Research Fellow, National University of Singapore နဲ့လည်း သုတေသနတွေ ပူးပေါင်းလုပ်ခဲ့တာ စုစုပေါင်း ၈ နှစ် ကြာခဲ့ပါတယ်။ သုတေသန စာတမ်းတွေ၊ Conference Paper တွေ ရေးခဲ့ပြီး နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေလည်း တက်ခဲ့တယ်။

တက္ကသိုလ်တွေရဲ့အသက်ဟာ သုတေသနလို့ လက်ခံထားကြပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တက္က သိုလ် တစ်ခုနဲ့တစ်ခု ပညာရှင်တွေက သုတေသနတွေ ပူးပေါင်းဆောင်ရွက်ကြတယ်။ အသစ်တွေ တီထွင်ပြီး ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု၊ လူသားအကျိုးပြု သုတေသနတွေ လုပ်ကြတယ်။ အဲဒီလို လုပ်နိုင်ဖို့ ပညာရှင်တွေ မွေးမြူနိုင်ဖို့လိုပါတယ်။ ရန်ပုံငွေတွေ လိုအပ်တယ်။ လူမှန်နေရာမှန် ထားနိုင်ဖို့ လိုအပ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ ပညာရပ်အသစ်တွေကို မျက်စိဖွင့် နားစွင့်ပြီး လေ့လာနေရမှာပါ။ ကျွန်မဟာ တက္ကသိုလ်မှာ စာသင်ရင်းနဲ့ ကျွန်မ စိတ်ဝင်စားတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့၊ သုတေသနလုပ်နိုင်မယ့် အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ရာမှာ ကျွန်မ ကြုံခဲ့ရတာကို ပြောပြချင်ပါတယ်။

Sustainable Development Goals နဲ့ ပတ်သက်လို့ Green Energy and Sustainable Environment ခေါင်းစဉ်နဲ့ ၂ ပတ်ကြာတက်ရမယ့် ဆွေးနွေးပွဲ ထိုင်ဝမ်နိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက လုပ်ပါတယ်။ အမေရိကက နာမည်ကြီးတက္ကသိုလ်တွေက ပါမောက္ခတွေလာပြီး ပို့ချသင်ကြားပေးမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို အခြေပြုပြီး အရှေ့တောင်အာရှနိုင်ငံက ပညာရှင်တွေကို ပညာသင်ဆုတွေပေးပြီး ဖိတ်ခေါ်ပါတယ်။ ပညာရှင် အယောက် ၅၀ လောက်ကို လက်ခံပြီး ကျင်းပတာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ကျွန်မတို့ တင်သွင်းတဲ့ Proposal တွေကို ကြည့်ပြီး Full Scholarship ကို ၂၅ ယောက် ရွေးချယ်ပြီး ပေးပါတယ်။ ၂၅ ယောက်ထဲမှာ ကျွန်မ ရွေးချယ်ခံရတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ဌာနရဲ့ မူဝါဒအတိုင်း ဆွေးနွေးပွဲတက်ဖို့ အဆင့်ဆင့် စာရေးတင်ရပါ တယ်။ နေပြည်တော် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ချုပ်ဆီကို စာတင်ရတယ်။ နှစ်လနီးပါးလောက် ကြာသွားပေမယ့် အကြောင်းမပြန်တဲ့အတွက် ကိုယ်တိုင်သွားပြီး စုံစမ်းမေးမြန်းတော့မှ ညွှန်ချုပ်က အဲဒီနိုင်ငံက သွားလို့ရတဲ့ နိုင်ငံထဲမှာ မပါလို့ သွားခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ကျွန်မ တော်တော် စိတ်မကောင်း ဖြစ်ခဲ့တယ်။ အစိုးရဝန်ထမ်းတွေ အဲ့ဒီနိုင်ငံကို သွားခွင့် မပြုဘူးဆိုတာ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ မူဝါဒကြောင့် ဖြစ်မယ်လို့ တွေးမိပါတယ်။ ဒါကတော့ နိုင်ငံရေးနဲ့ ပတ်သက်နေလို့ဆိုပြီး စိတ်ကို ဖြေရပါတယ်။ ဩစတြေးလျက မိတ်ဆွေတစ်ယောက်ကတော့ မြန်မာနိုင်ငံက ကန့်သတ်ပိတ်ပင်မှုတွေ သိပ်များတာပဲလို့ ပြောပါတယ်။ “ဒီလိုပုံစံမျိုးနဲ့ဆိုရင် မင်းတို့နိုင်ငံမှာ ပညာရှင်တွေများလာအောင် ဘယ်လို မွေးမြူ တည်ဆောက်မလဲ” လို့ မှတ်ချက်ပြုပါတယ်။

နောက်တစ်ခုက ၂၀၁၈ ထဲမှာ ASEAN Science and Technology Fellowship ဆိုပြီး USAID ကနေ အထောက်အပံ့ပေးတဲ့ Fellowship လျှောက်တုန်းကပါ။ နိုင်ငံအတွက် စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး၊ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လုပ်ရမယ့် သုတေသနပါ။ အဲဒီ program ကို လျှောက်တုန်းက ၁၀ တန်း အဖြေလွှာတွေ စစ်နေတဲ့ နွေရာသီအပူဆုံးအချိန်။ ရူပဗေဒဌာနကို လာရောက်ပို့ချပေးနေတဲ့ အမေရိကန်က ပါမောက္ခကို ပုဂံဘုရားဖူးလိုက်ပို့ပြီး အပြန်မှာ မော်တော်ကားမတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရပြီး ခေါင်းမူးနေတဲ့ ကာလပါ။ ကျောင်းကနေ အဆောင်ပြန်ရောက်တာနဲ့ အနားမယူနိုင်ဘဲ စာတွေဖတ်၊ Fellowship လျှောက်ဖို့ Proposal တွေရေး၊ လျှောက်လွှာထဲမှာ မေးသမျှ မေးခွန်းတွေ ဖြေနဲ့ ညဉ့်နက်သန်းခေါင် မိုးလင်းခါနီးထိ ပြင်ဆင်ခဲ့ရတယ်။ နာမည်ကြီး ပါမောက္ခတွေရဲ့ ထောက်ခံချက်တွေ ရအောင် အားထုတ်ခဲ့ရတယ်။ ဒီလိုနဲ့ Fellowship Application ကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့ပြီး သတ်မှတ်တဲ့ရက်မှာ တင်လိုက်နိုင်ခဲ့ပါတယ်။ ဒီဆုကို ပေးအပ်မယ့် ရွေးချယ်ရေးအဖွဲ့ ရုံးစိုက်ထားတာက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကနေ တစ်နိုင်ငံ နှစ်ယောက်နှုန်း ရွေးချယ်ဆုပေးတာ ဖြစ်ပါတယ်။ တစ်လအကြာ အင်ဒိုနီးရှား ရွေးချယ်ရေးအဖွဲ့ရုံးကနေ ကျွန်မကို 1st Round ရွေးချယ်မှုမှာ ရွေးချယ်လိုက်ကြောင်း အီးမေးနဲ့ အကြောင်းကြားပါတယ်။ 2nd Round ရွေးချယ်မှုကိုတော့ 'မင်းတို့ နိုင်ငံက ကိုယ်စား ပြုအဖွဲ့ (National Representative Committee) က အင်တာဗျူးလုပ်ပြီး ရွေးချယ်လိမ့်မယ်' တဲ့။ ကျွန်မ တော်တော် ပျော်သွားပါတယ်။

ကျွန်မဟာ မြန်မာနိုင်ငံက ကိုယ်စားပြုကော်မတီက ဘယ်အချိန်မှာ ဆက်သွယ်လာမလဲလို့ စောင့်ခဲ့ပါတယ်။ 2nd Round နောက်ဆုံးရွေးချယ်မှုကို လှမ်းပို့ရတော့မယ့် နေ့မတိုင်ခင် တစ်ရက်အလိုကျမှ ကော်မတီကနေ အီးမေးဝင်လာပြီး ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ထားသူတွေကို သိရပါတယ်။ ကျွန်မက တတိယပါ။ တစ်နိုင်ငံ ၂ ယောက်ရွေးမှာဆိုတော့ တတိယဖြစ်နေတဲ့ ကျွန်မက အလိုလို ပြုတ်ပြီးသားပါ။ ပထမနဲ့ ဒုတိယက ရန်ကုန်စက်မှုတက္ကသိုလ် နဲ့ ရန်ကုန်တက္ကသိုလ်တို့က ဖြစ်ပါတယ်။ နှစ်ဦးလုံးက တွဲဖက်ပါမောက္ခဆရာ နဲ့ ဆရာမတွေပါ။ ကျွန်မသာလျှင် သရုပ်ပြရာထူးနဲ့ အနိမ့်ဆုံး ဖြစ်နေတာပါ။ ရွေးချယ်မှုမှာ ရာထူးနဲ့ ဆုံးဖြတ်သွားတာလား။ ဘာအင်တာဗျူးမှမခေါ်ဘဲ ဘယ်လိုအချက်အလက်တွေ နဲ့ ရွေးချယ်ဆုံးဖြတ်ခဲ့တာလဲ။ 1st Round ရွေးချယ်ထားတဲ့ လူစာရင်းဟာ ရာထူးကို အခြေမခံဘဲ ကျွန်မတို့ရေးထားတဲ့ Proposal အရည်အသွေး နဲ့ Recommendation အားကောင်းမှုတွေကို ကြည့်ပြီး ရွေးချယ်ခြင်းဖြစ်ပါတယ်။ ပထမ နဲ့ ဒုတိယ ရွေးချယ်ခံလိုက်ရတဲ့ ဆရာ နဲ့ ဆရာမတွေလည်း တော်ကြတယ်ဆိုတာ ကျွန်မ လက်ခံပေမဲ့ မြန်မာနိုင်ငံက ရွေးချယ်ရေးအဖွဲ့က အင်တာဗျူးမခေါ်ဘဲ ရွေးချယ်ခဲ့တဲ့ နည်းလမ်းမကျမှုကို ကျွန်မ နားမလည်နိုင်ပါဘူး။ ဒီတစ်ကြိမ်တော့ ကျွန်မ မခံနိုင်တော့ဘူး။ တော်တော် စိတ်ထိခိုက်သွားပြီး တစ်ယောက်တည်း အခန်းထဲမှာ ဝမ်းနည်းစွာ ငိုခဲ့မိတယ်။

ဆက်စပ်နေလို့ အခြေခံပညာအဆင့်မြင့်ဦးစီးဌာန အလုပ်လုပ်ပုံက ပြောရရင် နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ Fellowship တွေ၊ Scholarship တွေ လျှောက်ဖို့ဆိုရင် အဆညကနေ တက္ကသိုလ်တွေကို စာတွေ ပို့ပြီး အကြောင်းကြားလေ့ရှိပါတယ်။ များသောအားဖြင့် မနက်ဖြန် နောက်ဆုံးနေ့ဆိုရင် ဒီနေ့မှ စာဝင်လာတာမျိုး၊ Deadline ကျော်မှ စာဝင်လာတာမျိုးပဲ များပါတယ်။ ဒီတော့ တက္ကသိုလ်အသီးသီးက စိတ်ဝင်စားတဲ့၊ လျှောက်ချင်တဲ့ ဆရာ၊ ဆရာမတွေ ပြင်ဆင်ဖို့ အချိန်လည်းမရှိ လျှောက်လို့မရတော့ပါ။ ရန်ကုန်၊ မန္တလေး တက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့ပဲ အနည်းနဲ့အများ အချိန်မီ သိကြတာများပါတယ်။ ဒါဟာ နယ်တက္ကသိုလ်တွေကို အလေးမထားတာလား၊ အဆည အလုပ်လုပ်ပုံဟာ အလုပ်အပေါ်မှာ အလေးထားဆောင်ရွက်မှု မရှိဘူးဆိုတာကို ဖော်ပြနေသလိုပါပဲ။

နှစ်ပေါင်းများစွာ ချည့်နဲ့ညံ့ဖျင်းတဲ့ ပညာရေးစနစ်အောက်မှာ အပြောင်းအလဲနဲ့ နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ဖို့ အရွေ့ကို မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ ခက်ခဲပေမဲ့ အခက်အခဲကြားကပဲ နိုင်သလောက် လုပ်ကြရမှာပါ။ မြန်မာ့ပညာရေးကဏ္ဍ အဆင့်မြင့်တိုးတက်လာအောင် လုပ်ဖို့ ပညာရေးဝန်ကြီးနဲ့တကွ အဆင့်မြင့်အရာရှိတွေဟာ ထက်မြက်တဲ့အမြင်နဲ့ ပညာရေးအပြောင်းအလဲအတွက် မှန်ကန် ကောင်းမွန် သင့်လျော်တဲ့ ပညာရေးမူဝါဒတွေ ချမှတ်ပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်မှသာ ထင်ရှားတဲ့ အရွေ့ ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ အခုလည်းပဲ အဆင့်မြင့်ပညာရေးပိုင်းမှာ ရာထူးတိုး၊ အပြောင်း အရွှေ့မူဝါဒတွေနဲ့ပတ်သက်ပြီး ဆူညံသံများစွာနဲ့ ပြဿနာတွေကို သိလာရပါ တယ်။ စာတမ်းအတုတွေနဲ့ ရာထူးတိုးဖို့ လုပ်ကြတာတွေ ပေါ်ထွက်လာပြီး ပညာရေးအဖွဲ့အစည်းတစ်ခုလုံး သိက္ခာတွေ မြောင်းထဲ ရောက်တော့တာပဲ။

ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုးစုံဟာ ကျွန်မကို စိတ်ဓာတ်ကျစေခဲ့ပါတယ်။ တကယ်တော့ ဒီရင်ဖွင့်စာမှာ ထည့်သွင်းမရေးထားတဲ့ အခြားအကြောင်းအရာတွေလည်းရှိပြီး အခြေအနေမျိုးစုံကို သုံးသပ်ပြီးတဲ့နောက် အဆင့်မြင့်ပညာရေးလောကကို စိတ်ပျက်စွာ ကျောခိုင်းထွက်ခွာခဲ့ပါတော့တယ်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိ လူကြီးတွေအနေနဲ့ လူမှန်နေရာမှန် ထားနိုင်ပြီး လူတိုင်း သူ့နေရာနဲ့သူ ထိထိရောက်ရောက် ဆောင်ရွက်ခွင့် ရနိုင်စေဖို့၊ နိုင်ငံရဲ့ ရေရှည်အကျိုး၊ အနာဂတ်မျိုးဆက်တွေအတွက် လက်တွေ့ စီမံခန့်ခွဲဆောင်ရွက်နိုင်ကြပါစေ၊ မှန်ကန်ထိရောက်တဲ့ ပညာရေးမူဝါဒတွေ ချမှတ်ပြီး ရဲဝံ့စွာ အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း . . . ။

ဒေါက်တာ နီလာလွင်

(ဒေါက်တာနီလာလွင်သည် လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ ILBC ကျောင်း၌ ရူပဗေဒဘာသာရပ်ကို သင်ပြလျက်ရှိသည်။)

အယ်ဒီတာထံ ပေးစာကဏ္ဍ

Myanmar Now သတင်းဌာန၏ အယ်ဒီတာထံ ပေးစာကဏ္ဍသို့ ပေးပို့လာသော ပေးစာများစွာတွင် အယ်ဒီတာအဖွဲ့က သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီသည့် ပေးစာများကို ဖော်ပြပေးလျက်ရှိပါသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading