ဧရာဝတီတိုင်း၊ ဖျာပုံရှိ ကျားဖောင်ပေါ်မှ ညှဉ်းပန်းနှိပ်စက်မှုများ ပေါ်ထွက်လာပြီးနောက်ပိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် ဝေဖန်မှုများ ဆက်တိုက်မြင့်ခဲ့သလို လူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် ရပ်တည်ချက်များအပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အဖွဲ့ဝင်များသည့် လူ့အခွင့်အရေး အခြေခံစဉ်းစားချက်များ ကင်းမဲ့နေပြီး စစ်တပ်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်း တစ်ခုသဖွယ်ဖြစ်နေသည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်း (၂၀) က အစီရင်ခံစာ ထုတ်ပြန်ပြီး ဝေဖန်လိုက်သည်။
ယနေ့ (ဒီဇင်ဘာ ၉) ရက်တွင် ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် တိုင်းရင်းသားဒေသစစ်ပွဲများ၊ သံချပ်ထိုးသည့် ဒေါင်းတို့မျိုးဆက်အဖွဲ့ အဖမ်းဆီးခံရမှု၊ ရိုက်တာသတင်းထောက်နှစ်ဦးအမှု၊ ကယားပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ် ဆန္ဒပြပွဲတွင် ကရင်နီ လူငယ်များ အဖမ်းဆီးခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများပေါ်တွင် လူ့အခွင့်အရေးကော်မရှင်၏ ရပ်တည်ချက်များကို ဝေဖန်ထားသည်။
လူ့အခွင့်အရေးကော်မရှင်ကို ပြုပြင်ပြောင်းလဲရန် ရည်ရွှယ်ပြီး အရပ်ဘက်အဖွဲ့အစည်း (၂၀) ပူးပေါင်းထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာကို “အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ” ဟု အမည်ပေးထားသည်။
“အထူးသဖြင့် ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို MNHRC (လူ့အခွင့်အရေးကော်မရှင်) က ကိုင်တွယ်လိုစိတ်မရှိတာ ဒါမှမဟုတ် မကိုင်တွယ်နိုင်တာတွေ ဖြစ်နေတယ်” ဟု Generation Wave အဖွဲ့မှ ကိုဘိုဘိုက အခမ်းအနားတွင် Myanmar Now ကို ပြောသည်။
“အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ အမှုတွေဆိုရင် MNHRC (လူ့အခွင့်အရေးကော်မရှင်) က ကိုင်တွယ်လိုတဲ့ ဆန္ဒမရှိဘူး” ဟု သူက ဆိုသည်။
ထိုအစီရင်ခံစာတွင် ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးကိစ္စရပ်များကို သုံးသပ်ထားပြီး ၂၀၁၉ ခုနှစ် အစောပိုင်းကာလတွင် ဖြစ်ပွားခဲ့သည့် အဓိကဖြစ်စဉ်များကိုလည်း ထည့်သွင်းရေးသားထားသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားသော စစ်ပွဲများတွင် အရပ်သားများအပေါ် ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများအပေါ် လူ့အခွင့်အရေး ကော်မရှင်၏ ရပ်တည်ချက်ကို ဝေဖန်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားဦးရေ တိုးမြင့်လာမှုကိုလည်း အစီရင်ခံစာက ထောက်ပြထားသည်။
ယခုနှစ် မေလက ရခိုင်ပြည်နယ်ရှိ ကျေးရွာတစ်ခုတွင် ရခိုင်လူမျိုး ၂၇၅ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီး ၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်က မြန်မာ့တပ်မတော်၏ လေသံအတိုင်း သံယောင်လိုက်ထုတ်ပြန်ခဲ့သည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
“ရခိုင် ကျေးရွာသားခြောက်ဦးက သေနတ်များကို လုယူရန် ကြိုးစားသဖြင့် စစ်သားက မိမိကိုယ်မိမိ ကာကွယ်သည့်အနေဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟူသော မြန်မာစစ်တပ်၏ ပြောဆိုမှုကိုသာ သံယောင်လိုက်ထားပါသည်” ဟု ထိုအစီရင်ခံစာတွင်ပါရှိသည်။
လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းမှာလည်း စက်တင်ဘာလကတည်းကပင် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင် ရွေးချယ်ရေးနှင့်ပတ်သတ်ပြီး တရားဝင်ထုတ်ပြန် အသိပေးကြေညာခြင်း မရှိသေးပေ။ ကော်မရှင်ဥပဒေ အခန်း (၄) ပုဒ်မ (၁၃) အရ ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ၅ နှစ်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ပုဒ်မ (၁၄) အရ ရာထူးသက်တမ်း ၂ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့် မရှိပေ။
အစီရင်ခံစာတွင် ကော်မရှင်အဖွဲ့ဝင် လုပ်ငန်းစဉ်မှာ လွတ်လပ်မှုမရှိဘဲ စစ်တပ်၊ အစိုးရတို့နှင့် ဆက်နွယ်နေပြီး ကော်မရှင်မှာ မြန်မာနိုင်ငံတွင် အာဏာအများဆုံးရှိနေသည့် တပ်မတော်ကိုသာ အာဏာများ ဆက်လက် ကိုင်ဆုပ်ထားရန်အတွက် ပံ့ပိုးပေးရာရောက်နေသည်ဟု ရေးသားထားသည်။
အစီရင်ခံစာပါ ဝေဖန်ချက်များနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကို Myanmar Now က ဒီဇင်ဘာ ၉ ရက်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့ရာ “နိုင်ငံခြား ခရီးစဉ်ရှိ၍ မဖြေကြားနိုင်သေးကြောင်း” ၎င်း၏ ကိုယ်ရေး အရာရှိကပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











