ပုသိမ်ကြီးမြို့နယ် တိုင်းအမတ် ဦးရဲမင်းဦးထံသို့ ပါတီမှ တရားဝင်အကြောင်းကြားစာ မရောက်သေးဘဲ အွန်လိုင်းပေါ်မှသာ သိရသေးသော်လည်း ယခုကိစ္စကို ဆက်လက်အယူခံဝင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးကို ပါတီတာဝန်အသီးသီးမှ ရုပ်သိမ်းလိုက်ခြင်းမှာ တိုင်စာများကြောင့်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောသည်။
ပုသိမ်ကြီးမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား ပါတီတာ၀န်အသီးသီးမှ ရပ်ဆိုင်းရန် နိုဝင်ဘာ (၂၃) ရက်တွင် ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာ (၂) တွင် ၎င်းထံ စာရောက်လာခြင်းဖြစ်သည်ဟု တိုင်းဥက္ကဌက ဆိုသည်။။
“ကိုယ်စားလှယ်တိုင်ကြားရေးဌာနဆိုတာရှိတယ်၊ ဒေါက်တာမျိုးညွန့် (ပါတီပြောရေးဆိုခွင့်ရှိသူ) တို့ဆီ၊ အဲဒီကိုတိုင်စာတွေရောက်တော့ ဟိုကခေါ်စစ်တယ်၊ စစ်ဆေးတွေ့ရှိချက်ကို ဗဟိုအလုပ်မှုဆောင်တွေဆီ တင်ပြတဲ့အတွက် အဲဒီစစ်ဆေးချက်ကို အတည်ပြုပေးလိုက်တာပါ” ဟု ဦးတင်ထွဋ်ဦး က ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များသို့ တိုင်ကြားစာများရောက်ရှိလာပါက ပထမအချက်အနေဖြင့် တိုင်ကြားသည့်တရားလိုအား ပစ္စည်းသက်သေ၊ လူသက်သေဖြင့် ခေါ်ယူစစ်ဆေးရပြီး၊ ခိုင်လုံမှုမရှိပါက အသေးစိတ်ပြန်လည်စစ်ဆေးရသည်ဟု သိရသည်။
တိုင်ကြားချက်များ ခိုင်လုံမှုရှိပါက စွပ်စွဲခံရသူအားစစ်ဆေးကာ ၎င်းအနေဖြင့်လည်း ပစ္စည်းသက်သေ၊ လူသက်သေဖြင့် ပြန်လည်ချေပခွင့်ရှိကြောင်း၊ မခိုင်လုံလျှင် အမှုကိုစောလျင်စွာ ပိတ်သိမ်းလိုက်ကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြားမှုအား ပါတီစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဥက္ကဌက ဆိုသည်။
ပါတီတာဝန်မှ ရပ်ဆိုင်းခံထားရသူ လွှတ်တော်အမတ် ဦးရဲမင်းဦးက
“ခုချိန်ထိတော့ ကျွန်တော့်ဆီကို စာမရောက်သေးပါဘူး။ အွန်လိုင်းမှာတော့ တွေ့နေရတယ်။ ကျွန်တော်လူကြီးတွေကို ဖြေထားသလိုပါပဲ။ အယူခံလေး ဝင်သွားဖို့ရှိပါတယ်။ စာက ခုချိန်ထိ မရောက်သေးပါဘူး” ဟု Myanmar Now ကို ပြောသည်။
တိုင်းဥက္ကဌ ဦးတင်ထွဋ်ဦးကလည်း ယခုကိစ္စကို ဦးရဲမင်းဦးထံ အကြောင်းမကြားရသေးဟု ဆိုသည်။
ကိုယ်စားလှယ်ဦးရဲမင်းဦးကို တိုင်ကြားသည့်စာမှာ မည်ကဲ့သို့တိုင်စာဖြစ်ကြောင်း အသေးစိတ်ကိုမူ ဥက္ကဌ ဦးတင်ထွဋ်ဦးက မဖြေကြားခဲ့ပေ။
ရပ်ဆိုင်းလိုက်သည့်စာ ရပြီးနောက် ဆက်လက်စစ်ဆေးဦးမည်ဖြစ်ပြီး ဦးရဲမင်းဦးအနေဖြင့်လည်း ပြန်လည်ချေပခွင့်ရှိသေးသည်။ သူက “အယူခံတက်သွားဦးမှာ” ဟု ဆိုသည်။
ဦးရဲမင်းဦးသည် မန္တလေးခရိုင်နှင့် ပုသိမ်ကြီးမြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင်တဦးဖြစ်ပြီး အဆိုပါတာဝန်များနှင့် မြို့နယ်ရှိပါတီတာဝန်များ၊ ကော်မတီတာဝန်များအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သော်လည်း ပါတီဝင်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီ၏ နာမည်ကြီးတဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကို ၂၀၁၈၊ စက်တင်ဘာက ပါတီတာဝန်များမှ ရပ်ဆိုင်းခဲ့ဖူးသည်။ ထို့နောက် ဒေါ်သက်သက်ခိုင်က နုတ်ထွက်စာတင်ခဲ့ပြီး ပါတီက ခွင့်ပြုခဲ့သည်။
ထို့ပြင် ယခုနှစ် သြဂုတ်ကလည်း တနင်္သာရီတိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအေးနိုင်၊ အလုပ်မှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်မြရတနာထက်တို့ သုံးဦးကို ပါတီတာဝန်မှ ရပ်စဲခဲ့သေးသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











