အရပ်ဘက်ပဋိပက္ခ လျော့ကျလာသော တအာင်းဒေသ

မရပ်နိုင်သေးသောတိုက်ပွဲတို့ကြောင့် ဖြစ်ပေါ်လာသည့် ရှမ်းနှင့်ပလောင်ကြား စိတ်ဝမ်းကွဲခြင်း၊ နားလည်မှု လွဲမှားခြင်းတို့ကို အများအားဖြင့် ပြန်လည် ကုစားနိုင်ပြီဖြစ်သည်။

စစ်ရှောင်ပြေးလာသော ရှမ်း၊ တအာင်း ဒုက္ခသည်တို့ ခိုလှုံခဲ့သည့် လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်း (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)

(လားရှိုး) — ရှမ်းပြည်နယ်၊ နမ္မတူမြို့မှ ကားဖြင့် မိနစ်၂ဝ ခန့် မောင်းသွားရသည့် တောင်ပေါ်ဒေသ တစ်နေရာတွင် သွပ်မိုး၊ ထရံကာ တန်းလျား ရှည်ကြီး ရှိနေသည်။ အခန်းငယ်များဖြင့် ဖွဲ့စည်းထားသော ထိုတန်းလျားမှာ ရှမ်းနှင့် ပလောင်တိုင်းရင်းသားများ ခိုလှုံရာ ကြူဆော့စစ်ရှောင်စခန်းဖြစ်သည်။

ညနေပိုင်းသဲသဲမဲမဲရွာနေသည့် မိုးက တောင်ပေါ်ဒေသ၏ ချမ်းအေးမှုကိုပိုကဲစေရန် အထောက် အပံ့ပေးထားရာ ဤရာသီဥတုတွင် စောင်ထူထူအတွင်း ဝင်ကွေးသင့်သော်လည်း အသားညိုညို၊ အရပ်ပုပု တာထွန်းလူတွင်မူ ထိုသို့ လုပ်နိုင်သည့် အခြေအနေ မရှိချေ။

မိုးမလင်းမီကပင် စိုက်ခင်းတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး စခန်းသို့ ပြန်ရောက်လာသော ပလောင်အမျိုးသား တာထွန်းလူသည် ဆာလောင်၍ ငိုကြွေးနေသည့် သမီး နှစ်ယောက်ကို ထိန်းကျောင်းနေရသည်။ ရှမ်းတိုင်းရင်းသူ ဇနီးသည်က ညစာချက်ပြုတ်ရန် မီးမွှေးနေသည်။

မန်တုံမြို့နယ်၊ မန်နားရွာတွင် နေထိုင်ခဲ့ကြသော ၎င်းတို့မိသားစုသည် မကြာသေးမီနှစ်များအတွင်း ပလောင်၊ ရှမ်း လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဤစခန်းသို့ လာရောက် ခိုလှုံနေကြခြင်း ဖြစ်သည်။ သူတို့၏ ၁၁ နှစ်အရွယ် သားဖြစ်သူကိုမူ မန္တလေးရှိ မိဘမဲ့ဂေဟာတစ်ခုသို့ ပို့ထားရသည်ဟု တာထွန်းလူက ပြောပြသည်။

“ချစ်ခင်သူအချင်းချင်း ဝေးစေတဲ့ တိုက်ပွဲတွေကို စိတ်နာတယ်” ဟု ၎င်းက ကြေကွဲစွာ ပြောပြသည်။

တိုက်ပွဲများကြောင့် ဒေသတွင်း အတူတကွ နေထိုင်ကြသည့် ရှမ်းနှင့် ပလောင်ကြား ရုတ်တရက် စိတ်ဝမ်းကွဲသွားပြီး ဆက်ဆံရေး တင်းမာခဲ့ကြသည်။ ယခုအခါ ဒေသခံများကြားတွင် အချင်းချင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းလာကြသော်လည်း တိုက်ပွဲများက ရပ်စဲမည့် အရိပ်အရောင် မပေါ်သေးပေ။

'ပလောင်'မှ 'တအာင်း'သို့

"လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးစေ" ဟူသော စကားပုံကြောင့် ပလောင်လူမျိုးကို အများက သိကြပြီးဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပေါ်ဒေသ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ကြသူများထဲတွင် ပလောင် ခေါ် တအာင်း တို့လည်း အများအပြား ပါဝင်သည်။ တအာင်းသည် တောင်ပေါ်တွင်နေသောလူမျိုး ဟု အဓိပ္ပာယ်ရသည်။

“ပလောင်” ဟု မခေါ်ဘဲ “တအာင်း” ဟု ခေါ်ဝေါ်သုံးစွဲရန် တောင်းဆို လှုံ့ဆော်မှု ပေါ်ပေါက်လာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ထိုသို့ တောင်းဆိုသူများထဲတွင် တအာင်း စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ကျော်လည်း ပါဝင်သည်။

“ကိုယ့်လူမျိုးကို ကိုယ်နှစ်သက်တဲ့ အခေါ်အဝေါ်အတိုင်းပဲ အများက ခေါ်ဝေါ်သုံးစွဲတာ မြင်ချင်၊ ကြားချင်တာပေါ့” ဟု ၎င်းက ပြောသည်။

ဒေသခံအရပ်သားများကြားတွင်မူ ပလောင်၊ တအာင်း နှစ်မျိုးစလုံးကို ရောနှော အသုံးပြုနေကြသည်။

တအာင်းလက်နက်ကိုင်အဖွဲ့၏ အင်တာနက်စာမျက်နှာတွင်မူ “တအာင်း” လူမျိုးဟု ဖော်ပြခဲ့သော်လည်း ယခုနောက်ပိုင်း ထုတ်ပြန်ချက်များတွင်မူ အသံထွက်အတိုင်း “တအန်း” ဟုသာ ရေးသား ဖော်ပြထားကြောင်း တွေ့ရသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်လိုက်သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နမ့်ဆန်၊ မန်တုံမြို့နယ်တို့ ပါဝင်သည်။ ထိုဒေသတွင် ပါဝင်ခြင်း မရှိသည့် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ မိုးမိတ်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ မိုးကုတ် စသည့် မြို့နယ်များတွင်လည်း တအာင်း တိုင်းရင်းသားတို့ကို တွေ့နိုင်သည်။ တအာင်း လူဦးရေ ၁ သန်းကျော် ရှိသည်ဟု တအာင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး၊ ခရစ်ယာန် ဘာသာဝင်များ၊ နတ်ကိုးကွယ်သူများလည်း ရှိသည်။

ယခင်က တောင်ပိုင်စော်ဘွား အဆက်ဆက်တို့သည် တအာင်းတို့ကို နှစ်ပေါင်း ၁,ဝဝဝ ကျော် ဆွေစဉ်မျိုးဆက် အုပ်ချုပ်ခဲ့သည်၊ နောက်ဆုံး စော်ဘွား ခွန်ပန်းစိန်သည် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ပါဝင်ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်ဟု သိရသည်။

ယနေ့ခေတ်တွင် နယ်မြေအေးချမ်းမှု မရှိသဖြင့် စားဝတ်နေရေး ပိုမို ခက်ခဲနေပြီး စာသင်ကျောင်း၊ ဆေးရုံ၊ သင့်လျော်သည့် လမ်းပန်းဆက်သွယ်ရေးလည်း အများအပြား လိုအပ်နေသည်ဟု တအာင်းတိုင်းရင်းသားအရေး ဆောင်ရွက်နေသူတချို့က ဆိုသည်။

တအာင်းတို့သည် ရှမ်းတိုင်းရင်းသားများထက် အဘက်ဘက်မှ လူနေမှု နိမ့်ကျနေကြောင်း မြင်တွေ့ခဲ့ရသည်။

တောင်ယာသွား ရွာသူ၊ ရွာသားတို့ မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရ၊ သေဆုံးခြင်းများလည်း အများအပြား ရှိနေသည်။ ဝမ်းရေးအတွက် မွေးမြူထားသည့် ကျွဲ၊ နွား တိရစ္ဆာန်တို့လည်း ဆုံးရှုံးနေရကြောင်း သိရသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ခြင်း အပါအဝင် တောင်ယာလုပ်ငန်းများ အကြီးအကျယ် ထိခိုက်နေကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့တိုင်းလိုလိုက ယောက်ျားလေးဆိုလျှင် စစ်သားသစ်အဖြစ် စုဆောင်းခြင်း၊ မိန်းကလေး ဆိုလျှင် အဓမ္မပြုကျင့်ခြင်းကြောင့် လူငယ်၊ လူလတ်ပိုင်းတို့သည် တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တို့တွင် သွားရောက် လုပ်ကိုင်နေကြသည်ဟု လားရှိုးမြို့အခြေစိုက် တအာင်းပညာရေးဌာန (TEI)၏ တာဝန်ခံ လွေးချယ်ရီက ပြောသည်။

ကလေးငယ်များကိုလည်း နိုင်ငံအနှံ့အပြားရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ မိဘမဲ့ဂေဟာ၊ ပရဟိတဂေဟာ အများအပြားသို့ ပို့ဆောင်ထားခြင်းမှာ နယ်မြေ အေးချမ်းမှု ကင်းမဲ့ခြင်းကြောင့် ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း မြေပြန့်ဒေသသို့ ရောက်သွားသည့် တအာင်းကလေး အရေအတွက်မှာ နှစ်စဉ် ၁,ဝဝဝ အထက်တွင် ရှိနေသည်ဟု TEI က ခန့်မှန်းသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေး သုံးစွဲမှု ကျယ်ပြန့်လာခြင်းကြောင့် ကျေးလက်ဒေသခံတို့မှာ ပညာရေး၊ စီးပွားရေးပိုင်းတွင် ပိုမိုအားနည်းလာကြောင်း နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက သုံးသပ်သည်။

“တစ်မြို့လုံး၊ တစ်ရွာလုံးကိုမှ ဆယ်တန်းအောင်တဲ့ ပလောင်က လက်ချိုးရေတွက်လို့ရတဲ့ အနေအထား ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်ခြင်း

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြား အခြေစိုက် လှုပ်ရှားနေကြပြီး ၁၉၉ဝ ဝန်းကျင်တွင် ထိုအဖွဲ့များသည် တပ်မတော်နှင့် အပစ်ရပ်ခဲ့ကြသည်။ ဒေသတွင်း အခြားအဖွဲ့များနှင့် မတူသည့် အချက်မှာ ထိုစဉ်က PSLA ပလောင် လက်နက်ကိုင် အဖွဲ့သည် နိုင်ငံရေးဆွေးနွေးမည်၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည်ဟူသော တပ်မတော်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောတူပြီး နောက်ပိုင်းတွင် လက်နက်အများအပြားကို အစိုးရထံ အပ်နှံလိုက်ကြသည့်အချက်ဖြစ်သည်။

လက်နက်အပ်ပြီးနောက်ပိုင်းတွင် မျှော်လင့်ထားသည်တို့ ပေါ်ပေါက်မလာချေ။ ယင်းနောက်ပိုင်းတွင် လက်နက်ပြန်ကိုင်ရေးကို နှစ်အတန်ကြာအချိန်ယူပြီး စီစဉ်ခဲ့ကြသည်ဟု သိရသည်။ ၂ဝ၁၁ အောက်တိုဘာတွင် တအာင်းလူငယ် အများအပြား KIA ကချင်လက်နက်ကိုင်အဖွဲ့တွင် စစ်ပညာသင်ယူပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် တအာင်းဒေသသို့ ခရီးရှည်ချီတက်ခြင်းဖြင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ လှုပ်ရှားမှုများ ယနေ့တိုင် အဆက်မပြတ် ပေါ်ပေါက်လာသည်။

“TNLA အနေနဲ့ လက်နက်ကိုင် လမ်းကြောင်းပေါ်ပြန်ရောက်လာတာရဲ့အဓိက ကတော့ နိုင်ငံရေးလမ်းကြောင်း ပြေလည်ဖို့၊ သူများလို တန်းတူအခွင့်အရေးရဖို့၊ တအာင်းပြည်နယ်ရရှိဖို့နဲ့ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့ပဲ” ဟု TNLA မှ ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။

အဖွဲ့အစည်း ရပ်တည်နိုင်ရန်အတွက် ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်းရှိ လုပ်ငန်းရှင်များထံမှ “အခွန်” ကောက်ခံသည်ဟု သူက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအနက် TNLA သည် ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ မူးယစ်ဆေး ရောင်းဝယ်သူတို့ကို နှိပ်ကွပ်ခြင်း၊ ဒေသခံ အများအပြားကို မူးယစ်ဆေးဖြတ်ပေးခြင်းတို့ကြောင့် တအာင်း တိုင်းရင်းသားတို့၏ ယုံကြည်မှုကို ရရှိထားသည်။

မကြာသေးခင်က လားရှိုး၊ နမ္မတူမြို့များရှိ တအာင်းဒေသခံ ၅ဝ ကျော်နှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့ရာ ၎င်းတို့က TNLA သည် လိုအပ်သော လက်နက်ကိုင်အင်အားအတွက် တအာင်းလူမျိုးကိုသာ ရွေးချယ်သည်ဟု ပြောပြကြသည်။ အခြား လက်နက်ကိုင်အဖွဲ့များကမူ တအာင်းသာမက ဒေသတွင်း တခြားလူမျိုးများကိုလည်း ခေါ်ယူစုဆောင်းနေသည်ဟု ၎င်းတို့က ဆိုသည်။

တိုက်ပွဲများတွင် TNLA ပါဝင်မှု

မီဒီယာအဖွဲ့ ၁၃ ဖွဲ့ ပါဝင်သည့် Burma News International ၏ ဦးဆောင်မှုအောက်တွင် လှုပ်ရှားနေသော မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (Myanmar Peace Monitor) ၏ မှတ်တမ်းများအရ ၂ဝ၁၅ ဇန်နဝါရီမှ ၂ဝ၁၈ ဇူလိုင်တွင်း နိုင်ငံအနှံ့တွင် လက်နက်ကိုင် ပဋိပက္ခ ၁,ဝ၄၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်တွင် SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ ရှိရာ ၎င်းတို့၏ နိုင်ငံရေး ဦးဆောင်အဖွဲ့အမည်နှင့် တွဲပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟု ခေါ်ဆိုကြသည်။

ထိုနှစ်ဖွဲ့အနက် RCSS/SSA သည် ၂ဝ၁၅ ခုနှစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တွင် ပါဝင် လက်မှတ်ထိုးထားသည်။ စာချုပ်တွင် ပါဝင်ပြီးနောက်ပိုင်း TNLA နှင့် မကြာခဏဆိုသလိုပင် တိုက်ခိုက်လျက်ရှိသည်။

လက်မှတ်မထိုးရသေးသော SSPP/SSA သည် TNLA နှင့် မဟာမိတ် ဖြစ်နေသည်။ မြောက်ပိုင်း မဟာမိတ် ခုနစ်ဖွဲ့ဟု ထင်ရှားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ပါဝင်သော အခြားအဖွဲ့များမှာ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ဒီမိုကရေစီ မဟာမိတ်တပ်မတော်၊ ကချင် လွတ်လပ်ရေး တပ်မတော်၊ ရက္ခိုင့်တပ်မတော်၊ မြန်မာ့ဒီမိုကရေစီမဟာမိတ်တပ်မတော်တို့ ဖြစ်ကြသည်။

TNLA ၏ အဆိုအရ ပြီးခဲ့သည့်သုံးနှစ်တာကာလအတွင်း တပ်မတော်နှင့် တိုက်ပွဲ ၄ဝဝ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ RCSS နှင့် တိုက်ပွဲ ၂ဝဝ ကျော် ဖြစ်ခဲ့သည်။

RCSS သည် ၂ဝ၁၅ နောက်ပိုင်းတွင် တပ်မတော်နှင့် နားလည်မှု ယူပြီး TNLA လှုပ်ရှား နယ်မြေသို့ နယ်ကျော်သည်ဟု ယူဆရာမှ ပဋိပက္ခပေါ်ပေါက်လာသည်ဟု ရှမ်းမြောက်ဒေသ အရပ်ဘက် အဖွဲ့အစည်းတချို့၊ လွှတ်တော်ကိုယ်စားလှယ်တချို့က ယုံကြည်နေကြသည်။

RCSS မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစောကမူ ထိုအချက်ကို ငြင်းဆိုသည်။

“RCSS သည် ရှမ်းပြည်သူလူထုကို ကိုယ်စားပြုတဲ့စစ်တပ် အနေနဲ့ ရှမ်းပြည်က နေရာဒေသ တော်တော် များများမှာ ဖြန့်ကျက်ပြီးတော့ နေရာယူ၊ လှုပ်ရှားနေတယ်။ နယ်မြေပိုင်းခြားမှုကတော့ တစ်ခါမှ မသတ်မှတ်ဖူးဘူး။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ တပ်မတော်က ပေးထားတဲ့ နမ်ဆန်၊ မန်တုံတို့ ဘက်ကို RCSS အနေနဲ့ သွားရောက် တာမျိုး မရှိခဲ့ပါဘူး” ဟု သူက ရှင်းပြသည်။

ရှမ်းပြည်နယ်အတွင်း လှုပ်ရှား သွားလာစဉ် ထိတွေ့မှုဖြစ်ရာမှ တိုက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ၏ အနိုင်ကျင့်မှုဒဏ်ကို ကျေးလက်ဒေသတွင် ပိုမို ရင်ဆိုင်နေရသည်ဟု ရှမ်းပြည်နယ်တွင် နေထိုင်သူ အများအပြားက Myanmar Now ကို ပြောကြသည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း နမ္မတူမြို့နယ်တွင် တအာင်းတိုင်းရင်းသား ၃၃ ဦး ဖမ်းဆီးခံရပြီး သုံးဦးသာ ပြန်လွတ်လာသည်ဟု တအာင်း (ပလောင်)အမျိုးသားပါတီ၏ သြဂုတ်လ ၉ ရက်နေ့စာရင်းများအရ သိရသည်။

ရှမ်းတိုင်းရင်းသားတို့လည်း မကြာခဏ အဖမ်းခံနေရသည်။ သြဂုတ်လလယ်ပိုင်းက နမ့်ခမ်းမြို့တွင် နန်းမိုဟွမ် အမည်ရှိ အမျိုးသမီးတစ်ဦးကို နေအိမ်သို့ သွားရောက်ဖမ်းဆီးလိုက်ကြောင်း TNLA က သတင်းဌာနများကို အတည်ပြု ပြောကြားသည်။ ၎င်းတို့ သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာခြင်းမရှိသဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။

Myanmar Now နှင့် ဇူလိုင်လတွင် တွေ့ဆုံစဉ် မန်တုံမြို့နယ်၊ ကျေပိန်းရွာမှ နန်းအေးကျောင်းက သူ၏ မိသားစုဝင်လေးဦးကို TNLA တပ်သားများဟု ယူဆရသူတို့က ဖမ်းဆီးခဲ့ဖူးကြောင်း၊ နှစ်ဦးမှာ မည်သည့်အချိန်တွင်မှ အိမ်ပြန်မရောက်နိုင်တော့ကြောင်း ပြောပြသည်။

“ကျွန်မ အစ်ကိုနဲ့ ဦးလေးသေတော့ ဝမ်းနည်းတယ်။ ရှမ်းစစ်သားတွေနဲ့ လူမှားပြီး အသတ်ခံရတာလို့ လွတ်လာတဲ့ အဖေနဲ့ ယောကျာ်းက ပြန်ပြောပြတယ်” ဟု ၎င်းက ဆိုသည်။

မိသားစုဝင်တို့ သတ်ဖြတ်ခံရသော်လည်း သူက လူမျိုးနှင့် လက်နက်ကိုင်အဖွဲ့ကို သီးခြားစီ မြင်သူ ဖြစ်သည်။

“ပလောင်တွေအပေါ် မမုန်းပါဘူး။ အရင်လိုပဲ ပလောင်သူငယ်ချင်းတွေနဲ့ မုန့် အတူတူစား၊ အလှူတွေ အတူတူ လုပ်ပါတယ်” ဟု နန်းအေးကျောင်းက ကြည်လင်စွာ ပြုံး၍ပြောပြသည်။

ဒေသခံတို့၏ ပြေလည်ရေး ကြိုးပမ်းမှု

တိုက်ပွဲများ၊ ဖမ်းဆီးမှုများပေါ် အခြေခံကာ တိုင်းရင်းသား လူမျိုးစုနှစ်ခုအကြား သံသယပွားပြီး လူမျိုးရေး ပဋိပက္ခ ပြန်လည်ကြီးထွားလာမည်ကို စိုးရိမ်မိကြောင်း ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူတချို့က ပြောသည်။

၂ဝ၁၆ခုနှစ်က နမ့်ခမ်းမြို့ဝန်းကျင်တွင် ဆက်ဆံရေး အခြေအနေ အဆိုးဆုံးဖြစ်ခဲ့သည်ဟု ရှမ်း၊ ပလောင် ကပြား ဒေါက်တာမျိုးသန့်ထွန်းက ပြောသည်။

“ပလောင်တွေက ရှမ်းရွာ ဆိုရင် ဖြတ်မသွား တော့ဘူး။ ရှမ်းတွေကလည်း ပလောင်ရွာဆို မဖြတ်တော့ဘူး။ အရောင်းအဝယ်လည်း အဲဒီလိုတွေ ဖြစ်လာတယ်။ ရှမ်းရောင်းတဲ့ဆိုင် ပလောင်မဝယ်နဲ့၊ ပလောင် ရောင်းတဲ့ဆိုင် ရှမ်းမဝယ်နဲ့ ဆိုတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ်ခဲ့တယ်” ဟု လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်းက ပြောသည်။

ယခုအခါ လူမျိုးရေး မုန်းတီးမှုမှာ လူမျိုးစွဲကြီးသူများထံတွင်သာ တွေ့ရတော့ကြောင်း၊ အွန်လိုင်းတွင် လှုံ့ဆော်မှုများ၊ ကောလဟလ ဖြန့်ချိမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

ရှမ်း၊ တအာင်းယုံကြည်မှုတည်ဆောက်ရေး ကော်မတီအဖွဲ့မှ နန်းခမ်းမီးကလည်း နှစ်ဘက်ဆက်ဆံရေး သူစိမ်းဆန်ခဲ့သော်လည်း ယခုအခါ ပြန်လည်အဆင်ပြေလာသည်ဟု Myanmar Now နှင့် နမ္မတူမြို့နယ်၊ မန်စံကျေးရွာတွင် ဇူလိုင်လအတွင်း တွေ့ဆုံစဉ် ရှင်းပြသည်။

“ပြည်သူလူထုက ဘယ်လက်နက်ကိုင်ကိုမှ ကိုယ်စားမပြုပါဘူး။ လူထုက အဲဒါကို သဲသဲကွဲကွဲ မသိတော့ လူမျိုးချင်းတူတာနဲ့ ကိုယ့်လက်နက်ကိုင်လိုလို ဖြစ်ကုန်တာ။ ဒါကြောင့် လူထု တွေ့ဆုံပွဲတွေ၊ စကားဝိုင်းတွေ၊ အခမ်းအနားတွေတိုင်းမှာ ဒီသဘောတရားကို သေချာရှင်းပြပါတယ်” ဟု နန်းခမ်းမီးက ပြောသည်။

တိုက်ပွဲများကြောင့် အရပ်သားများ အလုပ်ပျက် အကိုင်ပျက် ဖြစ်နေရသည်ဟု လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းမှ ဆရာတော်က မိန့်သည်။ ဆရာတော်သည် စစ်ရှောင်ပြေးလာသော ရှမ်း၊ တအာင်း ဒုက္ခသည်တို့ကို ကျောင်းတွင် ခိုလှုံခွင့် ပေးခဲ့ဖူးသည်။

“ကိုယ့်ယုံကြည်ချက်ကြောင့် လက်နက် ကိုင်တယ်ဆိုပေမယ့် ကိုယ့်သတ်မှတ်ထားတဲ့နေရာမှာပဲ နေကြ၊ ကိုယ့်နယ်မြေအတိုင်းပဲ နေကြ၊ စားကျက်မလုကြနဲ့။ ငြိမ်းချမ်းရေးကို မြန်မြန် အကောင် အထည်ဖော်နိုင်အောင် လုပ်ဆောင်ပေးကြပါ”ဟု ဆရာတော်က တိုက်တွန်းသည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ပြသနာများကို လျှော့ချရန်အတွက် နှစ်ဖက် တိုင်းရင်းသား လက်နက်ကိုင်များ သာမက တပ်မတော်၊ အစိုးရတာဝန်ရှိသူတို့ကလည်း လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု ယူဆသည်။

“ကွဲပြားတဲ့လူမျိုးတွေ သဟဇာတဖြစ်အောင်နေဖို့က ဘယ်လိုအုပ်ချုပ်ရေး စနစ်တွေ ထားမလဲ၊ အဲဒါတွေနဲ့ ပတ်သက်တဲ့ ဖယ်ဒရယ်စနစ်ကို ဘယ်လိုကျင့်သုံးမလဲ၊ အုပ်ချုပ်ရေး စနစ်ကို ဘယ်လိုကျင့်သုံးမလဲ ဆိုတာ သေချာ လေ့လာစဉ်းစားဖို့ လိုအပ်တယ်” ဟု ဦးမောင်မောင်စိုးက အကြံပြုသည်။

ဤအတောအတွင်း တိုက်ပွဲများ ရပ်စဲမည့် အရိပ်အယောင် မပေါ်သေးဘဲ ဒေသခံ အများအပြားသည် စစ်ရှောင်စခန်းများတွင် သောင်တင်နေဆဲဖြစ်သည်။

၂ဝ၁၁ ခုနှစ်မှစတင်ပြီး ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ပြန်လည်ပေါ်ပေါက်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ရှောင်စခန်းများတွင် ခိုလှုံနေသူ ၁ဝ၃,ဝဝဝ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မေလအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။

ရွာအနီး ပစ်ခတ်မှု လစဉ် ဖြစ်ပေါ်နေသောကြောင့် နမ္မတူမြို့၊ ကြူဆော့စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် တာထွန်းလူက မန္တလေးရှိ မိဘမဲ့ဂေဟာတစ်ခုသို့ ရောက်နေသည့် ၁၁ နှစ်အရွယ် သားတော်မောင်ကို လွမ်းဆွတ်နေသည်။ ဝမ်းရေးအတွက် စခန်းအပြင်ဘက် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် တစ်နေကုန် သွားရောက်လုပ်ကိုင်ပြီး ပြန်လာသော တာထွန်းလူသည် တဝုန်းဝုန်းရွာနေသည့် မိုးရေစက်များကြားတွင် စိတ်ရောလူပါ ပင်ပန်းနေပုံရသည်။

“(မြေပြန့်ဒေသ)မှာ ဆိုရင် ငြိမ်းချမ်းတယ်။ ဘာမှ ဖြစ်မှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ တောင်ပေါ်မှာက ပစ်နေတော့ ကျောင်းခဏခဏပိတ်ရတယ်။ ကျွန်တော်က ရှမ်းဘက်လည်း မလိုက်ဘူး၊ ပလောင်ဘက်လည်း မလိုက်ဘူး။ စစ်ဖြစ်လာရင် ပြည်သူပဲ နစ်နာတယ်” ဟု ၎င်းက မျက်ရည် မကျအောင် ထိန်းချုပ်ထားရင်း ကြေကွဲစွာ ပြောလိုက်သည်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading