ပင်လယ်ပြင်ငရဲခန်းမှာ တစ်လတာခံခဲ့ရသည့် ‘ဂေါ်ဇီလာ’

ကိုကျော်ဇင်မြတ်သည် ဖျာပုံကမ်းလွန် ကျားဖောင်ပေါ်၌ ဖောင်ဦးစီးနှင့် ကျန်ဖောင်လုပ်သားများက ဝမ်းဗိုက်ကို အဓိကထားကာ ရိုက်နှက်ကန်ကျောက်ခဲ့ခြင်းများကို ခံခဲ့ရသဖြင့် အူမကြီးထိခိုက်ဒဏ်ရာရကာ ရန်ကုန်ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ခံခဲ့ရသည်။

ကိုကျော်ဇင်မြတ်(ခေါ်)ဂေါ်ဇီလာကြီး ရန်ကုန်ပြည်သူ့ဆေးရုံတွင် နိုဝင်ဘာလအတွင်း တက်ရောက်ကုသနေစဉ်
ကိုကျော်ဇင်မြတ်(ခေါ်)ဂေါ်ဇီလာကြီး ရန်ကုန်ပြည်သူ့ဆေးရုံတွင် နိုဝင်ဘာလအတွင်း တက်ရောက်ကုသနေစဉ်

အသားညိုညို အရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်တစ်ခု၏ဝမ်းဗိုက်ပေါ်တွင် ပတ်တီးများ၊ ပလတ်စတာများကြားမှ အိတ်အကြည်တစ်အိတ်က ထိုးထွက်နေသည်။ ခန္ဓာအပြင် ထုတ်ထားရသည့် အူမကြီးနှင့် ဆက်ထားသည့် အိတ်ဖြစ်ပြီး အတွင်းရှိ အဝါရောင် အညစ်အကြေးများကိုလည်း အတိုင်းသားမြင်နေရသည်။

သူ့နာမည်က ကိုကျော်ဇင်မြတ်။ အသက်က ၃၄ နှစ်။ အရပ်ခြောက်ပေကျော် ထွားထွားကြိုင်းကြိုင်းရှိသည့် သူ့ကို သူ့ဇာတိ ဖျာပုံမြို့နယ်၊ ဘုန်းကြီးသောင်ရွာမှာတော့ “ဂေါ်ဇီလာကြီး” ဟု ခေါ်ကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း သူ့ကို ပြန်တွေ့ရသူတိုင်းက “ဂေါ်ဇီလာကြီး ကြည့်ပြီး ယုံတောင်မယုံနိုင်ဘူး” ဟု တစ်ညီတစ်ညွတ်တည်း ပြောကြသည်။

ကိုကျော်ဇင်မြတ် (ခေါ်) ဂေါ်ဇီလာကြီးသည် ပင်လယ်ပြင်ငရဲခန်းဟု နာမည်ကြီးနေသည့် ကျားဖောင်လောကသို့ တစ်လကျော်ရောက်ရှိအပြီး ရွာပြန်အရောက်မှာတော့ ဘယ်သူမှ မမှတ်မိနိုင်လောက်အောင် ဖြစ်ခဲ့ရပြီဖြစ်သည်။ ကျားဖောင်ပေါ်မှာရှိစဉ် ဖောင်ဦးစီးနှင့် သူ့လူများက သူ့ကို ထိုးကြိတ်၊ ကန်ကျောက်၊ တက်ခုန် စသည့်နည်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် ပင်လယ်ထဲ ခုန်ချကာ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ သူ့ဘက်က သက်သေကတော့ ကမ္မဋ္ဌာန်းရုပ်ပေါက်နေသည့် သူ့ရုပ်ကိုယ်ခန္ဓာနှင့် အကောင်းပကတိ မကျန်တော့သည့် ကိုယ်တွင်းကလီစာအချို့ပဲဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ကုသခံပြီးသည့်နောက် အူမကြီးကို အပြင်ထုတ်ထားရပြီး ပိုက်ဖြင့်သာ အညစ်အကြေးစွန့်ထုတ်နေရသည်။ ရန်ကုန်အရှေ့ပိုင်း ရွှေပေါက်ကံမြို့သစ်ရှိ မိဘအိမ်တွင် နေထိုင်ဆေးကုသခံနေသည့် ကိုကျော်ဇင်မြတ်သည် မိသားစုနှင့်လည်း ခွဲနေရပြီး သူ့ဇနီးနှင့် သမီးလေးယောက်ကတော့ ငွေကြေးအဆင်မပြေသဖြင့် ဘုန်းကြီးသောင် ရွာမှာပဲ နေခဲ့ရသည်ဟု ပြောသည်။

ကိုကျော်ဇင်မြတ်၏ အလုပ်ရှင် စာရင်းဒိုင်ပိုင်ရှင် လင်မယားကတော့ ကိုကျော်ဇင်မြတ်သည် အလုပ်မလုပ်ချင်၍ ထမင်းမစားဘဲ ကော်ဖီထုပ်ကိုသာသောက်ခြင်း၊ ဆန်အစိမ်းစားခြင်းတို့ကိုလုပ်ခဲ့သည်ဟု ကျားဖောင် လုပ်သားများထံမှ ပြန်ကြားထားရသည်ဟု ဆိုထားသည်။ ထို့ပြင် ကိုကျော်ဇင်မြတ် ဆေးကုနိုင်အောင် ကျပ်သုံးသိန်း ထောက်ပံ့ခဲ့သည်။

ကိုကျော်ဇင်မြတ်ကို နှိပ်စက်ခဲ့သည်ဆိုသော ကျားဖောင်ဦးစီးနှင့်လုပ်သားများကိုတော့ နောက်ဆုံးသိထားရသည့် အချက်များအရ ရဲက ဖမ်းဆီးထားခြင်း မရှိသေးပါ။ အောက်တိုဘာလ ၃၁ ရက်နေ့က ဖျာပုံ ဒေါ်ညိမ်းကမ်းခြေရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ကျမှ ရဲက ရန်ကုန်သို့တက်ကာ သူ့ထံမှ စစ်ချက်ယူခဲ့သည်။

ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း ကိုကျော်ဇင်မြတ်မှာ ၇ ရက် တစ်ကြိမ် ဆေးရုံသို့ ပြန်လည်ပြ၍ ယခုချိန်ထိကုသနေရဆဲ ဖြစ်သည်။ (ဓာတ်ပုံ - ကေဇွန်နွေး)

ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း ကိုကျော်ဇင်မြတ်မှာ ၇ ရက် တစ်ကြိမ် ဆေးရုံသို့ ပြန်လည်ပြ၍ ယခုချိန်ထိကုသနေရဆဲ ဖြစ်သည်။ (ဓာတ်ပုံ - ကေဇွန်နွေး)

မီးပင်လယ်သို့စွန့်စားခရီး

နေ့ပြန်တိုးနွံနစ်နေသော ကိုကျော်ဇင်မြတ်ကို အိမ်နီးချင်းဖြစ်သည့် ဖောင်ဦးစီး ကိုဝင်းကိုက ပင်လယ်လိုက်၍ ကျားဖောင်လုပ်လျှင် စရန်ငွေ ကျပ် ရှစ်သိန်းရမည်၊ သူနှင့် အတူတူ အလုပ်လုပ်ရမည်ဖြစ်၍ စိတ်ချရသည်ဆိုကာ အကြံပေးရာမှ အစပြု၍ တစ်သက်လုံး ကုန်းပေါ်တွင် ကုန်ထမ်းခြင်းအပါအဝင် ကာယလုပ်အား စိုက်ထုတ်သည့် အလုပ်မှန်သမျှလုပ်ကိုင်သူ ဂေါ်ဇီလာကြီးသည် ပင်လယ်သားဖြစ်ရန် အကြောင်းဖန်ခဲ့သည်။

မိန်းမနှင့် လူမမည်သမီးလေးဦးအတွက် အန္တရာယ်များသည့် ရေလုပ်သားအလုပ်ကို တစ်ခါမျှ မလုပ်ကိုင်ဖူးပါဘဲ ကျားဖောင်တွင် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က သူ့ဇနီးမှာ လေးဦးမြောက် သမီးလေးကို မွေးထားပြီးအချိန် ဖြစ်၍ အကြွေးခေါင်ခိုက်နေချိန် ဖြစ်သည်။ အကြီးဆုံးသမီးက အသက် ၁၀ နှစ်သာရှိသေးသည်။

“ဒီတစ်ခေါက်လုပ်လို့ အဆင်ပြေပြီး အကြွေးတွေကျေရင် နောက်တစ်ခေါက် ပြန်သွားမယ်လို့ ပြောတယ်။ သူက ကျွန်မတို့ အတွက် အိမ်တစ်လုံး လိုချင်တာ။ ဒီအိမ်က ငှားရတာ တစ်လကို ကျပ် ၇,၀၀၀ ပေးရတယ်။ ဝယ်မယ်ဆို ကျပ် ခုနစ်သိန်းလောက် ရှိတယ်” ဟု ကိုကျော်ဇင်မြတ်၏ ဇနီး အသက် ၃၂ နှစ်အရွယ် မဇာဇာက Myanmar Now နှင့် ဘုန်းကြီးသောင်ရွာ၌တွေ့ဆုံစဉ် ပြောသည်။

ကိုကျော်ဇင်မြတ်သည် ကမ်းနှင့် မိုင်ပေါင်းများစွာ ဝေးသည့် ကျားဖောင်ပေါ်သို့ ရောက်ရှိချိန်တွင် နှစ်ရက်သာ အလုပ်လုပ်နိုင်ပြီး လှိုင်းမူးသည့် ဒဏ်ကို မခံနိုင်၍ ၎င်းအား ကုန်းပေါ်သို့ပြန်လည်တင်ပို့ပေးရန် ဖောင်ဦးစီး ကိုဝင်းကို ကို တောင်းပန်ခဲ့ကြောင်း၊ သူ ကြိုတင်ယူထားသော စရန်ငွေ ရှစ်သိန်းကိုလည်း ကုန်းပေါ်တွင် အလုပ်လုပ်၍ ကျေသည်အထိ ဆပ်မည်ဟု ဆိုသော်လည်း ကုန်းပေါ်သို့ ပြန်မပို့ပေးဘဲ ကျားဖောင်၌သာ ခိုင်းမြဲခိုင်းခဲ့ကြောင်း ၎င်းက ရွှေပေါက်ကံနေအိမ်၌တွေ့စဉ် ပြောသည်။

“ ကိုကြီး ကျွန်တော် လှိုင်းတွေမူးနေလို့ပါဗျာ တောင်းပန်ပါတယ်။ ကျွန်တော် မလုပ်နိုင်ဘူး။ လှိုင်းမူးတာ ဒီဒဏ်တွေ ကျွန်တော် တစ်ခါမှ မခံဖူးလို့ မခံနိုင်ဘူး’

ပြောလည်း မရဘူး။ သူ့ယောက်ဖနဲ့ သူ ကျွေးမွေးထားတဲ့ တင်ဦးနဲ့ (ကျွန်တော့်ကို) တရွတ်တိုက်ဆွဲတယ်။ ဂျပ်တိုင်ပေါ် တက်ခိုင်းတယ်။ ကျွန်တော်လည်း အောက်မှာလည်း ပက်လက်ကြီး လန်နေပြီ။ လှိုင်းကမူးတော့ သိပ်က မထနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် ထလုပ်တယ်။ လှိုင်မူးနေတော့ ခြေထောက်တွေက သိပ် မမြောက်ချင်ဘူး။ ဟန်ချက်ပျက်မှာစိုးလို့။ ခြေထောက် မမြှောက်ရမလားဆိုပြီး ခဲသီးထည့်ပြီး ခွနဲ့ပစ်တယ်၊ ကျွန်တော့ခြေထောက်တွေကို” ဟု ၎င်းက ဆိုသည်။

ဖောင်ပေါ်တွင် ၎င်းအပါအဝင် ဖောင်ဦးစီး ကိုဝင်းကို၊ သူ၏ယောက်ဖ ကိုကုလားအပြင် ကိုတင်ဦး ဆိုသည့်တစ်ဦး၊ ပေါင်းလူလေးဦးသာရှိပြီး သူတို့က ဗိုက်ကိုသာ အဓိကထား ရိုက်နှက်ကြောင်း ကိုကျော်ဇင်မြတ်က ဆိုသည်။ လုံးပတ် ၈ လက်မခန့် အရှည် ၁၃ တောင်ခန့်ရှိသည့် ကျားဖောင်ဒေါက်ကို ဗိုက်ပေါ်တင်၍ တက်ခုန်ခြင်း၊ ကျားဖောင် ဒေါက်တစ်ဖက်စကို ဗိုက်ပေါ်သို့ပစ်ချခြင်း၊ ဗိုက်ကို ကြိုးခေါက်များဖြင့် ရိုက်ခြင်းတို့ ပြုလုပ်ကြောင်း၊ ကိုဝင်းကိုနှင့် အပေါင်းအပါတို့က အလုပ်လုပ်ရမည့် အချိန်ရောက်လျင် ၎င်းကို လူနေ ပေါင်းမိုးထဲသို့ ထည့်ထားပြီး ပိတ်ထားကြောင်းလည်း ဆိုသည်။

ခြောက်ရက်ကြာမျှ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ပြီးနောက်တွင် ၎င်းကို သတ်ပစ်ရန် ကြံစည်နေကြသည်ကိုကြား၍ ဗောသီးနှစ်လုံးပိုက်၍ ရေထဲသို့ ခုန်ချခဲ့သည်ဟု ကိုကျော်ဇင်မြတ်ကဆိုသည်။

“ဟေ့ကောင်တွေ အုတ်ခဲခြောက်လုံးထုတ်ထား။ ပုံစံမကျရင် အဲ့ဒီကောင်ကို လည်ပင်းကြိုးချည်ပြီးတော့ အုတ်ခဲနဲ့ မျှောချလိုက်မယ်’

လို့ (ပြောနေသံကြားတယ်)။ ကျွန်တော် ကြောက်တော့ ကြောက်တယ်။ ဒါပေမဲ့ ကျွန်တော် သူတို့သတ်တာကြောင့် မသေချင်ဘူး။ သူတို့က ညှဉ်းပန်းနှိပ်စက်ပြီး သတ်မှာလေ။ အဲဒီလိုပုံစံမျိုးနဲ့ မသေချင်ဘူး။ သတိလစ် ရေဝင်ပြီးသေ၊ ဒါ အသေမြန်တယ်။ သူတို့ လက်ထဲမှာဆိုရင် မျှဉ်းပြီးတော့ သူက သတ်မှာ။ အဲဒါဆိုရင် ငါ မခံနိုင်ဘူး။ အဲဒီလို စိတ်ကူးလေးရပြီးတော့ သူတို့ အလစ်မှာ ဗောသီး နှစ်လုံးယူပြီး ရေထဲခုန်ချသွားတာ” ဟုဆိုသည်။

သတိရလာသောအခါ သူသည် သူ့အလုပ်ရှင်၏ ပင်လယ်ပြင်ကျားဖောင်များကို ဦးစီးရသည့် ဦးစီးချုပ်၏ သင်္ဘောပေါ်သို့ ရောက်ရှိနေသည်။ ကိုကျော်ဇင်မြတ်ကို ဦးစီးချုပ်က ကယ်တင်ပြီး ရွှေလှေကျင်း ကျေးရွာရှိ သူ့အလုပ်ရှင်များဖြစ်သည့် ကိုဖိုးဇော်၊ မလဲ့လဲ့ဝင်းတို့၏စာရင်းဒိုင်ထံသို့ ပြန်ပို့ပေးခဲ့သည်။

သူသည် ကယ်တင်သူ ဦးစီးချုပ်၊ အလုပ်ရှင် ကိုဖိုးဇော်နှင့် တခြားအလုပ်သမားတစ်ဦးတို့ကို သူ ရိုက်နှက်ညှဉ်းပန်းခံခဲ့ရကြောင်း ပြောပြသော်လည်း မည်သူမျှ အရေးတယူ ဆောင်ရွက်မပေးခဲ့ဟု ကိုကျော်ဇင်မြတ်က ပြောသည်။

သူ့ကို ခြေထောက်မှ တရွတ်တိုက်ဆွဲလွဲမှုကြောင့် တင်ပါးတွင် ဝါးကြမ်းများ ရှရာမှ အခေါင်းပေါက်သဖွယ် အနာတစ်ခု ဖြစ်လာသည်ဟု ကို ကျော်ဇင်မြတ်က ဆိုသည်။ (ဓာတ်ပုံ - ကေဇွန်နွေး)

သူ့ကို ခြေထောက်မှ တရွတ်တိုက်ဆွဲလွဲမှုကြောင့် တင်ပါးတွင် ဝါးကြမ်းများ ရှရာမှ အခေါင်းပေါက်သဖွယ် အနာတစ်ခု ဖြစ်လာသည်ဟု ကို ကျော်ဇင်မြတ်က ဆိုသည်။ (ဓာတ်ပုံ - ကေဇွန်နွေး)

‘ကျန်းမာရေးမကောင်းတာ အကြောင်းမကြားသင့်ဘူးလား’

ကိုကျော်ဇင်မြတ်၏ အလုပ်ရှင်များဖြစ်သည့် ကိုဖိုးဇော်နှင့် မလဲ့လဲ့ဝင်းတို့က သူ့ကို ဘုန်းကြီးသောင်ရွာရှိ ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ပို့ပေးခဲ့သော်လည်း ရွာမှာပင်ရှိသည့် သူ့ဇနီးမဇာဇာ၊ ရန်ကုန်ရှိ မိဘနှစ်ပါးတိုထံ အကြောင်းမကြားခဲ့ဟု ၎င်းကဆိုသည်။ ထိုဆေးခန်းသို့ ဒုတိယအကြိမ်အသွား ဆေးခန်းတွင် ဆေးလာထိုးသည့် နှစ်ဝမ်းကွဲ အစ်မ မကြည်ကြည်မော်က တွေ့ရှိရာမှ သူ အသက်ရှင်ရန် အခွင့်အရေး စတင်ရရှိခဲ့သည်။

အသားမည်းမည်း၊ ဆံပင်ရှည်ရှည် မုတ်ဆိတ်ရှည်ရှည်၊ မျက်နှာ စုတ်ချွန်းချွန်းနှင့် မမှတ်မိနိုင်အောင် ပိန်ချုံးနေသည့် ကိုကျော်ဇင်မြတ်ကို ဆေးခန်းလာပြသည့် လူထူးလူဆန်းဟူ၍ စိုက်ကြည့်ရာမှ ကိုကျော်ဇင်မြတ်နှင့် တူသည်ဆိုကာ မေးမြန်းမိခြင်းသည် သူ့အတွက် အသက်ရှင်ရန် လမ်းစဖြစ်ခဲ့သည်။

“ ‘ဟဲ့ အမျိုးမရှိဘူးလားဟဲ့’ လို့ အဒေါ်ကြီးတစ်ယောက်က မေးနေတာ တွေ့လို့ လှည့်ကြည့်တော့ အဲဒီကလေးလေးကို ပြောနေတာ ဖြစ်နေတယ်။ ဒါတောင် ဆေးခန်းကို လာဖြစ်လို့ ကိုယ်မလာဖြစ်ရင် ဒီကောင်လေးကို တွေ့မှာ မဟုတ်ဘူး” ဟု ၎င်း၏ဝမ်းကွဲအစ်မ မကြည်ကြည်မော်က ဘုန်းကြီးသောင်ရွာ၌ တွေ့ဆုံစဉ် Myanmar Now ကို ပြောသည်။

“နင်ဂေါ်ဇီလာ မဟုတ်လား ဘယ်လို ဖြစ်တာလဲ” ဟု မေးမြန်းသည့်အခါ သူသည် ခေါင်းတစ်ချက်သာ ညိတ်ပြနိုင်တော့သည်ဟု ၎င်းက ပြောသည်။ ထိုအချိန်မှသာ ကိုကျော်ဇင်မြတ်၏ ဇနီးဖြစ်သူ အပါအဝင် ဆွေမျိုးများ၊ အပေါင်းအသင်းများက သူကျန်းမာရေး မကောင်းသည်ကို သိရှိရသည်။ ဆေးခန်းဆရာဝန် ဒေါက်တာရဲနီက သူ့အား ဖျာပုံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ရန် မိသားစုဝင်များကို ညွှန်ကြားသဖြင့် မိသားစုသည် စာရင်းဒိုင်သို့ သွားရောက်ကာ ဆေးကုသဖို့ ထောက်ပံ့ရန် တောင်းဆိုသည့်အခါ စာရင်းဒိုင်က ကျပ်သုံးသိန်းခွဲကို စာချုပ်ဖြင့် လက်မှတ် ထိုးစေကာ ပေးခဲ့သည်ဟု ကိုကျော်ဇင်မြတ်၏ မိဘများနှင့် စာရင်းဒိုင်က တစ်ညီတစ်ညွတ်တည်း ဆိုသည်။ ၎င်းတို့ထံတွင် ကိုကျော်ဇင်မြတ် အလုပ်လုပ်ခဲ့သည်မှာ စက်တင်ဘာမှ အောက်တိုဘာလထိ တစ်လနှင့် ၈ ရက်သာ ကြာခဲ့ကြောင်း အလုပ်ရှင်ဘက်က ဆိုသည်။ Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့်

အလုပ်အကိုင် သဘောတူစာချုပ်တွင် အမည်၊ အဘ အမည်၊ အသက်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာတို့မှလွဲ၍ တခြား မည်သည့်စာမျှရေးထားသည်ကို မတွေ့ခဲ့ရချေ။ အလုပ်သွင်းပေးသူ ဖောင်ဦးစီးဝင်းကိုနှင့် ကိုကျော်ဇင်မြတ်တို့၏ လက်ဗွေများသာ ပါရှိသည်ကိုတွေ့ရသည်။ ဖျာပုံခရိုင်ဆေးရုံတွင် ကိုကျော်ဇင်မြတ်က မိခင်ဒေါ်ခင်မာလွင်ကို သူ နှိပ်စက်ခံရကြောင်း သတိရခိုက်တွင် ပြောခဲ့သည်။ မိခင် ဒေါ်ခင်မာလွင်က ဆေးရုံရှိ ဆရာဝန်များကို အမှုဖွင့်ခွင့် ရှိမရှိ အကူအညီတောင်းရာ သားဖြစ်သူမှာ မုန့်ချိုအိတ် (ပန်ကရိယ)ရောင်ခြင်းသာဖြစ်ပြီး ဓာတ်မှန် ရိုက်ရာတွင်လည်း ရောဂါ မပေါ်ကြောင်းဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦးက ပြောဆိုခဲ့သည်ဟု ဒေါ်ခင်မာလွင်က ပြန်ပြောပြသည်။

ဖျာပုံဆေးရုံတွင် ကုသရင်း ရောဂါ အခြေအနေမှာ မသက်သာသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ဒေါ်ခင်မာလွင်၏ သဘောဆန္ဒဖြင့်ပင် ကူးပြောင်းကုသသည့်အခါ ရန်ကုန်ဆေးရုံသို့ ရောက်ရောက်ချင်းပင် အရေးပေါ်ခွဲစိတ်ခဲ့ရသည်။‌ ရန်ကုန်ဆေးရုံမှ ဆရာဝန်က လူနာအခြေအနေ မှတ်တမ်းများယူပြီးနောက်တွင် လူနာမှာ အသက်ရှင်ရန် ၅၀ ရာခိုင်နှုန်းသာ အခွင့်အရေးရှိသဖြင့် ဆေးမှတ်တမ်းယူကာ မြန်မြန်အမှုဖွင့်ရန် ညွှန်ကြားကြောင်း ဒေါ်ခင်မာလွင်က ပြောသည်။

“(အလုပ်ရှင်တွေအနေနဲ့) ကျန်းမာရေး မကောင်းတာ အကြောင်းမကြားသင့်ဘူးလား။ (ရွာမှာ)သူ့မိန်းမ မဇာဇာ ရှိတယ်။ သူ့အဒေါ် ဒေါ်ပြုံးကြည်ရှိတယ်။ … ဘာကြောင့် အကြောင်းမကြားဘဲ ဆရာရဲနီနဲ့ ကျိတ်ပြီး ကုနေတာလဲ။ လက်လွန်ပြီး သေလို့ ရှိရင် ကျွန်မသားကို ပင်လယ်မှာ ကျန်းမာရေးမကောင်းလို့ သေတယ်ဆိုတဲ့ သဘောနဲ့ ဒီလိုပဲ လုပ်ဦးမှာ။ … ပိုက်ဆံရှိတဲ့ ကျားပိုင်ရှင်တွေက ဒီလိုမျိုးလုပ်နေကျ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၃၁ ရက်က ဖျာပုံမြို့နယ် ဒေါ်ညိမ်းရဲစခန်း၌ ဖွင့်လှစ်ခဲ့သည့် ထိုအမှုကို ဒီဇင်ဘာ ၂ ရက်တွင်မှ ရဲက ရန်ကုန်မြို့သို့ တက်ကာ တရားလိုကို စစ်ဆေးခဲ့သည်။ ထိုရက်များမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဖျာပုံမြို့နယ် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးရန် ရောက်ရှိနေချိန်ဖြစ်သည်။

မကြားသေမီးကလည်း ကျားဖောင်လုပ်ငန်းများသို့ လူကုန်ကူးခံခဲ့ရသည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုမြတ်သူရထွန်းသတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်ကိုကြည့်ကာ ကိုကျော်ဇင်မြတ် အကြောင်းကိုလည်း ဖခင်ဖြစ်သူက Facebook ပေါ်တွင် ရေးသားဖြန့်ဝေခဲ့သည်။

“ကျွန်တော် (ရဲကို) စတိုင်ကတည်းက (သားဖြစ်သူ) သေဖို့ များပြီ၊ အဲဒီလိုပဲ ပြောထားတာ။ အသက်အန္တရာယ် ရှိနေပြီ ပြောရဲ့သားနဲ့ မလာတာ။ အဲဒီလို မလာလို့ တိုင်းတွေဘာတွေ လျှောက်တိုင်ပြီးတော့ Facebook တွေ ဘာတွေ တက်ပစ်လိုက်တာ”ဟု ၎င်း၏ဖခင် ဦးမြင့်လွင်ကပြောသည်။

ကိုကျော်ဇင်မြတ် ကမ်းပေါ်ပြန်ရောက်ရောက်ချင်း ဆေးကုသပေးခဲ့ရသည့် ဒေါက်တာရဲနီကမူ ကိုကျော်ဇင်မြတ်၏ ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ မရရှိထားကြောင်း၊ ဝမ်းဗိုက်ရောင်ခြင်းဖြစ်ကြောင်း၊ အခြားသော ပင်လယ်မှ ပြန်လာသည့် ရေလုပ်သားများ ဖြစ်လေ့ဖြစ်ထ ရှိကြကြောင်း၊ သို့သော် ဘာဖြစ်မှန်း အတိအကျကို ဓာတ်မှန်ကြည့်သည့်အခါမှသာ သိနိုင်မည်ဖြစ်၍ ဖျာပုံဆေးရုံသို့ သွားရောက်ကုသရန်သာ ညွှန်ကြားခဲ့ကြောင်း Myanmar Now ကို ပြောသည်။

၎င်း၏ဆေးခန်းသို့ လာပြသည့် အချိန်တွင် ကိုကျော်ဇင်မြတ်မှာ လူတွဲစရာမလိုအောင် လမ်းလျှောက်နိုင်ပြီး စကားလည်းကောင်းကောင်း ပြောနိုင်သည်ဟု ဆိုသည်။

ကိုကျော်ဇင်မြတ်နှင့် လဲ့လဲ့ဝင်း စာရင်းဒိုင်တို့ ချုပ်ဆိုသည့် အလုပ်သမားအလုပ်ရှင် သဘောတူညီမှုဆိုင်ရာ အခွန်တံဆိပ်ခေါင်း စာချုပ် ဖြစ်သည်။ ယင်းတွင် လက်ဗွေရာသာပါပြီး တခြား စာသားများမပါရှိပါ။ (ဓာတ်ပုံ - ခင်မို့မို့လွင်)

ကိုကျော်ဇင်မြတ်နှင့် လဲ့လဲ့ဝင်း စာရင်းဒိုင်တို့ ချုပ်ဆိုသည့် အလုပ်သမားအလုပ်ရှင် သဘောတူညီမှုဆိုင်ရာ အခွန်တံဆိပ်ခေါင်း စာချုပ် ဖြစ်သည်။ ယင်းတွင် လက်ဗွေရာသာပါပြီး တခြား စာသားများမပါရှိပါ။ (ဓာတ်ပုံ - ခင်မို့မို့လွင်)

လျှို့ဝှက်ရမည့်အချက်များ

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဖျာပုံခရိုင် ဒေါ်ညိမ်းကမ်းခြေရဲစခန်းကို မေးမြန်းသည့်အခါ ကုလားထိပ် ရဲကင်းစခန်းကိုသွားပါဟု ပြော၍ တာဝန်ရှိသူ၏ ဖုန်းနံပါတ်ကို ပေးသည်။ ထိုဖုန်းနံပါတ်သို့ ဒီဇင်ဘာ ၄ ရက် (ယမန်နေ့က) ဆက်သွယ်သောအခါ ရဲက အထက်လူကြီးများကို ဖြေဆိုခွင့်တောင်းရမည်ဟု ဆိုပြီး ဖြေကြားခြင်း မပြုပေ။

ပြီးခဲ့သည့်လပိုင်းက ဒဂုံတက္ကသိုလ် ကျောင်းသား ကိုမြတ်သူရထွန်းကို အကြောင်းပြု၍ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းများရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိစ္စကို လူအများက အာရုံစိုက်လာကြသည်။ လူကုန်ကူးခံခဲ့ရသည့် ရေလုပ်သားအချို့လည်း နောက်ထပ် လွတ်မြောက်လာခဲ့သည်။

ထို ပြဿနာကို ၂၀၁၆ ခုနစ်မှ စ၍ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း မီဒီယာများက မီးမောင်းထိုးပြခဲ့ပြီးဖြစ်သော်လည်း ယနေ့ အချိန်ထိ မဖြေရှင်းနိုင်သေးပါ။ လက်ရှိတွင် ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေပြီး အဆိုပါကိစ္စများတွင် လုပ်ငန်းရှင်များကို စိစစ်ရမည့် ငါးလုပ်ငန်းဦးစီးဌာနအား လွှတ်တော်တွင်းမေးခွန်း မေးမြန်းရန် စီစဉ်နေသည်ဟု ဆိုသည်။

ဖျာပုံမြို့နယ်၊ ပင်လယ်ပြင်တွင် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၇ ရက်ထိ ၃၇ ရက်အတွင်း လူပေါင်း ၅၇ ဦး ပျောက်ဆုံးခဲ့ကြောင်း ဖျာပုံမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးသိမ်းဆွေက ပြောသည်။ ၂၀၁၇ ခုနစ်မှ စ၍ ၂၀၁၉ ထိ သုံးနှစ်အတွင်း ပင်လယ်ပြင်တွင် လူ ပျောက်ဆုံးမှု၊ သေဆုံးမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု စာရင်းတို့ကို Myanmar Now က ယခုလဆန်းပိုင်းအတွင်း ဖျာပုံခရိုင် ရဲတပ်ဖွဲ့ထံ သွားရောက်၍ အကြိမ်ကြိမ်တောင်းခံသော်လည်း “လျှို့ဝှက်ရမည့်” အချက်များ ဖြစ်၍ဟု ဆိုကာ မရရှိခဲ့ပေ။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading