လက်ဖျားမှာငွေသီးသည့် 'ရွှေမည်း' စီးပွားရေး

စီးပွားမဖြစ်တော့သည့် မိရိုးဖလာ ကြက်သွန်၊ ငရုတ်လုပ်ငန်းမှ ဆံပင်ဖျဉ်ကာ တရုတ်သို့ပို့သည့် လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်ခဲ့သည့် မြန်မာပြည်အလယ်ပိုင်းဒေသတစ်ခုသည် ဆံပင်ကို ရွှေအဖြစ် တန်ဖိုးထားလာကြသော်လည်း တစ်ဖက်က ကျန်းမာရေးအတွက် စိုးရိမ်စရာများလည်း ရှိနေသည်။

Published on Dec 4, 2019

ရွှေမည်းဟုဆိုလိုက်လျှင် ရေနံဟုနားလည်နိုင်သော်လည်း မန္တလေးတိုင်းအတွင်းရှိ မိတ္ထီလာနယ်တစ်ဝိုက်မှာမူ ဆံပင်ကိုသာ ပြေးမြင်ကြမည်ဖြစ်သည်။ ရှုပ်ထွေးနေသော ဆံချည်မျှင်ထွေးများကို တစ်ပင်ချင်းစီ ‘ဖျဉ်’ ရသည့် လုပ်ငန်းသည် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်နှင့် မိတ္ထီလာမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများတွင် စီးပွားရေးလုပ်ငန်း တစ်ရပ်အနေဖြင့် အခိုင်အမာ ရှိနေသည်။

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းသည့်ဆံပင်များကို အတိုအရှည်ညီသော ဆံပင်အစည်းများဖြစ်အောင် အချောသပ်ပြီး တရုတ်ပြည်သို့ ပြန်တင်ပို့သည့်လုပ်ငန်းသည် ဒေသခံများ၏ဘဏ္ဍာအိတ်ကို ပြည့်ဖောင်း စေခဲ့သည်မှာ ၁၀ စုနှစ်တစ်စုမျှပင် ရှိခဲ့ပြီဖြစ်သည်။ “သူဌေးဖြစ်မြန်တာမှာ ဘိန်းပြီးရင် ဆံပင်ပဲ” ဟုပင် ဆိုရိုးတွင်လာခဲ့သည်ဟုဆိုကြသည်။

သံပန်းတံခါးအခိုင်အမာတပ် ခြံဝန်းကျယ်ကြီးများနှင့် တိုက်ခံအိမ်၊ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်များကို ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ နယ်တစ်ဝိုက် အိမ်ခြေ ၁၀၀ မှ ၂၀၀ နီးပါးသာ ရှိသည့် ရွာသိမ်၊ ရွာငယ်များတွင် တွေ့ရသည်။ တချို့ရွာများတွင်မူ ရွာထိပ်တွင် ကမ္ဘာ့ရတနာဘဏ် (ယခင် မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်) ရှိသည်။ ထိုဘဏ်မှာ ထိုရွာတစ်ရွာတည်းအတွက် သီးသန့် ဖွင့်ပေးထားရသည်အထိ စီးပွားရေးအခြေအနေ ကောင်းမွန်နေသည်။

ရွာငယ်လေးများပင်ဖြစ်သော်လည်း ဘုန်းကြီးကျောင်းများမှာ တောကျောင်းများပုံစံ ခပ်ကုပ်ကုပ်မဟုတ်ဘဲ စုလစ် မွန်းချွန် မုခ်ဦးများနှင့်ဖြစ်သလို စာသင်ကျောင်းများကလည်း မြို့ကျောင်းများအလား ကြီးမားခန့်ညားကြသည်။ အမျိုးသမီးများကလည်း ရွှေကိုညွတ်နေအောင် ဝတ်ဆင်ထားကြသည်။

ထိုနယ်တစ်ဝိုက်သည် မိရိုးဖလာစီးပွားရေး ကြက်သွန်၊ ငရုတ်တို့စိုက်ပျိုး၊ အသက်မွေးကြသော်လည်း ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှစပြီး လုပ်ငန်းမကောင်းသည့် စိုက်ပျိုးရေးမှသည် ဆံပင်ဖျဉ်၊ အချောသပ်လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ ၂၀၁၀ ပြည့်ဝန်းကျင်မှစကာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး မြိုးမြိုးမြက်မြက် ရသည့်လုပ်ငန်းဖြစ်လာခဲ့သည်။

ဆံပင်လုပ်ငန်းမှာ ၁၉၉၇ ခုနှစ်ဝန်းကျင်ကတည်းက သာစည်၊ ပျော်ဘွယ် နယ်တစ်ဝိုက်တွင် စတင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ သို့သော် လုပ်ငန်းမှာ ဖွံ့ဖြိုးမလာဘဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ပုံစံမျိုးနှင့် ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်လောက်မှ စတင်ကာ ဆံပင်ရုံများ၊ ဆံပင်ဒိုင်များ စတင် ပေါများလာသည်ဟု သိရှိရသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ဆံပင်လုပ်ငန်းမှာ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်နှင့် မိတ္ထီလာမြို့များတွင် တဟုန်ထိုးများလာပြီး ယခုအချိန်တွင်မူ ပျော်ဘွယ်သားဆံပင်လုပ်ငန်းရှင် တစ်ဦး၏ အဆိုအရ “ဆံပင်မရှိရင် ပျော်ဘွယ်တောင် မရှိလောက်ဘူး” ဟု ပြောဆိုလာသည်အထိပင်ဖြစ်သည်။

ခွဲယူလိုက်သည့် အိမ်နီးချင်းနိုင်ငံ၏စီးပွားရေး

ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်နှင့် မိတ္ထီလာမြို့များ၏ လမ်းဘေး ဝဲ၊ ယာတွင် ‘ဆံပင်ရောင်းဝယ်ရေး’ ဟူသည့် ဆိုင်းဘုတ်များမှာ လက်ညှိုးထိုးမလွဲ တွေ့မြင်ရသည်။

ဆံပင်မြို့တော်ဟု တင်စားကြသည့် ပျော်ဘွယ်မြို့သည် အမှန်မှာ မြို့၏အနောက်ဘက်တွင် ကြက်သွန်အဓိက စိုက်ပျိုးကြပြီး မြို့အရှေ့ဘက်တွင် ငရုတ် စိုက်ပျိုးကြသည်။ ဘိုးစဉ်ဘောင်ဆက် စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ သို့သော် နိုင်ငံခြားသို့ပင် တင်ပို့နိုင်ခဲ့သည့် ကြက်သွန်နှင့်ငရုတ်မှာ မိုးခေါင်ခြင်းနှင့် စျေးကွက်ပျက်ခြင်းတို့ကြောင့်နောက်ဆုံး ပစ်ပယ်လိုက်ရတော့မည့် အခြေအနေဖြစ်လာခဲ့သည်။

ယင်းစီးပွားရေးနေရာတွင် အစားထိုးဝင်ရောက်လာသည်မှာ ဆံပင်ဖြစ်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းသည့် ဆံပင်များမှာ လမ်းကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည်။ လေယာဉ်ဖြင့် သယ်ယူကြသလို၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နယ်စပ်၊ ထိုမှတစ်ဆင့် ကားဖြင့် သယ်ယူကြသည်များလည်း ရှိသည်။

အဆိုပါ ဆံပင်များကို တစ်ပင်ချင်းစီပြန်ဖျဉ်ကာ အတိုအရှည်ညီသည့်အစည်းလိုက် ပြန်စည်းပြီး မန္တလေး-မူဆယ်လမ်းမှတစ်ဆင့် တရုတ်သို့ တင်ပို့ကြသည်။ တရုတ်နိုင်ငံ ဟေနန်ပြည်နယ် ရှုချန်မြို့သည် ကမ္ဘာ့ အကြီးဆုံး ဆံပင်တုထုတ်လုပ်သည့် မြို့ဖြစ်ပြီး ၂၀၁၈ ခုနှစ်တစ်နှစ်တည်းတွင် ထိုမြို့၏ ဆံပင်နှင့် ဆက်စပ်သည့် ကုန်ပစ္စည်းထုတ်လုပ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်အထိ ရှိသည်ဟု ချိုင်းနား ဒေးလီသတင်းတစ်ပုဒ်က ဆိုသည်။ ဆံပင်ကုန်ကြမ်းများကို အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်စသည့်နိုင်ငံများမှ အများဆုံးတင်သွင်းကာ တရုတ်ဆံပင်တုအဓိကဈေးကွက်မှာ အာဖရိကမှ နိုင်ဂျီးရီးယားဖြစ်သည်ဟု ဆိုသည်။

တရုတ်၏ဆံပင်ဝယ်လိုအားကို ဖြည့်တင်းရန်အတွက် မြန်မာသည် ပြည်တွင်းဆံပင်သာမက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့အထိပင် ဆံပင်ကို သွားရောက်ဝယ်ယူလျက်ရှိရာတွင် မိတ္ထီလာ၊ ပျော်ဘွယ်ဒေသများက အများဆုံးဖြစ်သည်။

“ကိုယ်စားလှယ်တွေလွှတ်ပြီး ဝယ်တာပေါ့။ ကျွန်တော်တို့က အဓိက ကတော့ ကားနဲ့ သယ်တယ်၊ (ရိခေါဒါရ်) နယ်စပ်ပေါ့။ အဲဒီမှာလည်း အခွန်ဆောင်တယ်၊ နောက် ဒီကနေ မူဆယ်ပို့တဲ့အချိန် ၁၀၅ မိုင်မှာလည်း အခွန်ဆောင်တယ်” ဟု ဟင်ဒီဘာသာစကား ကျွမ်းကျင်စွာပြောသည့် အသက် ၃၉ နှစ်အရွယ် ကိုအောင်နိုင်ဝင်း (ခေါ်) ကိုကဉ္စန က ဆိုသည်။

ပျော်ဘွယ်မြို့ပေါ်တွင် ကိုအောင်နိုင်ဝင်း ပိုင်ဆိုင်သည့် ဆံပင်ရုံ ၄ ရုံရှိပြီး အလုပ်သမား ၁၀၀ ခန့်ကို အမြဲတမ်း အလုပ်ပေးထားသည်။ ထို့ပြင် နေ့စားနှင့် ပုတ်ပြတ်သမားများမှာလည်း ၁၀၀ နှင့်အထက်ရှိသည်။ အလုပ်သမားများ၏ တစ်လဝင်ငွေမှာ ကျပ် ၈၀,၀၀၀ မှ အမြင့်ဆုံး ကျပ်ငါးသိန်းအထိ ကျွမ်းကျင်မှုအလိုက် ရကြသည်ဟု ပြောသည်။

ဒေသတွင်း ဆံပင်ရောင်းသူများထံမှ ဆံပင်များ ရရှိသော်လည်း ဝယ်လိုအားကို မလိုက်နိုင်သောကြောင့် မြန်မာဆံပင်များ စျေးကွက်တွင် တင်ပို့နိုင်သည့်အထိ ကုန်ကြမ်း မရရှိပေ။ လုပ်ငန်းရှင်များအဆိုအရ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် မြန်မာဘက်မှ ဆံပင်အဝယ်တော်များ ခြေချင်းလိမ်နေပြီး အပြိင်အဆိုင် စျေးပေးဝယ်ယူနေကြသည်ဟုဆို၏။

ယခင်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် အချောသပ်ပြီး တရုတ်သို့ တင်ပို့သည့် ဆံပင်လုပ်ငန်းကို မြန်မာကပါ ဝေစုခွဲလုပ်ကိုင်ခြင်းဖြစ်သည်။

“တကယ်တော့ ဒီစီးပွားရေးက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးပေါ့၊ သူတို့ဆီမှာ ဖြစ်နေတာ ကြာလှပြီ။ တရုတ်ကိုပို့ပြီး စီးပွားဖြစ်နေကြတာ။ ခုက ကျွန်တော်တို့က သူတို့ရဲ့စီးပွားရေးကို ခွဲယူလိုက်တဲ့သဘောပါ” ဟု ကိုအောင်နိုင်ဝင်းကဆိုသည်။

ဆံပင်လုပ်ငန်း အဆင့်ဆင့်

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဆံပင် သွားရောက်ဝယ်ယူရာတွင် ကီလို ၃၀ (ပိဿာ ၂၀ ခန့်) ကို သိန်း ၂၀ မှ ၄၀ ကြားရှိပြီး မြန်မာနိုင်ငံရောက်လျှင် ကီလို ၃၀ ပါ အိတ်ကိုရောင်းပါက သိန်း ၅၀ မှ ၆၀ ထိ ရရှိကြသည်ဟု ဒေသခံလုပ်ငန်းရှင်များက ပြောသည်။ အဆိုပါ ဆံပင်များမှာ အတိုအရှည်၊ အဖြူအမည်း၊ အကောင်းအဆိုး ရောထွေးနေသည်။

လုပ်ငန်းရှင်များသည် တစ်ကြိမ်ဝယ်ယူလျှင် ဆံပင်ကုန်ကြမ်း သိန်း ၁၀၀၀ ဖိုးမှ ၅၀၀၀ ဖိုးထိ ဝယ်ယူကြပြီး အချို့လုပ်ငန်းရှင်ကြီးများမှာ သိန်း ၁ သောင်းဖိုးထိ ဝယ်ယူကြကာ ယင်းဆံပင်များကို ပိဿာချိန်လိုက် ပြန်လည်ရောင်းချကြသလို ကီလို ၃၀ အိတ်ပြတ်လည်း ရောင်းချကြသည်ဟုလည်း ထိုလောကသားများက ဆိုကြသည်။

တစ်ပိဿာလျှင် တစ်သိန်းမှ နှစ်သိန်းခွဲထိ စျေးပေး၍ဝယ်ယူလာသည့် အထွေးလိုက်ဖြစ်နေသည့် ဆံပင်များကို ဒေသခံများအခေါ် ‘ပေါင်းဆေး၊ ချွတ်ဆေး’ ဆေးများနှင့် ၄၅ မိနစ်မှ ၁ နာရီခန့်အကြာ စိမ်ထားပြီး အပ်များသုံးကာ ပထမဆုံးအဆင့်အနေဖြင့် ‘ဖွ’ ရသည်။ ၃၅ ကျပ်သားခန့် ဆံပင်အထွေးလိုက်ကို တစ်ပင်ချင်း ဖြစ်စေရန် လူတယောက်က မနက် ၈ နာရီမှ ညနေ ၄ နာရီခန့်ထိ ထိုင်၍ အသေးစိတ် ‘ဖျဉ်’ ရသည်။

‘ဖွ’ ရာမှ ရရှိလာသည့် ဆံပင်များကို သံချောင်းများကို ဆံပင်ဖြီးသည့် ဘီးကဲ့သို့ဖြစ်အာင် ထောင်၍ ပြုလုပ်ထားသည့် ‘ခုံ’ ဟုခေါ်သည့် စင်ပေါ်တွင် ထပ်မံ ရှင်းရသည်။

ထိုမှတ်ဆင့် အတို၊ အရှည်မညီသော ဆံပင်အစည်းလိုက်ကို ရရှိလာသည်။ ထိုအစည်းကို ထပ်မံ၍ အတို ၆ လက်မမှ အရှည်ဆုံး ၃၂ လက်မထိ ၂ လက်မစီ ခြားပြီး ခွဲရသည်။ ၃၂ လက်မဟုဆိုသော်လည်း အများအားဖြင့် ၂၆ လက်မထိသာ အများဆုံး ရတတ်သည်။ ထို့နောက် သုံးစည်းလျှင် တစ်ပိဿာခန့်ရှိမည့် အစည်းများကို နောက်ဆုံးအဆင့် စည်းရသည်။

အခြေခံလူတန်းစားများ အူစိုကြ

“(အထွေးလိုက်) ဆံပင် ၁ တန် (ပိဿာ ၆၀၀) ကို တစ်ရက်အတွင်းအပြီး နောက်ဆုံး ရောင်းတန်းဝင် အချောအဆင့်အထိရောက်ဖို့အတွက် လူ ၇၀၀၀ လောက်လိုတယ်” ဟု ကိုအောင်နိုင်ဝင်းက ဆိုသည်။

ပထမအဆင့် အထွေးလိုက်ဖြစ်နေသည့် ဆံပင်ကုန်ကြမ်း ကို တစ်ပင်ချင်းဖြစ်စေရန် ‘ဖျဉ်’ ရာတွင် လူတစ်ဉီး တစ်ရက်လျှင် ၃၅ ကျပ်သားမှ ၄၀ သားထိ ပြီးနိုင်သည်။ ထို့အတွက် ‘ဖျဉ်’ ခ ၃၅၀၀ မှ ၄၀၀၀ ကျပ်ထိ ရကြသည်။ တစ်ချိန်က နေပူစပ်ခါးတွင် ကြက်သွန်ကောက်၊ ငရုပ်သီးခြွေပြီး ရက်တွက်၊ လတွက် နည်းလွန်းသည့် တောင်သူယာလုပ်များအဖို့ နေမထိ၊ လေမထိ အမိုးအကာအောက် ထိုင်ပြီး ငွေရနေသည်။

“အရင်က ကျွန်မက နံနံ(ပင်) နုတ်တယ်၊ တစ်ရက်ကို ၁,၀၀၀ လောက်ရတယ်၊ ခု ဆံပင်လုပ်တာ နေ့ဆိုင်း၊ ညဆိုင်းလုပ်ရင် ၄၀၀၀ ရတယ်” ဟု ပျော်ဘွယ်မြို့၊ ခင်ကြီးယ ကျေးရွာသူ မဇင်ဇင်ဖြိုးက ဆိုသည်။

ဆံပင်ဖျဉ်သည့် လုပ်ငန်းလုပ်နေသည်မှာ ၈ နှစ်လောက်ရှိပြီဟုပြောသည့် မဇင်ဇင်ဖြိုး၏နားမှရွှေနားဆွဲနှင့် လည်ဆွဲကြိုးတို့က စကားပြောတိုင်း လက်နေသည်။ တစ်ဖက်တွင် သူ့အမျိုးသားမှာ ကားမောင်းသေးသည်ဟု ဆိုသည်။ ခင်ကြီးယ တစ်ရွာလုံးနီးပါး ဆံပင်ဖျဉ်ကြသည်။

ဆံပင်ဖျဉ်သည့်အလုပ်ကို အမျိုးသမီးများသာ အများဆုံးလုပ်ကြသည်ကို တွေ့ရသည်။ တစ်ပင်ချင်း အသေးစိတ် ဖျဉ်ရသည့်အတွက် စိတ်ရှည်ရန်လိုအပ်သလို လင်ယောက်ျားများ လယ်ယာသွားနေချိန်၊ တခြားလုပ်ငန်းများ လုပ်နေချိန်တွင် မိမိအိမ်တွင်ပင် အိုးမကွာ၊ အိမ်မကွာ ပိုက်ဆံရနေကြသည်။

“တချို့ကောင်မလေးတွေဆိုရင် ကျောင်းမတက်ချင်တော့ဘူးဆိုပြီးတော့တောင် လာဖွ (ဖျဉ်) ကြတယ်။ ကျောင်းထွက်ပြီး လုပ်မယ်ဆိုပြီးတော့လေ။ ပိုက်ဆံရတာကို မြင်နေရတာကိုး။ နောက်တော့ ဆံပင်ရုံတွေက ကျောင်းသူတွေဆို လက်မခံဘူးဆိုပြီးတော့ တားယူရတယ်” ဟု ပျော်ဘွယ်မြို့နယ်၊ သနပ်ခါးတောကျေးရွာမှ မသန္တာဝင်းက ဆိုသည်။ သနပ်ခါးတောရွာသည်လည်း တစ်ရွာလုံးနီးပါး ဆံပင်ဖျဉ်ကြသည်။

ဆံပင်လုပ်ငန်းရှင်များသည် အဆိုပါ ပထမအဆင့်ကို ရွာသိမ်၊ ရွာငယ်များတွင် လူငှားချလုပ်ကိုင်ကြပြီး၊ တချို့အိမ်များမှာ ကိုယ်နိုင်သည့်အတိုင်းအတာ တစ်ပိဿာချင်းဝယ်ယူ၍ အိမ်ရှိမိသားစုအားလုံးနီးပါး ဆံပင်ထိုင်ဖျဉ်ကြသည်။ ဝယ်ယူလာသည့် ဆံပင်အထွေးများကို ဖျဉ်ပြီးပါက ကိုယ်ဝယ်ယူလာသည့် ဆံပင်ဒိုင်ကို ပြန်ရောင်းနိုင်သလို တခြားဈေးကောင်းပေးသည့် ဆိုင်များတွင်လည်း ပြန်လည်သွင်းနိုင်သည်။

ကုန်ကြမ်း၊ ဆံပင်အထွေး ကျပ်တစ်သိန်းတန် ၁ ပိဿာလျှင် ဖျဉ်ပြီး ရလာသည့် ဆံပင်များကို ကျွမ်းကျင်မှုအရ ၁၀,၀၀၀ မှ ၃၀,၀၀၀ နီးပါးထိ အမြတ်ကျန်နိုင်သည်။

‘ဖွ’ ရာမှ ရရှိလာသည့် ဆံပင်များကို ‘ခုံ’ တင်ရာတွင်မူ ကုန်ကြမ်းကို ဖွရသည့်အချိန်ကဲ့သို့ မကြာတော့သော်လည်း ကျွမ်းကျင်မှုလိုလာသည်။ ထို့ပြင် ဆံပင်ခုံတွင် လုပ်ကြသူများမှာ တစ်ရက်လျှင် ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ခွဲထိ ရကြပြီး ပို၍ဝင်ငွေကောင်းကြသည်။

“ကျွန်တော့ဆီမှာ လာပြီး (ဆံပင်) ရိုက်ကြတာ၊ အလုပ်သမားချည်းပဲပေါ့၊ ထမင်းကျွေးထားတယ်၊ နေစရာပေးတယ်။ လူ ၁၅၀ နီးပါးလောက်ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ စာရင်းကိုင်တို့ဘာတို့ဆို ငါးသိန်းလောက်ထိရကြတယ်” ဟု ပျော်ဘွယ်မြို့မှ ဆံပင်လုပ်ငန်းရှင် ဦးအောင်မိုးဝင်းက ဆိုသည်။

ဆံပင်ရိုက်သည်ဆိုခြင်းမှာ ခုံပေါ်တင်၍ အတိုအရှည် ပြန်ညှိခြင်းဖြစ်သည်။ ကုန်ကြမ်း အထွေးလိုက်ရှိသည့် ဆံပင်မှ နောက်ဆုံး အတိုအရှည်သပ်သပ်စီခွဲပြီးသည်အထိ အဆင့် ၆ ဆင့်ခန့် ဖြတ်ရသည်။

နောက်ဆုံး အချောသပ်အဆင့်မှ ရလာသည့် အတို ၆ လက်မ၊ (သုံးစည်း) ၁ ပိဿာ မှာ ပျမ်းမျှ ၃၀,၀၀၀ ခန့်ကစပြီး အရှည်ဆုံး လက်မ ၂၀၊ တစ်ပိဿာကို ၁၅ သိန်းမှ သိန်း ၂၀ ထိ ပေါက်စျေးရှိသည်။ အရင်းအနှီးထုတ်နိုင်သလောက် အမြတ်ရနိုင်သည်။ အဆိုပါ အချောသပ်ရလာသည့် ဆံပင်စည်းများကို တရုတ်သူဌေးများက ဆံပင်ဒိုင်များထိ လာဝယ်သည်များရှိသလို ဆံပင်ဒိုင်များက မူဆယ်ထိ သွားရောက်ပို့သည်လည်း ရှိသည်။

ဆံပင်လုပ်ငန်းတခုတည်းသာ အဓိက လုပ်ကိုင်ပြီး ရွာထိပ်တွင် ကမ္ဘာ့ရတနာဘဏ်ဖွင့်ထားသည့် ပျော်ဘွယ်မြို့၊ ကျီနီကျေးရွာတွင်မူ မူဆယ်သို့ ဆံပင်သီးသန့်ပို့သည့် လိုက်ထရပ်ကားငယ်များ စုရပ်သည့် ကားကွင်းတစ်ကွင်းပင်ရှိသည်။

ကိုကြာညွန့်သည် မြန်မာနိုင်ငံသား တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး မုံရွာတွင် အခြေစိုက်သည်။ ပျော်ဘွယ်နယ်တွင် ဆံပင်ကုန်ကြမ်းဖြန့်၊ ကုန်ချောများကို အိမ်တိုင်ရာရောက်ဝယ်ပြီး တရုတ်နိုင်ငံထိ တိုက်ရိုက်ပို့နေသည်။ ပျော်ဘွယ်မြို့တွင်ပင် သူပိုင်ဆိုင်သည့် ဆံပင်ရုံပေါင်းများစွာရှိသည်။ ဆံပင်လုပ်ငန်းရှင်များတွင် ထိပ်တန်းများထဲမှ တစ်ဦးဟု ဆိုနိုင်သည့် ကိုကြာညွန့်က “တကယ်တော့ ဒီနိုင်ငံမှာတင် နောက်ဆုံး ဆံပင်တု ထွက်သည်အထိ လုပ်နိုင်တဲ့ စက်ရုံဆောက်နိုင်ရင်ပြီးပြီ” ဟု ဆိုသည်။

“မူဆယ်ထိ သွားပို့နေရတော့ သယ်ယူစရိတ်ရှိတယ်၊ နောက် သူတို့က ဈေးဖြတ်လို့ရတယ်။ ကျွန်တော်တို့ ဒီမှာသာ စက်ရုံထောင်နိုင်ရင် တရုတ်တွေက ကျွန်တော်တို့ဆီလာပြီး ဝယ်ရမှာ” ဟု သူက ဆိုသည်။ ကိုကြာညွန့်သည် မုံရွာမြို့တွင် ဆံပင်တုစက်ရုံတည်ဆောက်နိုင်ရန် အစိုးရထံ စာတင်ထားပြီး ခွင့်ပြုချက် စောင့်ဆိုင်းနေသည်ဟုဆိုသည်။

ဆံပင်အစား မော်တော်ကားထုတ်ချင်သည့်အမတ်

ဆံပင်လုပ်ငန်းရှင်များက ဆံပင်ရုံများကို ပြန့်ကျဲမနေစေဘဲ တစ်နေရာတည်းတွင် ဇုန်တစ်ခု ဖြစ်စေချင်ကြသည်။ လုပ်ငန်းခွင်ကဲ့သို့ မဟုတ်ဘဲ နေအိမ်များတွင်သာ ဖြစ်သလို လုပ်နေရသည်မှာ အလေအလွင့်များသလို စနစ်တကျလည်း မရှိဟု ဆိုကြသည်။ သို့သော် ဆံပင်လုပ်ငန်းနှင့် ပတ်သက်၍ အစိုးရနှင့် အုပ်ချုပ်သူများက စိတ်မဝင်စားကြဟု ၎င်းတို့ကပြောသည်။

“ဆံပင်ကို အစိုးရက ကုန်တစ်ခုအနေနဲ့ သဘောမထားဘူး။ ဒါက အမှိုက်ပေါ့။ တခြားနိုင်ငံက အမှိုက်၊ အညစ်အကြေး၊ စွန့်ပစ်ပစ္စည်းဆိုပြီး သဘောထားတယ်၊ လုပ်ငန်းတစ်ခုအနေနဲ့ မမြင်ဘူး” ဟု ပျော်ဘွယ်တွင် တစ်နိုင်တစ်ပိုင် ဆံပင်လုပ်ငန်း လုပ်ကိုင်သူ ကိုနိုင်ဦးက ဆိုသည်။

ပျော်ဘွယ်မြို့၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးကမူ “ဆံပင်နဲ့ပတ်သက်လို့တော့ ဘာမှ စဉ်းစားထားတာ မရှိသေးဘူး” ဟု ဆိုသည်။ သို့သော် ပျော်ဘွယ်မြို့ရှိ မြေလွတ်မြေရိုင်းများတွင် “မော်တော်ကား တပ်ဆင်ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေနဲ့ ဆောက်ပြီး စက်မှုဇုန်လုပ်ရင် ဒီဒေသအတွက် ဖွံ့ဖြိုးတိုးတက်လာမယ်” ဟု သူက ဆိုသည်။

တစ်ဖက်တွင်လည်း ဆံပင်လုပ်ငန်း လုပ်ကိုင်သူများမှာ ဝင်ငွေပေါများသည့်အတွက် ဒေသဖွံ့ဖြိုးရေးနှင့် အလှူအတန်းတွင် ရှေ့ဆုံးက ပါဝင်ကြသည်။ သို့သော် ဆံပင်နှင့်ပတ်သက်သည့် မှုခင်းကိစ္စများတွင် ရဲဝန်ထမ်းများက ကူညီမှုအားနည်းသည်ဟု လုပ်ငန်းရှင်များက ဆိုကြသည်။ မှုခင်းအများစုမှာ ဆံပင်ခိုးယူခံရမှုများနှင့် ပလတ်စတစ် ဆံပင် (ဆံပင်အတု) ကို အစစ်နှင့်ရော၍ ဖြန့်နေမှုတို့ဖြစ်သည်။

“ဆံပင်နဲ့ပတ်သက်လို့ စခန်းသွားတိုင်ရင် ဂရုမစိုက်ချင်ကြဘူး” ဟု လုပ်ငန်းရှင် ကိုကြာညွန့်က ဆိုသည်။ ဆံပင်ဆိုသည်ကို ရောင်းတန်းဝင်ပစ္စည်းကဲ့သို့ မစဉ်းစားကြဘဲ အရေးတယူမလုပ်ကြဟု သူက ဆိုသည်။

ရင်ကျပ်တာ ဆံပင်ကြောင့်လား

သို့သော် ဆံပင်လုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာရေးအတွက်စိုးရိမ်စရာအန္တရာယ်ရှိသည့် လုပ်ငန်းဟု ဆိုသူလည်း ရှိသည်။ မိတ္ထီလာရှိ ကလေးအထူးကုဆရာဝန်လည်းဖြစ် မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်နယ်များရှိ ကျေးရွာများသို့ ဆင်းကာ လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်သည့် ဒေါက်တာ မြတ်မင်းက ဆံပင်လုပ်ငန်းထွန်းကားလာချိန်နောက်ပိုင်း ရင်ကျပ်ရောဂါဖြင့် လာပြသည့် လူနာ များလာသည်ကို သတိထားမိသည်ဟု Myanmar Now ကိုပြောသည်။

“အများကြီးပဲ၊ နေ့တိုင်း ကြည့်တဲ့ လူနာဦးရေမှာ တော်တော်များများ ပါတယ်၊ ပမာဏတော်တော်များတယ်လို့ ပြောရမယ်။ အဲဒီရွာတွေမှာ တစ်ရွာလုံးပဲ။ ရင်မကျပ်ဖူးတဲ့လူ မရှိဘူး။ ကလေးတွေမှာလည်း ရင်မကျပ်ဖူးတဲ့ ကလေး မရှိဘူး” ဟု ၎င်းကပြောသည်။

ဆံပင်တွင် မှို၊ ဖုန်၊ ဒက် တို့ ပါဝင်ပြီး အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သည့် ရောဂါများ ဖြစ်စေနိုင်သည်ဟု ဒေါက်တာမြတ်မင်းက ဆိုသည်။ ကလေးရင်ကျပ်လူနာများအား မှိုနှင့်ပတ်သက်သည့်ဆေးများ၊ ပိုးသတ်ဆေး အပြင်းစားများပေးရသည်ဟု အသက် ၄၀ အရွယ်ရှိ ဒေါက်တာမြတ်မင်းက ဆိုသည်။

“(ရင်ကျပ်တဲ့ရောဂါက) လေပြွန်အားနည်းတဲ့ကလေးတွေပေါ့၊ ငါးနှစ်အောက်ကလေးတွေမှာ အဖြစ်များတယ်။ လူကြီးတွေမှာလည်း ဖြစ်တယ်။ ဒါပေမဲ့ လူကြီးတွေက တောင့်ခံနိုင်ကြတယ်၊ ဆေးရုံတက်ရလောက်တဲ့ အထိကတော့ ကလေးတွေမှာ အများအားဖြင့် ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဆံပင်လုပ်ငန်း စတင် ဖွံ့ဖြိုးသည့် အစပိုင်း ၂၀၀၈၊ ၂၀၀၉ ခုနှစ်ပိုင်းများတွင် ဆံပင်ရုံများက ၎င်းတို့၏ အလုပ်သမားများကို ဆံပင်ဖျဉ်ချိန်တွင် နှာခေါင်းစည်းများ ပေးခဲ့ဖူးသည်ဟု ဝါရင့်ဆံပင်လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။ သို့သော်လည်း နောက်ပိုင်းတွင် လုပ်ငန်းရှင်များက မပေးတော့သလို ဆံပင်ဖျဉ်သူများကလည်း အရေးတယူလုပ် မစွပ်ကြတော့ဟု ဆိုကြသည်။

“အထူးသဖြင့်တော့ အပျိုလေးတွေပေါ့။ ရှက်လို့ နောက်ပိုင်း မျက်နှာဖုံး (နှာခေါင်းစည်း) မစွပ်ကြတော့ဘူး” ဟု အသက် ၄၀ အရွယ် သနပ်ခါးတောကျေးရွာမှ ဒေါ်မြင့်မြင့်ခိုင်က ဆိုသည်။ ၎င်းမှာ ကနဦးက ငွေကြေး တတ်နိုင်သည့် ဆံပင်ရုံများတွင် အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ ပိဿာချိန်လိုက် ဝယ်ယူ၍ မိမိအိမ်တွင်သာ ဆံပင်ဖျဉ်တော့သည်ဟု ပြောသည်။

ဆံပင်ဖျဉ်ခြင်းမှ ရရှိနိုင်သည့် ရောဂါများနှင့်ပတ်သက်၍ ဒေါ်မြင့်မြင့်ခိုင်က မကြောက်ဟု ပြောပါသည်။

“ခုတော့ မကြောက်သေးဘူး။ ဘယ်သူမှမှ မဖြစ်သေးဘူးရော။ ရောဂါဖြစ်မယ်ဆိုရင်တော့ အကုန် သေကုန်ကြမှာပေါ့။ ခုထိ ဘာမှမှ မဖြစ်တာ” ဟု ဆိုသည်။

အိမ်အောက်တွင်ပင် ဆံပင်ဖျဉ်သည့်အတွက် ကလေးများမှာ ဆံပင်များကြားတွင်ပင် ဆော့ကစားနေကြသည်ကို တွေ့ရသည်။ ဆံပင်ပုံများကြားတွင်ပင် ထမင်းစား၊ ဆံပင်များကြားတွင်ပင် အိပ်ရာခင်းအိပ်နေကြခြင်းဖြစ်သည်။

ဆယ်စုနှစ် တစ်ခုကျော်နီးပါး ဆံပင်ဖျဉ်သည့်လုပ်ငန်း လုပ်လာသည့်လူများကမူ ဂရုမစိုက်ပေ။ ယခုကိစ္စကို ရင်ဆိုင်နေရသည်မှာ ပြည်သူ့ကျန်းမာရေးဌာနလည်း ပါသည်။ လုပ်ငန်းတစ်ခု ထူထောင်တော့မည်ဆိုပါက ‘ကျန်းမာရေးထောက်ခံချက်’ လိုသည်။ ဆံပင်လုပ်ငန်း လုပ်ကိုင်တော့မည့် လုပ်ငန်းရှင်များ ထောက်ခံချက် လာတောင်းချိန်တွင် ပြည်သူ့ကျန်းမာရေးဌာနက ချမှတ်ထားသည့် စည်းကမ်းများကို တာဝန်ရှိ ကျန်းမာရေးမှူးများက ရှင်းပြကြရသည်။

“အဓိက ကတော့ သူတို့တွေ (ဆံပင်လုပ်နေသူများ) လိုက်နာဖို့၊ အသိရှိကြဖို့ပဲ။ ကျွန်မတို့ သွားစစ်တဲ့အချိန်ကျရင် မျက်နှာဖုံး (နှာခေါင်းစည်း) တွေ စွပ်ထားကြတယ်။ ကျန်တဲ့အချိန်မှာ မလုပ်ကြဘူး” ဟု ပျော်ဘွယ်မြို့နယ်၊ မြို့နယ်ကျန်းမာရေးမှူး (၁) ဒေါ်ကြော့မှူးခင်က ဆိုသည်။ ၎င်းတို့ဌာန၏ မှတ်တမ်းများအရမူ “ဆံပင်လုပ်ငန်း လုပ်ကိုင်မှုကြောင့် ရင်ကျပ်ရောဂါရသည်” ဆိုသည့်အချက်ကို မတွေ့ရှိသေးဟု ဆိုသည်။

ဆံပင်လုပ်ငန်းလုပ်ကိုင်သည့်ရွာတိုင်းတွင် လူချမ်းသာများပေါများလာသလို အနာဂတ်တွင် ရင်ကျပ်ရောဂါသမားများ ပိုများလာမှာကိုလည်း ဒေါက်တာမြတ်မင်းက စိတ်ပူနေသည်။ ဆံပင်လုပ်ငန်းများအားလုံးကို ရွာပြင်ထုတ်စေချင်သည်ဟု သူက ပြောသည်။

“ရွာက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိမယ်၊ လေကောင်းလေသန့် ရစေမယ်။ လုပ်ငန်းတွေကို ရွာပြင်မှာ လုပ်ငန်းဇုန်တွေထားပြီး လုပ်မယ်ဆိုရင် ပိုကောင်းမယ်” ဟု ၎င်းကပြောသည်။

သို့သော် ဆံပင်လုပ်ငန်းကို ရှစ်နှစ်ထက်မနည်းလုပ်ကိုင်လာသည့် သနပ်ခါးတောရွာသူ မစန္ဒာဝင်းအတွက်မူ ဆံချည်တစ်မျှင်သည် ရွှေချည်ငွေချည်ပင် ဖြစ်သည်။

“အရင်ကတော့ (ထမင်းစားတဲ့အခါ) ဆံပင်ပါရင် ရွံတာပေါ့။ ခုတော့ မရွံတော့ဘူး။ ဆံပင် (လုပ်ငန်း) တုံးသွားမှာတောင် ကြောက်နေရတယ်။ ဒါနဲ့ပဲ စားနေရတာဆိုတော့ ကာကွယ်တာလည်း မလုပ်တော့ပါဘူး” ဟု ဆိုသည်။

မြတ်ကျော်သူသည် Myanmar Now သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading