စစ်အာဏာရှင်ကို အန်တုခဲ့ကြသည့် ဗုဒ္ဓ၏သားတော် ရဟန်းအများအပြား ထောင်ကျ၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ပြန်လွတ်လာသည့်အခါတွင်လည်း စစ်အစိုးရခေတ်က ပြဋ္ဌာန်းခဲ့သည့် သံဃစည်းမျဉ်းဥပဒေတစ်ခုကြောင့် ကျောင်းတိုက် အများအပြားက လက်မခံရဲကြသဖြင့် ဒုက္ခဆင်းရဲခံနေရသည့် ရဟန်းများ၊ လူထွက် ဘဝပျက်သွားကြသည့် ရဟန်းများ ရှိနေသည်။
ရန်ကုန် — ရွှေဝါရောင် တော်လှန်ရေးဟု လူသိများသည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဗုဒ္ဓဘာသာသံဃာတော်များ ဦးဆောင် လမ်းလျှောက်ချီတက်ဆန္ဒပြပွဲများ ဖြိုခွင်းခံခဲ့ရပြီးနောက် ၁၁ နှစ်အကြာတွင် နေစရာ ကျောင်းအတွက် ဆင်းရဲခက်ခဲစွာရုန်းကန်နေရသည့် ရဟန်းတော်များထဲတွင် ဦးစန္ဒိမာလည်း တစ်ပါးအပါအဝင်ဖြစ်သည်။
၂၀၀၇ ခုနှစ် သံဃာဆန္ဒပြပွဲများကာလက သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် သီတင်းသုံးရင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ထိုဦးပ ဉ္စင်းကို ကျောင်းဟောင်းကရော တခြားကျောင်းတိုက်များကပါ လက်မခံသဖြင့် တောင်ဒဂုံစက်မှုဇုန် အနီး၌ သုံးထပ်အုတ်ကျောင်းဆောင် တည်ဆောက်နေသည်မှာ ငါးနှစ်ခန့်ကြာမြင့်ပြီဖြစ်သည်။

ဦးစန္ဒိမာ အပါအဝင် ရဟန်းသုံးပါး သီတင်းသုံးနေထိုင်သည့် ပေ ၂၀ ခန့်ကျယ်ဝန်းသည့် ထိုအုတ်ကျောင်းလေးကို ငါးနှစ်ခန့်ကြာအောင် ဆောက်လုပ်နေခဲ့သော်လည်း ဘဏ္ဍာငွေအခက်အခဲကြောင့် ပတ်တီးမကိုင် အချောမသပ် နိုင်သေးပေ။
“ပြန်လွတ်တုန်းကဆို နေစရာကျောင်းမရှိဘူး။ ကျောင်းအမျိုးမျိုး မှာ ကျောင်းထိုင်ကိုလျှောက်ထားပြီး ပြောင်းနေရတယ်” ဟု ဦးစန္ဒိမာက မိန့်သည်။ ရွှေဝါရောင်ဆန္ဒပြပွဲများအပြီး တစ်နှစ်ခန့်အကြာတွင် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး ထောင်ထဲတွင် သုံးနှစ်ခွဲခန့်နေခဲ့ရသည်။


ရွှေဝါရောင်သံဃာများအနက် သတင်းသုံးရန်နေရာအခက်အခဲများကြောင့် လူဝတ်လဲ ခဲ့သူအများအပြား ရှိခဲ့သည်ဟု သူကဆက်မိန့်သည်။


ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် တာမွေမြို့နယ် ရတနာမာန်အောင် ကျောင်းတိုက်တွင် သီတင်းသုံးခဲ့ဖူးသူ ဦးခေမာစာရကတော့ သီတင်းသုံးရန် ကျောင်းအခက်အခဲကြောင့် လူဝတ်လဲခဲ့ရသည်။ ဦးခေမာစာရ တစ်ဖြစ်လဲ ဦးချမ်းသာသည် သံဃာများဦးဆောင်ကာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၈ နှစ်အချခံရကာ ၂၀၁၂ ခုနှစ်တွင် လွတ်မြောက်ခဲ့သည်။
“ထောင်ကထွက်လာတဲ့သံဃာတစ်ပါးကို တခြားကျောင်းတွေကလည်း လက်မခံချင်ဘူး။ ဘဝရပ်တည်ဖို့ သိပ်ခက်ခဲကြတယ်။ ဒါတွေကမေ့လို့လည်းမရဘူး ကိုယ်တိုင်နာကျင်ခံစားခဲ့ရတယ်” ဟု အသက် ၃၈ နှစ် ရှိသည့် ဦးချမ်းသာ (ဦးခေမာစာရ)က ဆိုသည်။
ပြန်လည်လွတ်မြောက်ပြီးနောက် တစ်နှစ်ခန့်သင်္ကန်းဝတ်ဘဝဖြင့် ကျောင်းအနှံ့လျှောက်ထား သီတင်းသုံးခဲ့သော်လည်း နောက်ပိုင်းတွင် ကျောင်းနေရာ ပိုမိုခက်ခဲလာ ခြင်းကြောင့် လူဝတ်လဲကာ လယ်ယာမြေအလုပ်သမားအရေး အဖွဲ့အစည်းများထဲတွင် လိုက်ပါဆောင်ရွက်နေသည်။
ရွှေဝါရောင်တော်လှန်ရေး ၁၁ နှစ်ကြာပြီးနောက် ချို့တဲ့စွာ နေထိုင်နေသည့် ရွှေဝါရောင်သံဃာတော် များထဲတွင် သက်တော် ၆၆ နှစ်၊ ဝါတော် ၄၂ ဝါရှိပြီဖြစ်သည့် ဦးဇဝန လည်း တစ်ပါးအပါအဝင်ဖြစ်သည်။ ၎င်းသည် ၂၀၀၇ ခုနှစ်က မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင် ကျောင်းတိုက်၌သီတင်းသုံးခဲ့သည့် ရဟန်းတစ်ပါးဖြစ်သည်။
ယခု သန်လျင်တံတားအနီး တွင်တဲထိုးကာ ကျောင်းအဖြစ်သီတင်းသုံးနေသည့် ဦးဇဝနသည် ရွှေဝါရောင် တော်လှန်ရေးကာလက ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည်။ ၁၉၈၈ ခုနှစ်အရေးအခင်းနှင့် ၁၉၉၀ ပြည့်နှစ် ကံဆောင်သပိတ်တို့ တွင် ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့် ရှေ့မှာ တစ်ကြိမ် ထောင်နန်းစံခဲ့ရပြီးဖြစ်သည့် ၎င်းသည် ရွှေဝါရောင်တော်လှန်ရေးအပြီးမှာလည်း ထောင်ဒဏ် သုံးနှစ်ကျခံခဲ့ရသည်။
“သံဃနာယကက ဥပဒေထုတ်ထားတော့ အရင်နေခဲ့တဲ့ကျောင်းမှာ နေလို့မရတော့ဘူး။ လူထွက်သွားတဲ့ သံဃာတွေနဲ့လည်း အဆက်အသွယ်မရတော့ဘူး။ ကျန်းမာရေးမကောင်းလို့ဘဝပျက်သွားတဲ့ ကိုယ်တော်လေးတွေ ရှိတယ်။ ဦးပ ဉ္စင်းလည်း တဲပုတ်နဲ့တစ်သက်လုံးနေရမယ့် ပုံစံမျိုးရှိပါတယ်။ အသက်ကြီးမှ ထွက်ဖို့မစဉ်းစားတော့ ဘူး” ဟု မိန့်သည်။
ရွှေဝါရောင်တွင် ပါဝင်ခဲ့သည့် သံဃာများအနက် နေစရာကျောင်းတိုက် အဆင်ပြေသွားသည့် အနည်းငယ်မျှသော ရဟန်းများထဲတွင် ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဦးစန္ဒာသီရိလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်တွင် ထောင်မှပြန်လွတ်လာခဲ့ချိန်မှစကာ သင်္ဃန်းကျွန်းမြို့နယ် ရွှေသိမ်ကျောင်းတိုက်က လက်ခံသဖြင့် သီတင်းသုံးလျက်ရှိသည်။
“အိမ်မှာဆိုအဖေအမေလို ကျောင်းထိုင်ဆရာတော်ရဲ့သဘောထားကြီးမှုကြောင့် ပြန်နေခွင့်ရတာ။ ခြိမ်းခြောက်မှုတွေ ရှိတော့ ကျောင်းတွေကလက်မခံရဲကြဘူး။ ရွှေဝါရောင်မှာဆို ဦးပ ဉ္စင်းတို့လို ဦးဆောင်တွေ လောက်ပဲ ကျောင်းနေခွင့် ပြန်ရတာ အပါးတော်တော်နည်းနည်းပဲရှိတယ်။ ကျန်တဲ့သံဃာငယ်တွေမှာ ကျောင်းတွေကပြန်လက်မခံတော့ လူဝတ်လဲ ဘဝပျက်တွေဖြစ်ကုန်ကြတာတွေရှိပါတယ်”ဟု ၎င်းက မိန့်သည်။
၂၀၀၇ ရွှေဝါရောင်သံဃာ့ အရေးအခင်းတွင် ရှေ့တန်းမှ တက်တက်ကြွကြွပါဝင်ခဲ့သည့် ကျောင်းတိုက်အချို့ကို စစ်အစိုးရက ချိပ်ပိတ်ခဲ့သည်မှာ ယခု အထိဖြစ်သည်။
ထိုအချိန်က ကျောင်းများမှာ စစ်ထောက်လှမ်းရေးစောင့်ကြည့်သည့် ကာလဖြစ်နေ၍ ရွှေဝါရောင် သံဃာ့ အရေးအခင်းတွင် ပါဝင်ခဲ့သည့် သံဃာတော်များဖြစ်လျှင် မည်သည့်ကျောင်းမှ လက်မခံရဲခဲ့ပေ။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရခေတ်ရောက်လာသည်အထိ လည်း အများစုက ပြန်လက်မခံကြသေးပေ။
စစ်အစိုးရခေတ်ကထုတ်ခဲ့သည့် ဥပဒေစည်းမျဉ်း
ထိုသို့ ကျောင်းတိုက်များသို့ ပြန်နေခွင့်မရှိသည်မှာ ၁၉၉၀ ပြည့်နှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) က ပြဋ္ဌာန်းပြီး နိုင်ငံတော်သံဃာ့မဟာနာယကက ထုတ်ပြန်လိုက်ခဲ့သည့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်ကြောင့်ဟု ရွှေဝါရောင်ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ပြီး ထောင်ထဲတွင် ငါးနှစ်နေခဲ့ရသည့် ဦးပဏ္ဍာဝံသက မိန့်သည်။
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွင် သံဃာများသည် နိုင်ငံရေးပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရန်၊ သံဃာဂိုဏ်းကိုးဂိုဏ်းမှတပါး တခြားသောသံဃာအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းများ မပြုလုပ်ရန်ဟု ပါရှိသည်။ ဖောက်ဖျက်ကျုးလွန်မိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ပုဒ်မ-၁၀ နှင့် ၁၁ အရ ထောင်ဒဏ်အသီးသီး ချမှတ်နိုင်သည်ဟု ပါရှိသည်ဟု ဆိုသည်။
“ဒီနေ့ဒီချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထောင်ကျခဲ့တဲ့သံဃာတွေဟာ နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ ညွှန်ကြားချက်နဲ့မကိုက်ညီလို့ ယခင်ကျောင်းတိုက်ကဆရာတော်တွေက ဒီသံဃာတွေကို ပြန်လည်လက်ခံရဲ ခြင်းမရှိဘူး။ တကယ်လို့လက်ခံရင်လည်း အဲ့ဒီဆရာတော်တွေကို နိုင်ငံတော်သံဃာ့မဟာနာယက က နေ အဆင့်ဆင့်အရေးယူဆောင်ရွက်ခြင်းခံရမှာဖြစ်တဲ့အတွက် မူလကျောင်းတွေမှာ ပြန်လည်သီတင်းသုံးခွင့်မရှိတာ ဖြစ်တယ်” ဟု ဆရာတော်က ဆက်မိန့်သည်။
အဆိုပါ ဥပဒေ ပုဒ်မ-၁၀ တွင် မည်သူမဆို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ပြိုကွဲပျက်စီးစေရန် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ ရေးသားဖြန့်ချိခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ-၁၁ တွင် ရဟန်း သို့မဟုတ် သာမဏေတစ်ပါးပါးကို သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က အရေးယူဆုံးမသည့်အခါ ထိုသို့ ဆုံးမခံရသော ပုဂ္ဂိုလ်သည် ဆုံးမသည့်အတိုင်း လိုက်နာရမည် ဆိုသည့် အချက်များဖြစ်သည်။
ပုဒ်မ ၁၀ သည်ထောင်ဒဏ်ခြောက်လမှ သုံးနှစ်အထိချမှတ်ခံရနိုင်ပြီး ပုဒ်မ ၁၁ သည်ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်ကာ မြန်မာနိုင်ငံတွင်သီတင်းသုံးသည့် ဝါဆိုသံဃာများအား နိုင်ငံတော်သံဃာ့မဟာနာယက ၏အခြေခံသံဃာ့ စည်းမျဉ်း စည်းကမ်းများနှင့် အုပ်ချုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“လမ်းဘေးမှာကျောင်းမရှိ ကန်မရှိနဲ့နေနေရတာတွေဟာ ဝိနည်းစည်းကမ်းနဲ့မညီဘူး။ ဒါကြောင့်မို့ မိမိတို့သက်ဆိုင်ရာ မူလဆရာတော်တွေကနေ သံဃာတွေကို ပြန်ပြီးလက်ခံပေးနိုင်ပါတယ်ဆိုတဲ့ ညွှန်ကြားချက်တွေထုတ်ပေးရင်တော့ သံဃာတွေဟာသူတို့ရဲ့ကျောင်းတွေမှာ ပြန်ဝါဆိုခွင့်ရှိတာပေါ့” ဟု ဦးပဏ္ဍာဝံသက ဆက်လက်မိန့်ကြားသည်။
ထို့အပြင် နိုင်ငံတော်သံဃာ့မဟာနာယက မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအချို့မှာ ထေရဝါရမူနှင့် မကိုက်ညီသည့်အတွက် စည်းမျဉ်းစည်းကမ်းအချို့ ပယ်ဖျက်ပေးရန် ပြန်လည်သုံးသပ်မှုများပြုလုပ်သင့်သည် ဟု ၎င်းက အကြံပြုတောင်းဆိုသည်။
“အရပ်သားအစိုးရလက်ထက်လည်း ဖြစ်နေပြီ။ ဒီသံဃာတွေကျောင်းပြန်နေနိုင်ရေးဆိုတာ နိုင်ငံတော် သံဃမဟာ နာယက အပေါ်မှာပဲမူတည်တယ်” ဟုပြောသည်။
သွေးမြေကျသောနေ့
အကြမ်းဖက်နှိမ်နင်းခံရသည့် နေ့မြင်ကွင်းနှင့် အသံများမှာ ၁၁ နှစ်ကြာသွားခဲ့သော်လည်း ဦးစန္ဒာသီရိကမူ မမေ့နိုင်သေးပါ။
“ဦးပ ဉ္စင်းတို့ မေတ္တာသုတ်ပဲ အဆက်မပြတ်ရွတ်ခဲ့ကြတာ။ လမ်းမကြီးဘေးက ဆိုင်ခန်းလေးတွေက ‘အရှင်ဘုရားတို့ ဒီထဲဝင်ခဲ့ ဒီထဲဝင်ခဲ့’ …‘လုပ်လိုက်ပြီ ဟိုမှာတကယ်ရိုက်လိုက်ပြီ’ ဆိုတဲ့ အော်သံတွေ ကြားခဲ့ရတယ်” ဟု ထောင်ထဲတွင် ငါးနှစ်နေခဲ့ရသည့် ၎င်းက မိန့်သည်။
သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခံရသော သံဃာတော်များသည် အနားရှိ ဆိုင်ခန်းများ၊ ဘုန်းကြီးကျောင်းများ အတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့ ကြပြီး မတိမ်းရှောင်နိုင်ခဲ့သည့် ရဟန်း၊ လူပုဂ္ဂိုလ်များကို အသင့်နေရာချထားသည့် စစ်ထရပ်ကားများဖြင့် ဖမ်းဆီးခဲ့သည် ဟု ၎င်းက ပြန်ပြောင်းမိန့်သည်။
ထောင်နှင့်ချီသော ရဟန်းရှင်လူများကို စစ်ကြောရေးစခန်း တစ်ခုဖြစ်သည့် အင်းစိန် အစိုးရနည်းပညာသိပ္ပံဝင်း အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ကြောရေးကာလ၌ ရဟန်းများကို ဆိုးဆိုးရွားရွား ရိုက်နှက်မေးမြန်းခဲ့သည်ဟု ဆက်ပြောသည်။
ဦးစန္ဒိမာကလည်း စစ်ကြောရေးကာလ၌ ကြုံတွေ့ခံစားခဲ့ရသည်နှင့်ပတ်သက်ပြီး “ရိုက်တဲ့သူကပဲ ပြောင်းသွားတာ။ အရိုက်ခံရတဲ့သူကပြောင်းမှမပြောင်းဘဲကို။ ဒီကောင်တွေတော်တော်ဆိုးတယ်။ သူမေးတာမဖြေလို့ သူစီးထားတဲ့ဖိနပ် ချွတ်ပြီး ငါ့ကိုပါးရိုက်တာ။ အရှေ့ကမေးလို့ ဖြေတာနောက်ကျရင် နောက်ကလူကတုတ်နဲ့ခေါင်းကို ထပ်ရိုက်တယ်” ဟု ဆိုသည်။
နံပါတ်တုတ်ဖြင့် ခြေထောက်များအပေါ်သို့ လှိမ့်ခြင်း၊ ဖိနပ်ဖြင့်ပါးရိုက်ခြင်း၊ ဘီယာဖန်ခွက်ဖြင့် ခေါင်းကို ရိုက်နှက်ခြင်းများ ကြုံတွေ့ခံစားခဲ့ ကြောင်း ဆရာတော်က ပြောပြသည်။ စစ်ကြောရေးအလွန် ထောင်တွင်း ၌လည်း ရုပ်ပိုင်း၊ စိတ်ပိုင်း စသည်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသေးသည်ဟု ရဟန်းဘဝဖြင့် ထောင်တွင်း ငါးနှစ်နေထိုင်ခဲ့ရသူ ဦးခေမာစာရ တစ်ဖြစ်လဲ ဦးချမ်းသာ ကပြောသည်။
ထောင်တွင်း၌ ဆေးကုသမှုမပေးခြင်း၊ မိလ္လာစနစ်ဆိုးရွားခြင်းနှင့် လူမဆန်စွာရိုက်နှက်မှုများကို ခံစားခဲ့ရပြီး သံဃာတော်အချို့မှာ ထောင်တွင်း၌ပင် ပျံလွန်တော်မူရကြောင်း ၎င်းက ပြောသည်။
“ညနှစ်နာရီလောက်မှာ တိုက်ခန်းတွေရှေ့ကနေ ဂလောင်..ဂလောင်…လောင် နဲ့ သော့တွဲတွေဆွဲပြီး လမ်းလျှောက် တယ်။ သူတို့မကျေနပ်တဲ့အခန်းတစ်ခန်းထဲ ဝင်ပြီးတော့ရိုက်နှက်တယ်။ ဒီသော့တွဲလာတာနဲ့ ငါ့များလာခေါ် တာလား ရိုက်တော့မလား ထုတော့မလားဆိုတဲ့ စိတ်တွေနဲ့ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဝေးလံတဲ့နေရာ တွေကို ပို့ပစ်တယ်” ဟု ဆိုသည်။
ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ထောင်နှင့်ချီသံဃာများ ဖမ်းဆီးခံရပြီး သံဃာအပါး ၃၀၀ နီးပါးက ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်ဟု ရွှေဝါရောင်သံဃာ့သမိုင်း စာအုပ်ထုတ်ရန် ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူ မှ ရွှေဝါရောင်ဆရာတော် များထံတွင် စစ်တမ်းကောက်ယူ ပြုစုနေသည့် မန္တလေးရွှေဝါရောင် ဆရာတော် ဦးပါကဋ ကမိန့်သည်။
ငွေကြာယံ၊ ရွှေတောင်၊ မဂ္ဂင် ၊ ခြောက်ထပ်ကြီးစသည့် ဘုန်းကြီးကျောင်းများ ညတွင်းချင်းစီးနင်းခံရပြီး ကျောင်းများ၌ပင် အသက်ဆုံးခဲ့ရသည့် သံဃာတော်များရှိခဲ့သည်။ သို့သော်လည်း စာရင်းအတိအကျကို ပြန်လည်ကောက် ယူနိုင်ရန် ခဲယဉ်းသည်ဟု ၎င်းက မိန့်သည်။
သပိတ်မလှန်သေး
မြန်မာဗုဒ္ဓဘာသာ တို့၏ဘဝသည် ရဟန်းသံဃာတို့၏ဘဝနှင့်ဆက်နွှယ်နေသည်။ စားဝတ်နေရေးကျပ်တည်းမှု ကို ခါးစည်းခံနေရသည့် ပြည်သူလူထု၏ညည်းတွားမှုသည် ထောင်နှင့်ချီသောသံဃာထုကို လမ်းပေါ်ထွက်စေခဲ့သည့် အဓိကအချက် ဖြစ်သည်ဟု ဦးစန္ဒာသီရိက မိန့်သည်။
“အိမ်ရှေ့မှာရပ်နေပေမယ့် အိမ်နောက်က ပြဿနာဖြစ်နေတဲ့အသံကို ကြားရရင် အဲ့ဒီရဟန်း ချက်ချင်းတော့ဘာမှ မလုပ်ပေးနိုင်ပေမယ့် အဲ့ဒီစိတ်ကသူ့ရင်ထဲရောက်ပြီး သူလျှောက်သွားနေမှာပဲလေ” ဟု ၎င်းကဆိုသည်။
ကုန်ဈေးနှုန်းနှင့် ရုတ်တရက်မြှင့်တင်လိုက်သည့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းရန် မင်းကိုနိုင် အစရှိသည့် ၈၈ ကျောင်းသား ခေါင်းဆောင်များက ရန်ကုန်တွင် ဆန္ဒပြခဲ့ကြသလို ကျောင်းသားလူငယ်များနှင့် ရဟန်းသံဃာတို့ ကလည်း မကွေးတိုင်း ပခုက္ကူမြို့တွင် ပရိတ်ရွတ်ဆိုကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုသည့် သံဃာများအား လုံထိန်းများက ဓာတ်တိုင်တွင်ကြိုးတုပ်ရိုက်နှက်သည့် အပေါ် တောင်းဆိုသည့်အတိုင်း စစ်အစိုးရက ခုနစ်ရက်အတွင်း မတောင်းဆိုသည့်အတွက် ပတ္တနိက္ကုဇ္ဇနကံဆောင်ကာ သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။
အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ပေမယ့် သံဃာကိုစော်ကားခဲ့သည့် အစိုးရအနေဖြင့် သပိတ်ပြန်လှန်ရန် သံဃာထုအားပြန်လည် မတောင်းပန်ခြင်းကြောင့် တိုင်းပြည်သည် သံဃာ့ကံထိုက်ကာ နိုင်ငံရေး၊ စီးပွားရေးတို့၌ အဆင်မပြေမှုများ ကြုံတွေ့နေရပြီး ရွှေဝါရောင်တော်လှန်ရေး၏ ရည်မှန်းချက်များမှာလည်း ယခုထိတိုင် မအောင်မြင်သေးကြောင်း ဆရာတော်ဦးစန္ဒာသီရိ က မိန့်သည်။
“အဲ့ဒီအချိန်တုန်းက သံဃာကိုညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ သူတွေက ယနေ့အချိန်အထိ ခေါင်းဆောင်ပိုင်းနေရာမှာ ရှိနေသေးတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေက သံဃာထုကို ပြန်တောင်းပန်ရမယ်။ ဗုဒ္ဓရဲ့ဟောကြားချက်အရ သပိတ်မှောက် ခံထားရသူ တွေက သပိတ်ကိုပြန်လှန်ဖို့ ပြန်လည် (ဝန်ချတောင်းပန်) လျှောက်ထားခြင်းမရှိရင် ဘုန်းကြီးတို့ကိုယ်တိုင်က သပိတ်ကိုပြန်လှန်ပိုင်ခွင့်မရှိဘူး” ဟု မိန့်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











