၂၀၁၄ ခုနှစ် မတ်လက စတင်တည်ထောင်ခဲ့သည့် ရခိုင်အမျိုးသာပါတီ (ANP) သည် ရခိုင်ပြည်နယ်တွင် အားအကောင်းဆုံးပါတီတစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိသည့်အတွက် လွှတ်တော်အရပ်ရပ်တွင် ANP အမတ်များ နေရာယူနိုင်ခဲ့ကြသည်။

တဖက်တွင်လည်း ပါတီတွင်း မူဝါဒရေးရာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများကြောင့် အကွဲအပြဲဇာတ်လမ်းများ ကြားလာခဲ့ရသည်။ ယခုနှစ် မေလက (ANP)ပါတီ၏ ဒုတိယအကြိမ် ညီလာခံကို ကျင်းပခဲ့ပြီး ညီလာခံ၏ အဆုံးအဖြတ်အရ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးသာထွန်းလှကို ပါတီဥက္ကဌအဖြစ် ဇွန် ၁ ရက်တွင် ရွေးချယ်လိုက်ကြသည်။ ဒေါက်တာအေးမောင်အလွန်၊ ANP အကွဲအပြဲအပြီး ဒုတိယမြောက် ဉက္ကဌ ဖြစ်သည်။

၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားမှုကာလကတည်းက နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်လာသည့် ဦးသာထွန်းလှသည် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ မပူးပေါင်းမီကပင် (RNDP) တွင် ပါဝင်ခဲ့သူဖြစ်သည်။

၂၀၁၈ နိုဝင်ဘာလမှစ၍ ပြင်းထန်လာသည့် ရခိုင်တိုက်ပွဲများနှင့်အတူ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်မည့်အနေအထား၊ လက်နက်ကိုင်ပဋိပက္ခများ၏ အခြေအနေ စသည့်တို့ကို Myanmar Now မှ ဦးသာထွန်းလှအား မေးမြန်းထားသည်။

မေး။ ။ ANP မှာ ဘယ်လိုဖြစ်ပြီး ဉက္ကဌဖြစ်လာတာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပါတီမှာက ပါတီဖွဲ့စည်းပုံအရ ငါးနှစ်တစ်ကြိမ် ပါတီညီလာခံလုပ်ရတယ်။ ပါတီညီလာခံဆိုတာက ပါတီမှာ အဆင့်အမြင့်ဆုံး အဖွဲ့အစည်းပါပဲ။ ပါတီညီလာခံလုပ်ရင် ပါတီဖွဲ့စည်းပုံပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမယ်၊ ပြီးရင် ပါတီကို အဓိကဦးဆောင်မောင်းနှင်မယ့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွေကို ပြန်လည်ရွေးချယ်ရမှာရှိတယ်။ ဒုတိယအကြိမ်ပါတီညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ်က ကျွန်တော့်ကို ပါတီဥက္ကဌအဖြစ် တာဝန်ပေးလိုက်တဲ့အတွက် ကျွန်တော် ဥက္ကဌဖြစ်လာတာပါ။

မေး။ ။ ခေါင်းဆောင်အပြောင်းအလဲနဲ့အတူ ပါတီရဲ့ မူဝါဒပိုင်းကရော ဘာတွေပြောင်းလဲသွားပါသလဲ။

ဖြေ။ ။ အရင်က ပါတီမှာ မူဝါဒသုံးခု ချမှတ်ခဲ့တာရှိတယ်။ နံပါတ်တစ်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်၊ နံပါတ်နှစ်က ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့အကျိုးစီးပွား ဖြစ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ နံပါတ်သုံးကတော့ ဒီမိုကရေစီစနစ်ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန်ဆိုပြီး သုံးခုရှိခဲ့တယ်။

အခုတော့ ပါတီညီလာခံမှာ အဲဒီမူဝါဒသုံးခုကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရန် မူဝါဒ လေးခုနဲ့ ထပ်ပြီးအင်အားဖြည့်လိုက်တယ်။ အခုက ပါတီမှာ နံပါတ်တစ်က ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများအကျိုးစီးပွားတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ နံပါတ်နှစ်က တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူအခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ နံပါတ်သုံးက ဒီမိုကရေစီစနစ်ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် နံပါတ်လေးကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးကြိုးပမ်းဆောင်ရွက်ရန်ဆိုပြီး မူဝါဒလေးခု ချမှတ်ထားပါတယ်။

မေး။ ။ ခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်ရဲ့ ပါတီကိုဦးဆောင်ခဲ့မှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ။ ။ မှတ်ချက်မပေးလိုပါဘူး။

မေး။ ။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတော့ ရွေးကောက်ပွဲက ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံတဲ့ပွဲမှာလည်း ကော်မရှင်က တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတာကြောင့် ရွေးကောက်ပွဲဖြစ်နိုင်အောင်လုပ်လို့ရတဲ့ အခြေအနေရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်မှာ တိုက်ပွဲဖြစ်တယ်ဆိုပေမယ့် ဘာပဲပြောပြော အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်တွေလည်း ရှိခဲ့တဲ့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ရင်တော့ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ်လို့တော့ ယုံကြည်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အောင်မြင်မှု မရှိခဲ့ဘူး။ ဆိုတော့ လာမယ့်ရွေးကောက်ပွဲမှာ ဘာတွေပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ရခိုင်တောင်ပိုင်း၊ မြောက်ပိုင်းဆိုတာထက် ကျွန်တော်တို့ပါတီက ပြင်ဆင်ရင်တော့ အကုန်လုံးပြင်ဆင်ရတဲ့အတွက် အဲဒီလို အပိုင်းလိုက်ခွဲပြီးပြင်ဆင်စရာ သိပ်ထူးထူးခြားခြား မလိုဘူး။ တောင်ပိုင်းမြို့တွေမှာလည်း ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာရှိတယ်။ အဲဒီတုန်းက တောင်ပိုင်းမှာရှုံးခဲ့တယ် ဆိုတာကလည်း မဲအပြတ်အသတ်နဲ့ရှုံးခဲ့တာ မဟုတ်ဘူး။ မဲထောင်ဂဏန်းလောက်အကွာနဲ့ ရှုံးခဲ့တဲ့အချိန်တွေရှိပါတယ်။ အဲဒါကြောင့် အဲဒီအခြေအနေပေါ် ကျွန်တော်တို့သုံးသပ်မယ်ဆိုရင် ဒီတစ်ကြိမ်ရွေးကောက်ပွဲဖြစ်လာမယ်ဆိုရင် ရခိုင်တောင်ပိုင်းမှာလည်း ပါတီအနေနဲ့ ပိုပြီးအားကောင်းပြီးတော့ အနိုင်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

မေး။ ။ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေကောက်ပွဲကာလ အမတ်လောင်းတွေ၊ နောက်ပြီး မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေရေး စိတ်ချရမှုရှိပါ့မလား။

ဖြေ။ ။ ရွေးကောက်ပွဲကာလကို အခုလက်ရှိတိုက်ပွဲဖြစ်တဲ့ခြေအနေနဲ့ ထပ်တူကျအောင် သွားစဉ်းစားလို့မရဘူး။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ပြည်သူတွေ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဖန်တီးပေးဖို့ လိုပါလိမ့်မယ်။ အဲဒီလိုအခင်းအကျင်းမျိုးဖြစ်လာခဲ့ရင် မဲဆန္ဒရှင်ပြည်သူတွေ လုံခြုံစွာနဲ့ မဲပေးနိုင်မှာပါ။

မေး။ ။ ရခိုင်မှာ တိုက်ပွဲတွေလည်းရှိနေတယ်ဆိုတော့ စစ်တပ်ဝန်းတွေအတွင်းမှာရှိနေတဲ့ တပ်တွင်းမဲရုံတွေ အပြင်ရောက်လာမယ်လို့ထင်လား။

ဖြေ။ ။ ခုနက ပြောသလိုပဲ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုပုံစံဖန်တီးနိုင်မလဲ ဘယ်လိုအဖြေရှာနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တပ်တွင်းမဲရုံတွေကိစ္စကလည်း အဲဒီအပေါ်မှာပဲ မူတည်ပါတယ်။

မေး။ ။ ပြည်သူတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒုက္ခတွေကိုမေ့ထားပြီး ရွေးကောက်ပွဲလမ်းကြောင်းဘက်ကို စိတ်ဝင်စားလာမယ်လို့ထင်လား။

ဖြေ။ ။ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းတယ်ဆိုတာကို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးတဲ့ ပြည်သူအရေအတွက် အလွန်တရာနည်းလာတာကို ကြည့်ရင်သိပါတယ်။ ဒါကြောင့် ပြည်သူတွေ နိုင်ငံရေးအခင်းအကျင်း နိုင်ငံရေးဖြစ်စဉ်ကို ပိုပြီးစိတ်ဝင်စားမှုရှိလာအောင် ကျွန်တော်တို့ကြိုးစားဖို့ လိုအပ်တယ်လို့ ယူဆတယ်။

မေး။ ။ ရခိုင်တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံး၊ ဒဏ်ရာရမှုမြင့်တက်လာတဲ့အပေါ် တပ်မတော်နဲ့ AA ကို ANP အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ လက်နက်ကိုင်နည်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူးဆိုတာ အခုလွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၇၀ ကျော်ခဲ့သွားပြီ အဲဒါလည်း လက်ရှိပကတိအခြေအနေပဲ။ အဖြေမရနိုင်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်ပြီးလုပ်နေလို့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပုံစံကို ကျွန်တော်တို့လိုချင်တဲ့ ပုံစံကိုတည်ဆောက်နိုင်ဖို့အခြေအနေ မရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံအနေနဲ့ဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ဖို့လိုပါတယ်။

မေး။ ။ ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေဖြစ်လာတာ ဘယ်သူ့မှာတာဝန်ရှိတယ်လို့မြင်လဲ။

ဖြေ။ ။ အရင်တုန်းက ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပြဿနာမရှိဘူး တည်ငြိမ်တယ် ဘာညာပြောကြတယ်။ လက်နက်ကိုင်မဋိပက္ခမရှိဘဲတည်ငြိမ်တယ်ဆိုရင် ရခိုင်ပြည်နယ်က ဘာကြောင့် အဆင်းရဲဆုံးပြည်နယ် အခြေအနေကိုရောက်သွားရတာလဲ။ ဘာကြောင့် လျှစ်လျူရှုခံရတာလဲ။ ဥပမာ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီဆိုရင် ရခိုင်ပြည်နယ်မှာ မဲအများဆုံးရတဲ့ ပါတီအဖြစ်နဲ့ ကျွန်တော်တို့အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကို စီမံခန့်ခွဲအုပ်ချုပ်ခွင့်အာဏာ ကျွန်တော်တို့မရခဲ့ဘူး။

လွပ်လပ်ရေးရပြီးကတည်းက နိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စတွေကို မဖြေရှင်းခဲ့တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခက ရခိုင်မှာ တဖန်ပြန်ဖြစ်လာတာ။ အဓိကက ပြည်သူတွေကို ဆင်းရဲမှု၊ လူနေမှုဘဝတွေကို မြှင့်တင်မပေးနိုင်မှု၊ လျလျူရှုခံရမှုတွေကြောင့် နောက်ဆုံးမှာ လက်နက်ကိုင်ပြီး တော်လှန်တိုက်ခိုက်မှ ကိုယ့်ပြည်နယ်ကို စီမံအုပ်ချုပ်ခွင့်ရမယ်လို့ ယူဆတဲ့ သူတွေက ပြန်ပြီး တိုက်ခိုက်လာတဲ့သဘောရှိတယ်။

မေး။ ။ ရက္ခိုင့်တပ်တော် AA ရဲ့လက်နက်ကိုင်လမ်းစဉ်အပေါ်ကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေမှာ လုပ်ပိုင်ခွင့်အာဏာ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးနေတဲ့အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းအရ အဖြေမထွက်နိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးလုပ်ကိုင်ဆောင်ရွက်လာတဲ့ သဘောရှိတယ်။ ဒါကြောင့် ကိုယ်အားသန်ရာ လက်နက်ကိုင်တဲ့လမ်းစဉ်နဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးရရှိအောင် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တို့ သဘောပေါက်ပါတယ်။

 

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading