အရှေ့တောင်အာရှထိခြေဆန့်ခဲ့သည့် ဩစတြေးလျနိုင်ငံသား မီဒီယာသူဌေးကြီး၏ ဆူကြုံနိမ့်မြင့်

စစ်ထောက်လှမ်းရေးတန်ခိုးထွားစဉ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့် မီဒီယာတိုက်ကို ပူးတွဲ တည်ထောင်ခဲ့သူ ရော့စ် ဒန်ကလေသည် သူအားကျခဲ့ရသည့် ရူးပတ် မားဒေါ့လို ဩဇာညောင်းသည့် မီဒီယာသူဌေး ဖြစ်မလာဘဲ မူးယစ်ဆေးဝါးမှုဖြင့် မြန်မာနိုင်ငံ၌ ထောင်နန်းစံနေရပြီဖြစ်သည်။

ရော့စ်ဒန်ကလေသည် သတင်းသမားအလုပ်ကို စွန့်လွှတ်လိုက်ရန် စဉ်းစားနေချိန်မှာပင် တစ်နိုင်ငံတည်းသား ဩစတြေးလျနိုင်ငံသား ရူးပတ် မားဒေါ့နှင့် တွေ့ဆုံမိခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၈၃ ခုနှစ် အမေရိကဖလား လှေပြိုင်ပွဲကျင်းပချိန် ရိုဒ်ကျွန်း၏ ကမ်းရိုးတန်းတစ်လျှောက် သူငယ်ချင်းတစ်ဦး၏ ရွက်လှေပေါ်တွင် အပန်းဖြေရင်း ဆုံတွေ့ကြခြင်း ဖြစ်သည်။ တခြားတိုက်တစ်တိုက်အတွက် သတင်းသမားအဖြစ် အလုပ်လုပ်ပေးရသည်ကို ငြီးငွေ့နေသော ဒန်ကလေသည် မိသားစုထံပြန်သွားပြီး လယ်သမားပြန်လုပ်ဖို့ အာသီသရှိနေသည်။ သို့သော် ထိုခေတ်အခါ၏ အတက်ကြွဆုံး၊ ဩဇာအရှိဆုံး သတင်းစာဆရာကြီးနှင့် ရှန်ပိန်သောက်ရင်း စကားစမြည်ပြောပြီးနောက်မှာမူ သတင်းရေးသည့်အလုပ်သည် စိတ်လှုပ်ရှားစရာကောင်းလာပြန်သည်။ သို့သော် နောက်လိုက်မဟုတ်ဘဲ မားဒေါ့ကဲ့သို့ သူဌေးဖြစ်ရမည် ဆိုလျှင်ပေါ့။

ထို့နောက် ဩစတြေးလျ ကျေးလက်ဒေသတစ်ခု၏ သတင်းစာတိုက်တွင် အယ်ဒီတာအဖြစ် အလုပ်လုပ်ပြီးနောက် အရှေ့တောင်အာရှတွင် သတင်းစာတိုက်များကို ပူးတွဲတည်ထောင်၍ နှစ် ၂၀ ခန့် လုပ်ကိုင်ခဲ့သည်။ သူသည် ယခုဆိုလျှင် အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး သူ၏ အသွင်သဏ္ဌာန်သည် မားဒေါ့ငယ်စဉ်ကနှင့်ပင် ခပ်ဆင်ဆင်တူနေတော့သည်။ ထိပ်ပြောင်ပြောင်၊ လေးထောင့်မျက်မှန်နှင့် အနည်းငယ် ဂျစ်ကန်ကန်နိုင်သည့် ပုံမျိုးဖြစ်သည်။ ယခုအသက်အရွယ်တွင် သူတည်ထောင်ခဲ့သော မီဒီယာအင်ပါယာလေး၏ ပဲ့ကိုင်ရှင်ကြီးဖြစ်နေရန် မျှော်မှန်းချက်ရှိခဲ့မည်ဖြစ်သော်လည်း လက်တွေ့တွင်မူ မူးယစ်ဆေးဝါးမှုကြောင့် မြန်မာနိုင်ငံတွင် ထောင် ၁၃ နှစ်ကျခံရတော့မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လအတွင်း မီဒီယာလုပ်ငန်းအသစ်တစ်ခု စတင်ရန် ဒန်ကလေ ပြင်ဆင်နေချိန်တွင် ရန်ကုန်၏ လူချမ်းသာရပ်ကွက်တွင် ရှိသော သူ၏နေအိမ်ကို ရဲများကလာရောက်ရှာဖွေသွားကြသည်။ ၎င်း၏ နေအိမ်တွင် ယာဘဆေးပြား ၇၉၇ ပြား၊ ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါး (crystal meth) ၃၀၃ ဂရမ် နှင့် ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းအနည်းငယ်တို့ကို ရဲများကတွေ့ရှိခဲ့သည်ဟု မှတ်တမ်းအရ သိရသည်။ မြန်မာအမျိုးသမီး ၅ ဦးနှင့် ဒန်ကလေ၏ စီးပွားဖက် ဗြိတိန်နိုင်ငံသားတစ်ဦးတို့သည်လည်း ဖမ်းဆီးခြင်းခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။

နာမည်ဆိုးခဲ့သော အင်းစိန်ထောင်သို့သွားရောက်၍ ဒန်ကလေနှင့် ကျွန်တော် ဆုံတွေ့ခဲ့ပါသည်။ ထင်ရှားသော နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်သည့် ဦးဝင်းတင်သည် အင်းစိန်ထောင်ထဲတွင် နှစ် ၂၀ ခန့်နေခဲ့ရပါသည်။ ဦးဝင်းတင်သည် ထောင်ထဲတွင်နေစဉ်က အိပ်ရာမရှိသော ခွေးတိုက်ထဲတွင် နေခဲ့ရပြီး အလွန်အကျွံ ရိုက်နှိက်နှိပ်စက်ခြင်းခံခဲ့ရသောကြောင့် သွားအတော်များများကျွတ်ထွက်ကုန်သည်ဟု သူ့အင်းစိန်ထောင်အတွေ့အကြုံများကို ၂၀၁၀ ပြည့်နှစ်က ရေးသားခဲ့ပါသည်။ ဒန်ကလေအတွက်မူ အခြေအနေက ဤမျှလောက်တော့ မဆိုးသေးပါ။ သို့သော် ပလစ်စတစ်ညှပ်ဖိနပ်ကိုစီးကာ၊ ချည်အင်္ကျီနှင့် လုံချည်ကိုဝတ်ဆင်ထားပြီး ခပ်မှောင်မှောင် ဧည့်တွေ့ခန်းသို့ ဝင်လာသော ဒန်ကလေကိုကြည့်ရသည်မှာ မာန်ကျနေသည့်ပုံပေါက်ပြီး ကျွန်တော်ကြားဖူးထားသည့် အသံကျယ်ကျယ်၊ ခပ်ထက်ထက် ဒန်ကလေမဟုတ်တော့ပါ။ သူ၏ ယုံကြည်မှုအပြည့်ရှိသော ဩစတြေးလျလေသံဝဲဝဲသည်လည်း ခပ်ကျယ်ကျယ်ထွက်ပေါ်မလာဘဲ အသံတိတ်နေသည်။ သူ့လက်ချောင်းများကို ဂနာမငြိမ်စွာ ကစားရင်းက ကျွန်တော့်ကို ဤသို့ပြောပါသည်။

တစ်နည်းနည်းနဲ့တော့ ဒီကလွတ်မှဖြစ်မယ်”

အဖမ်းခံရသည့်အချိန်မှစ၍ ဒန်ကလေနှင့် စီးပွားအကျိုးတူဖြစ်သူ ဂျွန် မက်ကင်ဇီတို့နှစ်ဦးကို ထောင်ဆေးရုံတွင် ထားရှိသည်။ မျက်နှာကြီး အကျဉ်းသားများသည် လူနာများနှင့်အတူ နေထိုင်ခွင့်ရသည်ဟု သူကဆိုသည်။ သို့သော် ဤသည်မှာ အလွန်ကောင်းသည့် အခွင့်ထူးခံရခြင်းတော့မဟုတ်ပါ။

“ဒီကို တီဘီလူနာတွေ၊ အိတ်ချ်အိုင်ဗီကူးစက်ခံထားရတဲ့သူတွေ လာတက်နေကြတာ။ ရောဂါတွေက ကျွမ်းနေကြပြီ၊ ဒီမှာလူတွေ သေကြတယ်” ဟု သူကပြောသည်။

ဒန်ကလေသည် လွန်ခဲ့သည့် နှစ် ၄၀ ၏ကာလအများစုကို လူကုံထံပွဲလမ်းသဘင်များနှင့် အကျဉ်းထောင်ဆေးရုံနှစ်ခုကြား ကုန်လွန်ခဲ့ကာ ကမ္ဘာတစ်ဝန်းတွင် သတင်းဆင်ဆာအများဆုံးရှိသည့် နိုင်ငံအချို့တွင် သတင်းလုပ်ငန်းမှ အကျိုးအမြတ်များ ရရှိခဲ့သည်။ အချို့က သူ့ကို ဒေသခံသတင်းစာဆရာများအတွက် နယ်ပယ်တိုးချဲ့၍ လမ်းသစ်ဖောက်ပေးသူဟု ချီးကျူးကြသော်လည်း အချို့ကမူ အစိုးရအလိုကိုလိုက်၍ အာဏာရှင်များဘက်ကရှေ့နေလိုက်ပေးသူအဖြစ် စွပ်စွဲကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကို မြန်မာပြည်သူများ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ပြီးသည့်နောက်တွင် နှစ် ၅၀ကျော်ကြာတစ်လျှောက်လုံး ကြုံခဲ့ရသည့် သတင်းထောက်များကို ဖမ်းဆီး၊ ခြိမ်းခြောက်၊ အကြမ်းဖက်မှုများ အဆုံးသတ်တော့မည်ဟု အများက မျှော်လင့်ခဲ့ကြသည်။ သို့သော် အစိုးရအသစ်သည် ဖိနှိပ်ချုပ်ခြယ်ထားသည့် ဥပဒေများကို ပြောင်းလဲရန် တောင်းဆိုမှုများကို လျစ်လျူရှုပြီး သတင်းထောက်များအား ဖမ်းဆီးထောင်ချမှုများကို လက်ပိုက်ကြည့်နေခဲ့သည်။ ထိုအထဲတွင် မောင်တောမြို့နယ် အင်းဒင်ရွာ လူသတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ထုတ်ခဲ့သောကြောင့် အင်းစိန်ထောင်တွင် ၁ နှစ်နှင့် ၅ လခန့် ချုပ်နှောင်ခံခဲ့ရသည့် ရိုက်တာ သတင်းထောက် ကျော်စိုးဦးနှင့် ဝလုံးတို့သည်လည်း အပါအဝင်ပင် ဖြစ်သည်။

ဒေသခံလုပ်ဖော်ကိုင်ဖက်များနှင့်နှိုင်းစာလျှင် နိုင်ငံခြားသားသတင်းထောက်များအတွက် အန္တရာယ်သိပ်မများဟု ဆိုရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသည် သတင်းစာထုတ်ဝေရန် အန္တရာယ်များသည့် နေရာတစ်ခုဖြစ်နေဆဲပင်။ ဒန်ကလေသည် တန်ခိုးထွားသော လူများနှင့် ရန်ဖက်ဖြစ်ခဲ့သည့်အပြင် ရင်းနှီးသူများကလည်း သူ၏ ကမူးရှူးထိုးနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတတ်သည့် စိတ်ကြောင့် အပေါင်းအသင်းမလုပ်ဘဲ စွန့်ခွာသွားကြပြီဖြစ်သည်။

“သူက သူကိုယ်တိုင်ကလွဲရင် တခြားသူတွေအားလုံးကို ဂရုမစိုက်တတ်တဲ့လူစားမျိုးဗျ” ဟု ဒန်ကလေနှင့် အာရှတွင် ၉ နှစ်ကြာအလုပ်အတူလုပ်ခဲ့သူ ဂျက်ဖရီ ဂေါ့ဒတ်က ဆိုသည်။

ဒန်ကလေ၏ မွေးဇာတိ ပါ့သ်မြို့ရှိ အပျော်ဖတ်သတင်းစာများတွင် ဒန်ကလေကို “wild colonial boy” (ဩတြေးလျသို့ ဗြိတိသျှတို့အခြေစချစဉ်က ဝရန်းပြေးတောပုန်းများကို ခေါ်သောအမည်) ဟု အမည်တပ်ကြသည်။ ဒန်ကလေ၏ ပါတီပွဲများသည်လည်း အရှေ့တောင်အာရှရှိ သတင်းထောက်များအတွက် ပုံမှန် အတင်းချစရာအကြောင်းအရာ ဖြစ်နေတော့သည်။

ဒန်ကလေကမူ သူ့နေအိမ်တွင် တွေ့ရသော မူးယစ်ဆေးဝါးများမှာ သူ့ကိုယ်ပိုင်မဟုတ်ဟုဆိုသည်။ မီဒီယာကုမ္ပဏီအသစ်တစ်ခုထောင်တော့မည့် သူ့ကို မရှုစိမ့်နိုင်သည့် ရန်သူတစ်ဦးဦးက သူဒုက္ခရောက်ရန် ထိုဆေးထုပ်များကို သူ့အိမ်တွင် လာထားထားခြင်းဖြစ်သည်ဟု ဖြေရှင်းချက်ပေးသည်။ သို့သော် ပုံမှန်တွင် မြန်မာပြည်ရှိ အရေးကိစ္စများကို နိုးနိုးကြားကြား အရေးတယူရှိသော သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူများသည် ဒန်ကလေ၏ အရေးကိစ္စတွင်မူ အနားတောင်မသီကြပါ။

မြန်မာပြည်တွင် ဒန်ကလေ၏ ဇာတ်လမ်းစသည်မှာ ၁၉၉၉ ခုနှစ်တွင် ဖြစ်သည်။ ထိုစဉ်က မြန်မာပြည်တွင် လူအများကြောက်ရသော ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ဒီမိုကရေစီလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်းကို တစိုက်မတ်မတ်လုပ်နေရာမှ မတရားဖမ်းဆီးထောင်ချနှိပ်စက်မှုတွင် နာမည်ကြီးလာသော တိုင်းပြည်၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန် စတင်အာရုံစိုက်လာချိန်ဖြစ်သည်။

ထိုခေတ်တွင် အမုန်းတရားပြည့်နေသော The New Light of Myanmar” သတင်းစာသည် အများပြည်သူများအား ဆက်သွယ်သတင်းပေးရာ၌ တပ်မတော်သဘောကျအသုံးပြုသည့် ဝါဒဖြန့်လက်နက်တစ်ခုဖြစ်သည်။ ထိုသတင်းစာသည် ပြည်ပစွက်ဖက်မှုများကို ဒေါသတကြီး တုံ့ပြန်လေ့ရှိပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်ရေးသားထုတ်ဝေသည့် နေရာတွင်လည်း အလွန်နာမည်ကြီးသည်။ ကာတွန်းကဏ္ဍတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခေတ်သစ် ကိုလိုနီနယ်ချဲ့ကြီးများ၏ ကြိုးဆွဲရာကပြနေရသည့် ရုပ်ဆိုးဆိုး မိန်းမတစ်ဦးအဖြစ် ရေးဆွဲလေ့ ရှိသည်။

ဗိုလ်ချုပ်ခင်ညွန့်နှင့် နောက်လိုက်များမှာမူ ထိုသတင်းစာကို ခေတ်နောက်ပြန်ဆွဲသော၊ အထီးကျန်ဆန်သော ချဉ်းကပ်မှု၏ အမှတ်အသားအဖြစ် မှတ်ယူကြသည်။ New Light of Myanmar ဆောင်းပါးများသည် “ဆိုးရွားသော အမုန်းတရားများ ပြည့်နှက်နေသောကြောင့် စာဖတ်သူများ သတင်းမှန်ကို မရရှိနိုင်” ဟု ဗိုလ်ချုပ်ခင်ညွန့်၏ နောက်ပါတစ်ဦးက ၂၀၀၀ ပြည့်နှစ် အစောပိုင်းက သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဝေဖန်ခဲ့ဖူးသည်။

ဗိုလ်ချုပ်ခင်ညွန့်သည် သူ၏ ကြီးကြပ်မှုအောက်ရှိ သတင်းဌာနတစ်ခုကို ဦးဆောင်နိုင်မည့် နိုင်ငံခြားသားတစ်ဦးကို ရှာဖွေရန်ဆုံးဖြတ်ခဲ့သည်။ ထိုသူမှာ ဒန်ကလေဖြစ်လာသည်။ ဒန်ကလေသည် ထုတ်ဝေသူတစ်ဦးဖြစ်သော ကိုဆန်နီဆွေနှင့် တွေ့ဆုံရန် ရန်ကုန်သို့ရောက်လာခဲ့သည်။ ဆန်နီဆွေသည် ဗိုလ်ခင်ညွန့်၏ လက်ရုံးတစ်ဦးဖြစ်ကာ ထောက်လှမ်းရေးတပ်၏ ဩဇာကြီးသည့် ဗိုလ်ချုပ်သိန်းဆွေ၏ သားဖြစ်သည်။

၎င်းတို့ပူးပေါင်း၍ မြန်မာတိုင်း(မ်)ဟုခေါ်သော သတင်းစာတိုက်ကို ရန်ကုန်တွင် ၂၀၀၀ ပြည့်နှစ် အစောပိုင်းက ဝန်ထမ်းအင်အား ၂၀ ခန့်နှင့် တည်ထောင်ခဲ့သည်။ စတင်တည်ထောင်ချိန်တွင် အပတ်စဉ် အင်္ဂလိပ်သတင်းစာများ ထုတ်ဝေခဲ့ပြီး စောင်ရေအား ၃၀,၀၀၀ ခန့်ရှိသည်။

ဒန်ကလေအတွက်မူ အာဏာရှအစိုးရများချထားသည့် စည်းမျဉ်းများထဲ အလုပ်လုပ်ရသည်မှာ အကျင့်ရနေပြီဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလ အတွင်း ဒန်ကလေသည် The Vietnam Investment Review ဟုခေါ်သည့် အပတ်စဉ်ထုတ်ဝေသည့် စီပွားရေးဂျာနယ်ကို အကျိုးတူမိတ်ဖက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအလုပ်သည် ကမ္ဘာ့ အတင်းကျပ်ဆုံး ဆင်ဆာစနစ်ရှိသည့် အစိုးရနှင့် ရေလိုက်ငါးလိုက်အဆင်ပြေအောင် လုပ်ရသည့် အလုပ်ဖြစ်သည်။ ဒန်ကလေကမူဟနွိုင်းက ကွန်မြူနစ်တွေရဲ့ ခေါင်းစားတာခံရတဲ့ အလုပ်” ဟု ပြောဖူးသည်။ ထိုကဲ့သို့ အခက်အခဲများကြားကပင် ဒန်ကလေအတွက် အခြေအနေအတော်လေး ကောင်းခဲ့ပါသည်။ နောက်ဆုံးတွင် ဒန်ကလေနှင့် မိတ်ဖက် ခရစ္စ ဒေါ သည် ထိုဂျာနယ်ကို ဩစတြေးလျ၏ မီဒီယာမင်းဆက်ဟု တင်စားရသည့် ပက်ကာမိသားစုကို ရောင်းချခဲ့သည်။ မားဒေါ့ပင်လျှင် ဂျာနယ်တိုက်ကို ဝယ်ရန်စဉ်းစားခဲ့သည်ဟုဆိုသည်။

မြန်မာတိုင်း(မ်)ကို စထောင်ခဲ့သည့် ပထမနှစ်အနည်းငယ်အတွင်း ဗီယက်နမ်မှာကဲ့သို့ပင် အဆင်ပြေပြေရှိပါသည်။ ဗိုလ်ချုပ်ခင်ညွန့်၏အရှိန်အဝါကြောင့်လည်း သတင်းစာတိုက် တည်ထောင်သူများ လိုက်နာရမည့် တင်းကျပ်ကန့်သတ်ချက်များကို လိုက်နာစရာမလိုတော့သည့်အပြင် စာပေစိစစ်ရေးအဖွဲ့ထံသို့ပင် သတင်းများကို ကြိုတင်ပြစရာမလိုခဲ့ပေ။ ယင်းအစား ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေးကသာ သတင်းစာမထုတ်မီ ကြိုတင်ဖတ်ရှုစိစစ်ခဲ့သည်။

ပြည်ပရောက် မြန်မာသတင်းသမားများကမူ လူသတ်သမားအစိုးရအတွက် လိုက်ဖာပေးနေသူအဖြစ် ဒန်ကလေကို စက်ဆုပ်ခဲ့ကြသည်။ သို့သော် စစ်အစိုးရ၏ အာဘော်များကို မကြာမကြာ ဖြန့်ဝေတတ်ပြီး အစိုးရအလိုကျ အလွန်အကျွံ ဆင်ဆာဖြတ်ခံရသည့်ကြားမှပင် မြန်မာတိုင်း(မ်) သည် တခြားပြည်တွင်းထုတ်သတင်းဂျာနယ်များထက် အရည်အသွေးများစွာ သာလွန်ပါသည်။ ထို့အပြင် ဒန်ကလေသည် မြန်မာတိုင်း(မ်) ကို ပူးတွဲတည်ထောင်သူဖြစ်သော ကိုဆန်နီဆွေနှင့်လည်း ဆက်ဆံရေးအလွန်ကောင်းမွန်ခဲ့ပါသည်။

သို့သော် ၂၀၀၄ ခုနှစ်တွင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားခဲ့သည်။ ၎င်း၏ အာဏာစိုးမိုးရေးကို ခြိမ်းခြောက်လာသည်ဟုယူဆကာ စစ်ထောက်လှမ်းရေးတပ်ကို ဖြိုခွဲရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခဲ့သည်။ ကိုဆန်နီဆွေ၏ အဖေကိုမူ ထောင်ဒဏ် ၁၄၆ နှစ်ပေးခဲ့သည်။ ကိုဆန်နီဆွေသည် စစ်ထောက်လှမ်းရေးတပ်နှင့် ပတ်သက်ခြင်းမရှိသော်လည်း သတင်းစာတိုက်၏ အကြီးအကဲဖြစ်သည့်အပြင် အဖေဖြစ်သူ၏ အရှိန်အဝါကြောင့် ပစ်မှတ်ထားခြင်းခံရကာ တရားဝင်ဆင်ဆာအဖွဲ့ကို မဖြတ်ဘဲ သတင်းထုတ်ဝေမှုဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။

“အဖေ အဖမ်းခံရပြီးနောက်ပိုင်း ကျွန်တော့်ကို သူတို့ဘယ်လိုမှ သတင်းစာဆက်ထုတ်ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ကိုဆန်နီဆွေကဆိုသည်။

မြန်မာအစိုးရပိုင်းသည် ဩစတြေးလျသံရုံးနှင့် အကျယ်အကျယ်မဖြစ်လိုကြောင့် ဒန်ကလေကို အလွတ်ပေးခဲ့ဟန်တူသည်။ ဒန်ကလေသည် သတင်းစာတိုက်၏ အမှုဆောင်အရာရှိချုပ်အဖြစ် ရာထူးဆက်မြဲခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးများသည် ရော့စ် ဒန်ကလေကို လုံးဝအလွတ်ပေးရန် ရည်ရွယ်ချက်မရှိဟု ကိုဆန်နီဆွေကဆိုသည်။

“ရော့စ်ကို ကိုင်တွယ်ဖို့သူတို့မှာ နှစ်ရှည်အကြံအစည်ရှိတယ်” ဟု ၎င်းက ပြောသည်။

အစိုးရသည် သတင်းစာတိုက်ရှိ ဆန်နီဆွေ၏ ရှယ်ယာများကို စစ်တပ်အစိုးရနှင့်အလွမ်းသင့်သူ တစ်ဦးဖြစ်သော စွယ်စုံမီဒီယာတိုက်ပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံ လွှဲပြောင်းရောင်းချစေခဲ့သည်။ ဒန်ကလေသည် သူ၏စီးပွားမိတ်ဖက်အသစ်ကို အလွန်မုန်းတီးသည်ဖြစ်ရာ သူတို့နှစ်ဦး၏ ဆက်ဆံရေးသည်လည်း ပိုမိုတင်းမာလာခဲ့သည်။

၂၀၁၁ ခုနှစ်တွင် သတင်းစာတိုက်၏ အနာဂတ်အတွက် အကြီးအကျယ် အတိုက်အခံဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် ဒန်ကလေသည် ပြည်တွင်းမီဒီယာများက ပြည့်တန်ဆာဟု ဆိုသည့် အမျိုးသမီးတစ်ဦးကို လက်ရောက်ကျူးလွန်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ထိုဖမ်းဆီးမှုသည် နိုင်ငံရေးနှင့် နှီးနွှယ်နေသည်ဟု အများက ယူဆကြသည်။ ဒန်ကလေသည် စွပ်စွဲချက်ကို အကျောက်အကန်ငြင်းဆန်ခဲ့ပြီး သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ အပါအဝင် မီဒီယာလွတ်လပ်ခွင့်ကို ထောက်ခံသူများကလည်း သူ၏အမှုကို အသားပေးခဲ့ကြသည်။ ဒန်ကလေသည် လက်ရောက်မှု၊ လဝက ဥပဒေ ချိုးဖောက်မှုများဖြင့် အပြစ်ရှိကြောင်းဆုံးဖြတ်ခံရပြီး ထောင်ဒဏ်တစ်လအပြစ်ပေးခံရသည်။ သို့သော် အမှုရင်ဆိုင်စဉ်အတွင်း ထောင်ထဲတွင် အချုပ်သားအဖြစ် ၄၇ ရက်နေခဲ့ရသည်။

ပထမဆုံးအကြိမ် အင်းစိန်တွင် ထောင်နန်းစံခဲ့ရသည်ကို ဂရုစိုက်သည့်ဟန်မပြဘဲ ဒန်ကလေသည် ဦးတင်ထွန်းဦးနှင့် ဆက်လက်အတိုက်အခံလုပ်ရန် ရုံးပြန်တက်ခဲ့သည်။ မြန်မာတိုင်း(မ်)တွင် လုပ်သက်ရင့်အယ်ဒီတာအဖြစ်လုပ်ခဲ့သူ ဒန်ကလေ၏ မိတ်ဆွေဟောင်း ဂေါ့ဒတ်က ဒန်ကလေသည် ထောင်မှမှဲ့တစ်ပေါက်မစွန်းဘဲ” ထွက်လာသည်ဟု CJR ကိုပြောခဲ့သည်။ ဒန်ကလေ ထောင်မှထွက်လာပြီး တစ်လအကြာတွင် ဂေါ့ဒတ်သည် International Herald Tribune စာစောင်ကို လှန်လှောဖတ်ရှုနေရာ အမေရိကန်သမ္မတဟောင်း ဖရန်ကလင် ဒီ ရုစ်ဗဲ့လ် ခံစားခဲ့ရသည်ဟုဆိုသော စိတ်ကြွလွန်ရောဂါအကြောင်းကို အသေးစိတ်ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်။ စိတ်ကြွလွန်ရောဂါရှိသူများသည်လုပ်ကိုင်နိုင်စွမ်းရည် အလွန်မြင့်” ပြီးအလိုရမ္မက်ကြီးကာ အလုပ်ကို အလွန်အကျွံလုပ်သူများဖြစ်သောကြောင့် စိတ်ဒုက္ခရောက်စေသော စိတ်ဖိစီးမှုများစေသော အရာများနှင့် ကြုံတွေ့ရပါက အခြားသူများထက် ပို၍ခံနိုင်စွမ်းရည်ရှိသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

“အဲ့ဒီဆောင်းပါးကို ကျွန်တော်သူ့ကို ပြလိုက်တော့ သူကအဲ့ဒါ ငါနဲ့ကွက်တိပဲတဲ့” ဟု ဂေါ့ဒတ်က ပြန်ဖောက်သည်ချပါသည်။

၂၀၁၃ ခုနှစ်တွင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကိုဆန်နီဆွေထောင်မှလွတ်လာသည်။ အဖမ်းမခံရမီက သူသိခဲ့သော တိုင်းပြည်ကြီးသည် လုံးဝကို ပြောင်းလဲနေပြီဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်ရကြသဖြင့် နိုင်ငံတွင် ဒီမိုကရေစီထွန်းကားတော့မည်ဟု မရဲတရဲ မျှော်လင့်ချက်ရောင်ခြည် သန်းလာသည်။

ထိုနှစ်မတိုင်မီတွင် ဆင်ဆာထိန်းချုပ်ထားသည်များကို ရုပ်သိမ်းခဲ့ပြီး နိုင်ငံခြား သတင်းမီဒီယာများ သည်လည်း နိုင်ငံအတွင်း လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရလာသည်။ မြန်မာတိုင်း(မ်)တွင်မူ အခြေအနေက သိပ်မကောင်းလှပါ။ ကိုဆန်နီဆွေ၏ စကားအရဆိုလျှင် ဒန်ကလေနှင့် ဦးတင်ထွန်းဦးသည်ကလေးတွေလိုရန်ဖြစ်နေကြသည်ဟု ဆိုသည်။ သူ မရှိချိန်တွင် ဒန်ကလေသည် လုံးဝကို ချွတ်ချုံကျပြောင်းလဲသွားကြောင်း ပြတ်ပြတ်သားသားမြင်လိုက်ရသည်။

“၂၀၀၄ ခုနှစ်က ဒန်ကလေကိုပဲလိုချင်တယ်၊ အခုဒန်ကလေကို မလိုချင်ဘူးလို့ ကျွန်တော် ပြောပြောနေမိတယ်” ဟု သူကဆိုသည်။

ကမ္ဘောဒီးယား အခြေစိုက် ဖနွမ်းပင်ပို့စ် (Phnom Penh Post) ကို ဒန်ကလေ၏ ကုမ္ပဏီက ဝယ်ယူလိုက်သည့် ၂၀၀၇ ခုနှစ်မှစ၍ ဒန်ကလေ ပြောင်းလဲလာသည်ဟု သူကယူဆသည်။ ရန်ကုန်တွင်ရှိသည့် လုပ်ငန်းများအပြင် အသစ်ဝယ်လိုက်သည့် သတင်းစာအတွက် ထုတ်ဝေသူအဖြစ်လည်း လုပ်ကိုင်နေရသူ ဒန်ကလေသည် နှစ်နိုင်ငံကို မကြာခဏ ကူးလူးသွားလာနေရသည်။ ထိုအချိန်လောက်တွင် ဒန်ကလေသည် စိတ်ကြွဆေး အမ်ဖီတမင်းကို စတင်သုံးစွဲလာသည်ဟု ကိုဆန်နီဆွေက အခိုင်အမာယုံကြည်သည်။ ဒန်ကလေ စိတ်ကြွဆေးများ သုံးနေသည်မှာလည်း လူအများသိသော လျှို့ဝှက်ချက်ဖြစ်သည်ဟု သူကဆက်ပြောသည်။ ကိုဆန်နီဆွေ၏ ပြောကြားချက်ကို ဒန်ကလေက မည်သို့မှ မတုံ့ပြန်ခဲ့ပါ။ သို့သော် ဒန်ကလေက သူသည်ဆေးသမား မဟုတ်ပါ” ဟု ပါ့သ်မြို့အခြေစိုက် သတင်းစာတစ်စောင်ကို ၂၀၁၁ ခုနှစ်က ပြောဖူးသည်။

၂၀၁၃ ခုနှစ်တွင် ငွေကြေးအခက်အခဲကို အကြောင်းပြု၍ အချင်းများကြရာမှ ဒန်ကလေ၏ ပူးတွဲဒါရိုက်တာများသည် သူ့ကို ဖနွမ်းပင်ပို့စ် မှ ထုတ်ပစ်လိုက်ကြသည်။ တစ်ဖက်တွင်မူ ဦးတင်ထွန်းဦးသည် ဒန်ကလေထက်ဦးစွာ မြန်မာတိုင်း(မ်)ကို စွန့်ခွာခဲ့ရသည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ဒန်ကလေ မြန်မာတိုင်း(မ်)၏ အမှုဆောင်အရာရှိချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး နောက်တစ်နှစ်တွင် သူ၏ ရှယ်ယာများကို သူဌေးကြီး ဦးသိန်းထွန်းထံရောင်းချခဲ့သည်။ ဒန်ကလေသည် သတင်းစာတိုက်နှစ်တိုက်စလုံးမှ ထုတ်ပယ်ခြင်းခံရသည်ဟုဆိုသည်ကို ငြင်းဆန်ခဲ့ပြီး မိမိဆန္ဒအလျောက်နုတ်ထွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ချေပပါသည်။

မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်မှ တဖြည်းဖြည်းလွတ်မြောက်လာချိန်တွင်မူ သူသည် စစ်အစိုးရ ဘက်တော်သားတစ်ဦး မဟုတ်ကြောင်း ဝေဖန်သူများကို ဒန်ကလေ သက်သေပြခွင့်ရလာသည်။ ဆင်ဆာထိန်းချုပ်ထားသည်များ ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းတွင် ဒန်ကလေသည် ပို၍ရဲတင်းသော သတင်းများကို ထုတ်ဝေရန် ဆန္ဒရှိသည်။ မြန်မာတိုင်း(မ်)သည် အစိုးရ၏ ကြိုးဆွဲရာ ကရသည့် မီဒီယာ ဖြစ်သည်ဟူသော နာမည်ဆိုးကို အလျင်အမြန် ခွာချခဲ့ပြီး ရိုဟင်ဂျာစစ်ဆေးရေး အပါအဝင် အကဲဆတ်သည့် သတင်းများကို ရေးသားထုတ်ဝေခြင်းကြောင့် နိုင်ငံတကာ ဆုပေးပွဲများတွင် ဂုဏ်ပြုခြင်းခံခဲ့ရသည်။ အချို့အတွက်မူ သတင်းစာ၏ အောင်မြင်မှုသည် ဆိုးရွားသော စနစ်ကို အလိုက်သင့်ဆက်ဆံခြင်းသည် ဘေးထိုင်၍ ဝေဖန်နေခြင်းထက် ပို၍ကောင်းသည်ဟု ဆိုသော ဒန်ကလေ၏ ချေပချက် မှန်ကန်ကြောင်း ထောက်ခံသည့် သက်သေပင်ဖြစ်သည်။

“ကျွန်တော်တွေးတာကတော့ မြန်မာနိုင်ငံအတွင်းမှာ စနစ်ကို မဆန့်ကျင်ဘဲ ထုတ်ဝေနိုင်တဲ့ သတင်းတိုက်တွေ လိုအပ်တယ်။ ပြီးတော့မှ သတင်းထောက်တွေကို သင်တန်းတွေပေးပြီး ဆင်ဆာထိန်းချုပ်ထားတဲ့ကြားကပဲ သတင်းထောက်လှမ်းနိုင်တာတွေကို တိုးချဲ့နေရာယူဖို့ကြိုးစားသင့်တယ်။ ဒါပေမဲ့ ပြည်ပမှာလည်း ဆင်ဆာကင်းလွတ်တဲ့ မီဒီယာရှိဖို့လည်း လိုအပ်တယ်” ဟု သောမတ်စ် ကိန်းက ဆိုသည်။ ကိန်းသည် ဆင်ဆာမကင်းလွတ်ခင်နှင့် ကင်းလွတ်ပြီးချိန် နှစ်ပေါင်းများစွာ သတင်းစာ၏ အင်္ဂလိပ်ပိုင်းကဏ္ဍကို တည်းဖြတ်ခဲ့သူဖြစ်သည်။

စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ထိုသတင်းတိုက်သည် ရည်မှန်းချက်ကြီးသော မြန်မာသတင်းထောက်များကို အရည်အသွေးပြည့်မီအောင် လေ့ကျင့်သင်ကြားပေးနိုင်သည့် တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသောနေရာဖြစ်သည်ဟု ယခင် အကြီးတန်းသတင်းထောက်အဖြစ် ထိုသတင်းတိုက်တွင်လုပ်ခဲ့သူ၊ ယခု Wall Street Journal သတင်းထောက် (မ) မျိုးမျိုးကဆိုသည်။

အဲဒီမှာအလုပ်လုပ်ခဲ့တာ ကျွန်မအတွက် အများကြီး သင်ယူလေ့လာခွင့်ရခဲ့ပါတယ်။ … တခြား ပြည်တွင်းသတင်းဌာနတွေနဲ့စာရင် ဒီဟာက ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်တယ်” ဟု သူကဆက်ပြောသည်။

ယခုနှစ် ဩဂုတ်လ၏ မိုးရွာသောနေ့တစ်နေ့တွင် ဒန်ကလေသည် ရန်ကုန်မြို့ ဗဟန်းတရားရုံးတွင် မတ်တပ်ရပ်ရင်း ကျောနောက်တွင် ချည်နှောင်ထားသော သံကြိုးကို ဆုပ်ကိုင်ကာ သူနှင့် စီးပွားဖက်ဖြစ်သူအား တရားသူကြီးက ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်သည့် အမိန့်ကို နားထောင်နေသည်။ သူ့အလှည့်မတိုင်ခင်လေးတွင် ထိုတရားသူကြီးသည် ရဲများဝင်ရောက်ရှာဖွေစဉ်က နေအိမ်တွင်ရှိနေသော မြန်မာအမျိုးသမီး ၅ ဦးကို ထောင်ဒဏ် ၁၁ နှစ်စီချမှတ်ခဲ့ပြီးဖြစ်သည်။ ထိုအမျိုးသမီးများသည် နေအိမ်တွင် အလုပ်လုပ်နေသော အိမ်အကူများသာဖြစ်သည်ဟု လျှောက်လဲချက်ပေးကြောင်း ပြည်တွင်းမီဒီယာများက ဆိုသည်။ သို့သော် အစိုးရရှေ့နေကမူ ၎င်းတို့သည် မူးယစ်ဆေးသုံးစွဲနေသည်ဟု ဆိုသည်။

ရဲများက သူတို့ကို ခေါ်ထုတ်သွားချိန်တွင် အမျိုးသမီးတစ်ဦးသည် အော်ဟစ်ငိုကြွေးရင်း ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ ထိတ်လန့်မှုကြောင့် မေ့မြောသွားဟန်တူသော အမေဖြစ်သူကို မလွှတ်တမ်းဖက်ထားသည်။ တရားရင်ဆိုင်သူ ၅ ဦးလုံးကို အတူသံကြိုးချည်ထားသည်ဖြစ်ရာ ထိုကသောင်းကနင်းဖြစ်နေသော လူတွဲကြီးကို ဖြည်ရန် အရာရှိများ မိနစ်အတော်ကြာအောင် အချိန်ယူလိုက်ရသည်။ သူ၏ စီးပွားဖက်ဖြစ်သူနှင့် တွဲ၍ သံကြိုးချည်ခြင်းခံရသော ဒန်ကလေမှာမူ တည်တည်ငြိမ်ငြိမ်ပင် ထွက်ခွာသွားသည်။

“မိန်းကလေးတွေက ဒီကိစ္စနဲ့ဘာမှ မဆိုင်ပါဘူး။ တရားသူကြီးက သူတို့ကိုပါ အပြစ်ပေးလိုက်တာ ယုံတောင် မယုံနိုင်ဘူး” ဟု ကြေကွဲသော အသံဖြင့် ဒန်ကလေက ဆိုသည်။ လှေကားထစ်များကို နင်းလျှောက်၍ သူမြင်ကွင်းမှ ပျောက်ကွယ်သွားစဉ် စင်္ကြန်လမ်းတစ်လျှောက် အော်ဟစ်သံများက ပဲ့တင်ထပ်လျက်ရှိသည်။

အကျဉ်းထောင်တွင် အင်တာဗျူးမလုပ်မီ ဒန်ကလေသည် လက်ရေးဖြင့်ရေးသားထားသော စာမျက်နှာငါးမျက်နှာရှိသည့် စာရှည်ကြီးတစ်စောင်ကို သူ၏ရှေ့နေမှတစ်ဆင့် ကျွန်တော့်ထံပို့ခဲ့သည်။ ထိုစာတွင် သူ၏ အောင်မြင်မှုများအကြောင်း၊ သူ၏ လုပ်ငန်းအတွေ့အကြုံများအကြောင်း စာအုပ်တစ်အုပ်ရေးမည်ဖြစ်ပြီး၊ ထိုစာအုပ်သည် အုပ်ရေတစ်သန်းလောက်ရောင်းရမည်ဟု အခိုင်အမာယုံကြည်ကြောင်း ရေးသားထားသည်။

“လူအများက ကျွန်တော့်ကို အရှေ့တောင်အာရှ မီဒီယာလောကရဲ့ ဟန်တာအက်စ် လို့တင်စားကြတယ်။ ဟုတ်လည်းဟုတ်နိုင်တယ်။ ကျွန်တော်က အဲ့ဒီလို ထုတ်ဝေသူမျိုးရဲ့ နောက်ဆုံးမျိုးဆက်လို့ ခင်ဗျား ပြောနိုင်ပါတယ်။ ၁၉၉၁ ခုနှစ် အာရှမှာ ကျွန်တော် အခြေလာချကတည်းက မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်က စာနယ်ဇင်းတွေရဲ့ ခံယူချက်တွေကို ကျွန်တော်က ပြောင်းလဲပေးခဲ့တာသတင်းထောက်တွေ၊ အယ်ဒီတာတွေ ရာပေါင်းများစွာကို ကျွန်တော် လေ့ကျင့်သင်ကြားပေးခဲ့ရတာ.. သူတို့တွေ တော်တော် များများမှာ ကျွန်တော့်လွှမ်းမိုးမှုတွေရှိနေဦးမှာသေချာပါတယ် ... ဒါပေမဲ့ဗျာ စိတ်မရှိပါနဲ့။ ကျွန်တော့် ကလောင် မင်ကုန်သွားပါပြီ။”

Columbia Journalism Review တွင် Myanmar Now သတင်းဌာန၏ အင်္ဂလိပ်ပိုင်းအယ်ဒီတာ Joshua Carroll ရေးသားသည့် The rise and fall of an Australian media mogul in Southeast Asia ကို ပြန်ဆိုပါသည်။
 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading