ပြန်လည်ရင်ကြားစေ့လာသော ကချင်နှင့် ရှမ်းနီ

အတိတ်ဖြစ်ရပ်ဆိုးကို သင်ခန်းစာယူပြီး အေးအတူပူအမျှ ပြန်လည်နေထိုင်နိုင်ရန် ကချင်ပြည်နယ်မှ အရပ်ဘက်အဖွဲ့များ၊ ဒေသခံများ ပူးပေါင်း ကြိုးစားနေကြသည်။

ဝိုင်းမော်မြို့မှ မူကြိုကလေးငယ်တစ်ဦး (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

(မြစ်ကြီးနား၊ မိုးညှင်း) — ကချင်ပြည်နယ်ရှိ တောင်ကုန်းတောင်တန်းများ ဝန်းရံထားသည့် မိုးညှင်းမြို့လေးမှာ သြဂုတ်လကုန်ပိုင်း တဖြောက်ဖြောက် ရွာနေသော မိုးစက်များအောက်တွင် အေးချမ်း၊ တိတ်ဆိတ်နေသည်။

ဤမြို့လေးတွင် ဒေသခံတိုင်းရင်းသားများဖြစ်ကြသော ကချင်နှင့် ရှမ်းနီတို့၏ ပဋိပက္ခကို ကြုံတွေ့ခဲ့ရသူ တစ်ဦးမှာ အသက် ၅ဝ ကျော်အရွယ် ဦးသန်းမောင်ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စတင် ဖွဲ့စည်းသည့် ၁၉၆၁ နောက်ပိုင်း ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် နားလည်မှု လွဲမှားခြင်းကြောင့် အရပ်သား အချင်းချင်းကြား ပဋိပက္ခဖြစ်ကြစဉ် သေဆုံးသွားသူများထဲတွင် ဦးသန်းမောင်၏ မိသားစုဝင်တစ်ဦး ပါဝင်သည်။

“အစ်ကိုအရင်း တစ်ယောက်လုံး ဆုံးရှုံးခဲ့ရပြီးပြီ။ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ဘူး၊ မဖြစ်အောင်လည်း ဝိုင်းတားရမှာပဲ” ဟု တိုင်းလိုင် ခေါ် ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးသန်းမောင်က ကြေကွဲစွာ ပြောသည်။

ခေတ်အဆက်ဆက် ရင်းရင်းနှီးနှီး နေထိုင်လာခဲ့ကြသည့် ကချင် နှင့် တိုင်းလိုင်တို့ကြား မသင့်မမြတ် ဖြစ်ခဲ့ဖူးခြင်း၊ အရပ်သားတို့ကြား အချင်းများ ရန်ပွားမှုကို အားပေးနိုင်သည့် စစ်ရေးလှုပ်ရှားမှုတချို့ ရှိနေခြင်းမှာ ဤဒေသအတွက် သတင်းဆိုး ဖြစ်သည်။

သတင်းကောင်းမှာ အတိတ်ဖြစ်ရပ်ဆိုးကို သင်ခန်းစာယူပြီး အချင်းချင်း ငြိမ်းချမ်းစွာ ဆက်လက် ယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် ဒေသခံများ၊ အရပ်ဖက်အဖွဲ့အစည်းများက ပူူးပေါင်း ကြိုးစားနေကြသည် ဟူသော အချက် ဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့

ကချင်ပြည်နယ်တွင် နေထိုင်သော ရှမ်းမျိုးနွယ်စု ငါးခုမှာ တိုင်းလိုင်(ရှမ်းနီ)၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီတို့ ဖြစ်ကြသည်။ တိုင်းလိုင်ကို ရှမ်းနီ၊ ရှမ်းကလေးဟုလည်း ခေါ်ဆိုကြပြီး ဗမာနှင့် အသွင် တူသောကြောင့် ရှမ်းဗမာဟုလည်း ခေါ်ဆိုကြောင်း သိရသည်။ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းစသည့် ဒေသများတွင် တိုင်းလိုင် ၅ သိန်းကျော်ခန့် ရှိနေနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ခန့်မှန်းထားသည်။

KIA ၏ လူသစ်စုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းတို့ကို ဒေသတွင်း ကချင်လူမျိုးများနည်းတူ ရှမ်းနီတို့လည်းရင်ဆိုင်ကြရသည်။ နာတာရှည်ရောဂါတစ်ခု ခံစားရသကဲ့သို့ ဖြစ်လာသည့် ရှမ်းနီတို့က ပြည်သူ့စစ်ဖွဲ့ခြင်း၊ နိုင်ငံရေးပါတီထူထောင်ခြင်းဖြင့် အခွင့်အရေး ကာကွယ်ရန် ကြိုးပမ်းလာကြသည်။

မိုးညှင်းခရိုင် နမ့်မွန်းမြို့မှ ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကြည်အောင်က ၎င်းတို့၏ အဖွဲ့သည် ရပ်ရွာနှင့် ပြည်သူကို ကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ရန် ဦးတည်ချက် မရှိကြောင်း Myanmar Now ကို ရှင်းပြသည်။

ပြည်သူ့စစ် နှင့် ရှမ်းနီအများအပြားက KIA ၏ အခွန်ကောက်၊ လူသစ်စုဆောင်းခြင်းသည် ရှမ်းနီတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟု ပြောသည်။

KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ထိုဝေဖန်ချက်များကို ကာကွယ် ပြောဆိုသည်။

“ကျွန်တော်တို့ တော်လှန်ရေးလုပ်တာ ကချင်ပြည်နယ်က တိုင်းရင်းသားအကုန်အလုံးအတွက်ပါ။ ကချင် တစ်မျိုးတည်းအတွက် မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကာကွယ်ရေးအတွက် ဌာနေပြည်သူ့စစ်ဖွဲ့ရခြင်းကို လက်ခံသော်လည်း တိုင်းရင်းသားညီအစ်ကို အချင်းချင်း စည်းလုံးမှု မပျက်ရေးအတွက် ထိပ်တိုက်တွေ့ဆုံမှု ရှောင်ရှားသင့်သည်ဟု သူက ဆက်ပြောသည်။

KIA နှင့် တပ်မတော်သည် ၁၉၉၄ မှ ၂ဝ၁၁ အထိ အပစ်အခတ်ရပ်စဲခဲ့ကြသည်။ ၁၇ နှစ်ကြာပြီးနောက် ပြန်လည် ပေါ်ထွက်လာသော တိုက်ခိုက်မှုများထဲတွင် ရှမ်းနီအများစုပါဝင်သည့် ဌာနေပြည်သူ့စစ်များနှင့် KIA တို့အကြား ဖြစ်ပွားသည့် ၁ဝ ကြိမ်ထက်မနည်းသော တိုက်ပွဲများလည်း ပါဝင်သည်။

ယမန်နှစ်က ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့်ရင်ဆိုင်ရသည့် တိုက်ပွဲတစ်ခုတွင်လည်း ပြည်သူ့စစ်များက တပ်မတော်ဘက်မှ ပါဝင်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ခန့်မှန်းသည်။

KIA ခေါင်းဆောင်ပိုင်းနှင့် ရှမ်းနီအရပ်ဘက်အဖွဲ့များ တွေ့ဆုံတိုင်း ပြည်သူ့စစ်အဖွဲ့နှင့် KIA တို့ ထိပ်တိုက် မတွေ့စေရေးကို အသားပေး ဆွေးနွေးပြောဆိုသည်ဟု သိရသည်။

အပစ်ရပ်စာချုပ် ပျက်ပြယ်ပြီး ခုနစ်နှစ်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၃,ဝဝဝ နီးပါးဖြစ်ပွားခဲ့သည်ဟု KIA က ယခုနှစ် နှစ်လယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ဖားကန့်မြို့နယ်အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီး နောက်ပိုင်း တိုက်ပွဲ သတင်း ငြိမ်သက်သွားသည်။ သို့သော်လည်း စစ်ရှောင်စခန်းများတွင်မူ အရပ်သား တစ်သိန်းဝန်းကျင် သောင်တင်နေကြဆဲဖြစ်သည်။

တင်းမာမှုကိုလျှော့ချလာ

ဌာနေတိုင်းရင်းသားတို့ မည်သို့ မည်ပုံ အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြကြောင်း ရှင်းပြနိုင်သူတစ်ဦးမှာ ယခင် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒေါ်ခင်ပြုံးရည် ဖြစ်သည်။ အမျိုးသမီးချင်း၊ အမျိုးသားချင်း ဆွေမျိုးမတော်၊ သိကျွမ်းခြင်းမရှိလျှင်လည်း ခေါ်ဝေါ်ကြပုံမှာ တခြားဒေသ အများစုနှင့် ကွဲပြားကြသည်။

“ခေါ်တာတောင်မှ တစ်ယောက်နဲ့တစ်ယောက် 'ယောက်မ' လို့ပဲ ခေါ်ကြတာ။ ကချင်တွေနဲ့ ရှမ်းတွေက အသီးအနှံတွေနဲ့ စားသောက်စရာတွေကို လဲလှယ်စားသောက်ပြီး အေးအေးချမ်းချမ်း နေခဲ့ကြတာ” ဟု တိုင်းလိုင်(ရှမ်းနီ) စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ တာဝန် ယူထားသူ ဒေါ်ခင်ပြုံးရည်က ပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးထိန်နန်ယော်ဆမ်က ဌာနေတိုင်းရင်းသား အချင်းချင်း ညီညွတ်စည်းလုံးမှု ဆက်လက် တည်တံ့သွားရန် ထိန်းသိမ်းသွားရန် အရေးကြီးသည်ဟု ယူဆသည်။

“အဓိကက ညီအစ်ကိုတွေအကြား ဆက်လက် စည်းလုံးသွားဖို့ပဲ” ဟု ဦးထိန်နန်ယော်ဆမ်က ပြောသည်။

ဌာနေတိုင်းရင်းသားအချင်းချင်း အကြားတင်းမာမှုလျော့ကျလာခြင်းမှာ နှစ်ဖက်လုံးက ထိန်းသိမ်းလာကြခြင်းကလည်း အဓိက အကြောင်းအရင်းတစ်ခုဖြစ်သည်။

အမုန်းပွားမှု ဟန့်တားနိုင်ရန်အတွက် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားသွားရန် ဆုံးဖြတ်ထားသည်ဟု KIA ခေါင်းဆောင်တချို့က ပြောကြားထားသည်။

၂ဝ၁၆ ခုနှစ်က ရှမ်းအများစုပါဝင်သည့် ကိုယ်စားလှယ် ၇ ဦးသည် KIA ခေါင်းဆောင်တို့နှင့် တွေ့ဆုံကာ တိုင်းရင်းသားတို့ကြား ပဋိပက္ခ လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ရှမ်းနီပြည်သူများကို တပ်သားသစ်စုဆောင်းထားခြင်းမှ ပြန်လွှတ်ပေးရန်၊ အနိုင်ကျင့်၊ နှိပ်စက်မှုများ မပြုလုပ်ရန် ဗိုလ်ချုပ်ဂွန်မော်က ကတိပေးခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သည့် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ သီတလရံသီကျောင်းတိုက်မှ ဆရာတော် ဦးဝိဇယက မိန့်သည်။

ဆရာတော်နှင့် ဗိုလ်ချုပ်ဂွန်မော်သည် ငယ်စဉ်က တီးဝိုင်းတစ်ခုတည်းတွင် အတူ တီးခတ်ဖျော်ဖြေခဲ့ကြဖူးသည်အထိ ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့ခြင်းမှာ KIA စစ်သားအဖြစ်စုဆောင်း ထားသည့် ရှမ်းတိုင်းရင်းသားများထဲမှ အယောက် ၅၀ နီးပါး ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းရာတွင် အထောက်အကူဖြစ်ခဲ့သည်။

“ရှမ်းတွေဘက်ကလည်း ခံစားခဲ့ရတာတော့ မှန်တယ်။ ဒါပေမဲ့ ခံစားသူအကြိုက် သွားနေရင်တော့ မငြိမ်းချမ်းနိုင်ဘူးလေ” ဟု ဆရာတော်က မိန့်သည်။

“ကချင်ဒုက္ခသည်စခန်းမှာရှိတဲ့ ကချင်ကလေး အများကြီးဟာ တချိန်ကျရင် ကချင်စစ်သားမဖြစ်ဘူးလို့ ပြောနိုင်သလား။ အဲဒီအချိန်မှာပဲ မွေးလာတဲ့ ရှမ်းကလေးတွေ အများကြီးကလည်း ကချင်မုန်းတီးရေးအား ပိုမကြီးလာနိုင်ဘူးလား၊ အဲဒါကို စဉ်းစားရမှာ။”

ဤသို့ဖြင့် ငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေး လှုံ့ဆော်ကြရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးပါလာသည်။

အမုန်းတရား မပြန့်ပွားရေး

မိုးကောင်းမြို့တွင် All to One ဟု အမည်ပေးထားသည့် အမုန်းတရား မပြန့်ပွားရေး ကြိုးပမ်းနေသော အဖွဲ့တွင် ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုအသင်းများ၊ နိုင်ငံရေးသမားများ ပါဝင်သည်။

ဒေသခံတို့၏ ပူးပေါင်းပါဝင်မှုကြောင့် လုပ်ငန်း ပိုမိုအဆင်ပြေလာသည်ဟု အဆိုပါအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ရှမ်း၊ ကချင် ကပြား ဦးကျော်ထွေးမောင်က ပြောသည်။ ယခင်က တွေ့ဆုံရန် ခက်ခဲခြင်း၊ ဆွေးနွေးပွဲ စကားဝိုင်းတွင်ပင် ရန်ပွဲဖြစ်မတတ် အခြေအနေ ပေါ်ပေါက်လာခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

မိုင်းကွဲမှုဖြစ်စဉ်တစ်ခုတွင် ရှမ်းတစ်ယောက် သေဆုံးသွားမှုကြောင့် ဖြစ်ပွားသော ပြဿနာ တစ်ခုကို သံဃာတော်တို့ကို ပင့်ဖိတ်ပြီး အရှိန်လျော့ကျရေး လုပ်ဆောင်ခဲ့ဖူးသည်ဟု ဆိုသည်။

“ကျွန်တော့်ရုုံးမှာပဲ ကချင်ဘက်ကရော ရှမ်းမိသားစုဘက်ကရော ခေါ်ပြီးတော့ စကားဝိုင်း လုပ်ရတယ်။ ကချင်တိုင်း KIA မဟုတ်ဘူး၊ ဒါတွေကို ကိုယ်က ရှင်းပြရတာပေါ့။ မရှင်းနိုင်ရင် လူမျိုးရေးပြဿနာ ဖြစ်တော့မှာ” ဟု ဦးကျော်ထွေးမောင်က ပြောသည်။

“ကျွန်တော်တို့ သားသမီးတွေလက်ထက်မှာ ပဋိပက္ခတွေထားခဲ့မှာလား။ ရှေရှည်မှာ ငြိ်မ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်အောင် နှစ်ဖက်အသိုင်းအဝိုင်းတွေ မကြိုးစားသင့်ဘူးလား” ဟု ၄င်းက မေးခွန်းထုတ်သည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း တွေ့ဆုံညှိနှိုင်း အဖြေရှာသည့် နည်းကိုသာ သုံးရန် တိုက်တွန်းသည်။

“ပြည်သူအချင်််းချင်းကြားမှာ သဟဇာတဖြစ်နေတာကို မြင်တွေ့နေရတာပဲ။ ဒါက ပြည်သူအချင်းချင်းကြားက ပြဿနာ မဟုတ်ဘူး။ လက်နက်ကိုင် အချင်းချင်းကြားက ပြဿနာပဲ” ဟု KIA ဌာနချုပ်မှ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာတူးဂျာက ပြောသည်။

နှစ်ဘက်ကြား သွေးထိုးဖြိုခွဲမှု ရှိနေနိုင်သော်လည်း ညီညွတ်လျှင် အဆိုပါကြားဝင်နှောက်ယှက်မှုများ ပပျောက်သွားမည်ဟု သူက ယူဆသည်။

သင်ခန်းစာ

နမ့်မွန်းပြည်သူ့စစ်အဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူထားသူ ဦးစိုးပိုင်က လူမျိုးရေး ပြဿနာ မကြီးထွားစေရေးကို ဆက်လက် ထိန်းချုပ်နိုင်မည်ဟု အကောင်းမြင်သည်။

သူ၏ ငယ်သူငယ်ချင်း ဦးဂျိုးဆက်ဇုန်းယော်ကလည်း စိတ်ဝမ်းကွဲမှုများကို နှစ်ဖက်လုံးက ထိန်းသိမ်းလာသည့်အတွက် ပိုမို တည်ငြိမ်လာသည်ဟု ပြောသည်။

“သူနဲ့ဆုံတိုင်း အဲဒီပြဿနာတွေ မပြောဖြစ်ကြဘူး။ သူလည်း မပြောဘူး၊ ကျွန်တော်လည်း မပြောဘူး။ နှစ်ယောက်လုံး ထိန်းကြတယ်” ဟု ဦးဂျိုးဆက်ဇုန်းယော်က ဆိုသည်။

နှစ်ဖက်အသိုင်းအဝန်း၏ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲသဘင် အခမ်းအနားတို့တွင် ပူးပေါင်း ပါဝင်ကြရန်လည်း သူက တိုက်တွန်းသည်။

မိုးညှင်းမြို့မှ ဦးသန်းမောင်က အစ်ကိုဖြစ်သူကို စောစောစီးစီး ဆုံးရှုံးခဲ့ရသည့် အတွက်လည်း ယနေ့တိုင် ဝမ်းနည်းနေသူ ဖြစ်သည်။

လက်နက်ကိုင်လမ်းစဉ်သည် အဖြေ မဟုတ်ကြောင်း၊ စစ်ရေးလှုပ်ရှားမှုများ လျော့ကျသွားမှ ဒေသတွင်း ပိုမို တည်ငြိမ်မည်ဖြစ်ကြောင်း ယူဆနေသူတစ်ဦးလည်း ဖြစ်သည်။

“အတိတ်က ကိစ္စတွေကတော့ မေ့ပစ်ရမှာပဲ၊ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်အောင်တော့ သင်ခန်းစာ ယူရမယ်” ဟု ဦးသန်းမောင်က ပြောလိုက်သည်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading