နှစ်ရက်ဆက် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် လူ ၃၀၀၀ ခန့်ရှိသည့် ကျောင်းတောင်ရွာမှ ရွာသားများမှာ ပန်းမြှောင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာအနီးတွင် ယနေ့မနက် အစောပိုင်းမှစတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး ကျောင်းတောင်ရွာမှ ရွာသားတစ်ဦးဒဏ်ရာရကာ ရွာသားအများစုမှာ ထွက်ပြေးနေရကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ယနေ့ ပြောသည်။
ဒေသခံများ၏ သတင်းပေးချက်အရ ယနေ့မနက် ၅ နာရီဝန်းကျင်က စတင်သည့် တိုက်ပွဲသည် ယနေ့နေ့လယ်ပိုင်းတွင် ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာများကို တပ်မတော် ရဟတ်ယာဉ်တစ်စီးကလည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ကျောင်းတောင်ရွာ၏မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ယမန်နေ့ နေ့လယ်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့မနက် ၅ နာရီတွင် အဆိုပါနေရာ၌ ထပ်မံဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါနေရာမှာ AA အဖွဲ့ဝင်များ လှုပ်ရှားရာနေရာဖြစ်သဖြင့် တပ်မတော်စစ်ကြောင်းများနှင့် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး အရပ်သားတစ်ဦးဒဏ်ရာရခြင်းမှာ မည်သည့်ဘက်မှ ပစ်ခတ်ကြောင်း အတိအကျမပြောနိုင်ဟု ၎င်းက ဆိုသည်။
“ အဲဒါကတော့ ရွာထဲမှာမနေဘဲ လျှောက်သွားလို့နေမှာပေါ့၊ တိုက်ပွဲဖြစ်တာက ရွာနဲ့အဝေးကြီး။ တိုက်ပွဲကတော့ အခုထိ ဆက်ဖြစ်နေတုန်းပဲ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ယနေ့နေ့လယ် ၂ နာရီခန့်တွင် ပြောသည်။
ထို့အပြင် တိုက်ပွဲအတွင်း လေကြောင်းကင်းထောက်ခြင်းများရှိသော်လည်း ရဟတ်ယာဉ်သုံးစွဲကာ တိုက်ခိုက်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။


ယနေ့မနက် ၉ နာရီခန့်က ရွာအနီး နွားကျောင်းနေသည့် အသက် ၃၅ နှစ်အရွယ် ကျောင်းတောင်ရွာသား ကိုသိန်းထွန်းကျော်မှာ ဘယ်ဘက်ပေါင်တွင် ကျည်ဆံထိမှန်ကာ ဒဏ်ရာရသွားပြီး ၎င်းကို ပန်းမြှောင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကျောင်းတောင်ရွာသား ကိုစန်းနိုင်က Myanmar Nowကို ပြောသည်။
ယနေ့နေ့လယ် ၂ နာရီခန့်မှ စတင်ပြီး ရွာသားအများစုမှာ ရွာမှ စတင်ထွက်ပြေးနေကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ ရွာသားတွေက အခုတင်ပဲ ပန်းမြောင်းဘက်ကို ပြေးကြပြီ၊ တော်တော်များများပြေးကြပြီ ” ဟု ကိုစန်းနိုင်က ပြောသည်။
ကျောင်းတောင်ရွာမှာ မြောက်ဦးမြို့၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၆၃၀ ခန့်နှင့် လူဦးရေ ၃၀၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရအရာရှိ ခိုင်သုခကို Myanmar Nowက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
စစ်တွေအခြေစိုက် ရခိုင်စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏အချက်အလက်များအရ ရခိုင်တိုက်ပွဲများအတွင်း ဒဏ်ရာရရှိသူ အရပ်သားအရေအတွက်မှာ ၂၂၀ ကျော်အထိ ရှိလာပြီဟု သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














