အကျိုးစီးပွား၊ သေနတ်သမားတချို့နှင့် ရန်ကုန်မှမြေလုပွဲများ

ရန်ကုန်အနောက်ပိုင်း လှိုင်သာယာမြို့နယ်တွင် မြေလုပွဲများကို သေနတ်ဖြင့် ဖြေရှင်းကြသည့် အခြေအနေအထိ ဆိုက်ရောက်လာသည်။

 

Published on Oct 2, 2018
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပစ်ခတ်မှုတစ်ခုတွင် သေဆုံးသွားသူ ခင်မောင်လွင် (ခ) ဝကြီး၏ ဓာတ်ပုံ၊ ပန်းအိုး၊ ရေခွက်တို့ကို သူ၏ နေအိမ် စားပွဲတွင် ပြင်ဆင်ထားသည် (ဓာတ်ပုံ - Myanmar Now)
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပစ်ခတ်မှုတစ်ခုတွင် သေဆုံးသွားသူ ခင်မောင်လွင် (ခ) ဝကြီး၏ ဓာတ်ပုံ၊ ပန်းအိုး၊ ရေခွက်တို့ကို သူ၏ နေအိမ် စားပွဲတွင် ပြင်ဆင်ထားသည် (ဓာတ်ပုံ - Myanmar Now)

ရန်ကုန် _ ၅၆ နှစ် အရွယ် ခင်မောင်လွင် (ခ) ဝကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပဒံကျေးရွာ၊ ဆန်စက်လမ်းရှိ သူ၏နေအိမ်တွင် သေနတ်သမားတချို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

သေနတ်သမားတို့က ခြံစည်းရိုးခတ်ခ လက်ကျန်ငွေ သိန်းသုံးရာကျော် လာရောက် တောင်းခံရစဉ် ဝကြီးကို အနီးကပ် ပစ်သတ်ခဲ့သည်၊ ယင်းနောက် အောင်မင်းဦး ဆိုသူကို လက်ထိပ်ခတ်ကာ ဖမ်းခေါ်သွားသည်ဟု ရဲ နဲ့ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခု၏ ကနဦး အစီရင်ခံစာတစ်စောင်တွင် ခြံစည်းရိုး ခတ်ခအဖြစ် သိန်း ၇၀ ပေးချေထားပြီး ကျန်ငွေ သိန်း ၃၃ဝ နှင့် ပတ်သက်ပြီး အခြေအတင် ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

ယခုအခင်းဖြစ်ပွားသည့် နေရာသည် ဒေသခံ လယ်သမားတချို့၊ လွှတ်တော်အမတ်ဟောင်းတစ်ဦးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ကရင်ပြည်နယ်မှ ခြေဆန့်လာသူများ

အခင်းဖြစ်ပွားချိန်တွင် အတူရှိနေခဲ့သည့် ကိုသန်းဇော်က သေနတ်သမားများနှင့် ၄င်းတို့ ဖမ်းခေါ်သွားခဲ့သူ အောင်မင်းဦး တို့ကသာ သိကျွမ်းကြခြင်းဖြစ်သည်၊ ဝကြီးနှင့် သိကျွမ်းခဲ့ခြင်း မရှိ၊ ငွေစာရင်းရှင်းစရာလည်း မရှိသော်လည်း ဝင်ရောက်ဖြေရှင်းရာမှ ကြားညပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မင်းဦးသည် ကရင်ပြည်နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်တစ်ခု၏ တပ်ဖွဲ့ဝင် တစ်ယောက်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ကိုသန်းဇော်က ပြောသည်။ တစ်ခါတရံတွင် ကရင်အမျိုးသား အစည်းအရုံးတွင် တပ်ဖွဲ့ဝင် ဖြစ်ဖူးသည်ဟုလည်း ပြောသည်ဟု ဆိုသည်။

သေနတ်သမားများသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ မှ တပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု အောင်မင်းဦး၏ ပြောစကားများအား ကိုးကားပြီး ကိုသန်းဇော်က ပြောသည်။

သို့သော် KNU တပ်မဟာ(၇) ပြောရေးဆိုခွင့်ရှိသူကမူ ဖမ်းဆီးခံရသူများသည် ၎င်းတို့၏ တပ်သားများမဟုတ် ဟု ဆိုသည်။

"ဒီလို နာမည်ခံပြီး လုပ်တာတွေက များနေတော့ ရိုးတောင်နေပြီ။ တချို့က လက်နက်တွေကို နယ်စပ်က ဝယ်ပြီးတော့ KNU အမည်ခံပြီး လုပ်စားနေကြတာ စိတ်ပျက်စရာပဲ" ဟု ကရင်ပြည်နယ် ဘားအံအခြေစိုက် KNU ဆက်ဆံရေးရုံးတာဝန်ခံ စောအယ်ထီးက ပြောသည်။

ကိုသန်းဇော်သည် အခင်းမဖြစ်ပွားမီ နာရီပိုင်းအလိုကမှ ယင်းအိမ်သို့ရောက်ခဲ့ခြင်းဖြစ်ပြီး သူရောက်ချိန်တွင် အောင်မင်းဦး၊ သူ၏အစ်ကိုကဲ့သို့ ရင်းနှီးခဲ့သည့်မိတ်ဆွေ ဝကြီးတို့လည်း ရှိနေခဲ့သည်။ သေနတ်သမားတို့သည် စာသင်ကျောင်း၊ စက်ရုံများ၊ လူနေအိမ်များကြား တည်ရှိသည့် ပေ၂ဝဝ ပတ်လည်ခန့် ခြံထဲမှ အဆိုပါ အိမ်ဆီသို့ နံနက် ၁၁နာရီခွဲခန့်တွင် ရောက်လာခဲ့သည်ဟု ကိုသန်းဇော်က ပြောသည်။ ၎င်းတို့သည် အိမ်ရှေ့ကွန်ကရစ်လမ်းပေါ် ရပ်ထားသည့် တက္ကစီပေါ်မှ ဆင်းလာကြခြင်းဖြစ်ပြီး ကားပေါ်တွင် အနည်းဆုံး ၂ ဦး ကျန်ခဲ့သည်၊ လူ ခုနစ်ယောက် ပါဝင်လာဖွယ် ရှိသည်ဟု အိမ်နီးနားချင်းတချို့က ခန့်မှန်းသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယာဉ်မောင်းနှင့် ယာဉ်ကို သေနတ်သမားတို့က ကျပ် ၅၀,၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုသန်းဇော်က လူ၂ယောက်သည် အဝင်အထွက်လမ်းများကိုစောင့်ကြည့်ခဲ့ပြီး ၃ယောက်သည် အောင်မင်းဦးကို သေနတ်ဒင်များဖြင့် ထုနှက်ကာ ပိုက်ဆံ ချက်ခြင်းထုတ်ပေးရန် တောင်းဆိုခဲ့သည်ဟု ပြောသည်။

“(သေနတ်ဒင်နဲ့) မထုခင်မှာ အောင်မင်းဦးကို မင်း ပိုက်ဆံတွေ ဘယ်လိုလုပ်မလဲဆိုပြီးမေးတော့ ကိုဝကြီးက ဖုန်းဆက်ပြီး တောင်းပေမယ် သူ့ကိုတော့ မလုပ်ပါနဲ့ဆိုပြီး ဝင်ပြောတယ်။ သူတို့က ဒီကောင်ရှုပ်တဲ့ အရှုပ်ဆိုပြီး တော့ အောင်မင်းဦးကို ထိုးတယ်” ဟု ကိုသန်းဇော်က ပြောသည်။

သေနတ်သမားများနှင့် စောအောင်မင်းဦး တို့သည် ကရင်စကားဖြင့် အပြန်အလှန် ပြောဆိုခဲ့ကြပြီးနောက် ကြားဝင် ဖြေရှင်းပေးရန် ကြိုးစားသည့် ဝကြီးကို အနီးကပ်ပစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မျှော်လင့်မထားသော သေနတ်သံ ၂ ချက်ကို အနီးရှိ အထည်ချုပ်စက်ရုံမှ “ဗျောက်အိုးဖောက်သံ” များ ဖြစ်သည်ဟု ဒေသခံတို့က ထင်ခဲ့ကြကြောင်း Myanmar Now သတင်းထောက်များအား လိုက်လံပို့ဆောင် ပေးသည့် အပြင်ပဒံကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမားက ပြောသည်။

ရဲတပ်ဖွဲ့၏အဆိုအရ သေနတ်သမားများထဲတွင် တွံတေးမြို့ မင်းပိုင်းရပ်ကွက်မှ ၃၉ နှစ်အရွယ် စောလမွန်(ခ) ကိုစော ဆိုသူ ပါဝင်သည်။

၎င်းတို့သည် ဝကြီးကို ပစ်ခတ်ခဲ့ပြီးနောက် အောင်မင်းဦးကို ဖမ်းဆီးခေါ်ဆောင်ကာ မအူပင်မြို့ဘက်သို့သွားသည့် ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့သည်ဟု ရဲက ဆိုသည်။

ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်း ရဲက အခင်းဖြစ်ပွားခဲ့သည့်နေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် သေနတ်သမားများ အားယာဉ်မောင်းမှတဆင့် ခြေရာခံခဲ့သည်။

အခင်းဖြစ်ပြီး ၃ နာရီခွဲခန့် အကြာတွင် သေနတ်သမားများ ဖမ်းဆီးသွားသည့် အောင်မင်းဦးကို ရဲက တွံတေးမြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း ဒဏ်ရာများနှင့် ရှာတွေ့ခဲ့သည်ဟု သိရသည်၊ နောက်တစ်နေ့တွင် အောင်မင်းဦး ရန်ကုန်ဆေးရုံကြီးတွင်ကွယ်လွန်သွားခဲ့သည်။

ဈေးကြီးလှသည့်ခြံစည်းရိုးခတ်ခများ

လှိုင်သာယာမြို့နယ်မှ ခြံစည်းရိုးခတ်ခများသည် သိန်းရာချီတန်ကြေးပေါက်သည်။

ဒေသခံများက “ခြံစည်းရိုးခတ်ခ” ဆိုသည်ထက် “ခြံစည်းရိုးခတ်ရန်အတွက် လုံခြုံရေးကြေး” ဟု ခေါ်ဆိုလျှင် ပိုမိုသင့်တော်မည်ဟု ပြောကြသည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာကို ခြံခတ်ပါက ဆန့်ကျင်ဘက် အုပ်စုတစ်စုက ဝင်ရောက် မနှောင့်ယှက်ရန် အတွက် လူတချို့က လုံခြုံရေး ဝန်ဆောင်မှုပေးကြသည်မှာ မထူးဆန်းသည့်ကိစ္စ ဖြစ်နေကြောင်း လှိုင်သာယာဒေသခံများက ဆိုသည်။

ယင်းနေရာကို လွန်ခဲ့သည့်ရက်အနည်းငယ်က သေနတ်သမားများ ဦးဆောင်သည့် ဒါဇင်နှင့်ချီသောသူတို့က ခြံလာခတ်ကြကြောင်း ဒေသခံများက ပြောသည်။

ခြံစည်းရိုးခတ်ကြစဉ်က “ကရင်အမျိုးသားအစည်းအရုံး - KNU” အလံနှင့် “ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေးအဖွဲ့ - မြဝတီခရိုင်” ဟူသော ဆိုင်းဘုတ်များ ထောင်ခဲ့ကြသော်လည်း ရက်အနည်းငယ်အတွင်း ပြန်ဖြုတ်ချခဲ့သည်။

လယ်သမားများကေ တာင်းဆိုသောကြောင့် သူတို့ လာရောက်အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုပါ ဆိုင်းဘုတ်တွင် ရေးသားထားသည်။

၎င်းတို့သည် ဆေးရုံတွင်သေဆုံးသွားသည့် အောင်မင်းဦး ၏အဆက်အသွယ်ဖြင့် ရန်ကုန်ကို ရောက်လာခဲ့ပြီး ခြံခတ်ရန်အတွက် လုံခြုံရေး တာဝန် ယူသူများဖြစ်သည်ဟု ကိုသန်းဇော်က ဆိုသည်။

အဆိုပါမြေနေရာကို ခြံခတ်ရန်အတွက် ရန်ကုန်အခြေစိုက် ဝါဝါဝင်း ကုမ္ပဏီကလည်း မကြာခဏ ကြိုးစားခဲ့သည်ဟု ဒေသခံများနှင့် ကိုသန်းဇော်၏အဆိုအရ သိရသည်။

“ဝါဝါဝင်းက ပိုက်ဆံပေးမယ် ဆိုပြီးတော့ ခြံခတ်ခိုင်းတာ။ ခြံဘယ်တုန်းက ခတ်လဲ ဆိုတာတော့ မသိလိုက်ဘူး။ ဒါက သူတို့ ဖြစ်ပြီးတော့မှ ကျွန်တော်သိရတာ။ ကျွန်တော်ကိုလည်း CID ကလည်း ခေါ်စစ်ထား တယ်။ ကျွန်တော်လည်း ဖြေပေးထားတယ်” ဟု ကိုသန်းဇော်ကပြောသည်။

သို့သော် သေနတ်သမားများ၊ သေဆုံးသူများနှင့် ဝါဝါဝင်းကုမ္ပဏီ တို့အကြား ဆက်နွယ်မှုရှိမရှိကို Myanmar Now က သီးခြားအတည်ပြုချက် မရသေးပါ။

အငြင်းပွားဖွယ်ရာ မြေနေရာအနီးရှိ ဆောက်လုပ်ရေး ဆိုင်းဘုတ် တစ်ခုတွင် အိမ်ရာ စီမံကိန်းတစ်ခု အတွက် ဧက ၃ဝဝ ကျော်ကို Royal Lotus ကုမ္ပဏီက ရန်ကုန်စည်ပင် ခွင့်ပြုချက်ဖြင့် ခြံခတ်နေသည်ဟု ဖော်ပြထားသည်။ ဝါဝါဝင်းနှင့် Royal Lotus တို့သည် ရန်ကုန် လသာမြို ့နယ်ရှိ အဆောက်အအုံ တစ်ခုတည်းတွင် ရုံးဖွင့်ထားသည်။

Myanmar Now က အဆိုပါရုံးများကို သွားရောက်မေးမြန်းရာ မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။

လှိုင်သာယာမြို့နယ်သောင်ကြီးရဲစခန်းမှူး ရဲအုပ်မြင့်ဇော်ဦးက ရဲတပ်ဖွဲ့က ဝါဝါဝင်းနှင့် Royal Lotus ကုမ္ပဏီဘက်ကို ခေါ်ယူ မေးမြန်းကြောင်း အတည်ပြု ခဲ့သော်လည်း အသေးစိတ် ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ရှုပ်ထွေးလှသည့် အဆိုပါအမှုကို ရန်ကုန် အင်းစိန်မှ CID မှုခင်းရဲတပ်ဖွဲ့က ကိုင်တွယ်နေကြောင်း သိရသည်။

လာမည့်ရက်အနည်းငယ်အတွင်း စစ်ဆေးမှုများပြီးဆုံးပါက အဖြေပေါ်မည်ဟု လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းမှူး ရဲအုပ်မြင့်ဇော်ဦးက Myanmar Now ကို ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။

လှိုင်သာယာမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမတ် တစ်ဦးဖြစ်သည့် ဦးမြတ်မင်းသူက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ယင်းနေရာသည် လယ်ယာမြေအငြင်းပွားမှု မကြာခဏ ပေါ်ပေါက်လေ့ရှိသည့် နေရာဖြစ်ကြောင်း ပြောသည်။ ပစ်ခတ်မှုတွင် နောက်ကွယ်မှ ပြဿနာများ ရှိနေနိုင်ကြောင်း ၄င်းက ခန့်မှန်းထားပြီး ဖြစ်စဉ် အစအဆုံး သိရှိရန် ရဲ၏ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေသည်ဟု ပြောသည်။

"ဖြစ်စဉ်ရဲ့နောက်ကွယ်မှာတော့ ရှုပ်ထွေးတဲ့ ကိစ္စတွေရှိနေနိုင်သေးတယ်။ ဒါတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ရင်တော့ သိရမှာပေါ့" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading