ပစ်ခတ်၊ ဖမ်းဆီးမှုများနှင့် ရှမ်းပြည်နယ် ပဋိပက္ခ

ရှမ်းပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့တို့၏ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများရှိနေပြီး အရပ်သားအချင်းချင်း ပဋိပက္ခ ကြီးထွားမလာရေး ကြိုးပမ်းနေကြသည်။

လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး ဆန္ဒဖော်ထုတ်ပွဲ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)

(ရန်ကုန်) -  သြဂုတ်လလယ်ပိုင်း နံနက်ခင်းတစ်ခုတွင် ဗိုက်ဆာဆာနှင့် ကျူရှင်မှပြန်လာသည့် ကိုးနှစ်အရွယ် မူလတန်းကျောင်းသူ နန်းမွန်ဖွန်အွန်သည် ဘဝအတွက် တုန်လှုပ်ဖွယ် ဖြစ်စဉ်တစ်ခု နေအိမ်တွင် ကြုံတွေ့ရတော့မည် ဆိုသည်ကို ကြိုမသိခဲ့ပေ။

ကျောင်းသွားမည့် မောင်လေးက အော်ငိုနေပြီး ကျောင်းလိုက်ပို့ရမည့် မိခင်ကို လက်နက်ကိုင် ယောကျာ်းကြီးတချို့ကြား တွေ့လိုက်ရသောကြောင့် နန်းမွန်ဖွန်အွန် အံ့သြသွားသည်။

“မေမေကို ဘယ်ခေါ်သွားမလို့လဲ၊ မခေါ်သွားပါနဲ့။ သမီးလည်း လိုက်လို့ရလားလို့ ပြောတာကို မဖြေဘဲ လူဆိုးကြီးတွေက မေမေ့ကို သေနတ်နဲ့ထောက်ပြီး ဆွဲခေါ်သွားကြတယ်” ဟု ဆံပင်ရှည်ရှည်၊ မျက်လုံးဝိုင်းဝိုင်းနှင့် နန်းမွန်ဖွန်အွန်က တစ်ခွန်းချင်း ပြန်ပြောပြသည်။

“ကားထွက်လို့ သမီးငိုတော့ မေမေက ‘မငိုနဲ့ … ခဏနေ ပြန်လာမယ်’ လို့ မှာတယ်။ အခုထိပြန် မလာဘူး”

ထိုဖြစ်စဉ်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု မဟုတ်ပေ။

နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိ အိမ်တစ်လုံးတွင် တွဲဖွင့်ထားသည့် “နောင်မောဝ်” ကုန်မာဆိုင်သို့ ရောက်လာသော သေနတ်သမားတချို့က ၃၇ နှစ် အရွယ် နန်းမိုဟွမ်ကို သူ၏ လူမမယ်ကလေးများရှေ့တွင်ပင် ဖမ်းသွားခြင်း ဖြစ်သည်။

ရက်များမကြာမီ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က နန်းမိုဟွမ်ကို ၎င်းတို့ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်မှာ နှစ်လနီးပါးကြာပြီ ဖြစ်သော်လည်း မိသားစုက နန်းမိုဟွမ် မည်သည့်နေရာတွင် မည်သည့် အခြေအနေနှင့် ရင်ဆိုင်နေရမှန်း မသိသဖြင့် သောက ဖြစ်နေကြသည်။

ဖမ်းဆီး၊ ပျောက်ဆုံးမှုများ

နန်းမိုဟွမ်သည် နမ့်ခမ်းမြို့ပြင် ဇဟိုင်ကျေးရွာမှ ဖြစ်ပြီး အသက် ၂ဝ အရွယ်တွင် နန့်ခမ်းမြို့သား စိုင်းစောရွှေနှင့် အကြောင်းပါခဲ့သည်။

နမ့်ခမ်းဒေသခံတို့သည် သူ့ကို “နောင်မောဝ်” ဆိုင်၏ချွေးမ၊ ကလေးသုံးယောက်မိခင်၊ အနေအထိုင် အေးဆေးသည့် အိမ်ထောင်ရှင်မအဖြစ်သာ သိထားကြသည်။

TNLA က အမှန်တကယ် ဖမ်းလိုသည်မှာ နန်းမိုဟွမ်၏ အမျိုးသားဖြစ်သူ စိုင်းစောရွှေဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အမျိုးသားဖြစ်သူမှာလည်း အသက်အန္တရာယ်ရှိသဖြင့် တိမ်းရှောင်နေရသည် ဟု နန်းမိုးဟွမ်၏ အစ်မဖြစ်သူ နန်းမိုခမ်းက Myanmar Now ကို ပြောသည်။ ကလေးများမှာ မိဘနှစ်ပါးလုံးနှင့် အတူမနေနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ၏ နောက်ဆက်တွဲ ဆိုးကျိုး များအနေဖြင့် မည်သူခေါ်သွားမှန်း မသိဘဲ ပျောက်ဆုံးနေသူ အများအပြား ရှိနေသည်။ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်း၊ ခြိမ်းခြောက်ခံနေရခြင်းတို့နှင့် ကြုံတွေ့နေရသူ အများအပြား ရှိနေပြီး သတ်ဖြတ်မှု၊ လုပ်ကြံမှုတို့လည်း မကြာခဏ ပေါ်ပေါက်နေသည်။

အောက်တိုဘာ ၅ ရက်နေ့က ကျောက်မဲမြို့တွင် သေနတ်သမားနှစ်ဦးက စာသင်တိုက်တစ်ခုသို့ သွားရောက်ပြီး ရှမ်းတိုင်းရင်းသား ကျောင်းထိုင်ဘုန်းကြီးကို လုပ်ကြံလိုက်ကြသည် ဆိုသည့် သတင်းမှာ ယခုရက်ပိုင်းအတွင်း ထိပ်တန်းသတင်းတစ်ခု ဖြစ်လာသည်။ မည်သည့်အဖွဲ့အစည်း၏ လက်ချက်မှန်း မသိရသေးပေ။

ရှမ်း၊ ပလောင် အရပ်သားများ ဖမ်းဆီးခံရမှုလည်း မကြာခဏ ဖြစ်ပေါ်နေသည်။ နမ္မတူမြို့နယ်တစ်ခုတည်းတွင် သုံးနှစ်အတွင်း တအာင်း ၃၃ ဦး ဖမ်းဆီးခံရပြီး သုံးဦးသာ ပြန်လွတ်ခဲ့သည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီ၏ သြဂုတ် ၉ ရက်နေ့အထိ မှတ်တမ်းတွင် ဖော်ပြထားသည်။ ဒေသခံ အများအပြားသည် “ကိုယ့်အလှည့် ဘယ်တော့လဲ” ဟု ပူပန်နေကြပြီး လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာမည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်။

နမ့်ခမ်းတွင် အများစုမှာ ရှမ်းများဖြစ်ပြီး ဒုတိယအများစုမှာ တအာင်း/ပလောင်တို့ ဖြစ်သည်။ ၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်းအရ နမ့်ခမ်း၏ လူဦးရေမှာ တစ်သိန်းကျော် ရှိနေသည်။

ဖမ်းဆီးခံရပြီးနောက် အင်တာနက်စာမျက်နှာများတွင် “နန်းမိုဟွမ် ပြစ်ဒဏ် စီရင်ခံရပါက ပလောင်လူမျိုးများအပေါ် လုံးဝခွင့်မလွှတ်ရန်” ဟူသော လှုံ့ဆော်ရေးသားမှုတချို့ကို ရှမ်းအမည်များဖြင့် တွေ့ရပြီး၊ "နန်းမိုဟွမ်သည် ရန်သူသတင်းပေးဖြစ်သည်" ဟူသော စွပ်စွဲ ရေးသားမှုမျိုးကို တအာင်း အမည်များဖြင့် တွေ့လာရသည်။

နမ့်ခမ်းတွင် လူမျိုးစုနှစ်စုကြား အနည်းငယ်တင်းမာလျက်ရှိသည်ဟု မြို့မိမြို့ဖ တစ်ဦးဖြစ်သူ အသက်၆ဝအရွယ် ဦးအောင်ဝင်းက Myanmar Now ကို ပြောသည်။

“လူမျိုးရေးပဋိပက္ခ မဖြစ်ဖြစ်အောင် သွေးထိုးပြီး ဖြန့်နေကြတာပါ။ တစ်ယောက်ယောက် ထပ်ဆွဲခံရရင်တော့ လူမျိုးရေးပဋိပက္ခဖြစ်မှာပဲ။ ဒေါသပေါက်ကွဲသွားရင် ထိန်းလို့ရမှာ မဟုတ်တော့ဘူး” ဟု ဦးအောင်ဝင်းက မှတ်ချက်ပြုသည်။

ယခုဖမ်းဆီးမှုသည် မိသားစုတစ်စုနှင့် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ပြသာနာဖြစ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း လူမျိုးရေးအသွင်မဖြစ်ဖြစ်အောင် ဖန်တီးနေသည့် အဖွဲ့အစည်းရှိသည်ဟု ရှမ်း၊တအာင်း ညီညွတ်ရေး ဆောင်ရွက်နေသည့် ပရဟိတအဖွဲ့ဝင်များက ယုံကြည်ထား ကြသည်။

ပဋိပက္ခ ရှောင်တိမ်းနိုင်ရေးအတွက် အသွားအလာ ဆင်ခြင်ရန်၊ လူစုလူဝေးဖြင့် သွားလာလှုပ်ရှားခြင်း မပြုရန် ကျေးလက်ဒေသနေ ပြည်သူတို့ကို မေတ္တာ ရပ်ခံသည့် နည်းလမ်းဖြင့် ထိန်းသိမ်းနေသည်ဟု တအာင်း(ပလောင်)စာပေယဉ်ကျေးမှု (နမ့်ခမ်း)၏ အဖွဲ့ဝင် လွေးအိုင်နော်ဝိုင်းက ပြောသည်။

“ကြိုးတစ်ခုကို တင်းနေအောင် ဆွဲရင်တော့ ပြတ်မှာပါ။ နှစ်ဖက်စလုံးက အလျှော့အတင်းညီမှ အဆင်ပြေမယ်” ဟု သူက ဆိုသည်။

အခွန် သို့မဟုတ် ဆက်ကြေး

ရှမ်းပြည်နယ်တွင် စီးပွားရေးလုပ်သူတို့သည် သက်ဆိုင်ရာနယ်မြေတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တချို့ကို ဆက်ကြေး ခေါ် အခွန်ငွေ နှစ်စဉ် ပေးရလေ့ရှိသည်။

နန်းမိုဟွမ်တို့ဆိုင်က TNLA ကို ၂ဝ၁၆ တွင် သုံးသိန်း၊ ၂ဝ၁၇ တွင် ၁၁ သိန်း ပေးခဲ့ရသည်ဟု သိရသည်။

၂ဝ၁၇ ငွေကောက်ခံပြီး ပြန်လာသူများအနက် တစ်ဦး အသေမိ၊ တစ်ဦး အရှင်ဖမ်းမိခြင်းမှာ နန်းမိုဟွမ်တို့ ဆိုင်၏ သတင်းပေးမှုကြောင့် ဖြစ်သည်ဟု TNLA က ဖုန်းဆက်ပြီး စွပ်စွဲခဲ့သည်ဟု ဒေသတွင်း သျှမ်းသံတော်ဆင့် သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မည်သည့်အဖွဲ့သို့ မည်မျှပေးရသည်ကို ဒေသခံအချင်းချင်းကြား ထုတ်ပြောလေ့ မရှိကြကြောင်း နမ့်ခမ်းမှ လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“နန်းမိုဟွမ်လည်း သူ့လာကောက်ရင်ပေးမှာပဲ၊ ကျွန်တော်တို့လည်း ပေးရတာပဲ။ ဘယ်သူ့မှတော့ ဒီအကြောင်း ပေါ်ပေါ်ထင်ထင် မပြောရဲဘူး။ သူတို့စွပ်စွဲသလို တိုင်ဖို့ဆိုတာ အဝေးကြီး။ အစိုးရက သိရင်လည်း ကျွန်တော်တို့က ပြစ်မှုဖြစ်မယ်။ လက်နက်ကိုင်ကို မပေးပြန်ရင်လည်း အသတ်ခံရမှာ စိုးတယ်ဗျာ” ဟု အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်လိုက်သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နမ့်ဆန်၊ မန်တုံမြို့နယ်တို့ ပါဝင်သည်။ TNLA ၏ လှုပ်ရှားနယ်မြေမှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ၊ သီပေါ စသည့် ပလောင်များ နေထိုင်ရာမြို့နယ်များဖြစ်သည်။

နမ်ခမ်းမြို့မှ ဖမ်းဆီးခံထားရသည့် နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရန်အတွက် မိသားစုဝင်များ၊ အရပ်ဘက်အဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့တချို့၊ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က တောင်းဆိုထားကြသည်။ နမ့်ခမ်းတွင်လည်း TNLA ကို ဆန္ဒပြခဲ့ကြသည်။

ထိုကဲ့သို့ တောင်းဆိုနေကြသော်လည်း TNLA က ကာလကြာရှည် ဆက်လက်ထိန်းသိမ်းထားနိုင်သည့် ဥပဒေ ပုဒ်မဖြင့် တရားစွဲထားသည်ဟု ဆိုသည်။

“ငွေဒဏ်ချဖို့ကတော့ အဆင်မပြေလောက်ဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။

သူ့ကို စွဲဆိုထားသည့် TNLA၏ သီးခြားဥပဒေ ရာဇသတ်ကြီးပုဒ်မ (၃၃၃) သည် ငွေဒဏ် ချမှတ်နိုင်သည့်အပြင် အနိမ့်ဆုံး သုံးနှစ် မှ အမြင့်ဆုံး ၁ဝ နှစ်ထိ ထောင်ဒဏ် ချမှတ်နိုင်သည်ဟု ဆိုသည်။

ဤအတောအတွင်း အဖမ်းခံထားရသူနှင့် ပတ်သက်ပြီး ဖြစ်ထွန်းမှုတစ်ခု ပေါ်ပေါက်လာသည်။
အပစ်အခတ် ရပ်စဲခြင်း မပြုရသေးသော တိုင်းရင်းသား လက်နှက်ကိုင်များ စုဖွဲ့ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီက နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် ‘ဝ’ ဌာနချုပ်တွင် လာရောက် ဆွေးနွေးရန် မိသားစုထံ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကြောင်းကြားလိုက်သည်။

ထိုကမ်းလှမ်းမှုကြောင့် မိသားစုဝင်တချို့က မြန်မာ - တရုတ် နယ်စပ် ‘ဝ’ ဌာနချုပ် ပန်ခမ်း(ပန်ဆန်း) သို့ သွားရောက်ရန် ပြင်ဆင်လျက် ရှိသည်။

TNLA အဖွဲ့

ပလောင်အမျိုးသားလက်နက် ကိုင် တော်လှန်ရေးကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့သည်။ ထိုမှတဖန် ၁၉၇၆ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးဆွေးနွေးမည်၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည်ဟူသော တပ်မတော်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောတူပြီး ၁၉၉၁ တွင် အပစ်အခတ် ရပ်စဲကာ ၂ဝဝ၅ တွင် လက်နက်အများအပြားကို အစိုးရထံ အပ်နှံလိုက်ကြသည်။

လက်နက်အပ်ပြီးနောက်ပိုင်းတွင် မျှော်လင့်ထားသည်တို့ ပေါ်ပေါက်မလာသောကြောင့် ၂ဝ၁၁ အောက်တိုဘာတွင် တအာင်း လူငယ် အများအပြား KIA ကချင်လက်နက်ကိုင်အဖွဲ့တွင် စစ်ပညာ သင်ယူပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ လှုပ်ရှားမှုများ ယနေ့တိုင် ဖော်ဆောင်လျက်ရှိသည်။

KIA အဖွဲ့၊ ဝ တပ်ဖွဲ့၊ တရုတ်နိုင်ငံတို့၏ ထောက်ပံ့မှု ရှိသည်ဟူသော သတင်းများကို ဗိုလ်မှူး တာအိုက်ကျော်က ငြင်းဆိုသည်။

“ကျွန်တော်တို့သည် ဘယ်သူ့အထောက်အပံ ဘယ်သူ့သြဇာခံနဲ့မှ ရပ်တည်တာ မဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းတွေ လုပ်တယ်။ တချို့စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ထောက်ပံ့လှူဒါန်းပေးတာရှိတယ်။ စီးပွားရေးအောင်မြင်နေတဲ့သူတွေဆီကတော့ အခွန်ကို တစ်နှစ်မှာ တစ်ခါကောက်လေ့ရှိပါတယ်။ ဆင်းရဲသား လုပ်သားပြည်သူဆီက ကောက်ခံတာတွေမရှိပါဘူး” ဟု သူက ဆိုသည်။

နန်းမိုဟွမ်ကို ဖမ်းထားသည့် TNLA ၏ လုပ်ရပ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့ကို အဟန့်အတားဖြစ်စေရုံသာမက လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတို့ ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ကလေးမိခင်ဖြစ်ခြင်းကြောင့် ကလေး သူငယ် အခွင့်အရေးပါ ထိခိုက်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က မှတ်ချက်ပြုသည်။

နန်းမိုဟွမ် သတ်ဖြတ်ခံရပြီးဖြစ်သည်ဟူသော စွပ်စွဲချက်များကိုတော့ TNLA က ငြင်းဆန်ပြီး ကျန်းကျန်းမာမာ ရှိနေသည်ဟု ဆိုသည်။

သူ၏ သမီးလတ် နန်းမွန်ဖွန်အွန်သည် တိမ်းရှောင်နေရသည့် ဖခင်နှင့် ဖုန်းဆက်စကားပြောဆိုနိုင်သော်လည်း မိခင်နှင့် အဆက်အသွယ် မရခြင်းကြောင့် “လူဆိုးများ မေမေ့ကို အမြန်ဆုံးလွှတ်ပေးရန်” ဘုရားတွင် နေ့စဉ် ဆုတောင်းသည်ဟု ဆိုသည်။

“ခဏနေ ပြန်လာမယ်” ဟူသော မိခင်၏ နောက်ဆုံး စကားကြောင့် မိခင် အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသူလည်း ဖြစ်သည်။ မောင်လေးဖြစ်သူနှင့် သူငယ်ချင်းတချို့ကလည်း အမေ ပြန်လာမည့် အချိန်ကို သိလိုကြသဖြင့် တိတိကျကျ တုန့်ပြန်လိုသည်ဟု နန်းမွန်ဖွန်အွန်က Myanmar Now ကို ပြောသည်။

“ခဏ ဆိုတာ ဘယ်လောက်လဲ … အရမ်း ကြာသလား” ဟု ကိုးနှစ်သမီး နန်းမွန်ဖွန်အွန်က မေးလိုက်လေသည်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading