ရက္ခိုင့်တပ်တော် AA က ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်အချိန်မှ စတင်ကာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာခဲ့ပြီးနောက် စစ်ရှောင်အရေအတွက်လည်း တမဟုတ်ချင်းတိုးမြင့်လာခဲ့သည်။
စစ်ရှောင်အရေအတွက်အများဆုံးခိုလှုံနေရသည့် စခန်းအများစုမှာ ရသေ့တောင်မြို့နှင့် မြောက်ဦးမြို့တို့တွင်ရှိနေပြီး မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းနှင့် ပီပင်ရင်းစစ်ရှောင်စခန်းများမှာလည်း အခြားစစ်ရှောင်စခန်းများနည်းတူ နေထိုင်၊စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေရသည်။

ယခုနှစ် ဧပြီလက မြောက်ဦးမြို့နယ် လက္ကာရွာနှင့် အခြားရွာများအနီးတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပြီးနောက် လက္ကာရွာသားများမှာ အနီးအနားရှိ ပီပင်ရင်းကျေးရွာစစ်ရှောင်စခန်းနှင့် တိမ်ညိုစစ်ရှောင်စခန်းများတွင် အခြားစစ်ရှောင်များနှင့်အတူ ခိုလှုံနေရသည်။
တိမ်ညိုစစ်ရှောင်စခန်းတွင် လူဦးရေ ၂၀၀၀ ကျော်နှင့် ပီပင်ရင်းစစ်ရှောင်စခန်းတွင် လူဦးရေ ၉၀၀ နီးပါးခန့် ရှိနေသည်။ အစိုးရ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် နှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများက ကူညီနေသော်လည်း အကူအညီများဆက်လက်လိုအပ်နေဆဲဖြစ်သည်။


စစ်တွေအခြေစိုက် ရခိုင်စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ၏ စက်တင်ဘာ ၁၆ ရက်နေ့စာရင်းများအရ ရခိုင်မြောက်ပိုင်း ခုနှစ်မြို့နယ်တွင် စစ်ရှောင်အရေအတွက် ၆၅၀၀၀ ခန့် ရှိနေသည်။
ရခိုင်ပြည်နယ်၊မြောက်ဦးမြိုနယ် ပီပင်ရင်း စစ်ရှောင်စခန်းရှိ ယိုင်နဲ့နဲ့ စစ်ရှောင်တဲအတွင်းမှ အဖွားအိုမှာ တစ်နေ့တာကုန်ဆုံးရန် ဆေးတံကိုအဖေါ်ပြုနေရသည်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)


ရခိုင်ပြည်နယ်၊မြောက်ဦးမြိုနယ် ပီပင်ရင်း စစ်ရှောင်စခန်းရှိ စခန်းအတွင်းမှ သားသည်မိခင်တချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
ရခိုင်ပြည်နယ်၊မြောက်ဦးမြိုနယ် ပီပင်ရင်း စစ်ရှောင်စခန်းရှိ စခန်းအတွင်းခိုလှုံနေသည့် ကျောင်းသားများမှာ ပီပင်ရင်းရွာရှိ အလယ်တန်းကျောင်းနှင့် အနီးအနားရွာအချို့တွင် စာသင်ကြားကြသည်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ရှောင်စခန်းအတွင်း သက်ကြီးရွယ်အိုအရေအတွက်မှာ ၅၀ ကျော်အထိရှိနေသည်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
ချက်ပြုတ်၊ လျှော်ဖွတ်လုပ်ငန်းများပြီးဆုံးချိန် အဝတ်အထည်အဟောင်းလေးများကို ဖာထေးနေသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ရှောင်စခန်းရှိ အိမ်ရှင်မတစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
ဝါးကြမ်းခင်း မိုးရေကာဖျင်စ ကာရံထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပီပင်ရင်း စစ်ရှောင်စခန်းရှိ စစ်ရှောင်တဲအတွင်းက ကလေးငယ်တစ်သိုက်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
စစ်ရှောင်အရေအတွက် ၂၀၀၀ ကျော် စုပေါင်းနေထိုင်ကြသည့် မြောက်ဦးမြိုနယ် တိမ်ညိုစစ်ရှောင်စခန်းမှာ ရခိုင်ပြည်နယ်၏ အကြီးဆုံးစစ်ရှောင်စခန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
ရှစ်လနီးပါးခန့် ခိုလှုံနေရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ရှောင်စခန်းမှာ မည့်သည့်အချိန်အိမ်ပြန်ရမည်ကို အတိအကျမပြောနိုင်သေးပေ။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
ရွာမှာနေစဉ်ကလို ကစားရန်နေရာ အတိအကျမရှိ၊ မြေကွက်လပ်ကျယ်ကျယ်ဝန်းဝန်းမရှိသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုနယ်ရှိ တိမ်ညိုစစ်ရှောင်စခန်းအတွင်း ကလေးငယ်များသည် ဟိုဟိုသည်သည် သွားလာဆော့ကစားကြရသည်။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း၊ မြတ်ကျော်သူ / Myanmar Now)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။























