NLD ပါတီနှင့် မဟာမိတ်မဖြစ်နိုင်တော့သည့် အနေအထားတွင် ကယန်းအမျိုးသားပါတီအနေဖြင့် ကယားလွှတ်တော်အတွင်း အဓိကလွှမ်းမိုးနိုင်အောင် ကြိုးစားမည်ဟု လူလတ်ပိုင်းအရွယ် ပါတီဥက္ကဋ္ဌက ပြောသည်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

လူငယ်မျိုးဆက်သစ်များဖြင့် ပါတီကို သွေးသစ်လောင်းရန် ရည်ရွယ်လုပ်ဆောင်နေသော ကယန်းအမျိုးသားပါတီက ၂၀၁၅ ရွေးကောက်ပွဲအပြီး ပါတီညီလာခံတွင် အသက် ၃၀ ကျော်အရွယ် လူငယ်နိုင်ငံရေးသမား ခွန်းဘီထူးကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်သည်။

ခွန်းဘီထူးမှာ တပ်မတော်အစိုးရလက်ထက်က အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရကာ အကျဉ်းထောင်ထဲတွင် ၄ နှစ်ကြာ နေထိုင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။

လက်ရှိတွင် ကယန်းအမျိုးသားပါတီ၏ ဗဟိုကော်မတီဝင် ၇၀ ရာခိုင်နှုန်းကို လူငယ်၊ လူလတ်ပိုင်းများက ဦးဆောင်နေပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်းရှိ ကယန်းလူမျိုးများ အဓိကနေထိုင်သည့် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။

ယင်းအပြင် ပြည်နယ်အတွင်း အင်အားကြီးပါတီဖြစ်သည့် ကယားဒီမိုကရက်တစ်ပါတီနှင့် မဟာမိတ်ဖွဲ့ကာ မဲဆန္ဒသတ်မှတ် ယှဉ်ပြိုင်ရန်လည်း ရည်ရွယ်ထားသည်။

ယင်းကြောင့် ကယားပြည်နယ်အခြေအနေ၊ ၂၀၂၀ ရွေးကောက်ပွဲ အလားအလာနှင့် ကယန်းအမျိုးသားပါတီ၏ နိုင်ငံရေးမျှော်လင့်ချက်များကို သိရှိနိုင်စေရန် Myanmar Nowက ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ သွားရောက်ကာ ခွန်းဘီထူးနှင့် တွေ့ဆုံမေးမြန်း၍ ကောက်နုတ်ဖော်ပြအပ်ပါသည်။

MYANMAR NOW။ ။ ၂၀၂၀ ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေကို ပါတီက ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်သွားမလဲ။

ခွန်းဘီထူး။ ။၂၀၂၀ ရွေးကောက်ပွဲမှာတော့ အရည်အချင်းရှိတဲ့လူတွေပေါ့။ အရည်အချင်းလို့ ပြောတဲ့အခါမှာ ဥပဒေအကြောင်းအရာ ကိစ္စတွေကို နားလည်နိုင်ရမယ်။ လူမှုရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စရပ်တွေမှာ ကျကျနနနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တဲ့ လူမျိုးတွေဖြစ်ရမယ်။ လူထုကို နားလည်ပြီး လူထုအရေးကို တကယ် သတ်သတ်မှတ်မှတ် လုပ်ချင်တဲ့ လူတွေကို ရွေးချယ်သွားဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ အားလုံးနီးပါးကို စိစစ်ထားပြီးသား အဆင်သင့်လည်းရှိပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေကနေပြီးတော့မှ ကျွန်တော်တို့ လူထုတွေ အကျိုးရှိနိုင်မယ့်ဟာတွေကို ကျွန်တော်တို့ ပြင်ထားတယ်။ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အကောင်းဆုံးဖြစ်အောင် ပြင်ထားပြီးမှ ထက်ဝက်ကျော်လောက်ပေါ့၊ ခုနှစ်နေရာ လောက်ထိကို နိုင်ဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားပါတယ်။

MYANMAR NOW ။ ။ ကယန်းအမျိုးသားပါတီအနေနဲ့ မဲဆန္ဒနယ် ဘယ်နှစ်နေရာလောက် ဝင်ရောက် ယှဉ်ပြိုင်သွားမလဲ။

ခွန်းဘီထူး။ ။ကျွန်တော်တို့ ကယန်းအမျိုးသားပါတီကတော့ ကယန်းတွေ အနေအများဆုံးနေရာတွေမှာ ကယန်းလူထုကို ကိုယ်စားပြုနိုင်ဖို့အတွက်ကို မဲဆန္ဒနယ်တွေ ရွေးလိုက်တယ်။ ကျန်တဲ့နေရာတွေ အားလုံးကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့ ကယန်းလူထုတွေအားလုံးကလည်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို မဲဝိုင်းပေးရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ပါတီကတော့ မူဝါဒပိုင်းဆိုင်ရာအရ ဒေသကို ဦးစားပေးတဲ့ ပါတီတွေဖြစ်တဲ့အတွက် အနီးစပ်ဆုံး မဟာမိတ်တွေအဖြစ်နဲ့ ရပ်တည်ကြမယ်။

MYANMAR NOW။ ။ ဘယ်ပါတီတွေက အဓိကပြိုင်ဘက် ပါတီတွေ ဖြစ်လာနိုင်သလဲ။

ခွန်းဘီထူး။ ။ဒီရွေးကောက်ပွဲမှာတော့ NLD နဲ့ ကြံ့ခိုင်ရေးနှစ်ပါတီကို ကျွန်တော်တို့ အဓိကယှဉ်ပြိုင်ရမယ့် အနေအထားမျိုးဖြစ်ပြီးမှ NLD ကတော့ လောလောဆယ် အနိုင်ရတဲ့ပါတီဖြစ်တဲ့အတွက် သူ့ကို အများဆုံးယှဉ်ပြိုင်ရမယ့် အနေအထားမျိုးဖြစ်တယ်။ ကျွန်တော်တို့ NLD နဲ့ နိုင်ငံရေးအရ နီးစပ်တာတွေ အများကြီးရှိပါတယ်။ နိုင်ငံပြောင်းလဲမှုအတွက် ကျွန်တော်တို့ အုပ်စုနှစ်ခုပေါ့ ယှဉ်တွဲပြီး လုပ်နိုင်မယ့်ဟာတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအထိ NLDအနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ နားလည်မှုသော်လည်းကောင်း၊ အပေးအယူသော်လည်းကောင်း လုံးဝမရှိတဲ့အတွက် ကျွန်တော်တို့က ၂၀၂၀မှာလည်း NLD ကို မဖြစ်မနေပြိုင်ရမှာဖြစ်တယ်။ ဒေသခံလူထုတွေအနေနဲ့က ကိုယ့်ရဲ့ဒေသအရေး၊ ကိုယ့်ရဲ့အမျိုးသားရေးကို ကိုယ်တကယ်အားပေးမယ်။ ကိုယ်တကယ်လုပ်ဆောင်မယ်ဆိုရင်တော့ ဒေသခံပါတီနဲ့ပဲ သွားရမယ့် အနေအထားမျိုးဖြစ်တာကြောင့် ကျွန်တော်တို့က NLDနဲ့ကို ပြိုင်ရမယ့် အနေအထားမျိုးဖြစ်တယ်။

ဒီကြားထဲမှာ ကြံ့ခိုင်ရေးပါတီရှိတယ်။ ကြံ့ခိုင်ရေးပါတီကတော့ တပ်နဲ့နှီးနွယ်ပြီးတော့မှ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးမှာလည်း လမ်းစဉ်မတူညီတဲ့ အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့် ကြံ့ခိုင်ရေးပါတီနဲ့လည်း အရင်တုန်းကလည်း ပြိုင်ခဲ့တယ်။ ပြိုင်ဘက်ပါတီအနေနဲ့လည်းဖြစ်တဲ့အတွက် ကြံ့ခိုင်ရေးပါတီကို ဆက်ပြီးတော့ ယှဉ်ပြိုင်ရမယ့် အနေအထားမျိုးဖြစ်ပါတယ်။

MYANMAR NOW။ ။ ကယန်းအမျိုးသားပါတီနဲ့ကယားဒီမိုကရက်တစ်ပါတီ နှစ်ပါတီပေါင်းပြီး မဲဆန္ဒနယ် ဘယ်နှစ်ခုလောက် စိုးမိုးနိုင်မယ်လို့ မျှော်လင့်ထားသလဲ။

ခွန်းဘီထူး။ ။ကယားပြည်နယ်မှာ စုစုပေါင်း (မဲဆန္ဒနယ်) ၃၄ နေရာရှိတယ်။ ၃၅ နေရာလည်း ဖြစ်နိုင်တယ်ပေါ့။ ကယန်းအမျိုးသားလူဦးရေက ၀ ဒသမ ၁ ရာခိုင်နှုန်းထက်ကျော်တယ်ပေါ့။ ကျွန်တော်တို့လူဦးရေက ၆၉,၀၀၀ လောက်ရှိတဲ့အတွက် (တိုင်းရင်းသား)ရေးရာဝန်ကြီး တစ်နေရာလည်း ရနိုင်တဲ့အတွက်ကြောင့် စုစုပေါင်း ၃၅ နေရာလည်း ဖြစ်နိုင်တယ်ပေါ့။ ၃၅ နေရာလောက်ရှိမယ်ဆိုရင် ကျွန်တော်တို့ ကယန်းအမျိုးသားပါတီကနေပြီးတော့ ၄ နေရာကနေ ၅ နေရာလောက် ဝင်ပြိုင်ပြီးတော့ ကျန်တဲ့ဟာတွေကတော့ ကယားဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီးတော့ ကယားလူထုကိုယ်စားလှယ်တွေ ဝင်ပြိုင်ကြမှာပေါ့။ ၃၄ နေရာထဲမှာ ကျွန်တော်တို့ နှစ်ပါတီကတော့ ၂၀၂၀ မှာ ထက်ဝက်ကျော် နိုင်ဖို့ ရည်မှန်းထားတယ်။ အထူးသဖြင့်တော့ ပြည်နယ်လွှတ်တော်မှာ ကျွန်တော်တို့ အားလုံးကို ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့ကတော့ ကြံ့ခိုင်ရေးပါတီနဲ့ကတော့ အနီးစပ်ဆုံးဖြစ်စရာ အကြောင်းမရှိပါဘူး။ ကြံ့ခိုင်ရေးပါတီနဲ့က တော်တော်လေး ပြိုင်ရမယ့် အနေအထားမျိုးဖြစ်ပြီးမှ နောက်ပိုင်း NLD ပါတီနဲ့လည်း ဒီလိုပဲ ပြိုင်ရမယ်ပေါ့နော်။ ကျွန်တော်တို့ မဟာမိတ်လဲ မရှိတော့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ NLD ပါတီနဲ့လည်း ပြိုင်ကိုပြိုင်ရမယ့် အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။

MYANMAR NOW။ ။ ပါတီနှစ်ခုပေါင်းပြီး အစိုးရဖွဲ့ဖို့ထိများ မျှော်လင့်ထားသလား။

ခွန်းဘီထူး။ ။ ကျွန်တော်တို့ နှစ်ပါတီပေါင်းပြီးတော့ ဝန်ကြီးချုပ်နေရာထက် (ကယားပြည်နယ်) လွှတ်တော်ကို လွှမ်းမိုးနိုင်ဖို့ကို ပိုရည်မှန်းထားတယ်။ကျွန်တော်တို့ အဓိကရည်မှန်းတာကတော့ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ဖို့ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ ဝန်ကြီးချုပ်ခန့်ပိုင်ခွင့်တွေ၊ ဝန်ကြီးချုပ်ခန့်နိုင်ရေးတွေက ကျွန်တော်တို့လက်ထဲမှာ မရှိတဲ့အတွက် ဒီအပေါ်မှာ ကျွန်တော်တို့ သံသယရှိတယ်။ ရည်မှန်းချက်လည်း မထားဘူး။ ဒါပေမဲ့ လွှတ်တော်ကို လွှမ်းမိုးနိုင်ရင်တော့ ပြည်နယ်အစိုးရကို လွှမ်းမိုးနိုင်တဲ့ အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အဲဒီအပေါ်မှာ အဓိကအားထားပြီးမှ ဝင်ပြိုင်မယ့် အနေအထားမျိုးဖြစ်ပါတယ်။

MYANMAR NOW။ ။ ကယားပြည်နယ်မှာ ကယန်းလူမျိုးတွေအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ မရနိုင်ဘူးလား။

ခွန်းဘီထူး။ ။ကယားပြည်နယ်မှာ ကယန်းလေးမျိုးလို့တော့ ခွဲထုတ်လိုက်တာပေါ့။ တကယ်ကတော့ ကယန်းလူမျိုးဆိုတာ တကယ်တန်းဆိုရင်တော့ တစ်မျိုးထဲရှိတယ်ပေါ့။ လဝကရဲ့ စာရင်းအရဆိုရင်တော့ ကျွန်တော်တို့က ၇၀,၀၀၀ ကျော်ရှိတယ်။အဲဒီ ခုနှစ်သောင်းကျော်ထဲမှာ ဇယိန်းတို့ ယင်းဘော်တို့ဆိုပြီး ကျန်တော်တို့ကို ခွဲခြားသတ်မှတ်လိုက်တယ်။ သို့သော် ကျွန်တော်တို့ ကယန်းလူမျိုးလို့ပဲ သတ်မှတ်လိုက်တဲ့ စုစုပေါင်းက ၆၉,၀၀၀ ကျော်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့က မြန်မာနိုင်ငံလူဦးရေ ၅၆ သန်းရဲ့ ၀ဒသမ ၁ ရာခိုင်နှုန်းထက်ကျော်တယ်ဆိုတော့ ကျွန်တော်တို့က ကယားပြည်နယ်မှာ (တိုင်းရင်းသား) ရေးရာဝန်ကြီး တစ်နေရာစာရဖို့က သေချာတယ်ပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း မေးမြန်းထားတယ်။ ရွေးကောက်ပွဲကော်မရှင်က အဲဒီဟာနဲ့ ပတ်သတ်ပြီးမှ ထုတ်ပြန်ထားတာ မရှိသေးဘူး။ ပေးမယ်။ မပေးဘူးဆိုတာလည်း ပြောတာမရှိဘူးပေါ့နော်။ ကျွန်တော်တို့က အဲဒီအပေါ်မှာလည်း မျှော်လင့်ထားတယ်။ ဒီပြည်နယ်မှာ ကယန်းလူမျိုးစုတစ်စုရဲ့ (တိုင်းရင်းသား) ရေးရာဝန်ကြီး အရေးကြီးတယ်လို့ ကျွန်တော်တို့ လူထုတွေအားလုံးက ခံယူတယ်။ကျွန်တော်တို့ပါတီကလည်း အဲလိုခံယူတယ်။ ကိုယ့်လူထုကိုယ် ကိုယ်စားပြုနိုင်ဖို့အတွက်လည်း မျှော်လင့်ထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading